ကလေးမြို့မှ အမျိုးသားတစ်ဦး စစ်ကောင်စီတပ်အတွင်း သေဆုံး

September 22nd, 2021  •  Author:   U Kyaw Min Oo (Kalay Township)  •  1 minute read
Featured image

သေဆုံးသွားသည့် သံဂဟေနှင့် တွင်ခုံလုပ်ငန်းလုပ်ကိုင်သူ အသက် ၄၀ ကျော်အရွယ် ဦးကျော်မင်းဦး။ (ဓာတ်ပုံ-Supplied)   

တူမီးသေနတ်လုပ်ကိုင်သည်ဟူသော သံသယဖြင့် တွင်ခုံလုပ်ငန်းရှင်ကို ဖမ်းဆီးပြီးနောက် ၅ ရက်အကြာတွင် သေဆုံးရာ အလောင်းကို ​​သင်္ဂြိုဟ်ပြီးပြီဟု စစ်တပ်က မိသားစုထံ အကြောင်းကြားခဲ့သည်။

By Myanmar Now

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၌ သံဂဟေနှင့် တွင်ခုံလုပ်ငန်း လုပ်ကိုင်သည့် အမျိုးသားတစ်ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး ရက်ပိုင်းအတွင်း သေဆုံးသွားခဲ့ရာ အလောင်းပင် ပြန်မရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၁၄  မနက် ၈ နာရီဝန်းကျင်တွင် ကလေးမြို့၊ စက်မှုဇုန်ရပ်ကွက်၌ အသက် ၄၀ ကျော်အရွယ်ရှိ ဦးကျော်မင်းဦးကို စစ်သားအင်အား ၄၀၊ ရဲအင်အား ၂၀ ဝန်းကျင်ခန့်ပါသည့် ကား ၆ စီးဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုနှင့် နီးစပ်သည့် မိတ်ဆွေတစ်ဦးက ပြောသည်။

ထို့နောက်  ၅ ရက်အကြာ စက်တင်ဘာ ၁၈ တွင် ဦးကျော်မင်းဦး သေဆုံးသွားပြီဖြစ်ကြောင်း ကလေးမြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တာဝန်ရှိသူတစ်ဦးက ရပ်ကွက်တာဝန်ရှိသူများမှတစ်ဆင့် မိသားစုကို အကြောင်းကြားခဲ့သည်ဟု သိရသည်။

“ဖမ်းပြီးတော့ ကိုကျော်မင်းဦးကို ၁၈ ရက်နေ့မှာ သေဆုံးပြီဆိုတဲ့သတင်းကို ဖုန်းဆက်ပြီးတော့ပြောတယ်။ ဒါဆိုရင် Dead body ယူချင်တယ်ပြောတော့ သူတို့ ချ​​ (​သင်္ဂြိုဟ်) လိုက်ပြီလို့ ပြောတယ်။ အလောင်းပြန်မရတော့ဘူး”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုမိတ်ဆွေက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အလုပ်ရုံကို ဝင်ရောက်ရှာဖွေစဉ် ခြောက်မူးပိုက် သံပိုက်လုံးတစ်လုံးကို တွေ့ရှိပြီးနောက် တူမီးလုပ်သည်ဟု သံသယရှိကာ ဦးကျော်မင်းဦးအပါအဝင် မိတ်ဆွေ ဦးရွှေလင်း၊ အိမ်နီးချင်း ချင်းအမျိုးသားတစ်ဦးတို့ကို ဒေသကွပ်ကဲရေးစစ်ဌာနချုပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

“လာဖမ်းတုန်းကတော့ ရိုက်တာနှက်တာတော့မရှိဘူး။ ပြည်သူရှေ့မှာတော့ စစ်ဆေးမေးမြန်းရုံပါပဲ။ ပြီးရင် ပြန်လွှတ်လာမှာပဲပြောတယ်။ တကယ့်တကယ်တမ်းကျတော့ တွေ့ခွင့်လည်းမရတော့ဘူး။ အဝတ်အစားရော၊ စားစရာရော ပေးခွင့်မရဘူး” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

ဦးကျော်မင်းဦးသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူဖြစ်သော်လည်း လက်နက်ကိုင်တော်လှန်ရေးလုပ်ငန်းများတွင် ပါဝင်ခြင်းမရှိကြောင်း သူက ဆက်ပြောသည်။

“နဂိုတည်းက အလုပ်လုပ်ကိုင်ပြီးတော့၊ အလုပ်ကြမ်းလုပ်နိုင်နေတဲ့ ကျန်းကျန်းမာမာလူတွေဆိုတော့ သူတို့ (စစ်တပ်) စစ်ဆေးမှုနဲ့ လက်လွန်ပြီးသေတယ်လို့ ကျွန်တော်တို့တွေက တထစ်ချယုံကြည်ထားပါတယ်”ဟု ထိုသူက မှတ်ချက်ပြုသည်။

“စစ်အာဏာရှင်က ဘယ်ခေတ်ဘယ်အခါမှ လူဆန်ဆန်အုပ်ချုပ်ခဲ့တာမဟုတ်သလို၊ နောင်လည်း ဒီစစ်အာဏာရှင်မရှိမှ အေးမှာလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စစ်အာဏာရှင်က ပြည်သူပေါ်မှာ စာနာစိတ်နဲ့ အုပ်ချုပ်ဖို့ မဟုတ်ဘူး။ သူတို့အာဏာ တည်မြဲဖို့အတွက်ပဲ”

ထိုသို့ ဖမ်းဆီးခံရပြီးနောက် ရက်ပိုင်းအတွင်း သေဆုံးသည်အထိ နှိပ်စက်မေးမြန်းခဲ့သည့် စစ်တပ်၏ လုပ်ရပ်နှင့်ပတ်သက်ပြီး လက်ရှိအချိန်၌ တရားဥပဒေကြောင်းအရ အရေးယူနိုင်ရန် တိုင်ကြားနိုင်သည့် အခြေအနေမရှိကြောင်း ၎င်းက မှတ်ချက်ပြုသည်။

ဦးကျော်မင်းဦးသည် တွင်ခုံနှင့် သံဂဟေလုပ်ငန်း လုပ်ကိုင်နေသည်မှာ ၁၃ နှစ်နီးပါး ဖြစ်ပြီး သေဆုံးချိန်တွင် ဇနီး၊ အသက် ၅ နှစ် နှင့် ၁၂ နှစ်အရွယ် သားသမီးနှစ်ဦး ကျန်ရစ်သည်။

မိသားစုက စက်တင်ဘာ ၂၁ တွင် ရက်လည်ဆွမ်းသွတ်ခဲ့သည်ဟု သိရသည်။

ကလေးမြို့တွင် ကိုမင်းမင်း၊ ကိုဇော်ထက်၊ မိုင်နွမ်ဇာလျန်းတို့လည်း ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့သည်။

စစ်ကြောရေးတွင် သေဆုံးသည်ထိ နှိပ်စက်မေးမြန်းမှုသည် လူထုကြား အကြောက်တရားထည့်သွင်းရန် စစ်ကောင်စီက ရည်ရွယ်သော်လည်း အောင်မြင်ခြင်းမရှိဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ကို ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေတာရော၊ တစ်နိုင်ငံလုံးက ရရာနည်းလမ်းနဲ့ တော်လှန်နေကြတာ။ လူတစ်ယောက် သတ်လိုက်လို့ နောက်ဆုတ်သွားမှာမျိုးတော့မဟုတ်ဘူး။ သူတို့အကြမ်းဖက်တာ လူတကာသိသွားတယ်။ သူတို့ လုပ်နည်းတွေက မအောင်မြင်ဘူး။ ဒါမျိုးလုပ်လို့ ပြည်သူတွေက နောက်ဆုတ်သွားတာ၊ ကြောက်သွားတာမရှိဘူး။ တိုးပြီးမှ ဆက်ပြီး တော်လှန်နေကြတာပဲ” ဟု အထက်ပါ အမျိုးသားက မှတ်ချက်ပြုသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအားကောင်းသည့် ကလေးမြို့တွင် လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ ဆန္ဒပြပွဲများ နေ့စဉ်ပြုလုပ်နေသည်။ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ ၉၀ နီးပါးရှိကြောင်း ကလေးမြို့ဒေသခံများထံမှ သိရသည်။

ကလေးမြို့သည် တူမီးအပါအဝင် ရရာလက်နက်စွဲကိုင်ပြီး တော်လှန်သည့်မြို့များအနက် အစောဆုံးမြို့ဖြစ်သည်။

နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီလက်ချက်ဖြင့် ထိခိုက်သေဆုံးမှုများ၊ ဖမ်းဆီးခံရသူများနှင့် ပတ်သက်ပြီး အချက်အလက်ကောက်ယူစုဆောင်းနေသည့် နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း၏ စာရင်းအရ  စက်တင်ဘာ ၂၂ အထိ အရပ်သားပြည်သူ ၁၁၁၄ ဦး သေဆုံးခဲ့ပြီး ယင်းတို့အနက် စစ်ကြောရေးတွင် သေဆုံးသူ ၃၀ ကျော်ပါဝင်သည်။

ရိုက်နှက်သတ်ဖြတ်မှုသတင်းများကို ဖုံးကွယ်လေ့ရှိသည့် စစ်ကောင်စီက ထိုအသင်းက ထုတ်ပြန်သည့် ကိန်းဂဏန်း မှန်ကန်မှုမရှိဟု အကြိမ်ကြိမ်ပြောခဲ့ဖူးသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပင်စင်ယူရတော့မည့်အချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို အခြားဗိုလ်ချုပ်တစ်ဦးဦးသို့ ပေးအပ်ခြင်း မရှိဘဲ ဆက်လက်ချုပ်ကိုင်လိုက်သည့်အပြင် အစိုးရခေါင်းဆောင်များကို ဖမ်းဆီးကာ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းမှု ၈ လ ပြည့်တော့မည်ဖြစ်သော်လည်း အရပ်သားများကို လမ်းပေါ်တွင် သတ်ဖြတ်မှု၊ ဖမ်းဆီးထားစဉ် နှိပ်စက်သတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်။


Original Post: Myanmar Now