မြင်းခြံမြို့မှ အမျိုးသမီး ၃ ဦး ဓားစာခံအဖြစ် စစ်ကောင်စီတပ် ဖမ်းသွား

October 6th, 2021  •  Author:   Daw Mya Shin , Daw Mone , Ma Hnin Moe and U Mart (Myingyan Township)  •  1 minute read
Featured image

မန္တလေးမြို့ပေါ်၌ ကင်းလှည့်နေသည့် စစ်ကားတစ်စီး။ ဓာတ်ပုံ-Myanmar Now 

မြင်းခြံမြို့၊ သပြေသာရွာမှ အလိုရှိသူများကို မတွေ့သဖြင့် စစ်ကောင်စီတပ်က မိသားစုဝင် အမျိုးသမီး ၃ ဦးကို ခေါ်ဆောင်စဉ် ၁ ဦး ရိုက်နှက်ခံခဲ့ရသည်။

By Myanmar Now

ယမန်နေ့ (အောက်တိုဘာ ၅)  နံနက် ၅ နာရီခန့်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သပြေသာရွာသို့ ရောက်သွားသည့် စစ်ကောင်စီတပ်သားများက ဒေသခံ ၄ ဦးကို ဖမ်းဆီးသွားရာ အမျိုးသမီး ၃ ဦးမှာ ဓားစာခံအဖြစ် အဖမ်းခံရခြင်း ဖြစ်နိုင်သည်ဟု မျက်မြင်တွေ့သူ ဒေသခံနှစ်ဦးထံမှ သိရသည်။

ကား ၇ စီးဖြင့် ရောက်လာသည့် စစ်သားနှင့် ရဲများက နေအိမ်တစ်အိမ်သို့ သွားရောက်စဉ် အသက် ၅၀ အရွယ် ဒေါ်မြရှင်ကို သားဖြစ်သူ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကူညီခဲ့သည်ဟု ဆိုကာ ရိုက်နှက်ဖမ်းဆီးသွားသည်ဟု မျက်မြင်တွေရှိသူတစ်ဦးက ပြောသည်။

“သူ(ဒေါ်မြရှင်) က ရှေ့ကနေ သားကို ကာထားတော့ ခင်ဗျားကြီးနော်၊ ခင်ဗျားကြီး အသက်တော်တော်ကြီးနေပြီ၊ ရှေ့ကနေပြီး ရှုပ်ရှုပ် မလုပ်နဲ့ဆိုပြီး ထင်းခြောက်နဲ့ ကောက်ရိုက်တာ။ နောက်ပိုင်းမှာ သုံးလေးချက် ဆင့်ရိုက်တာ။ ကျွန်တော့်ရှေ့မှာတင်။ သူ့သားနောက်ကို မလိုက်နိုင်တော့ သူ့ကို မဲပြီးရိုက်တာ” ဟု ၎င်းက ပြောသည်။

အခြားအိမ်တစ်အိမ်သို့ သွားရောက်စဉ် ဦးကျော်မြင့်ဆိုသူကို မတွေ့သဖြင့် အသက် ၆၀ အရွယ် ဇနီးသည် ဒေါ်မုန်း၊ ၃၀ အရွယ် သမီး မနှင်းမိုးတို့ကို ခေါ်ဆောင်သွားသည်ဟု သိရသည်။

ထို့ပြင် အသက် ၆၀ အရွယ် ဦးမှတ်ဆိုသူကိုလည်း စစ်ကောင်စီက ဖမ်းသွားခဲ့သည်ဟု အထက်ပါ သတင်းရင်းမြစ်နှစ်ဦးက အတည်ပြုသည်။

မှားယွင်းတိုင်ကြားခံရသဖြင့် ထိုအမျိုးသားများကို လာရောက်ဖမ်းဆီးရန် ကြိုးစားခြင်းဖြစ်နိုင်သည်ဟု ၎င်းတို့က ယူဆသည်။

ဖမ်းဆီးခံရသူများ၊ ထွက်ပြေးလွတ်မြောက်သွားသူများ၏ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးသဖြင့် ဖြစ်စဉ်အသေးစိတ်ကို မသိရသေးသလို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီးလည်း စစ်ကောင်စီထံမှ စုံစမ်း၍မရသေးပါ။

အိမ်ခြေ ၂၂၅ လုံးရှိ သပြေသာရွာတွင် လွန်ခဲ့သည့် သုံးလက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသတ်ခံရဖူးသော်လည်း ဒေသခံများ ဖမ်းဆီးခံရခြင်းမရှိဟု အထက်ပါ သတင်းရင်းမြစ်နှစ်ဦးထံမှ သိရသည်။

အလိုရှိသူကို မမိ၍ မိသားစုဝင်များကို စစ်ကောင်စီတပ်က ဖမ်းသွားသည်မှာ ထိုရွာအတွက် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းအရ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးရာတွင် အသက် ၅နှစ်အောက် ကလေးငယ်များ၊ အသက် ၇၀ ကျော် သက်ကြီး ရွယ်အိုများပါဝင်ပြီး ၄၅ ဦးထက်မနည်း ရှိကြောင်း သိရသည်။

AAPP ၏ စာရင်းကို ချဲ့ကားလွန်းသည်၊ တရားမဝင်အသင်းအဖွဲ့ဖြစ်သည်ဟု ပြောလေ့ရှိသည့် စစ်ကောင်စီကမူ ထိုသို့သော ကိစ္စများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်လေ့ မရှိပေ။

လွတ်လပ်သည့် သတင်းဌာနများကို ပိတ်သိမ်း၊ သတင်းထောက်များကို ဖမ်းဆီးနေသည့် စစ်ကောင်စီ ၏ သတင်းစာရှင်းလင်းပွဲများတွင်လည်း ထိုသို့သော ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး မေးခွန်းထုတ်မည့်သူ မပေါ်သေးပေ။


Original Post: Myanmar Now