ရဲဘော်စိုင်းဘုန်းမင်းသန့် ကျဆုံးသွားတဲ့အချိန်မှာ အတူတိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်အမျိုးသမီးတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းခြင်း

October 3rd, 2021  •  Author:   Sai Bhone Min Thant (Mandalay Region)  •  1 minute read
Featured image

By Kantarawaddy Times

စစ်အာဏာရှင်ကို အမြစ်ပြတ်ချေးမှုန်းဖို့ ပြည်မကနေ ကရင်နီပြည်ကို လက်နက်ကိုင်တော်လှန်ဖို့ ရောက်လာတဲ့ လူငယ်လေးတွေထဲမှ ရဲဘော်စိုင်းဘုန်းမင်းသန့်ဟာ အသက်ပေးဆပ်လိုက်ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ(၂၀)ရက်နေ့ တိုက်ပွဲတစ်ခုမှာ ပြည်မက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲဦးဆောင်ခဲ့သူ လူငယ်ခေါင်းဆောင် ရဲဘော်စိုင်းဘုန်းမင်းသန့် ကျဆုံးသွားတဲ့အချိန်မှာ အတူတိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်အမျိုးသမီးတစ်ဦးနဲ့ ကန္တာရဝတီတိုင်း(မ်)က ဆက်သွယ်မေးမြန်းထားပါတယ်။ သူမဟာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒီဇိုင်နာတစ်ဦးလည်း ဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ စက်တင်ဘာ (၂၀)ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့အခြေအနေ၊ ဖြစ်စဉ် ကို ပြန်ပြောပြပေးပါ။

ရဲမေတစ်ဦး ။ ။ (၂၀)ရက်နေ့ကတော့ ညီမတို့က ရှေ့တန်းက ရဲဘော်တွေကို ကူညီဖို့အတွက် သွားတာပေါ့နော။ ရှေ့တန်းက ရဲဘော်တွေကို ကူဖို့အတွက်သွားတဲ့နေရာမှာ ညီမတို့က နောက်တန်းမှာ ကင်းစောင့်ရမယ်ဆိုတဲ့ တာဝန်နဲ့သွားလိုက်တာပေါ့။ အဲ့ဒီအချိန်မှာ ကျနော် တို့သွားတဲ့ လမ်းမှာ ခွေးတွေ အိမ်တစ်အိမ်ကို ဖောက်နေတာပေါ့နော။ အဲ့တာနဲ့ တိုးသွားတဲ့ အချိန်မှာ ကျနောတို့ စပြီး အပစ်ခံလိုက်ရတာပေါ့နော။ ကားကိုလည်း အပစ်ခံလိုက်ရတယ်။ ကားတွေလည်း မီးလောင်သွားတယ်။ ကျနော်တို့ ပြန်ဆုတ်ပြီးတော့ ပြန်ပစ်တယ်။ နှစ်ဖက် တိုက်ပွဲပုံစံမျိုး ဖြစ်သွားခဲ့တာ။ ကျနော်တို့ ဘက်က ကိုစိုင်းဘုန်းမင်းသန့်အပါအဝင် နှစ်ယောက်ကျတယ်ပေါ့နော။ ဒဏ်ရာရတဲ့ လူက လေးယောက် လောက်ရှိတယ်။ ဒဏ်ရာအနည်းငယ်ရတဲ့သူက နှစ်ယောက် လောက်ရှိခဲ့တယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ အဲ့ဒီအချိန်မှာ တိုက်ပွဲ ဘယ်လောက်ကြာခဲ့လဲ။

ရဲမေတစ်ဦး ။ ။ တိုက်ပွဲက ကျမတို့ စထွက်သွားတာက ရှစ်နာရီ ဟိုကိုရောက်တော့ ဆယ်နာရီကျော်လောက်မှာ ဖြစ်သွားတာပေါ့နော။ အဲ့ဒီကနေပြီးတော့မှ နေ့လည် နှစ်နာရီလောက်မှာ ပြီးတယ်ထင်တယ်။ တော်တော်တော့ ကြာတယ်။ သုံးနာရီ လေးနာရီလောက်တော့ ကြာတယ်။ လက်နက်ကြီးတွေလည်း ဆက်တိုက်ပစ်တယ်။ အဲ့လို ဖြစ်ခဲ့တာပေါ့နော။

ကန္တာရဝတီတိုင်း(မ်) ။ ။ အဲ့ဒီတိုက်ပွဲမှာ ရဲဘော်နှစ်ဦး ဘယ်လို ကျဆုံးခဲ့ရလဲ။

ရဲမေတစ်ဦး ။ ။ ဟုတ်ကဲ့။ ရဲဘော် ပထမတစ်ဦးကတော့ ကိုတူရယ်ပေါ့နော။ အရင်ကျသွားတာပေါ့နောသူက။ ကားပေါ်မှာကတည်းက သူပစ်ခံလိုက်ရတော့ ခြေထောက်နာသွားတယ်။ အဲ့ဒီအချိန်မှာ သူ့ကို ကလေးနှစ်ယောက်က သူ့ကိုတွဲတယ်ပေါ့နော။ တွဲခေါ်ပြီး ပြေးတဲ့ အချိန်မှာ သူတို့ နောက်တည့်တည့်ကိုပေါ့နော။ လက်နက်ကြီးကျတယ်။ ကျတော့ ကိုတူက သူ့ကိုတွဲတဲ့ ကလေးနှစ်ယောက်ကို သူအုပ်မိုးပြီးတော့ ကာကွယ်သွားတာ။ အဲ့အချိန်မှာ အကုန်လုံးလွှင့်ထွက်သွားတာပဲ။ လွှင့်ထွက်သွားတဲ့အချိန်မှာ သူက နောက်ကျောမှာ အပေါက်ကြီး ဖြစ်ပြီးတော့ သေနတ်ဒါဏ်ရာတွေပေါ့။ တစ်ခါတည်းသူက ကျသွားတာပေါ့နော။ ကိုစိုင်းဘုန်းမင်းသန့်ကျတော့ ညီမနဲ့ ပြေးတာပေါ့နော။ ညီမတို့က သုံးဖွဲ့ခွဲပြီးပြေးတာ။ ညီမနဲ့ ပြေးတဲ့အချိန်မှာ လက်နက်ကြီး ကျတဲ့အချိန်မှာ ညီမကို ကာကွယ်ပေးရင်းနဲ့ သူလည်း ကျသွားတာပေါ့နော။

ကန္တာရဝတီတိုင်း(မ်) ။ ။ ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးရဲ့ Dead Bodyကိုရောပြန်ရခဲ့လာ။

ရဲမေတစ်ဦး ။ ။ ကို တူရယ် ရဲ့ Dead Bodyတော့ ပြန်ရတယ်ဗျ။ ဘာလို့ဆိုတော့ ၂၀ ရက်နေ့က ကျနော်တို့ အယောက်နှစ်ဆယ်သွားတယ်။ ကျနော် မိန်းကလေးတစ်ယောက်တည်းပါခဲ့တော့ ကျနော်နဲ့ ပြေးတာလည်း ကျနော်နဲ့ ကိုစိုင်းဘုန်းမင်းသန့်နဲ့က နှစ်ယောက်တည်း ဖြစ်သွားတော့ Dead Bodyပြန်ကောက်ဖို့ ဆိုတာကလည်း ကျနော့်အနေနဲ့မလွယ်ဘူး။ ကျနော်ကိုယ်တိုင် နောက်နေ့ မနက်မှ ပြန်ရောက်ခဲ့တာဗျ။ သူတို့ကျတော့ ယောင်္ကျားလေးတွေနဲ့ အတူတူ သူတို့ရှေ့မှာ ကျသွားတော့ တစ်ခါတည်း တိုက်ရိုက်ကြီး သယ်သွားနိုင်လိုက်တယ်။ နောက်နေ့မှာ ကျနော် အဆက်အသွယ်ပြန်ရပြီးတော့ Dead Bodyပြန်သွားယူမယ်ဆိုတော့ တိုက်ပွဲက ဆက်တိုက်ကြီး သူတို့ဖက်က ချီတက်လာတာပေါ့နော။ အဲ့လို ဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုစိုင်းဘုန်းမင်းသန့်ရဲ့ Dead Bodyတော့ ပြန်မရခဲ့ဘူးဗျ။

ကန္တာရဝတီတိုင်း(မ်) ။ ။ ကိုစိုင်းဘုန်းမင်းသန့်ရဲ့ ဈာပနာကို ဘယ်လိုပြုလုပ်ခဲ့ရလဲ။

ရဲမေတစ်ဦး ။ ။ ဟုတ်ကဲ့။ ဈာပနာ အခမ်းအနားကတော့ ကျနောတို့ Dead Body မရသေးတော့ အရမ်းကြီး အကြီးအကျယ်ကြီးတော့ မလုပ်ဖြစ်သေးဘူးပေါ့။ အခုလောလောဆယ်ကတော့ ရက်လည်တွေလုပ်တယ်။ သူ့ရဲ့ အဝတ်အစား တွေပဲပေါ့နော။ မြေမြှုပ်ပြီးတော့ အဲ့လိုဈာပနပဲ လုပ်ခဲ့ရတယ်ဗျ။ Dead Bodyပြန်ကောက်ပြီးသွားပြီဆိုရင်တော့ ဈာပန ပြန်လုပ်ဖို့ရှိပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ကိုစိုင်းဘုန်းမင်းသန့်က မန္တလေးစက်မှုလက်မှုသိပ္ပံ ကျောင်းသားဖြစ်တယ်လို့ သိရတယ်။ ကျောင်းတက်တာ ဘယ်နှနှစ်ရှိပြီလဲ (သို့) ကျောင်းပြီးပြီလာ။

ရဲမေတစ်ဦး ။ ။ ကျောင်းတော့ မပြီးသေးဘူးဗျ။ သူက အသက်ကိုက ၂၁ပဲရှိသေးတာ။ မန္တလေးမှာ အခုမှ Frist Yearပြီး ပြီးတော့ အခုမှSecond Yearတက်မှာပဲ ရှိသေးတာပေါ့နော။ အသက်ကလည်း ၂၁ ပဲရှိသေးတော့ ငယ်သေးတယ်ဗျ။ ကျောင်းကလည်း မပြီးသေးပါဘူး။

ကန္တာရဝတီတိုင်း(မ်) ။ ။ စစ်အာဏာတိုက်ဖျက်ရေးအတွက် ကရင်နီပြည်နယ်မှာ လာရောက်ပြီး လက်နက်ကိုင်ဖြစ်သွားပုံကို ပြောပြပေးပါရှင့်။

ရဲမေတစ်ဦး ။ ။ ဆုံးဖြတ်ဖြစ်သွားတာကတော့ အရင်ကတည်းက ဒီ လက်နက်ကိုင် ဖို့တော့ အစီအစဉ်ရှိတယ်ပေါ့နော။ ဒါပေမယ့် ကျနော်တို့ စီစဉ်နေတာက အရမ်းနှောင့်နှေးနေတယ်။ ဒီကိုဗစ်တွေ ဖြစ်သွားတယ်။ ကားတွေမထွက်တာတွေ ဘာညာ အများကြီးပဲ။ အခက်အခဲတွေ အများကြီးရှိတဲ့ကြားမှ ကျနော်တို့ ဒီသပိတ်လိုက်နေရင်းကမှ လက်နက်ကိုင်ကို ဝင်ချင်နေတာ အရမ်းကြာနေပြီ။ ကယားဘက်ကို ရွေးတယ်ဆိုတာကလည်း သူ့( စိုင်းဘုန်းမင်းသန့် )ရဲ့ အပေါင်းသင်း မိတ်ဆွေ သူငယ်ချင်းတွေရှိတာပေါ့နော။ သူအဲ့ဖက်ကို ရွေးပြီးတော့ သွားမယ့် လမ်းကြောင်းတွေ စီစဉ်ပြီးတော့မှ ဒီ လက်နက်ကိုင်ထဲကို ဝင်ဖို့အတွက်က အစောကြီးကတည်းက ဆုံးဖြတ်ထားပြီးသားမို့လို့ သွားဖြစ်ခဲ့တာပါ။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဒီကို ရောက်တာ ဘယ်လောက်ကြာပြီလဲ။

ရဲမေတစ်ဦး ။ ။ အခု ရောက်တာကတော့ တစ်လလောက်ပဲရှိပါသေးတယ်။ အရင်ကလည်း ဒီကိုရောက်ခဲ့ဖူးတာပေါ့နော။ အခု ဒုတိယတစ်ခေါက်ရောက်တာကတော့ တစ်လလောက်ပဲရှိပါသေးတယ်ဗျ။

ကန္တာရဝတီတိုင်း(မ်) ။ ။ ညီမတို့လို ပြည်မကနေ လာရောက်လက်နက်ကိုင်တဲ့သူတွေ ရှိသေးလာ။ ဘယ်လောက်ရှိနိုင်လဲ။

ရဲမေတစ်ဦး ။ ။ ဘယ်နှယောက်လောက်ရှိနိုင်လဲ ဆိုတာကတော့ ရဲဘော်တွေလည်း အများကြီးပဲဆိုတော့ ရှိတာကတော့ ပြည်မက လာတဲ့သူတွေလည်း အများကြီးပဲပေါ့နော။ နယ်ကလာတဲ့သူတွေတို့ သူတို့တွေရဲ့ အဆက်အစပ်တွေနဲ့ လာကြတဲ့သူတွေ အများကြီးရှိပါတယ်ဗျ။

ကန္တာရဝတီတိုင်း(မ်) ။ ဒီကိုရောက်တဲ့ အတောအတွင်းမှာ ကိုစိုင်းဘုန်းမင်းသန့်က ဘယ်နှခါလောက် တိုက်ပွဲ သွားဖူးပြီလဲ။

ရဲမေတစ်ဦး ။ ။ တိုက်ပွဲသွားခဲ့တာကတော့ ဒါ ပထမဆုံးအကြိမ်ပဲဗျ။ သူတို့အတွက်ပေါ့နော။ ပထမဦးဆုံး အကြိမ်မှာပဲ ဒီလို ပထမဦးဆုံး ဖြစ်သွားခဲ့တာပေါ့နော။

ကန္တာရဝတီတိုင်း(မ်) ။ ။ ပြီးတော့ ကိုယ်ချစ်ခင်ရတဲ့သူ ကိုယ့်မျက်စိရှေ့မှာတင် ကျဆုံးသွားခဲ့တာကို မြင်ရတော့ ဘယ်လိုခံစားရလဲ။

ရဲမေတစ်ဦး ။ ။ ကျဆုံးသွားတယ် ဆိုတော့ဗျ။ ဒီတိုင်း ရောဂါနဲ့ ကိုယ့်မျက်စိရှေ့မှာ ဆုံးပါးသွားတာနဲ့ ဒီရုတ်တရက်ကြီး ဒီလိုမျိုး ဖြစ်ပြီးတော့ ဆုံးပါးသွားတာနဲ့ မတူဘူးပေါ့နော။ ကျဆုံးသွားတာ မြင်လိုက်ရတော့ တော်တော်လေးတော့ ခံစားရပါတယ်။ အရမ်းလည်း ကြောင်သွားတယ်ပေါ့နော။ ဒါကြီးကို အိပ်မက်ဖြစ်နေတာလား တကယ်ဖြစ်နေတာလား ဝေခွဲမရလောက်အောင်ကို တော်တော်လေး ဖြစ်ခဲ့ရတယ်။ အခုချိန်ထိလည်း လက်ခံဖို့အတွက် တော်တော်လေး ကြိုးစားနေရပါတယ်ဗျ။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဒီလို တိုင်းရင်းသားဒေသမှာ လက်နက်ကိုင်ဖို့ ထွက်ခွာလာတာက မိဘတွေရဲ့ သဘောထားဘယ်လိုရှိခဲ့လဲ။ သဘောတူကြလာ။

ရဲမေတစ်ဦး ။ ။ မိဘတွေရဲ့သဘောထားကတော့ ဒါကတော့ သဘောမတူဘူးပေါ့နော။ ဘာလို့လဲဆိုတော့ မိန်းကလေးလည်း ဖြစ်တယ်။ သူတို့ လုံးဝသဘော မတူကြဘူး။ မိဘတွေကတော့ တားတာပေါ့နော။ ညီမဆိုလည်း ဒီအမျိုးတွေထဲမှာ မိန်းကလေးဆိုလည်း သိပ်မရှိ ဘူးဆိုတော့ အကုန်လုံးက တားကြတာပေါ့နော။ ဒါပေမယ့် ဒီဟာကို စလုပ်ကတည်းကလည်း ဒီတော်လှန်ရေးကို ပြီးဆုံးအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်က မဆုံးသေးတဲ့အတွက် ဒီလက်နက်ကိုင်ထဲ ဝင်ဖို့အတွက် ဆုံးဖြတ်ပြီးတော့ တားနေတဲ့ ကြားကနေရအောင် ထွက်လာခဲ့တာပါ။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဒီလို ဆုံးဖြတ်ချက်ချဖို့ ဘယ်လောက်အထိ အချိန်ယူခဲ့ရလဲ။

ရဲမေတစ်ဦး ။ ။ အချိန်တော့ မယူဘူးဗျ။ ကျနော်က ဒါလုပ်မယ်ဆိုရင် တန်းလုပ်တယ်ဆိုတော့ ဘာလုပ်မယ်ဆိုရင် တန်းကိုလုပ်တာဗျ။ အဲ့ဒီအတွက်ကြောင့် ဘာအချိန်မှ မယူဘူး ကျနော် ဒါလုပ်မယ်ဆိုရင် လုပ်တယ်ပဲ။ ကျနော် ချက်ချင်းကောက်လုပ်တယ်။ ဒီဖက်ကို သွားမယ်ဆိုတော့လည်း ကျနော် ပြင်ဆင်စရာရှိတာ ပြင်ပြီးတော့ ချက်ချင်း သွားလိုက်တာဗျ။

ကန္တာရဝတီတိုင်း(မ်) ။ ။ ပြီးတော့ မိန်းကလေးတစ်ယောက်လည်း ဖြစ်တဲ့အတွက် တခြားသူတွေထက် ဘယ်လို စိန်ခေါ်မှုတွေရှိလဲ။

ရဲမေတစ်ဦး ။ ။ စိန်ခေါ်မှုတွေ ဆိုတာထက်ပေါ့နော။ ကျနော်တို့ ဒါကတော့ စိန်ခေါ်မှုလို့ ပြောလို့မရဘူးဗျ။ ဒါက ကိုယ်ရွေးချယ်ခဲ့တဲ့ အရာဆိုတော့လေ။ သူများတွေထက် စိန်ခေါ်မှုကတော့ မေးသလိုပဲ စိန်ခေါ်မှုဆိုတာကတော့ ပေါ့နော အများကြီးပေါ့ အများကြီးကြိုးစားရတယ်ပေါ့နော။ ကိုယ်မလုပ်ဖူးတဲ့ အရာတွေ ကျနော်တို့ ဒီသွားတဲ့ဖက်ဆို တောင်တက် တောင်ဆင်းတွေရှိမယ်။ လမ်းလျောက်ပြီးတက်ရင်တောင် မောတဲ့ အရာမျိုးတွေဗျ။ အဲ့လိုမျိုးတွေ စိန်ခေါ်မှုတွေ ဆိုတာကတော့ အရမ်းအခက်အခဲတွေ ကတော့ အများကြီးရှိတာပေါ့။ စိန်ခေါ်မှုဆိုတာထက် အခက်အခဲတွေပေါ့။ တော်တော်လေးတော့ အပင်ပန်းခံပြီးတော့ ကြိုးစား လုပ်ခဲ့ရတာပေါ့နော။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဒီတော်လှန်ရေးမှာ ဘာတွေကို စွန့်လွှတ်ခဲ့လိုက်ရလဲ။

ရဲမေတစ်ဦး ။ ။ စွန့်လွှတ်ခဲ့လိုက်ရတာကတော့ ကျနော်တို့ ဒီ သပိတ်လိုက်နေတဲ့ အချိန်ကတည်းကပေါ့နော။ ကျနော် တို့ရဲ့ အဖွဲ့ပေါ့နော။ ပြောရမယ်ဆိုရင် အပေါင်းအသင်းတွေ ဘော်ဒါတွေ ရဲဘော်တွေ အဖမ်းခံလိုက်ရတယ်။ ကိုယ်အရမ်းချစ်ရတဲ့ ကိုယ့်မောင်လေးတွေ အဖမ်းခံလိုက်ရတယ်။ အစ်ကိုတွေ အဖမ်းခံလိုက်ရတယ်။ ရိုက်နက် ခံရတယ် သတ်ပစ်ခံရတယ်။ အဲ့ကတည်းက ပေါ့နော ဒီလိုမျိုး စွန့်လွှတ်ခဲ့ရတယ် ဆိုတာထက်။ ကိုယ့်အပေါင်းအသင်းတွေ ကိုယ်ချစ်ရတဲ့သူတွေ ထောင်ထဲရောက်သွားတယ်။ ပြီးတော့ ကိုယ့်ရဲဘော် ကိုယ့်မျက်စိရှေ့တင် ကျဆုံးသွားတယ်။ ကိုယ်ချစ်ရတဲ့သူ အဲ့တာတွေလည်း ဆုံးရှုံးရတယ်။ စွန့်လွှတ်ခဲ့ရတာပေါ့နော။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဒီပြည်နယ်ဖက်ကို လာရောက်ပြီး လက်နက်ကိုင်ဖို့ ဘာတွေက အဓိကတွန်းအားဖြစ်စေခဲ့လဲ။

ရဲမေတစ်ဦး ။ ။ အဓိက တွန်းအားဖြစ်စေတာကတော့ ဒီသူတို့ရဲ့ လုပ်ရပ်တွေပဲပေါ့နော။ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို လက်နက်မပါတဲ့ ပြည်သူတွေကို သူတို့က လက်နက်တွေနဲ့ တိုက်ခိုက်တယ်။ သေအောင်လို့ လုပ်တယ်ပေါ့နော။ ကျနော်တို့ဆိုရင် ခဏခဏ အပစ်ခတ်တွေကြားထဲမှာ သပိတ်ထွက်တယ် လိုက်တယ်။ ဒါမျိုးတွေ အများကြီးရှိခဲ့တာပေါ့နော။အဲ့အချိန်မှာ ဒီလမ်းကို ရွေးလိုက်တယ်ဆိုတာကလည်း ဒီဒေသပေါ့နော။ ကျနော်တို့ အရမ်းလည်း သဘောကျတယ်။ စိုင်းဘုန်းမင်းသန့်ကလည်း သူသဘောကျတဲ့ ဒေသဖြစ်တယ်။ ပြီးတော့ ကျနော်တို့ ဒီ တွန်းအားဖြစ်စေတာကတော့ လက်နက်တွေကိုင်ပြီး ကျနော်တို့ကို လက်နက်မပါတဲ့ သူတွေ ကို အနိုင်ကျင့် နှိပ်စက် အဲ့မျိုးတွေ မခံမရပ်နိုင်ဖြစ်လို့ လက်နက်ကိုင်တဲ့ဟာကို ဆုံးဖြတ်ပြီးတော့ ဝင်ခဲ့တာပါဗျ။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဘာကို အဓိက မျှော်မှန်းပြီးတော့ လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့တာလဲ။

ရဲမေတစ်ဦး ။ ။ အဓိကကတော့ လက်နက်ကိုင်ဖို့ ဆုံးဖြတ်တာပေါ့နော။ မျှော်မှန်းတာတော့ မဟုတ်ဘူးဗျ။ ကျနော်တို့ ဒီတိုက်ပွဲကြီးအောင်မြင်ပြီး ကျနော်တို့ တွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျနော်တို့ နိုင်ငံရေး အေးချမ်းစွာ နေနိုင်မယ့်ဟာကိုပဲ ဦးတည်ပြီးတော့ လက်နက်ကိုင်ဖို့ ဆုံးဖြတ်တာဗျ။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဆက်လက်ပြီးတော့ လက်နက်ကိုင်ပြီး စစ်ကောင်စီကို တော်လှန်သွားမှာလား။

ရဲမေတစ်ဦး ။ ။ ဟုတ်ကဲ့။ ကျနော်တို့ကတော့ အတတ်နိုင်ဆုံးပေါ့နော။ ဒီတော်လှန်ဖို့ကတော့ နောက်ဆုံးအချိန်ထိ ဆက်ပြီး လုပ်သွားမှာပေါ့နော။

ကန္တာရဝတီတိုင်း(မ်) ။ ။ လက်ရှိမှာ PDFတွေအတွက် ဘာတွေ အဓိက လိုအပ်နေလဲ။

ရဲမေတစ်ဦး ။ ။ အဓိက လိုအပ်တာကတော့ လိုအပ်တာတွေကတော့ အများကြီးရှိတာပေါ့နော။ ဘာလို့လဲဆိုတော့ ကျနော်တို့က အရင်ကတည်းက စစ်ကောင်စီလိုမျိုး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမဟုတ် တဲ့အတွက် ကျနော်တို့ မှာ လိုအပ်ချက်တွေတော့ အများကြီးရှိတာပေါ့။ လက်နက်တွေလိုအပ်မယ်။ ရိက္ခာတွေ အထောက်အပံ့တွေ အများကြီးလိုအပ်သေးတယ်ဗျ။

ကန္တာရဝတီတိုင်း(မ်) ။ ။ မိန်းကလေး ဖြစ်တဲ့အတွက် တိုက်ပွဲတွေ သွားတဲ့အချိန်တွေမှာ ဘာအခက်အခဲတွေရှိလဲ။

ရဲမေတစ်ဦး ။ ။ အခက်အခဲတွေတော့ ရှိတာပေါ့နော။ ကျနော်တို့ တိုက်ပွဲသွားတယ်ဆိုလို့ရှိရင် ရေမချိုးရတာတွေဘာတွေပေါ့။ ယောင်္ကျားလေးတွေကြားထဲ ရေချိုးဖို့ အခက်အခဲတွေတို့။ ရေသောက်ရတဲ့ အခက်အခဲတွေတို့ အများကြီးပေါ့။ မိန်းကလေးဆိုလည်း အပင်ပန်းမခံနိုင်တဲ့ဟာမျိုးတွေ တို့ အခက်အခဲတွေတော့ တော်တော့်ကိုများတာပေါ့။ ယောင်္ကျားလေးတွေ လုပ်နိုင်တာထက်ကို ကိုယ်က တော်တော်လေးကို လုပ်နိုင်မှ အဆင်ပြေတဲ့အတွက် အခက်အခဲတွေတော့ အရမ်းများပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဒီအရေးတော်ပုံ ဒီတိုက်ပွဲ နိုင်မယ်လို့ ယုံကြည်လား။ ဘာကြောင့်လဲ။

ရဲမေတစ်ဦး ။ ။ ဟုတ်ကဲ့ ။ ယုံကြည်လားဆိုတော့ ယုံကြည်ပါတယ်ဗျ။ ကျနော်တို့ အမှန်တရားဖက်က ရပ်တည်ပြီးတော့ တိုက်ပွဲဝင်နေတဲ့သူတွေ ဆိုတော့ ကျနော်တို့ နိုင်ကို နိုင်မှာပါ။ ဘာကြောင့်ယုံကြည်လဲဆိုတော့ ကျနော်တို့တွေရဲ့ စိတ်ဓါတ်ပြင်းထန်မှုအပေါ်မှာလည်း မူတည်ပါတယ်။ ကျနော်တို့ ကောင်းတာလုပ်နေတယ်လို့ ယုံကြည်တဲ့အတွက် လည်း ကျနော်တို့ နိုင်ကိုနိုင်မှာပါ။

ကန္တာရဝတီတိုင်း(မ်) ။ ။ အာဏာသာမသိမ်းခဲ့ရင် ဘာတွေဖြစ်နေလောက်ပြီလဲ။ ဘာတွေလုပ်နေလောက်ပြီလဲ။

ရဲမေတစ်ဦး ။ ။ တကယ်လို့သာ အာဏာမသိမ်းခဲ့ဘူးဆိုရင် ဘွဲ့ယူပြီးတော့ပေါ့နော။ ဒီဇိုင်နာကြီးပေါ့နော။ ကျနော်ကတော့ ဒီဇိုင်နာလုပ်နေတာပါ။ ဒီဇိုင်နာကြီး ဖြစ်နေပြီပေါ့နော။ကိုယ့် အိမ်မက်တွေ အကောင်ထည်ဖော်ပြီးတော့ အဲ့လိုမျိုးလည်း ဖြစ်နေလောက်ပါပြီ။ အခုချိန်ကတော့ အိမ်မက်တွေကတော့ ဘာမှဆက်မက်နေလို့မရသေးဘူးပေါ့။ ကျနော် ဒီဇိုင်နာလုပ်နေတာ လေးနှစ်လောက်ရှိပြီဗျ။

ကန္တာရဝတီတိုင်း(မ်) ။ နောက်ထပ်ဖြည့်စွက်ပြောပြချင်တာရှိသေးလာ။

ရဲမေတစ်ဦး။ ။ နောက်ထပ်ဖြည့်စွက်ပြီး ပြောချင်တာကတော့ ကျနော်တို့ပြည်သူတွေ ကျနော်တို့ကို အများကြီးအကူအညီတွေ ပေးကြပါလို့ ကျနော်တို့ နိုင်မှာပါလို့ စိတ်ဓါတ်လည်း မကျကြပါနဲ့ လို့ ကျနော်တို့ ကို အများကြီးအထောက်အပံ့တွေပေးပါ။ အကူအညီ တွေ လိုအပ်ပါတယ်လို့ အခုလိုမျိုး ရဲဘော်တွေ ကျဆုံးသွားမှ ဝမ်းနည်းစိတ်မကောင်းဖြစ်ပြီးတော့ အဲ့လိုမဖြစ်ခင်ကတည်းက ကူညီပေးကြဖို့အတွက် တောင်းဆိုချင်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ကျေးဇူးတင်ပါတယ်။


Original Post: Kantarawaddy Times