ကလေးမြို့တွင် စိတ်မကျန်းမာသူနှင့် အခြား ၂ဦး နှိပ်စက်သတ်ဖြတ်ခံရ

ကလေးမြို့တွင် စိတ်မကျန်းမာသူနှင့် အခြား ၂ဦး နှိပ်စက်သတ်ဖြတ်ခံရ

ကလေးမြို့နယ်တောင်ပိုင်း၊ ဒိုးနွယ်ရွာတွင် စက်တင်ဘာ ၈ ရက်က တွေ့ရသည့် ရုပ်အလောင်းတစ်ခု။ (ဓာတ်ပုံ – ပေးပို့)

ကလေးတောင်ပိုင်းတွင် သောင်းကျန်းသည့် စစ်ကောင်စီတပ်ကို ချုံခိုတိုက်ရာ ၁၀ ဦးထက်မနည်း သေသည်ဟု PDF က ပြောသည်၊ ထိုစစ်တပ်ဝင်သည့် ရွာတွင် ဒေသခံ ၃ ဦး နှိပ်စက် သတ်ဖြတ်ခံရသည်။

By Myanmar Now

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ် ဝင်မွှေသွားသည့် ဒိုးနွယ်ရွာတွင် ရက်စက်စွာ သတ်ဖြတ်ခံထားရသည့် စိတ်ကျန်းမာရေးမကောင်းသူအပါအဝင် အမျိုးသားသုံးဦး၏ ရုပ်အလောင်းများကို ဒေသခံများက ယမန်နေ့ (စက်တင်ဘာ ၈) တွင် ရှာဖွေတွေ့ရှိသည်။

စက်တင်ဘာ ၇ တွင် အိမ်ပေါက်စေ့နီးပါး ရှာဖွေစစ်ဆေးသည့် စစ်တပ်က နေအိမ် ၄ လုံးကို မီးရှို့ခဲ့ကာ ချက်ခြင်း ပြန်လည်ဆုတ်ခွာသွားကြောင်း၊ သုံးဦးစလုံး၏ ရုပ်အလောင်းများတွင် ဆေးလိပ်မီးဖြင့် ထိုးထားသည့် ဒဏ်ရာများ၊ ရိုက်နှက် နှိပ်စက်ခံထားရသည့် ဒဏ်ရာများရှိနေကြောင်း ပြောသည်။

“နှစ်ယောက်ကို လည်လှီးပြီးသတ်ထားတာ။ အရှေ့စည်း(ရွာ)က တစ်ယောက်ကတော့ ခေါင်းက ဦးနှောက်တွေ ပွင့်နေတာ။ ဆေးလိပ်မီးတွေနဲ့လည်း ထိုးထားတယ်” ဟု မျက်မြင်တွေ့ရှိသူများကို ကိုးကား၍ ၎င်းက ဆက်ပြောသည်။

“တွေ့တဲ့အိမ်မှန်သမျှ အကုန်ရိုက်ဖျက်ဆီး။ ထဘီတွေကအစ ယူတာ အသစ်တွေဆိုရင်။ ဝက်တွေ၊ ကြက်တွေ သတ်စားတယ်။ အိမ်တွေထဲမှာဆိုရင် တစ်အိမ်မှ ရစရာမရှိဘူး။ မီးမရှို့လည်း အကုန်လုံးမွှေတာ။ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေဆို သူတို့အကုန်သယ်တာ”

ကျေးရွာအဝင်အထွက်မြောင်းအနီး လက်ပြန်ကြိုးတုပ်လျက် သေဆုံးနေသူများမှာ ဒိုးနွယ်ရွာမှ စိတ်ကျန်းမာရေးမကောင်းသူ အသက် ၃၀ အရွယ် အမျိုးသား၊ အရှေ့စည်းရွာမှ အသက် ၂၀ ကိုဝဏ္ဏနှင့် ၎င်း၏ ဦးလေးတော်စပ်သူ ဦးဝင်အောင်တို့ဖြစ်ကြောင်း သိရသည်။

ဒိုးနွယ်ရွာခံ စိတ်ကျန်းမာရေးမကောင်းသူမှာ ကျေးရွာအတွင်း ကျပန်းလုပ်ကိုင်၍ သက်ကြီးရွယ်အို မိခင်ကို လုပ်ကျွေးနေသည်ဆိုသော အချက်အလက်မှလွဲ၍ သေဆုံးသူများနှင့် ပတ်သက်သည့် အသေးစိတ်ကိစ္စများ၊ စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို သီးခြားစုံစမ်း၍ မရသေးပါ။

သို့သော် စစ်တပ်ပြန်ဝင်လာမည်စိုး၍ ရေရှင်၊ တင်သား၊ အရှေ့စည်း၊ ဒိုးနွယ်၊ လယ်ခြား စသည့်ကျေးရွာများမှ ထောင်နှင့်ချီသော ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။ သို့သော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

“ကျွန်မတို့က ရွာထဲကို မဝင်ရသေးဘူး။ ရွာထဲဝင်မှပဲ အခြေအနေကို သိရမှာ။ တောထဲမှာ ပါတာလေးတွေ ချက်ပြုတ်စား၊ ရှိတာလေးတွေ စားပြီးနေရတာပါ့။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးရတာပါ။ ကမန်းကတန်းနဲ့ ထပြေးခဲ့ရတာ” ဟု တင်သားရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေသခံတို့၏ လက်နက်ကိုင်ခုခံဆန့်ကျင်မှု အားကောင်းသည့် ကလေးမြို့တောင်ပိုင်းရှိ ကျေးရွာများကို စက်တင်ဘာ ၃ ကတည်းက အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်တပ်က ဝင်မွှေနေခြင်းဖြစ်ကြောင်း၊ ယမန်နေ့ (စက်တင်ဘာ ၈)တွင် ပြန်လည်ဆုတ်ခွာသွားကြောင်း ကလေးမြို့ (PDF)အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုသို့ တစ်ပတ်နီးပါးကြာ စစ်ဆင်ရေးဝင်ခဲ့ပြီးနောက် ဒေသအတွင်းမှ ပြန်လည်ထွက်ခွာသွားသည့် စစ်ကောင်စီယာဉ်တန်းကို ကလေးမြို့အနီး သာယာကုန်းရွာနှင့် ထောက်ကြံ့ရွာ အကြားတွင် ယမန်နေ့ (စက်တင်ဘာ၈) ည ၇နာရီခန့် က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကားနှစ်စီး မိုင်းထိ၍ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးသွားကြောင်း သူက ဆက်ပြောသည်။

“မိုင်းဆွဲပြီးတော့မှ ပြောက်ကျားနည်းနဲ့ ဝင်ပစ်တယ်။ ကားနှစ်စီးလောက်ကတော့ ထိထိရောက်ရောက် ပစ်နိုင်လိုက်တယ်။ ကျန်တာတွေကတော့ မောင်းပြေးသွားတယ်။ တိုက်ပွဲကတော့ ၁၅ မိနစ် ၊ မိနစ် ၂၀ လောက် ဖြစ်လိုက်တယ်” ဟု သူက ပြောသည်။

စစ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်သည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်းမရှိပါ။

မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်၍ ည ၇ နာရီမှ မနက် ၆ နာရီကြား လူစုလူဝေးဖြင့် သွားလာခြင်းမပြုရန်၊ မြို့တွင်း၊ မြို့ပြင် သွားလာသည့် မော်တော်ယာဉ်များ မှန်ချမောင်းနှင်ရန် ကလေးမြို့ (PDF) က ယနေ့ (စက်တင်ဘာ၉) နံနက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ ပြည်သူတို့ကို ပန်ကြားထားသည်။

ထို့အပြင် လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ပါဝင်မည့် ပြည်သူ့တော်လှန်ရေးစပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က စက်တင်ဘာ ၇ ရက်တွင် ကြေညာပြီးနောက် စစ်ကောင်စီကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားကြရန်လည်း ဒေသခံတို့ကို တိုက်တွန်းထားသည်။

ကလေးမြို့သည် တူမီးအပါအဝင် ရရာလက်နက်စွဲကိုင်၍ အစောဆုံးတော်လှန်ခဲ့သည့် မြို့ဖြစ်ပြီး စစ်ကောင်စီက လုံခြုံရေးအထူးတင်းကျပ်ထားသည့် ကြားမှ ၇ လကျော်ကြာ နေ့စဉ် လမ်းပေါ်ထွက်ဆန္ဒပြ အန်တုနေဆဲဖြစ်သည်။

English version.


Original Post: Myanmar Now

 

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia