Report 384 Views

ပြေးစရာ မြေမရှိ – ပို၍နက်ရှိုင်းလာနေသော မြန်မာနိုင်ငံရှိ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း

Featured image

နိဒါန်း

ယခုစာတမ်းတိုတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ခုနှစ်လနီးပါး ကာလအတွင်း ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံရှိ အလုံးစုံပျက်စီး ယိုယွင်းလာနေသည့် လူသားချင်း စာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဆန်းစစ်သုံးသပ်ထားပြီး ကချင်၊ ကရင်၊ ရှမ်း၊ ကရင်နီ၊ ချင်းနှင့် ရခိုင်ပြည်နယ်များတွင် ဖြစ်ပေါ်နေသော အခြေအနေများကို အလေးပေးသုံးသပ်ထားပါသည်။ စစ်တပ်၏ အာဏာသိမ်းရန် ကြိုးပမ်းမှုက မြန်မာစစ်တပ်ကြောင့် ဖြစ်ပွားသော ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သည့် ပြည်တွင်းစစ်၊ နှင့် ယခင်အစိုးရများ၏ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရသူများမှ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ ၎င်းတို့၏ဆန္ဒအလျောက် နေရပ်ပြန်ရေးအတွက် မှန်ကန်သော မူဝါဒများ မရှိခဲ့ခြင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံပိုင်းဆိုင်ရာ အတားအဆီးများကြောင့် တည်ရှိနေခဲ့ပြီးဖြစ်သော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတည်း ပိုမိုဆိုးရွားစေခဲ့ပြီး တိုင်းရင်းသားဒေသများရှိ ထိရှလွယ်သော လူထုများ၏ ဘဝများကို ပိုမိုခက်ခဲစေသည်။ မြန်မာစစ်တပ်၏ အကြမ်းဖက် ဖြိုခွင်းမှုနှင့် နွေဦးတော်လှန်ရေးအတွင်း ပါဝင်သူများအား အမှုဖွင့် အရေးယူမှုများကြောင့် လူဦးရေ ၃ သန်းကျော်ကို အစားအစာမလုံလောက်မှု၊ သိန်းနှင့်ချီသော သူများအား နေရာရွှေ့ပြောင်းရစေမှုနှင့် စီးပွားရေးပျက်သုဉ်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။[i] အာဏာသိမ်းရန်ကြိုးပမ်းမှုက ဘဏ်စနစ်ကို ပြိုကျလုနီးပါးဖြစ်စေခဲ့ပြီး စစ်အုပ်စုက ၎င်းတို့၏ အကျိုးအမြတ်အတွက် မထိန်းချုပ်နိုင်သော ကူးစက်မြန် ဒယ်လ်တာမျိုးကွဲ COVID-19 ကို လက်နက်သဖွယ် အသုံးပြုသဖြင့် ကူးစက်ပြန့်ပွါးမှုကို ပိုမိုဆိုးရွားစေခဲ့သည်။

ဤစာတမ်းတို၏ သုတေသနနည်းနာဗေဒမှာ မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အ‌ခြေအနေများ လျင်မြန်စွာ ပြောင်းလဲနေခြင်းနှင့် စစ်အုပ်စုမှ အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်နေသည့် အနေအထားတွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ ရှိနေခြင်းတို့ကြောင့် ကွင်းဆင်းသုတေသနပြုလုပ်ရန် စိန်ခေါ်ချက်များရှိနေသဖြင့် ရှိနှင့်ပြီးသော အချက်အလက်များအား ရှာဖွေသုတေသနပြုမှုကို အဓိကထား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ ဒေသအသီးသီးမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း တိုးပွားလာနေမှုကို လက်တွေ့မြင်တွေ့ရသူများ၏ တင်ပြချက်များနှင့် တိုင်းရင်းသား ဒေသများအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဒေသခံအဖွဲ့အစည်းများမှ မည်သို့ ထိရောက်စွာ ပေးဝေနေသည်ကို ထဲထဲဝင်ဝင် သိရှိနားလည်ရန် လုံခြုံသောနေရာများတွင် ရှိသောတိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းမှု တချို့လည်း လုပ်ဆောင်ခဲ့ပါသည်။ ယခုစာတမ်းတိုတွင် ဖော်ပြထားသည့်အတိုင်း လုံခြုံရေးအခြေအနေကြောင့် တိုင်းရင်းသားဒေသအားလုံး၏ အခြေအနေကို လွှမ်းခြုံဖော်ပြနိုင်ခြင်း မရှိသကဲ့သို့ မေးမြန်းသင့်သူများအားလုံးကိုလည်း မေးမြန်းနိုင်ခဲ့ခြင်း မရှိပေ။ ဤစာတမ်းတိုသည် ၂၀၁၉ ခုနှစ်တွင် မြန်မာအရပ်ဘက် လူထုအဖွဲ့အစည်း ၁၅ ဖွဲ့တို့က ထုတ်ပြန်ခဲ့သည့် “အိမ်မလွမ်းသူ ဘယ်သူရှိမလဲ” အမည်ရသည့် ပူးတွဲအစီရင်ခံစာတွင် ဆွေးနွေးထားသော တိုင်းရင်းသားဒေသများ၏ အခြေအနေများကို ပြန်လည်ဆန်းစစ်ခြင်းဖြစ်ပြီး ထိုအစီရင်ခံစာတွင် တောင်းဆိုထားသော နိုင်ငံတကာအလှူရှင် အသိုင်းအဝိုင်းများအနေဖြင့် ဒေသခံအဖွဲ့အစည်းများကို ထောက်ပံ့ရန်၊ ၎င်းတို့၏ အေဂျင်စီများနှင့် ဆုံးဖြတ်ချက်ချမှတ်မှုများကို အားပေးမြှင့်တင်ပေးရန် နှင့် နယ်စပ်ဖြတ်ကျော် အကူအညီ အထောက်အပံ့များ ပေးအပ်ရန် အချက်များကိုလည်း ထပ်မံတောင်းဆိုထားသည်။[ii]

ဤစာတမ်းတိုက သမိုင်းနှင့်ချီ၍ ဆယ်စုနှစ်ပေါင်းများစွာ ပဋိပက္ခများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့် အကူအညီ အထောက်အပံ့များ ရှားပါးမလောက်ငှမှုများနှင့် ရင်ဆိုင်ကြုံတွေ့ ခံစားနေရသည့် တိုင်းရင်းသားဒေသများ၏ အခြေအနေများကို အလေးပေး ဖော်ပြထားပါသည်။ သို့သော် တစ်ချိန်တည်းတွင် အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပေါ်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော ယိုယွင်းပျက်စီးမှု များသည် သတ်မှတ်ထားသော ပထဝီမြေ ကန့်သတ်မှုဘောင် မရှိသောကြောင့် တိုင်းရင်းသားဒေသများဆိုင်ရာ ဆွေးနွေးတင်ပြထားသော အကြောင်းအရာ ကိစ္စရပ်များသည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်း တို့အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာ အဆင့်နှင့်လည်း သက်ဆိုင်ကြောင်းကို အလေးပေးဖော်ပြထားသည်။ ထိုနည်းတူစွာပင် ယခုစာတမ်းတို၏ အဆုံးတွင် ပေးထားသော အကြံပြုတိုက်တွန်းချက်များသည် တိုင်းရင်းသားဒေသများနှင့် အဓိကသက်ဆိုင်သော်လည်း ထိုတိုင်းရင်းသားဒေသများကို ကျော်လွန်၍ အကောင်အထည် ဖော်နိုင်ပါသည်။ ဤစာတမ်းတိုတွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ၌ ရွေးချယ်တင်မြှောက်ခံထားရသည့် ကိုယ်စားလှယ်များ၏ ပထမဆုံး လွှတ်တော်အစည်းအဝေး မကျင်းပနိုင်စေရန် တားဆီးပြီး တရားမဝင်အာဏာသိမ်းယူရန် ကြိုးပမ်းသောအချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ဩဂုတ်လအစပိုင်းအထိ ၇ လ နီးပါးကာလအတွင်း ဖြစ်ပျက်သော အခြေအနေများကို လွှမ်းခြုံတင်ပြထားသည်။ ဤစာတမ်းတို၏ တွေ့ရှိချက်များနှင့်တွဲလျက် တင်ပြထားသော အသေးစိတ် အကြံပြုတိုက်တွန်းချက်များသည် တိုင်းရင်းသားဒေသတွင်းနှင့် တိုင်းရင်းသား ဒေသပြင်ပရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရာတွင် လျင်မြန်စေရန် ရည်ရွယ်ပေးအပ် တင်ပြထားခြင်း ဖြစ်သည်။

[i]  ‘There Is No One Who Does Not Miss Home’, 15 Myanmar ethnic community-based organizations and locally-based civil society organizations, coordinated by Progressive Voice, 20 June 2019. Available at https://progressivevoicemyanmar.org/wp-content/uploads/2019/06/There-Is-No-One-Who-Does-Not-Miss-Home_English_Web.pdf

[ii]  H1-01-05


စာတမ်းတိုအပြည့်အစုံရယူရန်။

English version.

Send this to a friend