စစ်ကောင်စီဆန့်ကျင်သူ CDM ရဲများဖြင့် ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ တည်ထောင်

25 August 2021

CDM Police Officers (Karenni State)

စစ်ကောင်စီဆန့်ကျင်သူ CDM ရဲများဖြင့် ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ တည်ထောင်

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဖေဖော်ဝါရီ ၁၀ ရက်က ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ ဆန္ဒပြပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင်ခဲ့စဉ်။ (ဓာတ်ပုံ − Supplied)

ကရင်နီလူမျိုးများက ပြည်နယ်အဆင့် ကိုယ်ပိုင်ရဲတပ်ဖွဲ့ကို ပထမဆုံး ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်ကာ CDM ရဲ ၃၂၀ ပါဝင်သည်ဟု သိရသည်

By Myanmar Now

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ဦးဆောင်၍ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သော CDM ရဲ ၃၀၀ ကျော်ဖြင့် ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (Karenni State Police – KSP) ကို ယနေ့ (ဩဂုတ် ၂၅) ဖွဲ့စည်းတည်ထောင်လိုက်သည်။

ပြည်နယ်တွင်းရှိ ပြည်သူလူထု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရဲလုပ်ငန်းဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်ကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး CDM ရဲ ၃၂၀ ပါဝင်ကြောင်း ယနေ့ မွန်းလွဲပိုင်းတွင် KSCC ထုတ်ပြန်ကြေညာသည်။

စစ်တပ်က အာဏာသိမ်းပြီး ခြောက်လကျော်အကြာတွင် ကယားပြည်နယ်နှင့် ဆက်စပ်ဒေသများရှိ စစ်ကောင်စီကို ဆန့်ကျင်သော ကရင်နီလူမျိုးများက ပြည်နယ်အဆင့် ကိုယ်ပိုင်ရဲတပ်ဖွဲ့ကို ပထမဆုံး ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က ရဲဆိုတော့ ဥပဒေစိုးမိုးရေးပေါ့။ ဒါပေမယ့် လောလောဆယ်က လုံခြုံရေးပိုင်းအဓိကပေါ့။ လတ်တလော ရေတိုအတွက်ကတော့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီမယ်။ ကျွန်တော်တို့နယ်မြေမှာရှိတဲ့ ပြည်သူလူထုအတွက် လုံခြုံရေးလုပ်ပေးမယ်” ဟု ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။

စစ်အာဏာရှင်စနစ်ကို တော်လှန်ရာတွင် တိုက်ခိုက်ရေးပိုင်းပါဝင်မည့် ရဲတပ်ဖွဲ့ဝင်များလည်းရှိပြီး ရေရှည်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံ၏ စံပြရဲတပ်ဖွဲ့ဖြစ်လာရန် ရည်ရွယ်ကြောင်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်သူ ၎င်းက ပြောသည်။

ပြည်နယ်အဆင့် ဖွဲ့စည်းထားသော အဆိုပါရဲတပ်ဖွဲ့တွင် ပြည်နယ်ရဲမှူးကြီး၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး စသည့်ရာထူးများအပြင် ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူး အစရှိသဖြင့် အဆင့်ဆင့်ရာထူးများဖြင့် ဖွဲ့စည်းသွားမည်ဟု ဆိုသည်။

ကရင်နီပြည်နယ်ရဲတပ်ဖွဲ့တွင် ပါဝင်သည့် CDM ရဲ ၃၂၀ အထိရှိပြီး အများစုမှာ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် အခြားပြည်နယ်နှင့် တိုင်းများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကရင်နီနွယ်ဖွား ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

“တော်တော်များများကတော့ ကရင်နီပြည်နယ်ဇာတိတွေပဲ။ ကျွန်တော်ဆိုလည်း ပဲခူးတိုင်းမှာ တာဝန်ကျတယ်။ ဒါပေမယ့် CDM လုပ်တော့ ဒီဘက်ပြန်ရောက်လာတယ်။ အဲလိုပဲ ရန်ကုန်တိုင်းက တချို့လည်းပါတယ်။ အနည်းစုပဲ သုံးလေးယောက်လောက်ပဲ ကရင်နီပြည်နယ်က မဟုတ်ဘဲ တခြားတိုင်းကနေ ကျွန်တော်တို့ဆီ ရောက်လာတာရှိတယ်” ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ကရင်နီဒေသတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အများအပြား CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြရာ အာဏာသိမ်းမှုဖြစ်ပွားသည့် ဖေဖော်ဝါရီလမှ မတ်လအထိ၌ပင် CDM ပြုလုပ်သူ ရဲ ၂၀၀ ကျော်ရှိခဲ့သည်။

စစ်ကောင်စီကို အပြင်းအထန်ခုခံတော်လှန်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည်လည်း KSCC ၏ နိုင်ငံရေးအရ ဦးဆောင်မှုအောက်တွင် တိုက်ပွဲဝင်နေသည့် ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ကြောင်း KSCC က ဩဂုတ်လ ၇ ရက်တွင် ကြေညာထားသည်။

၂၀၂၀ ရွေးကောက်ခံအမတ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ စုစည်း၍ KSCC ကို ဧပြီလအတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia