၄၄ လမ်းဖြစ်စဉ် စစ်ကောင်စီ ထုတ်ပြန်ချက် မျက်မြင်အခြေအနေနှင့် ကွဲလွဲနေ

August 11th, 2021  •  Author:   Murdered by junta forces (Botataung Township)  •  1 minute read
Featured image

တိုက်ပေါ်မှ ခုန်ချခဲ့သည့် လူငယ်များ အခြေအနေ / CJ

By ဧရာဝတီ 

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းတွင် စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးမှုကြောင့် လူငယ်များ တိုက် ပေါ်မှ ခုန်ချပြီး သေဆုံးသွားသည့် ဖြစ်စဉ်တွင် စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် မျက်မြင်အခြေအနေနှင့် ကွဲလွဲမှုများ ရှိ နေသည်ကို တွေ့ရသည်။

မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ ၄၄ လမ်းအတွင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လမ်းတဖက်တချက် ညှပ်ပိတ် ဝင်ရောက်လာပြီးနောက် လေးလွှာတိုက်ခန်း ခေါင်မိုးမှတဆင့် ထွက်ပြေးသည့် လူငယ်များအား တပ်ဖွဲ့ဝင်များက ပစ်ခတ် ဖမ်းဆီးခဲ့ရာ နောက်ဖေးလမ်းကြားသို့ ခုန်ချခဲ့သည့် လူငယ် ၅ ဦးအပြင် ၁ ဦးမှာ ပစ်သတ်ခံရပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်မူ သတင်းပေးချက်အရ အခင်းဖြစ်နေရာ အမှတ် ၁၆၊ ၄ လွှာသို့ ဝင်ရောက်ဖမ်းဆီးရာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို လက်လုပ်ဗုံး ၁၆ လုံး၊ ယမ်းပျော့နှင့် ဗျောက်အိုးများ အပါအဝင် ဖောက်ခွဲရေးသုံး ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။

၄၄ လမ်းဖြစ်စဉ်တွင် ဖမ်းဆီးရမိသည့် ဆက်စပ်ပစ္စည်းများဟုဆိုကာ စစ်ကောင်စီ ထုတ်ပြန် (ဓာတ်ပုံ-စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့)

ထို့သို့ ဝင်ရောက်ရှာဖွေစဉ် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် အဖမ်းဆီးမခံဘဲ ယင်းတိုက်ခန်း ၃ လွှာ အနောက် ဘက် ပြတင်းပေါက်မှ ခုန်ချခဲ့ခြင်းကြောင့် ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိသဖြင့် တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထား သည်ဟု ဆိုသည်။

သို့သော် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူတို့မှာ မည်သူမည်ဝါဖြစ်ကြောင်း၊ အသက်အရွယ်၊ ကျား/မ စသည်ဖြင့် တိကျ သည့် အချက်အလက်များ ဖော်ပြထားခြင်း မရှိသလို ဝင်ရောက်စီးနင်းမှုတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်၍လည်း ဖော်ပြထားခြင်း မရှိပါ။

မျက်မြင်တွေ့ရှိသူ တဦးက ထိုကဲ့သို့ ခုန်ချသဖြင့် အပြင်းအထန် ဒဏ်ရာရရှိထားသည့် လူငယ်များကို ပုံလျက်သား အနေ အထား၌ပင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရိုက်နှက်ကန်ကျောက်ခြင်းများ ထပ်မံပြုလုပ်ခဲ့သည်ဟု ဧရာဝတီကို ပြောသည်။

၎င်းက “ပြုတ်ကျတဲ့ အချိန်မှာ လှုပ်နေတဲ့လူတွေက လှုပ်နေသေးတယ်။ အဲဒီအချိန်မှာ သေနတ်ဒင်နဲ့ ရိုက်တာ၊ ထုတာထောင်းတာမျိုး အဝေးကနေ လှမ်းမြင်လိုက်တယ်။ သေနတ်ဒင်တွေနဲ့ ဝိုင်းရိုက်တာ၊ ဝိုင်းထုတာ ရဲတွေနဲ့ စစ်သားတွေနဲ့ ရိုက်တာ” ဟု ဆိုသည်။

စစ်ကောင်စီက ဝင်ရောက်စီးနင်းမှုကြောင့် ခုန်ချခဲ့သည့် လူငယ်များမှာ အသက် ၂၀ ကျော်အရွယ်သာ ရှိကြသေးသည့် ကိုကောင်းမင်းသန့်၊ ကိုရဲမင်းဦး၊ ကိုဝေယံထက်၊ မဝေဝေမြင့်၊ ကိုဝေဇော်၊ ကိုမင်းသစ္စာအောင်တို့ ဖြစ်ကြပြီး ကိုသီဟကောင်းဆက်၊ ကိုဝေဖြိုးအောင်နှင့် မပိုးကျော်ကျော်ခန့်တို့ ၃ ဦးမှာလည်း ဖမ်းဆီးခံရကြောင်း သိရသည်။

“အောက်ကနေပြီးတော့ သေနတ်တွေနဲ့ လှမ်းပစ်တာ သေနတ်သံတွေလည်း ညံသွားသေးတယ်။ သေနတ်တွေနဲ့ အမိုးကို လှမ်းပစ်တော့ ပြေးနေတဲ့ ကလေးတွေထဲက ၁ ယောက် ကျသွားတယ်။ ၅ ယောက်ကတော့ ရွေးချယ်စရာ မရှိဘူး။ ဒီ အခြေအနေမှာ ရွေးချယ်စရာ မရှိဘူး။ မဟုတ်ရင်လည်း ဖမ်းခံရပြီး အရိုက်နှက်ခံရမှာပဲ။ ဒီအခြေအနေကြီးနဲ့ မိတာကိုး။ သူတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး” ဟုလည်း မျက်မြင်တွေ့သူ တဦးက ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်သည် ယမန်နေ့ (သြဂုတ် ၁၀ ရက်) ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည ၇ နာရီခန့်၌ပင် ဖြစ်စဉ် နှင့် ပတ်သက်၍ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ အချင်းချင်း ဆက်သွယ် သတင်းပို့ထားသည့် အသံဖိုင်တခုလည်း ထွက်ပေါ် လာခဲ့သည်။

အသံဖိုင်ပါ ပြောဆိုချက်အရ လူငယ် ၅ ဦးမှာ ခုန်ချထွက်ပြေးခြင်း ဖြစ်ကြောင်း၊ ကျား ၄ ဦး မ ၁ ဦးဖြစ်ပြီး ဒဏ်ရာ ပြင်းထန် သည့် သဘောရှိကြောင်း ပြောဆိုထားသည်။

“၃ ယောက်ကတော့ မကောင်းတော့ဘူး။ ၂ ယောက်ကတော့ ငွေ့ငွေ့လေးပဲ။ အခုတော့ သိပ်တော့ မသေချာတော့ဘူး” ဟု လည်း ပြောဆိုထားသည်။

လက်ရှိ အချိန်တွင် သေဆုံးသူများ၏ ရုပ်အလောင်းအား စစ်ကောင်စီက ထုတ်ယူခွင့် မပြုသေးကြောင်း သိရသည်။

သေဆုံးသူ မဝေဝေမြင့်၏ အမျိုးသားဖြစ်သူက “အလောင်းက ထုတ်လို့မရဘူးလို့ ပြောတယ်။ သူ့ရဲ့ Dead Body ကို လိုချင်တယ်။ သူတို့က သိပ်မကြာခင် သဂြိုဟ်တော့မယ့် ပုံစံနဲ့ ပြောနေပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ထို့ပြင် ကိုရဲမင်းဦး၏ ဖခင်ကလည်း “မိဘတယောက် ဝတ္တရားအရ နောက်ဆုံး တာဝန်ကို ကျနော် ကျေပွန်ချင်တာပေါ့။ ဒါပေမယ့် ခေတ်ကာလ အခြေအနေအရ လုပ်လို့မရတော့လည်း ရင်နာနာနဲ့ ဂုဏ်ယူလိုက်ရတာပေါ့” ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်မဖြစ်ခင် ယမန်နေ့ (သြဂုတ် ၁၀ ရက်) နေ့လယ်ပိုင်းလောက်ကလည်း ရန်ကုန်မြို့လယ်ရှိ ပုဇွန်တောင်မြို့ နယ်ရဲစခန်း၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ရုံးချုပ်နှင့် ရန်ကုန်စာတိုက်ကြီးအနီး ဗိုလ်အောင်ကျော် ကမ်းနား လမ်းဘလောက်ရှိ ယာဉ်ထိန်းရဲကင်းစခန်းများတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

English version.


Original Post: The Irrawaddy