“သားထိသွားပြီ” လို့ အမေကို ဖုန်းဆက်ပြီး နောက်ဆုံး နှုတ်ဆက်ခဲ့တဲ့ ထင်ရှားပြည့်လျှံဦး

07 October 2021

“သားထိသွားပြီ” လို့ အမေကို ဖုန်းဆက်ပြီး နောက်ဆုံး နှုတ်ဆက်ခဲ့တဲ့ ထင်ရှားပြည့်လျှံဦး

By Burma VJ

“ အဲဒီနေ့က သားဆီကနေ ဖုန်းလာတယ်။ မေမေ သားကိုထိသွားပြီလို့ ဇူလိုင် ၂၆ ရက် ညနေပိုင်းမှာ သူက လှမ်းပြောတော့ ကျမက ပြေးလေ သားရဲ့၊ ကိုယ့်ရဲဘော်တွေဆီကို အမြန်ပြေးလို့ပြောခဲ့ပါတယ်။ ဒါပေမယ့်သူက သားမပြေးနိုင်တော့ဘူး မေမေလို့ ပြန်ဖြေပြီး ဖုန်းလိုင်းပြတ်သွားပါတယ်”

အပေါ်ကအကြောင်းအရာကတော့ မုံရွာ ဗကသကျောင်းသား ထင်ရှားပြည့်လျှံဦးရဲ့ မိခင်က ပြောပြတာပါ။ မိခင်လုပ်တဲ့သူက သူ့သားနဲ့ပြောဖို့ ဖုန်းထပ်ခေါ်ခဲ့ပေမယ့် ဖုန်းခေါ်လို့မရတော့ပါဘူး။ သူ့သားရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကို ဇူလိုင် ၃၀ ရက်နေ့မှာ ပြန်တွေ့ခဲ့ ပြီး သူ့သားရဲ့ ရဲဘော်တွေက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

မုံရွာ PDF က ထင်ရှားပြည့်လျှံဦးနဲ့ အခြားတစ်ယောက်အပါအဝင် ရဲဘော် ၅ ဦးဟာ ဇူလိုင် ၂၆ ရက်က ဖြစ်ပွား ခဲ့တဲ့ စစ်ကောင်စီနဲ့ ထိတွေ့ တိုက်ပွဲတစ်ခုမှာ ကျဆုံးခဲ့ရပါတယ်။ သူတို့ ၇ ဦးလုံးဟာ မုံရွာခရိုင်ဗကသများ အဖွဲ့ချုပ်က ရဲဘော်တွေ ဖြစ်ပါတယ်။

လက်ပံတောင်းတောင်တိုက်ပွဲမှာ ရှေ့တန်းက ပါဝင်ခဲ့ပြီး ဗကသများအဖွဲ့ချုပ် (အထက်မြန်မာပြည်)မှာ ပါဝင်ဆောင်ရွက်ခဲ့လို့ထင်ရှားပြည့်လျှံဦးလို့ပြောလိုက်ရင်သူ့ကိုလူသိများပါတယ်။ နိုင်ငံရေးစိတ်ပြင်းထန်ပြီး မိသားစုအလိုက် နိုင်ငံရဲ့ အရေးမှာ ပါဝင်လှုပ်ရှားခဲ့ကြသူတွေ ဖြစ်ပါတယ်။

ထင်ရှားပြည့်လျှံဦးဟာ ၂၀၁၂ခုနှစ် ဗကသများအဖွဲ့ချုပ်ပြန်လည်ဖွဲ့စည်းချိန်မှာ မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ မှာ စတင်ပါဝင်လာခဲ့ပါတယ်။

“ကျမတို့မိသားစုက နိုင်ငံရေးကို စိတ်ဝင်စားကြတယ်။ ထမင်းဝိုင်းမှာ နိုင်ငံရေးအကြောင်းပြောရင်း သားနဲ့ သမီးလည်း စိတ်ဝင်စားလာကြတာ။ ထင်ရှားက စာတွေအရမ်းဖတ်တယ်၊ နိုင်ငံရေးကို စိတ်အားထက် သန်တယ်” လို့ သူ့မိခင်ဒေါ်ရိတ်က ပြောပြပါတယ်။

ထင်ရှားပြည့်လျှံဦးနဲ့ သူ့ဖခင်က ပရဟိတလုပ်ငန်းတွေလည်းဆောင်ရွက်တတ်ကြသလို မုံရွာ ခရိုင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ အတူ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေကိုလည်းဆောင်ရွက်ခဲ့ ပါတယ်။

“ ကိုထင်ရှားက ရေရှားတဲ့ အင်တိုင်းတောရွာ၊မန်ကျည်းတစ်ထောင်ရွာအပါအဝင် ရေရှားတဲ့ နေရာတွေမှာ ရေအလှူလုပ်တယ်။ ရေဘေးသင့်တဲ့နေရာတွေ၊ မီးဘေးသင့်တဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ဖို့ အမြဲအသင့် ရှိတယ်။ ပြည်သူတွေဒုက္ခရောက်နေရင် သူက မနေဘူး၊ ဘယ်နေရာက ကူညီရမလဲ အမြဲအသင့်ရှိတယ်” လို့ ထင်ရှားရဲ့ ရဲဘော်ရဲဘက်တစ်ဦးက ဆိုပါတယ်။

ထင်ရှားပြည့်လျှံဦးက မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေ အပေါ်သံယောဇဥ်ကြီးတယ်။ ဒီထက်ပိုပြီး သူ တန်ဖိုး ထားတာကတော့ ဗကသများအဖွဲ့ချုပ်ပါ။ လူကသာအဝေးရောက်နေပေမဲ့ ဗကသများအဖွဲ့ချုပ်က ဘာလုပ်လုပ် သူတတ်နိုင်သမျှ ထောက်ပံ့ကူညီလေ့ရှိတယ်လို့ သူ့မိတ်ဆွေတွေက ပြောပါတယ်။

“သူက ဗကသများအဖွဲ့ချုပ်အပေါ်မှာ အရမ်းတန်ဖိုးထားတယ်။ ဗကသတွေဘာလုပ်မလဲ သူက အဆင်သင့်အမြဲ ရှိနေတဲ့သူ။ မှတ်မှတ်ရရ မုံရွာခရိုင်ကျောင်းသားများသမဂ္ဂက ဒေါင်းတွန်သံ အလှပြယာဥ်နဲ့ သံချပ်အသင်းဖွဲ့တော့ သူက ကိုရီးယားမှာ အလုပ်လုပ်နေတုန်း။ နှစ်စဥ်မတည်ငွေ တစ်ယောက် ၁ သိန်းကို မပျက်မကွက်ထည့်ခဲ့တာ။ ဗကသနဲ့ ပတ်သက်ရင် အဲ့ဒီလောက်ကို သံယောဇဥ်ကြီးတယ်” လို့ပြောပါတယ်။

မိခင်ဖြစ်သူက လက်ပံတောင်းတောင်အရေးမှာ ထက်ရှားက ရှေ့တန်းကဦးဆောင်ပါဝင်ခဲ့တဲ့အကြောင်းကို အခုလို ပြောပါတယ်။

“ လက်ပံတောင်းတောင် အရေးမှာတုန်းက သွဲ့သွဲ့ဝင်းတို့၊ ဖြူဖြူဝင်းတို့နဲ့ အတူတူ လှုပ်ရှားခဲ့ကြတာပေါ့။ ထင်ရှား ပြည့်လျှံဦးဆိုရင် လူတွေကသိကြတယ်။ မဟုတ်မခံစိတ်ရှိသူဆိုတော့ မတရားဘူးထင်ရင် မှန်တဲ့ဘက် ဝင်ရပ်တတ်တာက သူ့သဘာဝပဲ” လို့ ပြောပါတယ်။

၂၀၂၁ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်တော့ မုံရွာဟာ အားကောင်းတဲ့ တော်လှန်ရေးရပ်ဝန်း ဖြစ်ခဲ့ပါ တယ်။ အဲဒီတော်လှန်ရေးရပ်ဝန်းထဲမှာ ထင်ရှားပြည့်လျှံဦးလည်း ပါဝင်လာခဲ့ပါတယ်။ သူတင်မက သူ့မိသား စုလည်း ပါဝင်ခဲ့ပါတယ်။ သူ့ဖခင်က ၁၉၈၈ တုန်းကတည်းက နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ သူ ဖြစ် ပါတယ်။

“ သူ့အဖေကိုလည်း နိုင်ငံရေးအမှုနဲ့ ဖမ်းထားတယ်၊ လာဖမ်းတဲ့နေ့ကဆိုရင် သူအပြင်က ပြန်လာပြီး အနားယူနေ တုန်းရှိသေးတယ်။ အမက အပြင်ကနေ သော့ခတ်ပြီး သူ့ကိုစောင့်ပေးနေတာ။ ဘယ်လောက်မှမကြာဘူး စစ်ကား ၈စီးအိမ်ရှေ့ထိုးရပ်တာပဲ။ သော့ဖျက်ပြီးတော့ အိမ်ကပစ္စည်းတွေကို အကုန်မွှေတာ၊ အမေစုပုံတွေကို ဖျက်ဆီး ပစ်တဲ့ အထိပဲ” လို့ ကိုထင်ရှားရဲ့ မိခင်က ပြောပါတယ်။

စစ်တပ်က ဆန္ဒပြသူတွေ အပေါ် လက်နက်နဲ့ အနိုင်ယူနေတာကို လူငယ်အများစုက ခံပြင်းနေကြပါတယ်။ လက်နက်နဲ့ အနိုင်ယူတတ်သူတွေကို အနိုင်တိုက်ဖို့အတွက် လက်နက်လိုတယ်လို့ လူငယ်တွေ ခံစားသွားရတဲ့အခါ လက်နက်ကိုင်တော်လှန်ဖို့အတွက် နည်းလမ်းရှာကြပါတော့တယ်။ နုလုံးရည်တိုက်ပွဲနဲ့တော့ အကြမ်းဖက်တဲ့ စစ်တပ်ကို ကျဆုံးအောင် မလုပ်နိုင်ဘူးလို့ယုံကြည်လာတဲ့အချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖွဲ့စည်းလာ ကြတာပါ။

“ မုံရွာ PDF ဖွဲ့တော့ ထင်ရှားတို့လည်းပါခဲ့တယ်။ ဘာလို့ လက်နက်ကိုင်တော်လှန်လည်းမေးရင် လက်နက်နဲ့ အနိုင်ကျင့်နေသူတွေကို လက်နက်နဲ့ပဲပြန်တိုက်ရမှာပေါ့။ နောက်ပြီး ဗကသရဲ့ မူထဲမှာလည်း စစ်အာဏာရှင် စနစ်ကို အပြီးတိုင်ချေမှုန်းရမယ်ဆိုတဲ့ အချက်လည်းပါတယ်လေ။ ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးကို လုပ်ဖြစ်တာပါ” လို့သူ့ရဲ့ ရဲဘော်တစ်ဦးကပြောပါတယ်။

မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့အကြမ်းဖက်စစ်ကောင်စီတို့ ဇူလိုင် ၂၆ ရက်နေ့မှာ ထိပ်တိုက်ရင် ဆိုင်တိုက်ခိုက်ခဲ့ကြရပါတယ်။ အဲဒီတိုက်ပွဲမှာ မုံရွာ PDF အဖွဲ့က ၅ ဦးကျဆုံးပြီး ၂ ဦးပျောက်ဆုံးနေခဲ့တာပါ။ ဇူလိုင် ၃၀ ရက်နေ့ရောက်မှသာ ပျောက်ဆုံးရဲဘော် ၂ ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရတာဖြစ်ပြီး စုစုပေါင်း ၇ ဦးကျဆုံးတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ အဲဒီပျောက်ဆုံးသူ ၂ ဦးဟာ ထင်ရှားပြည့်လျှံဦးနဲ့ နောက်တစ်ဦးတို့ဖြစ်ပါတယ်။

ထင်ရှားနဲ့ နောက်ဆုံးဖုန်းရခဲ့တဲ့ ထင်ရှားရဲ့ မိခင်က ဖုန်းကျသွားပြီးနောက် သူထပ်ခေါ်တဲ့အချိန်မှာ တူတူ အသံပဲ ဆက်တိုက်မြည်နေခဲ့တယ်လို့ ပြောပါတယ်။
“ သူကဖုန်းခေါ်ပြီးသားတော့ ထိသွားပြီ အမေ လို့ပြောတယ်။ ဘယ်ထိသွားတာလဲဆိုတော့ ခါးကိုထိသွားတာတဲ့။ အဲဒါနဲ့သားပြေးလေ ရဲဘော်တွေရှိတဲ့ နေရာကိုပြေးဆိုတော့ သူမပြေးနိုင်တော့ဘူးလို့ပြောပြီးဖုန်း ကျသွားတယ်။ ကျမ ထပ်ခေါ်ပေမဲ့ သူ့ဖုန်းကခေါ်မရတော့ဘူး၊ တူတူတူတူ ပဲမြည်နေတယ်”

အဲဒီ့နောက်ပိုင်းရက်တွေမှာ သူဟာ မိခင်တစ်ဦးအနေနဲ့ သောကတွေပွားခဲ့ပါတယ်။ ငါ့သားလေးနေကောင်းရဲ့လား၊ ဒဏ်ရာ အခြေအနေက ဘယ်လိုနေမလဲဆိုတဲ့ အတွေးတွေနဲ့ ရင်ထဲမှာ ပူလောင်နေရပါတယ်။

“ သူက ဖုန်းတောင်ခေါ်နိုင်သေးတယ်ဆိုတော့ ဒဏ်ရာသက်သာမှာပါလို့ ဖေါ့တွေးမိတယ်။ ဒါပေမဲ့ မသိစိတ် ကတော့ အတော်လေးပူပန်တာပေါ့။ ကိုယ်မွေးထားတာ သားတစ်ယောက် သမီးတစ်ယောက်ထဲလေ။ ဘယ်လိုပဲ ဖြစ်ဖြစ်သားကို အသက်ရှင်စေချင်တာပေါ့” လို့ ပြောပါတယ်။
သူ့ ဆုတောင်းမပြည့်ခဲ့ပါဘူး၊ ပျောက်ဆုံးနေတဲ့ ရဲဘော် ၂ ဦးရဲ့ သက်မဲ့ရုပ်အလောင်းကို ဇူလိုင် ၃၀ ရက်နေ့မှာ ပြန်လည်တွေ့ခဲ့ရပါတယ်။

“ အဲဒီနေ့က ကိုယ်လည်း ပုန်းရှောင်နေရတဲ့အချိန်၊ သူ့ရဲ့ ရဲဘော်တွေကသင်္ဂြိုဟ်ပေးခဲ့တယ်။ ဘယ်လိုမှသွားလို့ လည်း အဆင်မပြေဘူးလေ၊ သင်္ဂြိုဟ်ပြီးတော့မှ သူငယ်ချင်းတွေက အကြောင်းကြားပေးကြတယ်။ အဲဒီလိုကြား တဲ့နေ့က အသက်တောင်ဆက်ရှင်ချင်စိတ်မရှိတော့ဘူး။ တကယ်ကိုပြိုလဲသွားရတာ၊ သားကတစ်ယောက်ပဲရှိတာ လေ” လို့ တုန်ရီတဲ့ အသံနဲ့ ဖြေကြားခဲ့ပါတယ်။

သားရဲ့စိတ်နဲ့ ကိုဗစ်ရောဂါကူးစက်မှု ၂ မျိုးစုံသွားချိန် အသက်ဆက်ရှင်ဖို့ အတော်ရုန်းကန်ခဲ့ရတယ်လို့ ထင်ရှားရဲ့ မိခင်က ဆက်ပြောပါတယ်။
“ အင်အားက အောက်ဆုံးအထိကို ထိုးကျသွားတာ။ မသေရုံပဲ၊ သားသတင်းကိုကြားပြီး ကိုဗစ်ကလည်း ကူးစက် ခံရတော့ ကိုယ့်ကိုကိုယ် သေပြီတောင်အောက်မေ့တာ၊ သမီးက အပြုအစုကောင်းလို့ အသက်ဆက်ရှင်ရတာ၊ အတော်ခံလိုက်ရတယ် စိတ်ရော၊ လူရောပဲ” လို့ပြောပြပါတယ်။

ကိုထင်ရှားအပါအဝင် ဗကသရဲဘော်ဟောင်းတွေ ကျဆုံးခဲ့တဲ့ အပေါ် လုပ်ဖော်ကိုင်ဖက်တစ်ဦးကလည်း “ ကျွန်တော်နဲ့သူက မုံရွာ ဗကသမှာ အခင်ဆုံးတွေ။ ငယ်ပေါင်းကြီးဖော်တွေလိုနေလာတာ၊ သူအပါအဝင် ဗကသရဲဘော်တွေကျဆုံးသွားတယ်ဆိုတော့ တကယ်ကြေကွဲဝမ်းနည်းမိတယ်။ ကျွန်တော့အတွက် မိသားစုဝင် တွေဆုံးရှုံးခဲ့ရသလို ခံစားရတယ်” လို့ ပြောပါတယ်။
နုလုံးရောဂါအခံရှိတဲ့ ထင်ရှားရဲ့ ဖခင်ကို မပြောပြခဲ့ပေမဲ့ ဖခင်က သိသွားပြီး သူ့ကို နှစ်သိမ့်ပေးခဲ့တယ်လို့လည်း မိခင်ဖြစ်သူ ကပြောပါတယ်။

“ သူ့အဖေက ထောင်ထဲမှာ အဖမ်းခံနေရတာ ပြီးတော့ သူက နှလုံးရောဂါအခံရှိတယ်။ ဒါကြောင့်ကျမက အသိမပေးဘူး၊ ဒါပေမဲ့ သူက ဘယ်လိုသိသွားလဲ မပြောတတ်ဘူး။ ကျမကို လှမ်းပြီးနှစ်သိမ့်တယ်။ ငါတို့သားက တိုင်းပြည်နဲ့ ပြည်သူအတွက် အသက်စွန့်သွားတာဆိုတော့ မြင့်သောမြတ်သောသေချင်းပါတဲ့။ ဒီလိုလေးတော့ လှမ်းပြောတယ်” လို့ ပြောပါတယ်။

အခုအချိန်မှာ ထင်ရှားပြည့်လျှံဦးလို အသက်စွန့်သွားရတဲ့ လူငယ်တွေအများအပြားရှိနေပါတယ်။ တိုင်းပြည်အတွက် အသက်စွန့်သွားတဲ့ သူတွေကို ပြည်သူ ပြည်သားတွေက မေ့သွားမှာမဟုတ်ပါဘူး။ ပြီးတော့ ထင်ရှားပြည့်လျှံ ဦးတို့ရဲ့ စွန့်လွှတ်ခြင်းကို အလေးပြုနေကြမှာဖြစ်ပါတယ်။

ခင်ငြိမ်းသစ်

Burma VJ


Original Post: Burma VJ

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia