ရှစ်လေးလုံးနေ့တွင် မန္တလေးထောင်အတွင်း ဆန္ဒပြသံများ ထွက်ပေါ်

August 9th, 2021  •  Author:   Prison Strike (Mandalay Region)  •  1 minute read
Featured image

ယမန်နေ့ ဩဂုတ် ၈ ရက်နေ့က မန္တလေးမြို့တွင် တွေ့ရသော တက္ကသိုလ်ကျောင်းသားသမဂ္ဂများ ဆန္ဒပြစစ်ကြောင်း

မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်းမှ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း၊ ဒီမိုကရေစီရရှိလိုကြောင်း ကြွေးကြော်သံများ ယမန်နေ့ (ဩဂုတ် ၈) ညပိုင်းက ကြားခဲ့ရကြောင်း ထောင်အနီး နေထိုင်သူများထံမှ သိရသည်။

By Myanmar Now

ည ၉ နာရီခန့်တွင် ဆန္ဒပြသည့်အသံများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး သေနတ်သံတချို့ကြားခဲ့ရကာ နာရီဝက်ခန့်အကြာတွင် အသံများ ပြန်လည်တိတ်ဆိတ်သွားခဲ့ကြောင်း အိုးဘိုထောင်ဘေး ရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

“ကိုးနာရီလောက်မှာ ဒို့အရေး ဒို့အရေး အော်သံတွေ စကြားရတယ်။ အဲ့ဒီအော်သံတွေ ထွက်လာပြီး မကြာဘူး၊ ထောင်ထဲကနေ တရားသံတွေ ထွက်လာတယ်၊ သေနတ်သံနှစ်ချက်လည်း ကြားလိုက်ရတယ်၊ နာရီဝက်လောက်ကြာ၊ ကိုးခွဲလောက်ကျတော့ အသံတွေ အကုန်ပြန်တိတ်သွားတယ်”ဟု အဆိုပါအမျိုးသားက ကြားခဲ့ရသမျှကို ရှင်းပြသည်။

တရားဟောသံသည် ထောင်တွင်းအခြေအနေများကို ဖုံးကွယ်လိုသဖြင့် ဖွင့်ခြင်းဖြစ်နိုင်ကြောင်း အများက ယူဆနေကြသည်။

အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာတွင်လည်း အိုးဘိုအကျဉ်းထောင်တွင် ဆန္ဒပြသံများထွက်ပေါ်လာစဉ် ရိုက်ကူးထားသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပြန့်နှံ့လာပြီး ယင်းရုပ်သံဖိုင်တွင် ကြွေးကြော်သံများ ပါဝင်သည်။

သြဂုတ်လ ၈ ရက်နေ့ ညပိုင်း ထောင်တွင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး အကျဉ်းဦးစီးဌာနတာဝန်ရှိသူတို့ကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ်မရခဲ့ပေ။

လွန်ခဲ့သည့် ၃၃ နှစ်က ဖြစ်ပေါ်ခဲ့သည့် ၈၈၈၈ အရေးတော်ပုံနှင့် ချိတ်ဆက်ကာ ထိုအရေးတော်ပုံ နှစ်ပတ်လည်နေ့တွင် ထောင်တွင်း ဆန္ဒပြခြင်းဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံလူထုက သုံးသပ်နေကြသည်။

စစ်အာဏာသိမ်းမှုကို နိုင်ငံအဝှမ်းဆန့်ကျင်ခဲ့ကြသည့် ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ရက်နေ့နှင့် တိုက်ဆိုင်ကာ ယနေ့တွင် နိုင်ငံအနှံ့အပြားတွင် “ ၈၈ က သွေးကြွေးဟောင်း၊ ၂၁ မှာ အပြီးတောင်း” ဆိုသည့် လှုပ်ရှားဆန္ဒပြမှုများ နေ့ခင်းပိုင်းတွင် တွေ့ခဲ့ကြရပြီး၊ ညပိုင်းအချိန်တွင် အိုးဘိုအကျဉ်းထောင်တွင်းမှ ဆန္ဒပြသံများ ထွက်လာခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့ပြင်မှ အကျဉ်းသား ၇၀၀၀ ဆံ့ အိုးဘိုအကျဉ်းထောင်သည် ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုကြောင့် ရာဇ၀တ်အကျဉ်းသားတို့ကို ထောင်ဝင်စာတွေ့သူများ၊ အမှုသည်နှင့် တွေ့လိုသူ ရှေ့နေများကို ထောင်ရှေ့သို့ လာရောက်ခွင့် တင်းကျပ်ထားသည်။

ဖေဖော်ဝါရီလ တစ်ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ယင်းအာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းဒေသကြီးအဆင့်ခေါင်းဆောင်များကို အိုးဘိုအကျဉ်းထောင်တွင် ဖမ်းချုပ်ထားပြီး ထောင်တွင်းမှာပင် အမှုရင်ဆိုင်စေထားသည်။

နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့သည့် စစ်တပ်သည် ၎င်းတို့အား ဆန့်ကျင်သူအများအပြားကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် ရာဇဝတ်မှုများဖြင့် ထောင်ဒဏ်ကျခံနေသူရများ၊ အမှုရင်ဆိုင်နေရသူများကို လွှတ်ပေးခဲ့သော်လည်း ငြိမ်းချမ်းစွာဆန္ဒပြသူများကိုမူ လွှတ်ပေးခဲ့ခြင်းမရှိပေ။


Original Post: Myanmar Now