11 September 2021
လူမှုကွန်ရက်တွင် ပြန့်နှံ့နေသည့် ဓာတ်ပုံထဲမှ မောင်ဖီးဒေးလယ်နှင့် မောင်ပါစကွားလယ် / CJ
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဓါတ်ပုံထဲ၌ ပါဝင်သည့် လူငယ်နှစ်ဦးသည် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင် ကျေးရွာမှ အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးငယ်များ ဖြစ်သည်ဟု ဒေသခံများက ဧရာဝတီကို ပြောသည်။
အဆိုပါ လူငယ်များသည် အသက် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ်များ ဖြစ်ပြီး အမည်များမှာ မောင်ဖီးဒေးလယ်နှင့် မောင်ပါစကွားလယ်တို့ဖြစ်ကာ စက်တင်ဘာ ၈ ရက်က ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။
ဒေသခံတဦးက “သူတို့က စံပြ ၆ မိုင်ရွာက ကလေးတွေလို့ သူတို့ အဒေါ်ကလည်း အတည်ပြုပါတယ်။ သူတို့က ဂန့်ဂေါက မဟုတ်ပါဘူး။ ဒီဓါတ်ပုံဘယ်က ထွက်လာသလဲဆိုတာ ဇာစ်မြစ်ကို လိုက်ရှာနေတာ အခုထိတော့ မသိရသေးဘူး။ ရိုက်ထားတဲ့ နေရာက အရမ်းရင်းနှီးနေလို့ အတည်လိုက်ပြုကြည့်တော့ ဒါက ခမရ ၄၂၇ တပ်ဝန်း၊ လူပျိုဆောင်နားမှာလို့ သိရတယ်။ CDM စစ်သားတဦးကလည်း ဟုတ်တယ်လို့အတည်ပြုပေးတယ်” ဟု ဆိုသည်။
အဆိုပါ လူငယ် နှစ်ဦးထဲမှ တဦး၏ အဒေါ်တော်စပ်သူသည်လည်း ၎င်း၏ တူအပါအဝင် ဓါတ်ပုံထဲ၌ပါဝင်သည့် လူငယ်နှစ်ဦးလုံးသည် ပြည်သူကာကွယ်ရေးတပ် (PDF) ၏ တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ အပြစ်မရှိသည့် လူငယ်များသာ ဖြစ်သည်ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါ ကလေး ၂ ဦး အသက်ရှင်လျှက် ရှိမရှိကိုမူ မိသားစုဝင်များကိုယ်တိုင် အတည်ပြုနိုင်ခြင်း မရှိသေးဘဲ စုံစမ်းနေကြဆဲသာဖြစ်ကြောင်းသိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ယာယီသမ္မတ ဒူဝါလရှီးလက စက်တင်ဘာ ၇ ရက်၊ မနက်ပိုင်းတွင် နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာကာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များအနေဖြင့် စစ်ကောင်စီတပ်များကို တိုက်ခိုက်ပြီး စစ်ကောင်စီ၏ အဓိက ဒေါက်တိုင်များ၊ အုပ်ချုပ်ရေးရုံးများကို ဝင်စီးနင်း ထိန်းချုပ်ရန် ပြောဆို ခဲ့သည်။
ထိုနေ့ နေ့လည် ၃ နာရီတွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီကျေးရွာတွင်း စစ်ကောင်စီဘက်မှ ဝင်ရောက် တပ်စွဲထားရာ ကရင်နီတောင်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားသည်။
တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်သဖြင့် ဒေါပိုးစီကျေးရွာအနီး ပြည် ထောင်စုလမ်းမကြီးတလျှောက်ရှိ ၅ မိုင်ရွာ၊ စံပြ ၆ မိုင်ရွာ၊ ဝမ့်လထွား၊ ဒေါခလိုက်လင်း၊ ထေးထူဗျနှင့် ငွေတောင်ကျေးရွာမှ ဒေသခံများအားလုံးနီးပါး ထွက်ပြေးခဲ့ ကြရပြီး ကျေးရွာများတွင် တိရစ္ဆာန်များနှင့် အိမ်များကို စောင့်ကြည့်ရန် အချို့ကသာ ကျန်ရစ်ခဲ့ကြသည်။
စက်တင်ဘာရ ရက်တွင် စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် စံပြ ၆ မိုင်ကျေးရွာနှင့် ၅ မိုင်ကျေးရွာအတွင်းမှ နေအိမ် ၆ လုံးသည်လည်း မီးလောင်ပျက်စီးခဲ့သည်။
ထို့နောက် စက်တင်ဘာ ၈ ရက်တွင် မောင်ဖီးဒေးလယ်နှင့် မောင်ပါစကွားလယ်တို့က စံပြ ၆ မိုင်ကျေးရွာ အတွင်းရှိ နေအိမ်များသို့ ပြန်လာရာတွင် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းကို ခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၄၂၇ နှင့် ခြေလျင်တပ်ရင်း ခလရ ၁၀၂ တို့သည် ငွေတောင်ကျေးရွာအနီးတွင် အခြေစိုက် စခန်းများ ရှိကာ အဆိုပါ တပ်များသည် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် တပ်ဖြန့် လှုပ်ရှားသည်။
Original Post: The Irrawaddy
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.