ရိုဟင်ဂျာနှင့် လူနည်းစုတို့၏ အခွင့်အရေးအတွက် NUG ပြသရမည့် နိုင်ငံရေးစိတ်ဆန္ဒ

August 24th, 2021  •  Author:   Myanmar Now , Khin Ohmar and Thinzar Shunlei Yi  •  1 minute read
Featured image

ဒေါ်ခင်ဥမ္မာ၊ မသဉ္ဇာရွှန်းလဲ့ရည်

စစ်တပ်က ရာဇဝတ်မှု ဆက်ကျူးလွန်နေခြင်းမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရခဲ့ခြင်းကြောင့်ဖြစ်ပြီး ထိုလုပ်ရပ်များ ထပ်မဖြစ်ရေး၊ တရားမျှတရေးတို့အတွက် NUG က နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုသည်

ရွေးကောက်ခံလွှတ်တော်အမတ်များ၊ တိုင်းရင်းသားနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းခေါင်းဆောင်များ၊ နွေဦးတော်လှန်ရေး၏ လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နှင့် အထွေထွေသပိတ်ကော်မတီများ၏ ကိုယ်စားလှယ်များက ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စုစည်းမိခြင်းသည် သမိုင်းဝင် ထူးခြားလှသည့်အပြင် မြန်မာနိုင်ငံ၏ ထွေပြားလှသော လူထုအသိုင်းအဝိုင်းများ ရှေ့တက်လှမ်းနိုင်ရန်နှင့် ၎င်းတို့၏အခွင့်အရေးများကို အာမခံကာကွယ်ပေးမည့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီတစ်ရပ် ထူထောင်နိုင်ရန် မျှော်လင့်ချက်ကို အမှန်တကယ် ဖော်ပြနေခြင်း ဖြစ်သည်။ ဤသမိုင်းဝင်အချိန်အခါတွင် NUG သည် ကျင့်ဝတ်သိက္ခာနှင့် နိုင်ငံရေးအရ စံပြလမ်းညွှန်ဖြစ်ရမည့်အပြင် ၎င်းသည် မည်သည့်အရာနှင့် မည်သူအား ကိုယ်စားပြုကြောင်း မြန်မာပြည်သူများကို ပွင့်လင်းမြင်သာစွာ အသိပေးဆောင်ရွက်ရမည်ဖြစ်သည်။

ဤသမိုင်းဝင်အခါသမယတွင် အောင်မြင်စေရန်အတွက် NUG သည် ရိုဟင်ဂျာအပါအဝင် တိုင်းရင်းသားလူထုအသိုင်းအဝိုင်းများအပေါ် လွန်ခဲ့သည့်ဆယ်စုနှစ်များစွာအတွင်း မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သော ဆိုးဝါးလှသည့် ရာဇဝတ်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့ခြင်းတို့ကို အမှန်တကယ် ရင်ဆိုင်ဖြေရှင်းရပါမည်။ စစ်တပ်သည် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်ပေသည်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်းတွင် “အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဥပဒေ” လေးခုကဲ့သို့ လူမျိုးခွဲခြားရေး၊ အစ္စလာမ်မုန်းတီးရေး၊ အမျိုးသမီးနှိမ်ချဖိနှိပ်ရေး ဥပဒေမူဘောင်များပြဋ္ဌာန်း ထိန်းသိမ်းခြင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဖြင့် ခွဲခြားဖိနှိပ်ခြင်း၊ အစွန်းရောက် ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီများကို အားပေးအားမြှောက်ခြင်း၊ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုလှုံ့ဆော်ခြင်းနှင့် ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်၏ “နယ်မြေရှင်းလင်းရေး” စစ်ဆင်ရေးများကို မြင်တွေ့ခဲ့ရသည်။

ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုသည် မြန်မာစစ်တပ်မှ တိုင်းရင်းသားနယ်မြေများတွင် ဆယ်စုနှစ်အများအပြား ဝမ်းနည်းဖွယ်ကောင်းစွာ ပုံမှန်ကျူးလွန်ခဲ့သော တုန်လှုပ်ချောက်ချားားဖွယ် ရာဇဝတ်မှုများထက်ပင် ကျော်လွန်သွားခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်၏ စနစ်တကျ သတ်ဖြတ်ခြင်းနှင့် မုဒိမ်းကျင့်ခြင်းများကြောင့် ရိုဟင်ဂျာ ၈၀၀,၀၀၀ ကျော်ကို ၎င်းတို့၏ဇာတိမြေမှ ထွက်ပြေးစေခဲ့ပြီး မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသူများကို အသားအရောင်ခွဲခြားရေးစနစ်တစ်ခု ဖန်တီးပြီး အမိုးပွင့်ထိန်းသိမ်းရေးစခန်းများတွင် ချုပ်နှောင်ထားသည်။

အစိုးရတစ်ရပ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် စစ်တပ်၏ ဆိုးဝါးလှသော ရာဇဝတ်မှုများအပေါ် အထူးသဖြင့် ရိုဟင်ဂျာတို့အပေါ် ကျူးလွန်မှုကို ရေငုံနှုတ်ပိတ်နေခဲ့သည်။ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စစ်တပ်ကို တာဝန်ယူ၊ တာဝန်ခံစေမည့်အစား နိုင်ငံတကာတရားရုံး (ICJ) တွင် စစ်တပ်၏ ရာဇဝတ်မှုများကို တက်ရောက်ကာကွယ်ပေးခဲ့သည်။ ၎င်းတို့က “ရိုဟင်ဂျာ” ဟူသော စကားလုံးကိုပင် သုံးနှုန်းခြင်းမှ ရည်ရွယ်ချက်ရှိရှိ ရှောင်ကွင်းခဲ့မှုသည် ရိုဟင်ဂျာများ၏ ဝိသေသလက္ခဏာကို ပယ်ဖျက်ရန် အစိုးရ၏ ကြိုးပမ်းချက် ပင်မမဏ္ဍိုင်တစ်ခု ဖြစ်သည်။ NLD အစိုးရသည် လွှတ်တော်တွင် ၎င်းတို့၏အများစုမဲဖြင့် လုပ်နိုင်စွမ်းရှိသော်လည်း လူမျိုးခွဲခြားရေးဥပဒေများကို မဖျက်သိမ်းခဲ့ပေ။

ယခင် NLD အစိုးရ၏ အများကို ယခုအခါတွင် တဲ့တိုး ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။ ညီညွတ်ရေးနှင့် စစ်အုပ်စုဆန့်ကျင်ရေးအတွက် မဟာဗျူဟာ အမည်ခံပြီး ကျူးလွန်ခဲ့သည့်အမှားများ ဖုံးဖိခြင်းက မတရားမှုဆက်ဖြစ်စေရေးကို အားပေးခြင်းဖြစ်သဖြင့် စစ်တပ်အုပ်စိုးမှုကို သက်ဆိုးရှည်စေမည် ဖြစ်သည်။

မည်သို့ဆိုစေကာမူ မျှော်လင့်စရာလက္ခဏာအချို့ကို မိမိတို့ တွေ့ရပါသည်။ NUG က ရိုဟင်ဂျာဆိုင်ရာ မူဝါဒစာတမ်းတစ်စောင်ကို ချမှတ်ခဲ့မှုသည် ရိုဟင်ဂျာတို့၏အခွင့်အရေးများ အသိအမှတ်ပြုရာ၌လည်းကောင်း၊ စနစ်တကျ ဖိနှိပ်ပထုတ်မှုကို အဆုံးသတ်ရာ၌လည်းကောင်း၊ ရိုဟင်ဂျာလူထုအသိုင်းအဝိုင်း ရင်ဆိုင်နေရသော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို အသိအမှတ်ပြုရာ၌လည်းကောင်း အပြုသဘောဆောင်သော အစပျိုးမှုပင် ဖြစ်သည်။ ထို့အပြင် NUG သည် ရောမစာချုပ်ကို လက်မှတ်ထိုးနိုင်ရေး ကြိုးစားမှုသည် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး ခြေလှမ်းဖြစ်သောကြောင့် အားတက်စရာပင်။ သို့သော်ငြားလည်း ပိုမိုခိုင်မာသော ခြေလှမ်းများ လှမ်းရပါဦးမည်။

စင်စစ်အားဖြင့် ရိုဟင်ဂျာများနှင့် အခြားတိုင်းရင်းသားလူမျိုးများအပေါ် ဆယ်စုနှစ်များစွာချီ၍ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် စစ်တပ်က ပြစ်ဒဏ်ကင်းလွတ်ခွင့် ရထားခြင်းကပင်လျှင် စစ်တပ်အနေဖြင့် ယခုရာဇဝတ်မှုလုပ်ရပ်များ ဆက်လက်ကျူးလွန်ရန် ရဲတင်းစေခဲ့ခြင်းဖြစ်သည်ကို မြန်မာပြည်သူတို့ တုန်လှုပ်ချောက်ချားဖွယ် တွေ့ကြုံနေရပြီဖြစ်သည်။ ရိုဟင်ဂျာတို့အတွက် တရားမျှတမှုနှင့် တန်းတူညီမျှရေးသည် ရိုဟင်ဂျာတို့အတွက်သက်သက်သာမကဘဲ မြန်မာနိုင်ငံရှိ လူမျိုးစုအားလုံးအတွက်ပါ အကျိုးပြုပေလိမ့်မည်။

ယခုအချိန်သည် NUG အနေဖြင့် အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရက်တစ် မြန်မာနိုင်ငံတည်ထောင်ရန်အတွက် အုတ်မြစ်ချတည်ဆောက်နိုင်ရေး နောက်ထပ်ခြေလှမ်းများ လှမ်းရမည့်အချိန် ဖြစ်သည်။ မြန်မာနိုင်ငံ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့၏ တောင်းဆိုဆော်သြမှုများကို တုံ့ပြန်သည့်အနေဖြင့် ၂၀၀၂ ခုနှစ်မှစ၍ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို တရားစွဲဆိုရန် အပြည်ပြည်ဆိုင်ရာတရားရုံး (ICC) ကို စီရင်ပိုင်ခွင့်အပ်နှင်းသော NUG ၏ ကြေညာချက်သည် ကြိုဆိုရမည့် လုပ်ရပ်ဖြစ်သည်။ NUG သည် ICC ၏ ရောမစာချုပ် အတည်ပြုလက်မှတ်ထိုးနိုင်ရေးနှင့် ရာဇဝတ်မှုကျူးလွန်သူများကို တာဝန်ခံခိုင်းစေရန်အတွက် တရားရုံး၏ လုပ်ထုံးလုပ်နည်းများကို ပံ့ပိုးနိုင်ရေး ဆက်လက်လျှောက်လှမ်းရမည် ဖြစ်သည်။

NUG နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့သည် မိမိတို့တွင် ယခုရှိနေသောအာဏာကို အသုံးပြု၍ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် “အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဥပဒေ” လေးခုကဲ့သို့သော လူမျိုးခွဲခြားရေးဥပဒေများကို ဖျက်သိမ်းသင့်သည်။ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဥပဒေလေးခုသည် လူမျိုးခွဲခြားရေး၊ လူမျိုးကွဲမုန်းတီးရေး ဖြစ်ရုံသာမက ကျား-မ ခွဲခြားဖိနှိပ်ရေးနှင့် အကြမ်းဖက်မှုကိုလည်း အားပေးရှင်သန်စေပြီး ကလေးအခွင့်အရေးများကိုပါ ချိုးဖောက်နေသည်။ တစ်ချိန်တည်းတွင် စစ်တပ်အုပ်စိုးမှုက ဆယ်စုနှစ်ပေါင်းများစွာ မွေးမြူတည်ဆောက်ခဲ့သော အမျိုးသမီးနှိမ်ချဖိနှိပ်ရေးဝါဒနှင့် ဖိုဝါဒကြီးစိုးရေးစနစ်ကိုလည်း ထိန်းသိမ်းအားပေးနေသည်။

NUG သည် ရိုဟင်ဂျာများ၊ အခြား လူမျိုးစုနှင့် ဘာသာရေးလူနည်းစုတို့၏ အသံများအပါအဝင် မြန်မာပြည်သူတို့၏ အသံအားလုံးကို နားထောင်ရမည်ဖြစ်ပြီး အထူးသဖြင့် မြန်မာစစ်တပ်က ဆယ်စုနှစ်များစွာ ပြစ်ဒဏ်ကင်းလွတ်စွာဖြင့် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ၏ ဒဏ်ခံရသူများ၊ အသက်ရှင်ကျန်ရစ်ခဲ့သူများ၏ အသံကို နားထောင်ရပါမည်။ ပို၍အရေးကြီးသည်မှာ စစ်တပ်က တည်ဆောက်ခဲ့သော၊ ခိုင်ခန့်အောင်လုပ်ခဲ့သော ဖိနှိပ်ခွဲခြားရေး၏ စနစ်အဆောက်အအုံများကို ဖြိုချရေးနှင့် လူသားဖြစ်တည်မှုကို လေးစားပြီး အားလုံးအတွက် လူ့အခွင့်အရေးအာမခံသော၊ အားလုံးပါဝင်မှုရှိသော မြန်မာနိုင်ငံ၏ အနာဂတ်ကို အသစ်တစ်ဖန်ပြန်လည်ဖော်ဆောင်ရေး NUG ၏ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ရိုဟင်ဂျာများကို ထည့်သွင်းရန်ပင် ဖြစ်သည်။

မြန်မာစစ်တပ်က မြန်မာပြည်သူများအပေါ် နိုင်ငံအနှံ့ အကြမ်းဖက်မှုစစ်ဆင်ရေး လှုပ်ရှားနေချိန်တွင် မြန်မာ့နွေဦးတော်လှန်ရေးအတွင်း လမ်းမများထက်မှ ဆန္ဒပြပွဲဆိုင်းဘုတ်များတွင်လည်းကောင်း၊ လူမှုကွန်ရက်မီဒီယာပေါ်တွင်လည်းကောင်း၊ လူသိထင်ရှားပုဂ္ဂိုလ်များ၏ စကားများတွင်လည်းကောင်း၊ ပြည်သူများက ရိုဟင်ဂျာတို့နှင့် သွေးစည်းညီညွတ်မှုသဘောထားရှိကြောင်း ထုတ်ဖော်နေကြသည်။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့သည့်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ အရပ်ဘက်လူထုအဖွဲ့အစည်းများက သြဂုတ် ၂၅ တွင် ထုတ်ပြန်မည့် ကြေညာချက်တစ်စောင် ပြင်ဆင်နေပြီး ထိုထုတ်ပြန်ကြေညာချက်တွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာတို့၏အခွင့်အရေးများ ပြန်လည်ရရှိရန်၊ တရားမျှတမှုရှိရန်နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရန်၊ မြန်မာစစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်နေမှု အဆုံးသတ်ရန်တို့ကို တောင်းဆိုထားသည်။ ဤအချက်က ပိုနေမြဲ ကျားနေမြဲအခြေအနေကို ဆက်လက်ထိန်းသိမ်းမည့်အစား မတူကွဲပြားစုံလင်မှုကို အားသားချက်များအဖြစ် ပြောင်းယူပြီး လူသားမျိုးနွယ်အတွက် သွေးစည်းညီညွတ်စွာဖြင့် အားလုံးပါဝင်သည့် မြန်မာနိုင်ငံတည်ဆောက်ရေး၏ ဖြစ်နိုင်ခြေကို ညွှန်ပြနေသည်။

NUG သည် အနာဂတ်မြန်မာနိုင်ငံအတွက် လမ်းပြကြယ်သဖွယ် လုပ်ဆောင်ရမည်ဖြစ်ပြီး ရိုဟင်ဂျာတို့၏ တန်းတူအခွင့်အရေးကို သေချာစွာအာမခံနိုင်ရေးအတွက် ၎င်းတို့၏ နိုင်ငံရေးစိတ်ဆန္ဒအား သက်သေပြမည့် ခိုင်မာသော လုပ်ကိုင်ဆောင်ရွက်မှုများကို လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့အပြင် ၂၀၁၇ ခုတွင် ရိုဟင်ဂျာတို့အပေါ် စစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့မှုကိုလည်း အသိအမှတ်ပြု၍ ခံရသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် တရားမျှတမှုရနိုင်ရန် နိုင်ငံတကာမှ တာဝန်ယူမှု တာဝန်ခံမှုယန္တရားများနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရပါမည်။ သို့မှသာ မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပြန်လည်ထူထောင်သည့်အခါ ဖက်ဒရယ်မူများ၊ အားလုံးပါဝင်မှု၊ လူ့အခွင့်အရေးနှင့် လူသားဂုဏ်သိက္ခာတို့ကို ထင်ဟပ်သည့် တရားမျှတ၍ ငြိမ်းချမ်းသောလူ့ဘောင်ဖြစ်မည်ကို NUG က အာမခံနိုင်မည်ဖြစ်ပြီး ဤနိုင်ငံထဲတွင် မိမိတို့အားလုံး ပါဝင်နိုင်ကာ လာမည့်အနာဂတ်မျိုးဆက်များကို ဂုဏ်ယူစွာ ပြုစုပျိုးထောင်နိုင်မည် ဖြစ်ပေသည်။

ဒေါ်ခင်ဥမ္မာသည် မြန်မာနိုင်ငံ၏ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သော ရှေ့ပြေးအသံအဖွဲ့ကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်သကဲ့သို့ အဖွဲ့၏ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌလည်းဖြစ်သည်။၊ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ကျောင်းသူ တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ်လည်း ဦးဆောင်ပါဝင်ခဲ့သည်။

မသဉ္ဇာရွှန်းလဲ့ရည်သည် လူငယ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီ (ACDD) အဖွဲ့တွင် တာဝန်ယူနေပါသည်။ စစ်တပ်အာဏာသိမ်းလိုက်သည့်နေ့မှစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုံ့ဆော်မှုများကို လုပ်ဆောင်လာခဲ့ပြီး လက်ရှိတွင် တော်လှန်ရေးကာလ မြန်မာအမျိုးသမီးထုနှင့်အတူ စုပေါင်းရပ်တည်ပေးသော #Sisters2Sisters အမည်ဖြင့် အွန်လိုင်းကမ်ပိန်းကို လုပ်ဆောင်နေပါသည်။


မူရင်းoriginal post.