16 September 2021
Ko Min Min, Ko Tun Myint and An anonymous person (Myaing Township)
အေးချမ်းသာစံပြကျေးရွာကို စက်တင်ဘာ ၁၄ တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ်သုံးဦးကို သတ်ဖြတ်ခဲ့သည့်အပြင် ကားတစ်စီးနှင့် ရာနှင့်ချီသောဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ (ဓာတ်ပုံ − Supplied)
အေးချမ်းသာစံပြကျေးရွာကို စက်တင်ဘာ ၁၄ တွင် ဝင်ရောက်စီးနင်းခဲ့သော စစ်တပ်က ဒေသခံသုံးဦးကို သတ်ဖြတ်ခဲ့သည့်အပြင် ကားတစ်စီးအပါအဝင် ရာနှင့်ချီသော ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့သည်
By Myanmar Now
မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ဖျားပိုင်းရှိ ကျေးရွာတစ်ရွာကို စက်တင်ဘာ ၁၄ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် လူငယ်သုံးဦးကို သတ်ဖြတ်ကာ၊ မော်တော်ကားတစ်စီးနှင့် ရာနှင့်ချီသော ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ထိစပ်နေသော မြိုင်မြို့နယ်မြောက်ဖျားဆုံးရှိ အေးချမ်းသာစံပြကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းသည့် အကြောင်းရင်းကို အတိအကျမသိရသော်လည်း ထိုကျေးရွာနှင့် သုံးမိုင်အကွာတွင် စက်တင်ဘာ ၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
နံနက် ၅ နာရီဝန်းကျင်၌ စစ်တပ်က သေနတ်များပစ်ဖောက်ကာ ဝင်ရောက်စီးနင်းချိန်တွင် ရွာသားအများစု ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း လူငယ်သုံးဦး သတ်ဖြတ်ခံခဲ့ရသည်ဟု မြိုင်မြို့နယ် PDF အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
“မီးရှို့ခံရတာ တစ်ယောက်၊ ရိုက်နှက်ပြီး ပစ်သတ်သွားတာ တစ်ယောက်၊ ဟိုတစ်ယောက်က ပစ်ပြီး ဆည်ထဲ ပစ်ချသွားတာ။ အခုထိ အလောင်းရှာမတွေ့သေးဘူး။ အဲဒီရွာနားမှာ ရွာကို မဝိုင်းခင် ရက်ပိုင်းအလိုတုန်းကပဲ တိုက်ပွဲဖြစ်ခဲ့တာ” ဟု ထို PDF အဖွဲ့ဝင်က ပြောသည်။
သတ်ဖြတ်ခံရသူ သုံးဦးအနက် နှစ်ဦးမှာ အသက် ၂၆ နှစ်အရွယ် မင်းမင်းဆိုသူနှင့် ၁၈ အရွယ် ထွန်းမြင့် ဆိုသည့် လူငယ်ဖြစ်ပြီး ထွက်ပြေးစဉ် ပစ်သတ်ခံရသူ အခြားလူငယ်တစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပေ။
စစ်တပ်က ပစ်ခတ်စီးနင်းစဉ် ခြေထောက်တွင် ကျည်ဆန်ထိမှန်ခဲ့သူ မင်းမင်းကို အခြားရွာသားတစ်ဦးက ထမ်းပိုးကာ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းခဲ့သော်လည်း တရစပ်ပစ်ခတ်နေသော သေနတ်သံများကြောင့် ကြောက်လန့်ကာ ရွာအနောက်ပိုင်းတွင် ချထားခဲ့ရာမှ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးက ပြောသည်။
ရွာအနောက်ပိုင်းအစွန်ရှိ နေအိမ်တစ်လုံးအတွင်း ခြေထောက် ထော့နင်းထော့နင်းဖြင့် ဝင်သွားသည့် မင်းမင်းကို ရွာသားအချို့က မြင်တွေ့ခဲ့ပြီး မိနစ်ပိုင်းအကြာတွင် သေနတ်သံတစ်ချက်ကြားရကာ ထိုအိမ် မီးရှိုခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“သူဝတ်သွားတဲ့ အင်္ကျီလေးက အကုန်မလောင်တော့ သိတာ။ သူက MPT အင်္ကျီလေးနဲ့။ အင်္ကျီစလေးတွေက အကုန်မလောင်လို့ သူမှန်းသိရတာ။ ရွာကလူတွေကလည်း ပြေးရင်းနဲ့ မင်းမင်းကို အဲဒီအိမ်ထဲ ဝင်သွားတာ မြင်လိုက်တယ်လို့လည်း ပြောကြတယ်” ဟု အထက်ပါ ရွာသားက ဆိုသည်။
ထွန်းမြင့်ဆိုသူ လူငယ်ကို စစ်ကောင်စီတပ်က ရိုက်နှက်ပြီးနောက် ပစ်သတ်သွားခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
“ထွန်းမြင့်ကို နောက်ကနေ ပစ်တာ။ ရင်အုပ်ကနေ ဖောက်ထွက်သွားတာ။ သူ့အလောင်းကို ရွာထဲမှာပဲ တွေ့တယ်။ နောက်စေ့မှာလည်း ထုနှက်ထားတယ်။ ခေါင်းရှေ့မှာရောပဲ။ အနောက်မှာလည်း ကွဲနေတယ်။ အညိုအမည်းတွေ နေရာတော်တော်များများမှာ တွေ့ရတယ်” ဟု အထက်ပါ အေးချမ်းသာရွာသားက ပြောသည်။
စစ်ကောင်စီတပ်သည် ရွာရှိ လူမှုကူညီရေးလုပ်ငန်းများတွင် အသုံးပြုသည့် ကားတစ်စီးနှင့် ဆိုင်ကယ် အစီး ၂၀၀ ခန့်ကို မီးရှိုးဖျက်ဆီးခဲ့သည့်အပြင် ညနေပိုင်း ရွာမှ ပြန်ထွက်ချိန်တွင် ရွာသားခြောက်ဦးကို ကြိုးတုပ်ဖမ်းဆီးကာ ၎င်းတို့စစ်ကြောင်းရှေ့မှ သွားခိုင်းခဲ့သည်ဟု မြိုင် PDF အဖွဲ့ဝင်က ပြောသည်။
“ကြိုးတုပ်ပြီးခေါ်သွားတာ။ လူသားတံတိုင်းအနေနဲ့ပေါ့။ သူတို့ပြန်တဲ့လမ်းမှာ ပြန်မခုခံအောင်လို့ဖြစ်မယ်။ နောက်နေ့ (စက်တင်ဘာ၁၅) မှ ပြန်လွှတ်ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ ဒေသခံပြည်သူများကို သတ်ဖြတ်ခြင်းနှင့် ၎င်းတို့ပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးသော စစ်ကောင်စီ၏ လုပ်ရပ်ကို ရှုံ့ချကြောင်း ထိုဒေသတွင် လှုပ်ရှားနေသည့် ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) ဆိုသောအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဂျပန်ကြီးဆိုသူက ပြောသည်။
“သူတို့က သာမန်ပြည်သူတွေပါပဲ။ အပြစ်မဲ့ပြည်သူတွေကို သတ်တာ၊ ပြည်သူတွေရဲ့ပစ္စည်းကို ဖျက်တာ လုံးဝရှုံ့ချတယ်။ စစ်ကောင်စီအနေနဲ့ တိုက်မယ်ဆိုရင် လက်နက်ကိုင်ချင်းတိုက်ဖို့ စိန်ခေါ်ချင်တယ်” ဟု ၎င်းက ပြောသည်။
မြိုင်မြို့နယ်မြောက်ဖျားဆုံးရှိ အေးချမ်သာကျေးရွာအနီးတွင် စက်တင်ဘာ ၉ ရက်က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ကြောင်းလည်း မြိုင် PDF နှင့် PRA နှစ်ဖွဲ့လုံးက ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေးစတင်ကြောင်း စက်တင်ဘာ ၇ ရက်တွင် ကြေညာပြီးနောက် အခြားဒေသများအပါအဝင် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့ ထိစပ်နေသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့်အပြင် စစ်တပ်က ဒေသခံများကို သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။
Original Post: Myanmar Now
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.