မင်္ဂလာဒုံမှ အမျိုးသား ဖမ်းခံရပြီး၂ ရက်အတွင်း သေ၊ စစ်တပ် အလောင်းပြန်မပေး

October 4th, 2021  •  Author:   U Kyi Sein (Mingaladon Township)  •  1 minute read
Featured image

မတ်လ ၇ ရက်နေ့က ရန်ကုန်တွင် တွေ့ရသည့် ဖမ်းဆီးမှု။ စစ်ကောင်စီတပ်သားတို့၏ ဖမ်းဆီးနှိပ်စက်မှုကြောင့် အကျဉ်ထောင်တွင်း သေဆုံးသူ အများအပြားရှိနေသော်လည်း ထိုဖြစ်ရပ်များကို စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

ထောင်ချောက်ဆင်ဖမ်းခံရသည်ဟု ယူဆနေကြသော အသက် ၅၀ အရွယ် ဆိုင်ကယ်ကယ်ရီမောင်းသူ ပရဟိတသမား သေဆုံးကြောင်းကို စစ်တပ်က မိသားစုထံ တိုက်ရိုက် အကြောင်းမကြားခဲ့ပေ။

By Myanmar Now

အောက်တိုဘာ ၁ ရက်နေ့က အဖမ်းခံရသည့် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်မှ အသက် ၅၀ အရွယ် ဦးကြည်စိန် သေဆုံးသွားရာ စစ်တပ်က မိသားစုဝင်ထံ အလောင်းပြန်မပေးဘဲ အောက်တိုဘာ ၃ (ယမန်နေ့ ) တွင် တိတ်တဆိတ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ရေဝေးသုသာန်တွင် သင်္ဂြိုဟ်ခဲ့သည်ဟု စစ်တပ်က ယနေ့ (အောက်တိုဘာ ၄) နေ့လယ် ၁၂ နာရီတွင်  ဖုန်းဆက်ကြောင်း စမ်းကြီးဝရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းခိုင်က Myanmar Now ကို ပြောသည်။

“(မင်္ဂလာဒုံ) တပ်နယ်မှူးရုံးက ဖုန်းဆက်လို့ ဆုံးသွားပြီဆိုတဲ့အကြောင်းကိုလေ၊ စစ်ဆေးရုံမှာ ဆေးရုံတင်ပြီး ဆုံးသွားတယ်ဆိုတဲ့အကြောင်း၊ နာရေးချတယ်ဆိုတဲ့အကြောင်း၊ ဒီနေ့မှ လှမ်းပြောတာ၊ အဲဒါပဲ သိရတယ်။ သူ့မိသားစုကို ပြောပေးပါဆိုပြီးတော့ လှမ်းဆက်တာလေ” ဟု ၎င်းက ဆိုသည်။

“သူ(စစ်တပ်က) ခေါ်သွားတာပဲ သိတယ်။ သေဆုံးမှ ကျွန်တော်တို့ကို သတင်းပို့တာပဲ သိတယ်။ ကျွန်တော်တို့ ဒီအုပ်ချုပ်မှုပိုင်းတွေလည်း ဘာမှလဲ မသိရဘူး။ အဲဒီလို ဖြစ်သွားတာ” ဟု ၎င်းက ဆိုသည်။

စမ်းကြီးဝရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကမူ ဆိုင်ကယ်ကယ်ရီမောင်း၍ အသက်မွေးသူ ဦးကြည်စိန်သည် စစ်တပ်၏ ရေကြည်အိုင်စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းရရှိထားသည့် သတင်းကို ကိုးကား၍ Myanmar Now ကို ပြောသည်။

အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် လူတစ်ဦးက မင်္ဂလာဒုံဗဟိုနိုင်ငံရေးကားဂိတ်တွင် တွေ့ဆုံရန် ဖုန်းဆက်ချိန်းဆိုပြီးနောက်ပိုင်း အဖမ်းခံရခြင်းဖြစ်သည်ဟု သူက ဆိုသည်။

စစ်ကောင်စီတပ်က ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ အမျိုးသားက ယူဆသည်။

“သူ့ကို ဖမ်းတဲ့နေရာက ကားဂိတ်ဆိုတော့ ဆိုင်ကယ်ကယ်ရီတွေရှိတယ်လေ။ ကယ်ရီသမားတွေက ဒီရပ်ကွက်ထဲက ကယ်ရီသမားတွေရှိတော့ သူပါသွားတာနဲ့ ချက်ချင်းလာပြောကြတာ။ ကျွန်တော် နီးစပ်ရာ နီးစပ်ရာတွေနဲ့ လိုက်စုံစမ်းတော့ ရေကြည်အိုင်ရောက်နေတာတဲ့” ဟု ၎င်းက ဆိုသည်။

“အရင်တုန်းကတော့ (ဆန္ဒပြပွဲမှာ) ပါခဲ့တာမဟုတ်ဘူး။ သူက ကူညီပေးတဲ့လူတစ်ယောက်ပေါ့နော်။ လူငယ်တွေကို သူတောက်လျှောက်ကူညီပေးလာတာ”

ဦးကြည်စိန်သည် ရပ်ကွက်တွင် ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ကိုဗစ်တတိယလှိုင်းကာလ လူနာများ အောက်ဆီဂျင်ရရှိရေး လိုက်လံကူညီပေးခဲ့ကြောင်း သူက ဆက်ပြောသည်။

ဦးကြည်စိန် သေဆုံးချိန်တွင် ဇနီး၊ ၂၇ နှစ်အရွယ် သမီး၊ ၁၇ နှစ်အရွယ် သား ကျန်ရစ်ခဲ့ကြောင်း သိရသည်။

Myanmar Now က မိသားစုကို မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ် မရခဲ့ပေ။

ဦးကြည်စိန် ဖမ်းဆီးခံရမှုနှင့် သေဆုံးမှု အကြောင်းရင်း၊ မိသားစုကို ရုပ်အလောင်းပြန်မအပ်မှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကို Myanmar Now က မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်ချက်ကြောင့် သေဆုံးရသည့် ပြည်သူ ၁၁၅၈ ဦးထက်မနည်း ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဲနှင့် စစ်တပ်ကို ပစ်မိန့်ပေး၊ ဖမ်းဆီးနှိပ်စက်ခွင့် ပေးထားသော စစ်ကောင်စီက ထိုအသင်း၏ ကိန်းဂဏန်းမှာ ချဲ့ကားထားခြင်းဖြစ်သည်ဟု ပြောဆိုလေ့ရှိသည်။

English version.


Original Post: Myanmar Now