Statement 216 Views

မြန်မာစစ်တပ်၏ ပြစ်ဒဏ်ပေးအရေးယူခံရမှု ကင်းလွတ်ခွင့်ကို အဆုံးသတ်ရမည်၊ ရိုဟင်ဂျာများ၏အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိ‌ရမည်

August 25th, 2021  •  Author: 45 Myanmar Civil Society Organizations  •  2 minute read
Featured image

၂၀၂၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့

ပူးတွဲထုတ်ပြန်ကြေညာချက် – မြန်မာစစ်တပ်၏ ပြစ်ဒဏ်ပေးအရေးယူခံရမှု ကင်းလွတ်ခွင့်ကို အဆုံးသတ်ရမည်၊ ရိုဟင်ဂျာများ၏အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိ‌ရမည်

ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် လေးနှစ်မြောက်တွင် အောက်၌လက်မှတ်ရေးထိုးထားသည့် မိမိတို့မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၄၅ ဖွဲ့မှ ရိုဟင်ဂျာများအတွက် တရားမျှတမှုရရှိရေးနှင့် မြန်မာနိုင်ငံအတွင်း ကာလရှည်ကြာ လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ ဖိနှိပ်မှု ဒဏ်ရာဒဏ်ချက်များကို ကုစားနိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဟု ကတိပြုပါသည်။ မိမိတို့သည် ရိုဟင်ဂျာများနှင့် သွေးစည်းညီညွတ်စွာရပ်တည်ပြီး ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးအတွက် ၎င်းတို့၏ ကြီးမားလှသော ရုန်းကန်လှုပ်ရှားရမှုများနှင့်အတူ ရပ်တည်လျက် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိ‌ရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး၊ မြန်မာစစ်တပ်မှ ပြစ်ဒဏ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်နေခွင့်ကို အဆုံးသတ်ရေးတို့အတွက် တောင်းဆိုလိုက်သည်။

လွန်ခဲ့သည့်လေးနှစ်က မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှု စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာဥပဒေအောက်ရှိ အဆိုးရွားဆုံးသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။ မြန်မာစစ်တပ်သည် ကလေးသူငယ်များအပါအဝင် ထောင်နှင့်ချီသော ရိုဟင်ဂျာများကို သတ်ဖြတ်ခဲ့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ အုပ်စုလိုက် မုဒိမ်းကျင့်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ မတရားဖမ်းဆီးမှုများ၊ ရွာများကို မီးရှို့မှုများ ကျူးလွန်ခဲ့သည်။ ကမန်လူမျိုးအပါအဝင် အခြားမွတ်စလင် လူနည်းစုများကိုလည်း ရိုဟင်ဂျာများနည်းတူ ပစ်မှတ်ထားခဲ့သည်။ ကုလသမဂ္ဂက ခန့်အပ်ထားသော မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင် (Independent International Fact-Finding Mission on Myanmar – IIFFMM) က ရိုဟင်ဂျာများအပေါ် ကျူးလွန်ထားသည့် လူမျိုးတုံးသတ်ဖြတ်မှု နှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက်လည်းကောင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် များတွင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက်လည်းကောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ထိပ်တန်းမြန်မာစစ်ဗိုလ်ချုပ်များအား စုံစမ်းစစ်ဆေးမှုနှင့် တရားစွဲ ဆိုမှုများ လုပ်ဆောင်ရမည်ဟု မှတ်ချက်ပေးခဲ့သည်။

ဤလူမျိုးတုံးသတ်ဖြတ်သည့် အကြမ်းဖက်မှုလှိုင်းလုံးက ရိုဟင်ဂျာ ၈၀၀,၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အတင်းအဓမ္မနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်စေခဲ့ရာ ယခုတွင် ယင်းနိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည် ၁.၁ သန်းကျော်ကို လက်ခံထားရသည်။ မကြာသေးမီက မြန်မာစစ်အုပ်စု၏ အာဏာသိမ်းခြင်း ကြိုးပမ်းမှုကြောင့် ရိုဟင်ဂျာများ၏ မြန်မာနိုင်ငံသို့ နေရပ်ပြန်နိုင်ရေးမှာ ပို၍ပင် ဝေးကွာသွားစေသည့်တစ်ချိန်တည်းတွင် ရိုဟင်ဂျာ ဒုက္ခသည်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ပြည့်ကျပ်သိပ်သည်းပြီး ငွေကြေး‌ထောက်ပံ့မှု မလုံလောက်သော စခန်းများထဲတွင် မီးဘေး၊ ရေဘေး၊ COVID-19 ကပ်ရောဂါဘေးတို့ဖြင့် နေထိုင်နေကြရကာ လုံခြုံမှုနှင့် သေချာရေရာမှု မရှိသော ဘာရှန်ချာ (Bhashan Char) ကျွန်းသို့ ပြောင်းရွှေ့ခံရမည့်ဘေးတို့ကို ရင်ဆိုင်ရင်း အခြေအနေများ ဆက်လက်ယိုယွင်းလာနေသည်။

မြန်မာနိုင်ငံအတွင်း၌မူ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ခံရမှုမှ ကာကွယ်ပေးရေး နိုင်ငံတကာ တရားရုံး (ICJ) က အမိန့်ချမှတ်ထားခဲ့သော ယာယီအစီအမံများကို စစ်အုပ်စုက ဆက်လက်ချိုးဖောက်နေသည်။ အမိုးပွင့်အကျဉ်းထောင်များနှင့်တူသော လူဦးရေထူထပ်သိပ်သည်းသည့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရသူ (IDP) စခန်းများတွင် နေထိုင်ကြရသည့် ရိုဟင်ဂျာများအား COVID-19 ကာကွယ်ဆေးများ ထိုးပေးရန်အစီအစဉ်မရှိဟု စစ်အုပ်စုခန့် ဒေသခံအုပ်ချုပ်ရေးမှူးများက ထုတ်ဖော်ပြောကြားထားပြီးဖြစ်သည်။ စစ်အုပ်စုသည် ခွဲခြားလွန်းသည့် နိုင်ငံသားစံသတ်မှတ်ချက်အပေါ်အခြေခံ၍ အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ထားသည်။ တစ်ချိန်တည်းတွင် ရိုဟင်ဂျာများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ အခြားမွတ်စလင်လူနည်းစုများသည်လည်း ၎င်းတို့၏ သွားလာလှုပ်ရှားမှု၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အသက်မွေးဝမ်းကျောင်းမှုများမှာ အလွန်ပင်တင်းကျပ်လှသော ကန့်သတ်ချုပ်ချယ်မှုများရှိသည့် အသားအရောင် ခွဲခြားရေးစနစ်အောက်တွင် ဆက်လက်နေထိုင်နေကြရသည်။

သို့ဖြစ်ရာ လေးနှစ်ကြာပြီးသည့်တိုင် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ဆိုးရွားလှသည့် ရာဇဝတ်မှုများအတွက် မည်သူတစ်ဦးတစ်ယောက်မျှ တာဝန်ယူမှု တာဝန်ခံမှု မရှိသေးပေ။ ထိုသို့လုပ်ဆောင် မည့်အစား လွန်ခဲ့သောခြောက်လအတွင်းတွင် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် အလားတူ ရက်စက်ကြမ်းကြုတ်မှုများကို အဆိုပါစစ်တပ်ကပင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျူးလွန်လျက်ရှိသည်ကို မိမိတို့ ထိတ်လန့်ဖွယ် ကြုံတွေ့ခဲ့ကြရပြီးဖြစ်သည်။ ရွာလုံးကျွတ်မီးရှို့ခြင်းများ၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းများ၊ အရပ်သားပြည်သူများနေရာအနီးတွင် အရမ်းကာရောပစ်ခတ်ခြင်းများ၊ ညှဉ်းပန်းနှိပ်စက် ခြင်းများ၊ မတရားသတ်ဖြတ်ခြင်းများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ၊ ကလေးသူငယ်များကို သတ်ဖြတ်ခြင်းများနှင့် လုယှက်ဖျက်ဆီးမှုများကို နိုင်ငံအနှံ့တွင် မိမိတို့ မြင်တွေ့ခဲ့ရပြီး ဖြစ်ရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းခြင်း ကြိုးပမ်းမှုဖြစ်ပွားပြီးနောက် လူဦးရေ ၁,၀၀၀ ကျော် အသတ်ခံရပြီး ၇,၄၀၁ ဦး အဖမ်းခံခဲ့ရသည်။ သို့ရာတွင် အမှန်တကယ်ကိန်းဂဏန်းမှာ ယင်းထက် ပို၍ပင် များနိုင်သည်။ စစ်အုပ်စုသည် အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို လေကြောင်းမှဗုံးကြဲခြင်းအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအပေါ် ဆိုးရွားလှသောထိုးစစ်ဆင်မှုများကို တိုင်းရင်းသားဒေသအနှံ့တွင် လုပ်ဆောင် နေသည်။ အာဏာသိမ်းခြင်း ကြိုးပမ်းမှုဖြစ်ပွားပြီး ခြောက်လအတွင်း ထိုတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၂၃၀,၀၀၀ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်အုပ်စုက COVID-19 ကို လက်နက်သဖွယ် အသုံးချခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းမှာ ပို၍ပင် ဆိုးရွားလာခဲ့ပြီး တစ်နိုင်ငံလုံးကို အမှောင်ထုထဲ နစ်မြုပ်သွားစေသည်။

လွန်ခဲ့သောခြောက်လတာအတွင်း စစ်အုပ်စုကြောင့် မြန်မာပြည်သူများ၏ လုံခြုံမှုနှင့် ဂုဏ်သိက္ခာရှိမှု ပိုင်းဆိုင်ရာ ခံစားရမှုများ ဆုံးရှုံးသွားစေခဲ့သည့် အကြမ်းဖက်မှုသည် ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာအသိုင်းအဝိုင်းများ ရင်ဆိုင်ခဲ့ရသော ဧရာမခြောက်ခြားဖွယ်ဖြစ်ရပ်ကြီးကို သက်သေခံနေခြင်းဖြစ်ပြီး အခြားတိုင်းရင်းသား အသိုင်းအဝိုင်းများ ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရသော အကြမ်းဖက်မှုကိုလည်း ဖော်ပြနေသည်။

ဤအာဏာသိမ်းရေးကြိုးပမ်းမှု၏ အရင်းအမြစ်မှာ ဆယ်စုနှစ်များစွာကတည်းက တည်ရှိနေခဲ့သည့် စစ်တပ်၏ ပြစ်ဒဏ်ပေးအရေးယူခံရမှု ကင်းလွတ်နေခွင့်ကြောင့် ဖြစ်သည်။ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံ၏ တက်ကြွမှု မရှိခြင်း၊ အချို့နေရာများတွင် လုပ်ဆောင်ချက် လုံးဝ ကင်းမဲ့နေခြင်းတို့က စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ပိုမိုအတင့်ရဲလာစေပြီး ယနေ့အထိ ဆက်လက်ကျူးလွန်နေစေသည်။ စစ်တပ်၏ ချိုးဖောက်မှုများနှင့် ၎င်းတို့၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေမှုကို အဆုံးသတ်ရမည် ဖြစ်သည်။

သို့ဖြစ်ရာ ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ဆိုးဝါးလှသည့်ရာဇဝတ်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးတို့ကို နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ပြီး ထိုအထဲတွင် ICJ ၌ မြန်မာနိုင်ငံကို စွဲဆိုထားသော အမှု၊ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရှေ့မှောက်ရှိ အမှု နှင့် အပြည်ပြည်ဆိုင်ရာတရားစီရင်ပိုင်ခွင့်အရ အမှုဖွင့်ထားသော အာဂျင်တီးနားနိုင်ငံရှိ တရားရုံးတို့ကို အားပေး ထောက်ခံခြင်းများ ပါဝင်သည်။ သို့သော် ယင်းပဏမဆောင်ရွက်ချက်များသည် ရိုဟင်ဂျာပြည်သူများနှင့် မြန်မာပြည်သူများအပေါ် ကျူးလွန်ထားသည့် ရာဇဝတ်မှုအားလုံးကို အပြည့်အဝ စုံစမ်းစစ်ဆေး စွဲချက်တင်ခွင့် ရမည်မဟုတ်သောကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံ အတွက် အရေးပေါ်ခုံရုံး (Ad-hoc Tribunal) ထူထောင်ရေး သို့မဟုတ် မြန်မာနိုင်ငံ၏အခြေအနေကို ICC သို့ လွှဲပြောင်းရေး အလားအလာများအပါအဝင် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝ ရှိလာနိုင်မည့် အခြားလမ်းကြောင်းများကို စူးစမ်းလေ့လာမှုများ လုပ်ဆောင်သွားရန် အရေးကြီးသည်။

လက်ရှိအာဏာသိမ်းခေါင်းဆောင်များသည် စစ်ယူနီဖောင်းဝတ်ထားသည့် ဝါရင့်ရာဇဝတ်သားများ ဖြစ်ပြီး နိုင်ငံတကာဥပဒေအတိုင်း တရားစွဲဆိုအရေးယူမှုများ လုပ်ဆောင်ရမည်ဖြစ်သည်။ ၎င်းတို့အား ပြစ်ဒဏ်ပေး အရေးခံရမှုမှ လုံးဝကင်းလွတ်ခွင့်ကို ရရှိနေစေခြင်းဖြင့် ဆက်လက်ကျူးလွန်နိုင်စေသည့် မည်သည့် နိုင်ငံရေးအရ တရားဝင်မှုမျိုးကိုမှ မပေးသင့်ပေ။ ယခုကဲ့သို့ မြန်မာပြည်သူများမှ စစ်တပ်ကို ပြင်းပြင်းထန်ထန် အာဏာဖီဆန် ရပ်တည်နေသည့် အရေးကြီးလှသောအချိန်တွင် ပြည်သူ့ကိုယ်စားပြု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ရိုဟင်ဂျာများ၏အခွင့်အရေးနှင့် ကြုံတွေ့ခဲ့ရသော ရက်စက်ကြမ်းကြုတ်မှုများကို အသိအမှတ်ပြုသည့် သဘောထားစာတမ်းတစ်စောင် ချမှတ်ခြင်းဖြင့် အပေါင်းလက္ခဏာဆောင်သော ကနဦးခြေလှမ်း စလှမ်းခဲ့ပြီး ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တရားမျှတမှု ရရှိရေးနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး သေချာစွာလုပ်ဆောင်ရန် ကတိပြုထားသည်။

သို့သော် NUG အနေဖြင့် ရိုဟင်ဂျာများ၏ အခွင့်အရေးများကို သေချာစွာဖော်ဆောင်နိုင်ရေး နောက်ထပ် ခြေလှမ်းများ ချက်ချင်းလုပ်ဆောင်ရမည်။

စစ်တပ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကိုကြည့်လျှင် NUG အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အပေါ် ရှင်းလင်းတိကျစွာ ပြောဆိုရန် အရေးကြီးကြောင်း ဖော်ပြနေပြီး စစ်အုပ်စုအနေဖြင့်လည်း ၎င်းတို့၏ ရာဇဝတ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေး အရေးယူခံရမည်ဖြစ်ကြောင်းကို အချက်ပြရာလည်း ရောက်မည်ဖြစ်သည်။ ထို့ကြောင့် NUG သည် ICC ၏ ရောမသဘောတူစာချုပ်ကို ချက်ချင်း လက်မှတ်ရေးထိုးကာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေး သေချာစွာ လုပ်ဆောင်ရမည် ဖြစ်သည်။

NUG နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့အနေဖြင့် ခွဲခြားဖိနှိပ်သည့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ချက်ချင်းဖျက်သိမ်းကာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဥ်နှင့် “အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဥပဒေလေးခု” ကို ဖျက်သိမ်းရန် မိမိတို့မှ အလေးအနက်ထား တိုက်တွန်းတောင်းဆို လိုက်သည်။ အဆိုပါ လူမျိုးခွဲခြားရေးနှင့် လူမျိုးကွဲမုန်းတီးရေး ဥပဒေများသည် စနစ်တကျဖိနှိပ်မှု၏ လက်နက်ကိရိယာ များဖြစ်ပြီး အထက်ပါ ဥပဒေလေးခုကဲ့သို့သော ဖိုဝါဒကြီးစိုးရေးဥပဒေများက လိင်ကွဲပြားမှုနှင့် လိင်သဘောထား ခံယူမှုကွဲပြားမှုအပေါ် အခြေခံသော ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများကို အားပေးနေသည်။

ထိုမျှသာမက စစ်တပ်နှင့် ၎င်း၏ ဖိနှိပ်ရေးအဆောက်အအုံစနစ်များကို ဖျက်သိမ်းပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနှင့် အားလုံးအတွက် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုကို သေချာစွာ လုပ်ဆောင် ရမည်ဖြစ်ပြီး အားလုံးပါဝင်မှုရှိသည့် မြန်မာနိုင်ငံ၏ အနာဂတ်အသွင်ကူပြောင်းရေးကို ပုံဖော်ရပါမည်။ ဤအတွက် ရိုဟင်ဂျာအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များကို အစိုးရအဆောက်အအုံများ၏ အမြင့်ဆုံး အင်္ဂါစဉ်များအပါအဝင် လက်ရှိနိုင်ငံရေးလုပ်ငန်းစဉ်များထဲတွင် ထည့်သွင်းရန် အလွန်အရေးကြီးပါသည်။

ရိုဟင်ဂျာများအတွက် တရားမျှတမှုနှင့် တန်းတူညီမျှခွင့်ဆိုသည်မှာ ရိုဟင်ဂျာများအတွက်သာမက မြန်မာနိုင်ငံရှိ ပြည်သူတိုင်းအတွက်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးအတွင်း ဆန္ဒပြပွဲများ၏ ဆိုင်းဘုတ်များတွင်လည်းကောင်း၊ လူမှုကွန်ရက်မီဒီယာပေါ်တွင်လည်းကောင်း၊ ထင်ရှားသောပုဂ္ဂိုလ်များ၏ မှတ်ချက်စကားများတွင်လည်းကောင်း မကြာသေးမီက တွေ့ရှိလာရသော ရိုဟင်ဂျာများနှင့် သွေးစည်းညီညွတ်မှု ပြသခြင်းမှာ မတူကွဲပြားစုံလင်မှုနှင့် လူသားများ၏ သွေးစည်းညီညွတ်မှုများဖြင့် အားလုံးပါဝင်မှုရှိသော မြန်မာနိုင်ငံ ဖြစ်လာ‌နိုင်သည့်အလားအလာကို ဖော်ညွှန်းနေသည်။ ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းမှ မိမိတို့၏ မိတ်ဆွေများနှင့် မဟာမိတ်များကလည်း မိမိတို့နှင့်အတူ သွေးစည်းညီညွတ်စွာ ဆက်လက်ရပ်တည်နေကြသည်။

သို့သော် မြန်မာစစ်အုပ်စု ပြုတ်ကျရေး၊ ၎င်း၏ ပြစ်ဒဏ်ပေးအရေးယူခံရမှု ကင်းလွတ်ခွင့် အဆုံးသတ်ရေး၊ ၎င်းတို့ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးကို သေချာစွာ မလုပ်ဆောင်နိုင်သေးသ၍ တစ်နိုင်ငံလုံးမှ ပြည်သူများသည် အဆိုပါရက်စက်ကြမ်းကြုတ်မှုများ၏ ပစ်မှတ်အဖြစ် ဆက်လက်ရှိနေမည် ဖြစ်သည်။

၂၀၁၇ ခုနှစ် သြဂုတ်လတွင် ကျူးလွန်ခဲ့သည့် စစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုစစ်ဆင်ရေး လေး နှစ်မြောက်တွင် မိမိတို့သည် ရိုဟင်ဂျာများနှင့် သွေးစည်းညီညွတ်စွာ ရပ်တည်ပါသည်။ မိမိတို့သည် စစ်တပ်အုပ်ချုပ်မှုနှင့် စစ်တပ်၏ ပြစ်ဒဏ်ပေးအရေးယူခံရမှု ကင်းလွတ်ခွင့် အဆုံးသတ်သွားစေရေးကို ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ရိုဟင်ဂျာများ၊ အခြား လူမျိုးစုနှင့် ဘာသာရေးလူနည်းစု အသိုင်းအဝိုင်းများ၊ တိုင်းရင်းသားတော်လှန်ရေးလှုပ်ရှားမှုများ၊ ပြည်သူလူထုလှုပ်ရှားမှုများနှင့် လက်ရှိ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး အပါအဝင် တစ်နိုင်ငံလုံး တက်ကြွလှုပ်ရှားမှုများ၌ ပေးဆပ်ခဲ့ကြသော သူရဲကောင်းများနှင့် နစ်နာသူများအတွက် တရားမျှတမှုရရှိရေး လုပ်ဆောင်သွားရန်လည်း ထပ်လောင်းကတိပြုပါသည်။

–ဆုံး–

လက်မှတ်ရေးထိုးသော အဖွဲ့အစည်းများ

  1. Action Committee for Democracy Development
  2. Anaga Alin
  3. Assistance Association for Political Prisoners
  4. Association of Human Defenders and Promoters
  5. Athan – Freedom of Expression Activist Organization
  6. Burma Monitor (Research and Monitoring)
  7. Burman Human Rights Network
  8. Burmese Women’s Union
  9. Center for Social Integrity
  10. Democracy, Peace and Women’s Organization – DPW
  11. Digital Rights Collective
  12. Future Light Center
  13. Future Thanlwin
  14. Generation Wave
  15. Human Rights Foundation of Monland
  16. Kachin Women’s Association Thailand
  17. Karen Human Rights Group
  18. Karen Rivers Watch
  19. Karen Women’s Organization
  20. Karenni Human Rights Group
  21. Keng Tung Youth
  22. Loka Ahlinn
  23. Metta Campaign Mandalay
  24. Myanmar Cultural Research Society
  25. Myanmar Doctors for Human Rights Network
  26. Myanmar People Alliance (Shan State)
  27. Network for Human Rights Documentation – Burma (ND-Burma)
  28. Nyan Lynn Thit Analytica
  29. Olive Organization
  30. Pa-O Women’s Union
  31. Progressive Voice
  32. Save and Care Organization for Ethnic Women at Boarder Areas (SCOEWBA)
  33. Shan MATA
  34. Shwe Min Tha Foundation (Myanmar)
  35. Sisters 2 Sisters
  36. Southern Youth Development Organization
  37. Synergy – Social Harmony Organization
  38. Ta’ang Women’s Organization
  39. Ta’ang Legal Aid
  40. Tanintharyi MATA
  41. Thint Myat Lo Thu Myar
  42. Union of Karenni State Youth
  43. Women Advocacy Coalition – Myanmar
  44. Women’s League of Burma
  45. Women’s Peace Network

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ info@progressive-voice.org
  • နော်ဆဲဆဲ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ wlb-secretariat@protonmail.com
  • ကိုဟန်ကြီး၊ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)၊ officendb@protonmail.com

***ပြန်လည်ပြင်ဆင်ချက် – အရပ်ဘက်လူထုအဖွဲ့အစည်း ၄၅ ဖွဲ့ဟု ပြန်လည်ပြင်ဆင်ထားပါသည်။

English version.


PDF ဖိုင်ကိုရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ

Send this to a friend