အာဏာသိမ်းမှုဆန့်ကျင်သူ သတင်းစာဆရာကို ကြီးလေးသောပုဒ်မဖြင့် ထပ်မံအမှုဖွင့်

အာဏာသိမ်းမှုဆန့်ကျင်သူ သတင်းစာဆရာကို ကြီးလေးသောပုဒ်မဖြင့် ထပ်မံအမှုဖွင့်

သတင်းစာဆရာ ဦးစည်သူအောင်မြင့်။ (ဓာတ်ပုံ- ပေးပို့)

၅၀၅ – ကဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ​ ဝါရင့်ကလောင်ရှင်တစ်ဦးဖြစ်သော ဦးစည်သူအောင်မြင့်ကို ပုဒ်မ ၁၂၄ – က ဖြင့် ထပ်မံအမှုဖွင့်ကြောင်း ဖမ်းဆီးပြီးတစ်ပတ်အကြာတွင် စစ်ကောင်စီက သတင်းထုတ်ပြန်သည်

By Myanmar Now

အာဏာသိမ်းမှုကို ဆန့်ကျင်သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို ထောင်ဒဏ်တစ်သက် (နှစ် ၂၀) အထိ ချမှတ်နိုင်သည့် ဆူပူထကြွအောင် လှုံ့ဆော်ခြင်းဆိုင်ရာ ပုဒ်မ ၁၂၄ – က ဖြင့်ပါ အမှုဖွင့်လိုက်ကြောင်း စစ်ကောင်စီက ယမန်နေ့ (ဩဂုတ် ၂၁) တွင် ကြေညာသည်။

ဝါရင့်ကလောင်ရှင်တစ်ဦးဖြစ်သူ ဦးစည်သူအောင်မြင့်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်သော ရေးသားမှုများကြောင့် မူလကပင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – က ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ကာ ၎င်းကို ဖမ်းဆီးပြီး တစ်ပတ်အကြာမှ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ဦးစည်သူအောင်မြင့်မှာ ဩဂုတ် ၁၅ ရက် ညပိုင်းက ရန်ကုန်၊ ဗဟန်း မြို့နယ်၊ ရွှေဂုံရိပ်မွန်အိမ်ရာ၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ စစ်ကောင်စီကို ဝေဖန်ရေးသားခြင်းနှင့် NGU နှင့် CRPH ကို ထောက်ခံရေးသားမှုများကြောင့် ပုဒ်မ ၁၂၄ -က ဖြင့် ထပ်မံ အမှုဖွင့်ခံရခြင်းဖြစ်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့်မှာ သတင်းဌာနအချို့တွင် လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ပတ်သက်သော ဆောင်းပါးများ ရေးသားလေ့ရှိသည်သာမက လူမှုကွန်ရက်တွင်လည်း စစ်ကောင်စီကို ဝေဖန်ရေးသားလေ့ရှိသူဖြစ်သည်။

“သူက ဂေါက်ရောဂါတော့ရှိတယ်။ ရင်ကျပ်ရောဂါရှိတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်က နှာခေါင်းမှာ အဖုသေးသေးလေးပေါက်လို့ အသေးစားခွဲစိတ်မှုတော့ လုပ်ရတယ်။ ရင်ကျပ်တာကတော့ အမြဲတမ်းတော့ မဟုတ်ဘူး။ အစားမှား ဘာမှားရှိရင် ဖြစ်တယ်”ဟု ဦးစည်သူအောင်မြင့်၏ ဇနီးဖြစ်သူ နော်သန်းမြင့်က ပြောသည်။

ဖမ်းဆီးသွားချိန်မှစ၍ အမှုဖွင့်ကြောင်း ကြေညာသည်အထိ စစ်ကောင်စီက မိသားစုထံ အကြောင်းကြားခြင်းမရှိဘဲ လက်ရှိတွင်လည်း မည်သည့်နေရာတွင် ထိန်းသိမ်းထားရှိသည်၊ ကျန်းမာရေးအခြေအနေ မည်သို့ရှိသည်ကို အတိအကျ စုံစမ်းမေးမြန်းမရသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“လူတိုင်းကတော့ ကိုယ့်အလုပ်ကို လုပ်ကြတာ။ ကိုယ်ယုံကြည်ရာကိုယ်လုပ်တယ်ဆိုတော့ ကျွန်မ ပြောစရာမရှိပါဘူး။ ကောင်းတဲ့ဟာလုပ်တယ်လို့ပဲ ယူဆပါတယ်” ဟု နော်သန်းမြင့်က ပြောသည်။

ဦးစည်သူအောင်မြင့်နှင့်အတူ ဖမ်းဆီးခံရသည့် မထက်ထက်ခိုင်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ဖက်ဒရယ် FM တွင် စေတနာ့ဝန်ထမ်းအယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်သည်ဟု စွပ်စွဲကာ စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှုဆိုင်ရာ ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ထားသည်။

မထက်ထက်ခိုင်သည် ခံစားကြည့်ရုပ်သံအစီအစဉ်တွင် တင်ဆက်သူအဖြစ် တာဝန်ယူဖူးသူဖြစ်ကာ လက်ရှိတွင် အလွတ်တန်းထုတ်လုပ်သူအဖြစ် လုပ်ကိုင်လျက်ရှိပြီး ၎င်း၏ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ စိုးရိမ်နေကြောင်း BBC Media Action Myanmar က ယနေ့(ဩဂုတ် ၂၂) တွင် ထုတ်ပြန်ကြေညာထားသည်။

ဦးစည်သူအောင်မြင့်နှင့် မထက်ထက်ခိုင်တို့ ဖမ်းဆီးခံရသည့်အပေါ် ရှုတ်ချကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF)ကလည်း ယမန်နေ့က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရသည့် သတင်းသမား ၅၀ ဝန်းကျင်ရှိသည်ဟုလည်း RSF က ဆိုသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia