11 August 2021
Murdered by junta forces (Botataung Township)
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် တိုက်ပေါ်မှ ပြုတ်ကျ (သို့) ခုန်ချသူများအကြောင်းပါဝင်သော်လည်း သေနတ်ဖြင့် ပစ်သတ်ခံရသည်ဆိုသော ကိုကောင်းမင်းသန့်အကြောင်း မပါရှိပေ
By Myanmar Now
ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းရှိ တိုက်ခန်းတစ်ခုကို ယမန်နေ့ (ဩဂုတ် ၁၀) တွင် စစ်ကောင်စီက အကြမ်းဖက်ဝင်ရောက်စီးနင်းစဉ် တိုက်ပေါ်မှ ခုန်ချခြင်း သို့မဟုတ် ပြုတ်ကျသူ လူငယ် ၅ ဦးအနက် နှစ်ဦးမှာနေရာ၌ပင် သေဆုံးခဲ့ပြီး ကျန်သုံးဦးမှာ စစ်ဆေးရုံများတွင် ကုသမှုခံယူနေရသည်။
တိုက်ပေါ်မှ ခုန်ချ သို့မဟုတ် ပြုတ်ကျပြီး သေဆုံးခဲ့သူနှစ်ဦးဖြစ်သည့် မဝေဝေမြင့်နှင့် ကိုဝေဇော်ဖြိုး ဆိုသူတို့၏ ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူ ကိုရဲမင်းဦးတို့ မင်္ဂလာဒုံမြို့နယ်ရှိ ကုတင် ၁၀၀၀ စစ်ဆေးရုံသို့ ယမန်နေ့ညပိုင်းတွင် ရောက်ရှိခဲ့သည်ဟု သိရသည်။
“ကျန်တဲ့လူတွေကတော့ ရောက်မလာဘူးလို့ပြောတယ်၊ သူတို့ဘယ်ဆေးရုံတွေကို ပို့လိုက်လဲမသိဘူး။ ရဲမင်းဦးကိုတော့ လူနာစောင့်ကို ရဲနှစ်ယောက်ချထားတယ် ပြောတယ်” ဟု အဆိုပါစစ်ဆေးရုံမှ အရာရှိတစ်ဦးက Myanmar Now ကို ယနေ့ (ဩဂုတ် ၁၁) တွင် ပြောသည်။
အသက်ရှင်သူ သုံးဦးအနက် ဦးခေါင်းထိခိုက်ဒဏ်ရာရထားသူမှာ ကုတင် ၁၀၀၀ စစ်ဆေးရုံတွင် ကုသမှုခံယူလျက်ရှိပြီး ခြေ၊လက်ကျိုးသူနှစ်ဦးမှာ မင်္ဂလာဒုံရှိ အခြားစစ်ဆေးရုံတစ်ခုဖြစ်သော ကုတင် ၅၀၀ အရိုးအထူးကုဆေးရုံကြီး ရောက်ရှိနေသည်ဟု သိရကြောင်း ကိုရဲမင်းဦး၏ ဖခင်က ပြောသည်။
“နာမည်တွေမေးလို့ မရဘူး။ ရှိတယ်ဆိုတာပဲ သိရတယ်။ လူချင်းလည်း မတွေ့ရဘူး။ ဆေးရုံမှာ သူတို့ ကုမယ်ပေါ့ဗျာ။ ကောင်းသွားရင်တော့ သူတို့စစ်ကြောရေး ပို့မယ်ကြားတယ်” ဟု ၎င်းက ပြောသည်။
ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းရှိ တိုက်အမှတ် ၁၆၊ ၄ လွှာရှိတိုက်ခန်းတွင် ဖောက်ခွဲဖျက်ဆီးရေး ဆက်စပ်ပစ္စည်းများနှင့်အတူ အမျိုးသားနှစ်ဦး အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိခဲ့ပြီး ခုန်ချထွက်ပြေးရန် ကြိုးစားသူငါးဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးကာ ကျန်သုံးဦးကို စစ်ဆေးရုံ၌ ကုသပေးနေကြောင်း စစ်တပ်ပိုင် မြဝတီရုပ်သံက ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီက ထိုသို့ထုတ်ပြန်ခဲ့သော်လည်း ၄၄ လမ်းတွင် နေထိုင်သူတစ်ဦးကမူ တိုက်အမှတ် ၃၈ ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး တိုက်အမှတ် ၁၆ နေရာမှာ မြေကွက်လပ်ဟု ဆိုသည်။
ထို့ပြင် ဝင်ရောက်စီးနင်းခံရစဉ်အတွင်း ဖမ်းဆီးခံရသူနှစ်ဦးရှိကာ ကိုကောင်းမင်းသန့် (ခ) Flex မှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ကျန်သူများမှာ ခန့်မှန်းခြေအားဖြင့် ပေ ၅၀ ကျော်အမြင့်ရှိ တိုက်ပေါ်မှ ခုန်ချခြင်း သို့မဟုတ် ပြုတ်ကျခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတိုက်ခန်းတွင် နေထိုင်သူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသည်ဆိုသော ကိုကောင်းမင်းသန့် (ခ) Flex နှင့် ပတ်သက်၍ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် လုံးဝဖော်ပြထားခြင်း မရှိပေ။
အခင်းဖြစ်ပွားခဲ့ရာ ဗိုလ်တစ်ထောင်မြို့နယ် ၄၄ လမ်းရှိ တိုက်အမှတ် ၃၈ နေရာ။
ဩဂုတ် ၁၀ ရက်က ၄၄ လမ်း ဝင်ရောက်စီးနင်းခံရသည့်ဖြစ်စဉ်
ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့လယ်ရှိ နေရာအချို့၌ ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ၄၄ လမ်းရှိ တိုက်ခန်းဝင်ရောက်စီးနင်းခံရခြင်းဖြစ်သည်ဟု အဆိုပါလမ်းတွင် နေထိုင်သူလူငယ်က ဆိုသည်။
ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် သိမ်ဖြူလမ်းကားမှတ်တိုင်တွင် မတ်တပ်ရပ်စကားပြောနေသော လူငယ်နှစ်ဦးအနက် တစ်ဦးဖမ်းဆီးခံခဲ့ရပြီး ကျန်လူငယ်တစ်ဦးမှာ ၄၄ လမ်းရှိ ၎င်းတို့ငှားရမ်းနေထိုင်ရာ တိုက်ခန်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု သိရသည်။
မွန်းလွဲ ၃ နာရီခန့် အချိန်တွင် ၄၄ လမ်း အပေါ်နှင့် အောက်ကို ပိတ်ဆို့ပြီးနောက် လမ်းပြောင်းပြန်ဝင်လာသော မတ်တူးကားတစ်စီးသည် အဆိုပါတိုက်ခန်းရှေ့တွင် ရပ်လိုက်ကာ ကားထဲတွင် ပါလာသည့် လက်နက်ကိုင်အချို့ အပေါ်တက်သွားသည်ဟု ဆိုသည်။
“လမ်းထဲမှာ အကုန်လုံးကို သေနတ်နဲ့ ချိန်ပြီးတော့ တစ်ယောက်မှမထွက်ရဘူး၊ ဘာဘူး၊ ညာဘူးပေါ့နော်။ လမ်းထဲကလူတွေ အကုန်လုံးကို ကြည့်ပြီး ပြောတာပေါ့နော်။ တစ်ယောက်မှ မထွက်နဲ့ တံခါး ဘယ်သူမှ မဖွင့်နဲ့ ဘာညာ အဲလိုမျိုး အော်တာပေါ့နော်” ဟု ၎င်းက ပြောသည်။
ထို့နောက် အင်အား ၂၀ ကျော်ရှိ စစ်သား၊ ရဲနှင့် အရပ်ဝတ်လက်နက်ကိုင်များသည် သိမ်ဖြူလမ်းဘက်မှ ၄၄ လမ်းကိုပေါက်သော လမ်းကြားမှတစ်ဆင့် ထပ်မံဝင်ရောက်လာခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ အထက်ပါလူငယ်က ဆိုသည်။
“ကောင်လေးတွေက ခေါင်မိုးပေါ်တက်ပြီး ပြေးတယ်ဗျ။ ပြေးကြတဲ့အချိန်မှာ အဲတိုက်က တိုက်ခန်းလေးခန်းစာလောက်ပဲ ပြေးစရာနေရာရှိတယ်ဗျ။ ကြည့်ရတာ လွတ်လမ်းလုံးဝမရှိဘူးလို့ ယူဆရတယ်ဗျ။ နောက်ဖေးလမ်းထဲကို ခုန်ချလိုက်တယ်” ဟု ၎င်းက ပြောသည်။
စတင်ဝင်ရောက်စီးနင်းပြီး လူငယ်များ တိုက်ပေါ်မှ ခုန်ချသည်အထိ အချိန် ၁၅ မိနစ်ခန့်သာ ကြာမြင့်သည်ဟုလည်း ထိုလူငယ်က ဆိုသည်။
အခင်းဖြစ်ပွားချိန်တွင် ၄၄ လမ်းအတွင်း ရောက်ရှိနေသူ အခြားအမျိုးသားတစ်ဦးကလည်း “ပစ်တာ ခတ်တာကြားတယ်၊ သေနတ်ပစ်သံကြားတယ်။ ၆ ချက် ၇ ချက်လောက်။ တစ်ဖွဲ့က တိုက်ပေါ်တက်တယ်၊ တစ်ဖွဲ့က နောက်ဖေးလမ်းကြားထဲ ပြေးဝင်သွားတယ်” ဟု ပြောသည်။
ဝင်ရောက်စီးနင်းပြီး တစ်နာရီခွဲခန့်အကြာတွင် လူနာတင်ယာဉ်ခြောက်စီး ရောက်ရှိလာပြီး သေဆုံး ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူများကို သယ်ဆောင်သွားသည်ကို တွေ့မြင်ရကြောင်းလည်း ၎င်းက ပြောသည်။
“သေတာက သုံးယောက်လို့ ကျွန်တော်သိရတယ်။ ကျွန်တော်တွေ့တာကတော့ Dead Body သယ်တဲ့ အိတ်နဲ့ သယ်လာတာ သုံးယောက်ရှိတယ်” ဟု အထက်ပါအမျိုးသားက Myanmar Now ကို ပြောသည်။
“မျက်နှာကို ဖွင့်ကြည့်ခွင့်ပေးတယ်”
တိုက်ပေါ်မှ ခုန်ချစဉ် သေဆုံးခဲ့သူ မဝေဝေမြင့်၏ ရုပ်အလောင်းကို ကုတင် ၁၀၀၀ စစ်ဆေးရုံမှ ထုတ်ယူပြီးနောက် ညနေ ၅ နာရီကျော်တွင် ရွှေပြည်သာမြို့နယ်ရှိ ကျူချောင်သုဿန်၌ သင်္ဂြိုဟ်ခဲ့ရကြောင်း ခင်ပွန်းဖြစ်သူ ဒေါက်တာစိုးမြတ်သူက Myanmar Now ကို ပြောသည်။
“အလောင်းလေးလောင်းထုတ်လာတာ တွေ့ရတယ်။ ကျွန်တော့်ရှေ့မှာ တစ်လောင်းရောက်နေတယ်။ ကျွန်တော့်အနောက်မှာ နှစ်လောင်းရောက်လာတယ်။ ဘယ်ကနေလာလဲတော့ မသိဘူး” ၎င်းက ပြောသည်။
မဝေဝေမြင့်မှလွဲ၍ ကျန်ရုပ်အလောင်းသုံးခုမှာ လိုက်ပါပို့ဆောင်သူ မိသားစုဝင်တစ်ဦးမျှ မရှိကြောင်း၊ သုဿန်သို့ ပို့ဆောင်စဉ် စစ်ကားနှစ်စီး၊ ရဲကားတစ်စီးနှင့် အရပ်ဝတ်များလိုက်ပါလာသည့် ယာဉ်တစ်စီးပါဝင်သည်ဟု ဆိုသည်။
ရုပ်အလောင်းတစ်ခု၏ ခြေထောက်တွင် သွေးများပေကျံနေသည်ကို တွေ့ရပြီး ထိုရုပ်အလောင်းလေးခုလုံးမှာ ယမန်နေ့ဖြစ်စဉ်တွင် သေဆုံးခဲ့သူများဟု ယူဆရသည်ဟု ဒေါက်တာစိုးမြတ်သူက ဆိုသည်။
“ခန္ဓာကိုယ်လည်း မဖွင့်ပြထားဘူး။ ကျွန်တော့်အမျိုးသမီးတစ်ယောက်ပဲ အိမ်ကလူတွေပါတယ်ဆိုတော့ မျက်နှာကို ဖွင့်ကြည့်ခွင့်ပေးတယ်။ ချုပ်ထားတာဆိုတော့ မေးရိုးနေရာမှာ တော်တော်ဆိုးဆိုးဝါးဝါးကို ယောင်နေတယ်။ ကျန်တဲ့နေရာကတော့ အတင်းစည်းထားတာဆိုတော့ ဘယ်လိုမှ ကြည့်လို့မရဘူး ဖြစ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။
အသက် ၂၈ အရွယ် မဝေဝေမြင့်သည် ရတနာရောင်းဝယ်ရေးလုပ်ကိုင်သူဖြစ်ကာ ၄၄ လမ်းရှိတိုက်ခန်းသို့ ခေတ္တရောက်ရှိနေစဉ် အခြားသူများနှင့်အတူ ဝင်ရောက်စီးနင်းခံရခြင်းဖြစ်သည်ဟုလည်း ဒေါက်တာစိုးမြတ်သူက ပြောသည်။
“ကျွန်တော်လည်း ဘာမှသိတာ မဟုတ်ဘူး။ သူက တကယ်တမ်းကျတော့ အဲဒီကလူတွေက သူငယ်ချင်းတွေဖြစ်နေကြတာလေ။ စကားလေးဘာလေး သွားပြောရင်းနဲ့ ဖြစ်ကုန်ကြတာ” ဟု ၎င်းက ပြောသည်။
သေဆုံးသူ မဝေဝေမြင့်နှင့် ဒေါက်တာစိုးမြတ်သူတို့တွင် ငါးနှစ်အရွယ် သမီးငယ်တစ်ဦးရှိသည်ဟု သိရသည်။
Original Post: Myanmar Now
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.