အာဏာသိမ်းမှုကြောင့် ခံယူချက် ပိုမိုပြင်းထန်လာခဲ့တဲ့ အမျိုးသမီးသတင်းထောက်များ

July 15th, 2021  •  Author: Women in journalism (Myanmar)  •  1 minute read
Featured image

By Honest Information 

မျက်ရည်ယိုဗုံးတွေ၊ ကျည်ဆံတွေ ကြားမှာ ကင်မရာကိုင်ပြီး သတင်းလိုက်ရတာဟာအန္တရာယ်ကြီးတဲ့ အလုပ်တစ်ခုလို့ ဆိုရမှာပါ။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကိုဆန့်ကျင်ကန့်ကွက်ကြသူတွေ လမ်းမတွေပေါ်တက်လာခဲ့တဲ့နောက်မှာ သတင်းထောက်တွေဟာလည်း အန္တရာယ်ကြားကနေ သူတို့အလုပ်ကို အကောင်းဆုံးလုပ်ခဲ့ကြပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီရဲ့ ပစ်မှတ်ထား ဖမ်းဆီးခံရမှုတွေထဲမှာ သတင်းထောက်တွေလည်း အများအပြား ပါဝင်နေပါတယ်။ အဲ့ဒီထဲမှာ အမျိုးသမီးသတင်းသမားတွေလည်းပါဝင်ပါတယ်။

ဇူလိုင်လ ၈ ရက်နေ့ Reporting ASEAN အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရဆဲ သတင်းထောက် ၃၆ ယောက် ခန့်ရှိပြီး အဲ့ဒီမှာ အမျိုးသမီးသတင်းထောက်ဟာ ငါးပုံတစ်ပုံခန့်ပါဝင်ပါတယ်။

သတင်းသမားဟာ အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွေမှာ သတင်းယူရင်း ဖမ်းဆီးခံခဲ့ရ တာတွေရှိသလို နေအိမ်တွေအထိ လာရောက်ရှာဖွေဖမ်းဆီးတာတွေကို ခံခဲ့ရပါတယ်။

တိုင်းရင်းသားဒေသက အမျိုးသမီးသတင်းထောက်တွေအပါအဝင် ရန်ကုန်မြို့က အမျိုးသမီး သတင်းသမားတွေလည်း ဖမ်းဆီးခံရတာတွေရှိခဲ့သလို အခုချိန်ထိ မိသားစုနဲ့ ခွဲခွာပြီး ရှောင်တိမ်းပြီးနေနေရတဲ့ အမျိုးသမီး သတင်းထောက်တွေလည်း ရှိပါတယ်။

ရန်ကုန်မြို့က ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြား အပြေးအလွှားသတင်းယူခဲ့တဲ့ ရုပ်သံသတင်းထောက် မေသူ (အမည်လွှဲ) ကတော့ စစ်ကောင်စီရဲ့ ပစ်မှတ်ထားခံရသူတွေထဲက တစ်ဦးဖြစ်ပါတယ်။

သူမဟာ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းမှာလည်း မီဒီယာကိုတင်းတင်းကျပ်ကျပ်ပိတ်ပင်ထားတဲ့ကြားထဲကနေ သတင်းတွေကို ပြည်သူသိအောင်တင်ဆက်ခဲ့သူတယောက်ဖြစ်ပါတယ်။ ရွှေဝါရောင်အရေးအခင်းအပြီး ၁၄ နှစ်အကြာမှာ တကျော့ပြန်ပေါ်လာတဲ့ စစ်အုပ်ချုပ်မှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာလည်းသူမဟာ သူမရဲ့အတွေ့အကြုံတွေကို အကောင်းဆုံး အသုံးချပြီး သတင်းတွေတင်ဆက်နိုင်အောင်ကြိုးစားပြန်ပါတယ်။

“၂၀၀၇ တုန်းကဆိုလည်း နိုင်ငံရေးသတင်းတွေဆို ခိုးဝှက်ပြီးတော့ လုပ်ခဲ့ရတာဆိုတော့။ အဲ့ကတည်းက ဒီစနစ်ဆိုးက တော်တော်ဆိုးတယ်ဆိုတာ သိထားပြီးသား။ အခုလို အာဏာရှင်လက်အောက်ရောက်သွားတော့ ပိုကိုဆိုးသွားတာ။ အခုဆိုရင် ကိုယ့်ကိုကိုယ်သတင်းထောက်လို့လည်း မပြောရဲဘူး။ နောက်ပြီး နေရာအစုံမှာ ရွှေ့ပြီးနေနေရတာ”

“သတင်းထောက်တွေရဲ့ ဘဝက လုံးဝကိုလုံခြုံမှုလည်းမရှိဘူး။အချိန်မရွေးဖမ်းခံရနိုင်တယ်။ အချိန်မရွေးအသတ်ခံရနိုင်တယ်။ အဲ့ဒါအာဏာရှင်လက်အောက်မှာ သတင်းယူရတဲ့အခြေအနေပဲ” လို့ မေသူက သူမရဲ့ အတွေ့အကြုံကိုပြောပါတယ်။

ဖေဖော်ဝါရီလကစလို့ အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြမှုတွေအရှိန်မြင့်တက်လာခဲ့ပြီး ဖမ်းဆီးမှုတွေကလည်း တဖြေးဖြေးနဲ့ ဆိုးဝါးလာခဲ့ပါတယ်။

သတင်းမီဒီယာသမားတွေဟာ သတင်းရယူရမှာ လုံခြုံမှုရှိစေဖို့အတွက် PRESS အမှတ်အသားပါ ဦးထုပ် ဝတ်စုံတွေနဲ့ သတင်းထောက်ကဒ်တွေကို ဝတ်ဆင်ခဲ့ကြပေမယ့်လည်း ဒီလို အမှတ်အသားတွေကလည်း သတင်းထောက်ဆိုတာ ပေါ်လွင်စေခဲ့အတွက် သတင်းထောက်တွေကို တမင်ဖမ်းဆီးတာတွေအထိ ဖြစ်လာခဲ့ပါတယ်။

ကင်မရာကိုင်လိုက်ပြီဆိုတာတဲ့ သတင်းသမား၊ မီဒီယာသမားဆိုတာ အထင်းသားမြင်တွေ့နိုင်တာကြောင့် တဖက်က အန္တရယ်ပေးမယ့်သူတွေရဲ့ အလွယ်တကူ ပစ်မှတ်ထားခြင်းကိုလည်း ခံရနိုင်ပါတယ်။

ဒါကြောင့် နောက်ပိုင်း ဆန္ဒပြမှုတွေနဲ့ သိပိတ်လမ်းကြောင်းတွေမှာ သတင်းလိုက်ယူတဲ့အခါ သတင်းထောက်တွေဟာ ကင်မရာကိုင်ဖို့အတွက်တောင် စိုးရိမ်ထိတ်လန့်နေခဲ့ရပါတယ်။

သတင်းဓာတ်ပုံဗီဒီယိုမှတ်တမ်းတွေရယူပြီးရင်လည်း လုံလုံခြုံခြုံနဲ့ သိမ်းဆည်းထားနိုင်ဖို့အတွက်ကိုလည်း ကြိုတင်စဉ်းစားထားရပြန်ပါတယ်။

“ကင်မရာလုံးဝကိုင်လို့မရဘူး။ ဖုန်းတောင် အထဲက ဒေတာတွေကို ဖြတ်ထားရတယ်။ သတင်းယူပြီးပြီဆိုတာနဲ့ ဒေတာတွေကို ဘယ်လိုသိုဝှက်သိမ်းဆည်းရမယ်ဆိုတာ တောက်လျှောက်တွေးနေရတာ။ ပြီးတော့ ငါ့ကို ဘယ်သူစောင့်ကြည့်နေမလဲ ဆိုတဲ့ အနေအထားနဲ့ လုံခြုံမှုက လုံးဝမရှိတာ” လို့ မေသူကပြောပါတယ်။

ဆန္ဒပြမှုတွေမှာ အကြမ်းဖက်ဖြိုခွင်းမှုတွေရှိလာရင်တော့ အပြေးအလွှားပုန်းခိုနေခဲ့ကြရသလို ကင်မရာတွေနဲ့ သတင်းထောက်အမှတ်အသားပါတဲ့ ပစ္စည်းတွေဆိုရင်လည်း ပုန်းခိုတဲ့နေရာတွေမှာ ထားခဲ့ကာ လူကိုယ်တိုင်အရင်ဆုံး လွတ်မြောက်အောင် ကြိုးစားကြရပါတယ်။

မေသူ ကတော့ အခြေအနေအမျိုးမျိုးကိုဖြတ်ကျော်ပြီး ဆန္ဒပြမှုတွေကနေ လွတ်မြောက်လာခဲ့ပေမယ့် စစ်ကောင်စီကတော့ သူမရဲ့ နေအိမ်အထိ လိုက်လံရှာဖွေခဲ့ပါတယ်။ သူမဟာ နေအိမ်မှာ မနေပဲ ရှောင်တိမ်းနေခဲ့တာကြောင့် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် သူမရဲ့မိသားစုတွေ လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားကာ အိမ်နဲ့ အဆက်အသွယ် မလုပ်တော့ပဲ တစ်ယောက်တည်း ပုန်းရှောင်နေခဲ့ရတယ်ဆိုတာ ဝမ်းနည်းစွာ ဖွင့်ဟပြောလာပါတယ်။

“လက်ရှိမှာတော့ မိသားစုလုံခြုံရေးက ကျမ မိသားစုတွေနဲ့ ချိတ်ဆက်မှုမလုပ်လေ သူတို့အတွက် ပိုလုံခြုံလေလို့ကျမ ယုံကြည်ထားတယ်။ အဲ့ဒါကြောင့် အဆက်အသွယ်မလုပ်တော့ဘူး”

မေသူဟာ သူမ ကိုယ်တိုင်လုံခြုံဖို့အတွက် တစ်နေရာတည်းမှာ မနေပဲ နေရာ ၈ ခုလောက်ထိ ပြောင်းရွေ့နေထိုင်ခဲ့ရပါတယ်။

ရန်ကုန်မြို့ထဲမှာသာမကနယ်တွေအထိ သွားရောက်နေထိုင်ခဲ့ရပြီး သတင်းထောက်ဆိုတာကို ပတ်ဝန်းကျင်က မရိပ်မိအောင်လည်း သိုသိုသိပ်သိပ်နေထိုင်ခဲ့ရတာဖြစ်ပါတယ်။

အခုလို ကြုံတွေ့နေရတာဟာ ရန်ကုန်မြို့ပေါ်က သတင်းထောက်တွေတင် မကပဲ တိုင်းရင်းသားဒေသက သတင်းထောက်တွေလည်း လုံခြုံမှု မရှိတဲ့ အခြေအနေဖြစ်ပါတယ်။

ရန်ကုန်မြို့မှာကတော့ သတင်းထောက်အရေအတွက်များပြားတဲ့အတွက် နောက်ကြောင်းရာဇာဝင်စုံစမ်းရာမှာ အလွယ်တကူမသိနိုင်ပေမယ့်လို့ တိုင်းရင်းသာဒသေတွေမှာတော့ မီဒီယာဖွံ့ဖြိုးမှုလည်း နည်းပါးသေးတာကြောင့် သတင်းထောက်အရေအတွက်ဆိုလည်း လက်ချိုးရေတွက်လို့ရတဲ့ အနေအထားဖြစ်ပါတယ်။

အဲ့ဒီထဲမှာမှ အမျိုးသမီးသတင်းထောက်တွေဆိုတာကတော့ တကယ့်ကို ရှားပါးပါးပါပဲ။

“နယ်မှာကသတင်းထောက်တွေက ယောကျာ်းလေးတွေပဲများတယ်။ သပိတ်စပြီးဖြိုခွဲခံရတဲ့နေ့တုန်းကဆို ကိုယ်ကဘယ်ကို ပြေးလို့ပြေးရမှန်းလည်းမသိဘူး။ ယောကျ်ားလေးတွေကျ အပြေးသန်တယ်လေ။ အဲ့ဒါကလည်း ကိုယ့်အတွက် အန္တရာယ်ကြီးတယ်။ မိန်းကလေးဆိုတော့ ပိုသတိထားမိတာတွေလည်းရှိတယ်။ နယ်ဆိုတော့ ကျဉ်းတယ်လေ။ ဘယ်သူဘယ်အိမ်မှာနေလည်း သိကြတယ်။ ဆန္ဒပြပွဲတွေမှာ သတင်းယူပြီးရင်ဆို အိမ်ကို တိုက်ရိုက်မပြန်ရဲဘူး။ ကွေ့ပတ်လျှောက်သွားပြီးမှ ပြန်ရတယ်။ ရွာတွေမှာ ပတ်ပြီးနေရတယ်။ တအိမ်ပြီးတအိမ်ပြောင်းနေရတယ်” လို့ ကယားပြည်နယ် လွိုင်ကော်မြို့ ဒေသခံ သတင်းထောက် မြမြက ပြောပါတယ်။

ကယားပြည်နယ်ကပြည်သူလူထုတွေကလည်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို နည်းလမ်းမျိုးစုံနဲ့ ပါဝင်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

သပိတ်တွေကို လမ်းပေါ်မရောက်အောင် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖြိုခွင်းမှုတွေရှိနေပေမယ့်လည်း ရရနည်းလမ်းနဲ့ စုဝေးကာ ရွေ့လျားသပိတ်တွေကိုလည်း ပြုလုပ်ခဲ့ကြသလို အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးတာတွေကိုလည်း အကြိမ်ကြိမ် ခံခဲ့ရပါတယ်။

ဆန္ဒပြပွဲတွေနဲ့ အာဏာရှင်ဆန့်ကျင်ရေးလုပ်ဆောင်ခဲ့ကြပြီးနောက်မှာတော့ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကို ပြန်လည်ခုခံဖို့အတွက် လက်နက်ကိုင်ခဲ့ကြတဲ့ ဒေသခံတွေလည်းအများအပြားပေါ်ထွက်လာခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေပြင်းထန်ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

တိုင်းရင်းသားဒေသတွေမှာ အခုလို သေနတ်သံ ဗုံးသံတွေနဲ့ ယမ်းငွေ့တွေကြား နေထိုင်ရတာကတော့ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။

မြမြလို တိုင်းရင်းသားဒေသမှာ နေထိုင်ကြီးပြင်းခဲ့ရသူတွေအတွက်တော့ ငယ်စဉ်ကတည်းက သေနတ်သံတွေကြား ပြေးလွှားပုန်းရှောင်ရင်း အသက်ရှင်ဖို့ကြိုးစားခဲ့ကြရသူတွေဖြစ်ပေမယ့်လည်း ငြိမ်းငြိမ်းချမ်းချမ်းနေလိုတဲ့ ဒေသခံတွေအတွက်ကတော့ အခုလို စစ်တပ်က အာဏာသိမ်းမှုကြီးဖြစ်ပေါ်လာတာဟာ သူတို့ရဲ့ အတိတ်ဆိုးတွေဆီကို ပြန်ခေါ်သွားခဲ့သလို ခံစားနေကြရပါတယ်။

“စစ်တပ်ကအာဏာသိမ်းပြီးလို့သတင်းကြားတဲ့အချိန်မှာ ငယ်ငယ်တုန်းကဘဝကို သတိရတယ်။ ကိုယ်ကိုတိုင် ပြေးလွှားခဲ့ရတဲ့ အချိန်ပေါ့။သေနတ်သံ ဗုံးသံတွေကြားမှာ ကြီးလာရတဲ့သူဆိုတော့ အဲ့ဒါတွေကို ပြန်မြင်ယောင်ပြီးတော့ အဲ့လိုတွေဖြစ်လာတော့မယ်ဆိုတဲ့ စိတ်ဖြစ်တယ်။ စိုးရိမ်တယ်။ ကိုယ့်မိသားစုတွေအတွက် စိုးရိမ်တယ်။ ကျမတို့က အခုမှ ထူထောင်ရေးလို ဖြစ်နေတဲ့အချိန်မှာ နောက်ထပ်ဒီလိုပြန်ကြုံရတော့မယ်ဆိုပြီး အဓိက စိုးရိမ်တာက မိဘတွေကိုပေါ့” လို့သူမကဆိုပါတယ်။

Photo Credit: KSK  

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတဲ့အချိန်တုန်းက မြမြဟာ သူမရဲ့ မိဘတွေနေထိုင်ရာ ရွာကိုရောက်ရှိနေတာဖြစ်ပါတယ်။ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် သတင်းအချက်အလက်တွေမသိရှိသလို တစ်ရွာလုံးကလည်း ဘာဖြစ်လို့ ဖြစ်မှန်းမသိကြသေးပါဘူး။

မြမြက မနက် ရုံးသွားဖို့ စီစဉ်တဲ့အချိန် လမ်းပေါ်မှာ တစ်လမ်းလုံး စစ်သားတွေ စောင့်နေတာကိုမြင်တွေ့လိုက်ရတော့မှ အာဏာသိမ်းသွားပြီဆိုတာ သိလိုက်ပြီး မိဘတွေနဲ့ ရွာကသူတွေကို ပြန်လည် ပြောပြခဲ့တာဖြစ်ပါတယ်။

မြမြရဲ့ မိဘတွေကတော့ အန္တာရာယ်များလှတဲ့ သတင်းထောက်အလုပ်ကို ဆက်မလုပ်ဖို့ စိုးရိမ်စိတ်နဲ့ တားခဲ့ပေမယ့်လည်း မြမြကတော့ တိုင်းရင်းသားဒေသက ပြည်သူတွေရဲ့ အခြေအနေတွေ၊ အသံတွေကို ထုတ်ဖော်ဖို့အတွက် သတင်းထောက်အလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။

“ဘာလို့လဲဆိုတော့ ကျမတို့က အခုမှခံရတာမဟုတ်ဘူးလေ။ အရင်ကဆို အခုလို ဆိုရှယ်မီဒီယာတွေလည်းမရှိဘူး။ သတင်းအမှန်ထွက်ဖို့ ခက်ခဲတော့ ခံခဲ့ရတယ်။ ကိုယ်တွေခံခဲ့ရတာကို ကြားဖူးကြရင်တောင် ယုံချင်မှယုံမယ်။ အခုလို သတင်းအမှန်တွေမသိခဲ့ရတဲ့အတွက် တိုင်းရင်းသားတွေခံခဲ့ရတာတွေကို အသိမှတ်ပြုမခံရဘူးလို့ ခံစားမိတယ်။ ဒါကြောင့် ကိုယ့်ပြည်နယ်ကလူတွေဘယ်လိုကြုံတွေနေရလဲ ဘာတွေဖြစ်နေလဲဆိုတာကို အဓိက ဖော်ထုတ်နိုင်ဖို့အတွက် သတင်းထောက်အဖြစ်ပဲ ဆက်လုပ်ဖို့ ခံယူထားတယ်” လို့ မြမြကတော့ သူမရဲ့ အလုပ်ကို ဂုဏ်ယူစွာပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီက သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးဖို့အတွက် သတင်းမီဒီယာာလုပ်ငန်းတွေနဲ့ သတင်းထောက်တွေကို မတရားဖမ်းဆီးအရေးယူမှုတွေလည်း ရှိလာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှစလို့ စစ်ကောင်စီက သတင်းထောက်အများအပြားကို ဖမ်းဆီးခဲ့ပြီး သတင်းဌာန ၈ ခုကို သတင်းလုပ်ငန်းလုပ်ကိုင်ခွင့် ရုပ်သိမ်းခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီအဖွဲ့က မတရားဖမ်းဆီးထားသူတွေထဲမှ လူဦးရေ (၂၀၀၀) ကျော်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့က ပြန်လွှတ်ပေးခဲ့ပြီး သတင်းသမား (၁၄) ယောက်လည်း ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် သတင်းသမား (၈)ယောက် ၊ ဧရာဝတီတိုင်းအတွင်းမှ ထိန်းသိမ်းခံ သတင်းသမား (၄)ယောက်နဲ့ မန္တလေး အိုးဘိုထောင်မှာ ထိန်းသိမ်းထားတဲ့ သတင်းသမား (၂)ယောက်တို့ ပါဝင်ပါတယ်။

အဲ့ဒီထဲမှာ သတင်းထောက် မကေဇွန်နွေးနဲ့ မရွေရည်ဝင်းလည်း ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

မကေဇွန်နွေးကတော့ ဖေဖော်ဝါရီ ၂၇ က ရန်ကုန်မြို့ မြေနီကုန်းမှာ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ သတင်းယူနေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီး နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – ကဖြင့် တရားစွဲဆိုခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

မရွှေရည်ဝင်းကတော့ ပုသိမ်မြို့ တိုင်းဧရာ သတင်းဌာနက သတင်းထောက်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

အမျိုးသမီးသတင်းထောက်တွေဟာ အာဏာသိမ်းမှုအောက်မှာ သတင်းထောက်အဖြစ်ဆက်လုပ်ဖို့ အန္တရာယ်အလွန် များပေမယ့်လည်း ဒီအာဏာသိမ်းမှုကြောင့်ပဲ မတရားမှုတွေကို ဖော်ထုတ်ရမယ်ဆိုတဲ့ အသိစိတ်ကြောင့် သတင်းထောက်အလုပ်ကို ဆက်လက်ရွေးချယ်ခဲ့ကြပြန်ပါတယ်။

သတင်းထောက်တွေကို လက်နက်ကိုင်ပဋိပက္ခတွေကြား လုံခြုံစွာသတင်းရယူနိုင်ဖို့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေက သင်တန်းပေးတာတွေရှိပေမယ့်လည်း ဒီလို သင်တန်းတွေကို အမျိုးသမီးတွေတတ်ရောက်ဖို့ အခွင့်အရေးကတော့ နည်းပါးပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသားဒေသတွေကိုဆီကို သွားရောက်သတင်းရယူတဲ့ အခါမှာလည်း သတင်းမီဒီယာဌာနတွေအနေနဲ့ အမျိုးသားသတင်းထောက်တွေကိုသာဦးစားပေးစေလွှတ်တာကြောင့် လုံခြုံရေးနဲ့ပတ်သတ်တဲ့ သင်တန်းတွေကို အမျိုးသား သတင်းထောက်အများစုကသာ တတ်ရောက်ကြတာဖြစ်ပါတယ်။

တိုင်းရင်းသားဒေသက သတင်းထောက်တစ်ယောက်ဖြစ်တဲ့ မြမြကတော့ အခုလိုမျိုးသင်တန်း အတွေ့အကြုံ မရှိပေမယ့်လည်း သတင်းရယူရာမှာတော့ မြေပြင်အနေအထားကဓိကကျတယ်ဆိုတာကို ပြောပြထားပါတယ်။

“ပဋိပက္ခအတွင်း လက်နက်ကိုင်တိုင်ပွဲတွေအတွင်း သတင်းယူတဲ့အခါ လုံခြုံမှုရှိဖို့ သင်တန်းမျိုးတွေ မတတ်ဖူးဘူး။ သတင်းထောက်တယောက်ရဲ့ အခြေခံလိုအပ်ချက်တွေ သိထားရမယ့်အချက်တွေလောက်ပဲ ဆရာတွေက ကြားညှပ် ပြောပြထားတာတွေပဲရှိတာ။ ကိုယ်သိခဲ့တာတွေနဲ့ လက်တွေ့မှာမြင်ရတာတွေနဲ့ကတော့ တော်တော်လေး ကွာခြားတာပေါ့နော်။ ထွက်ပေါက်တွေရှာထားပြီး ပြေးရမယ်ဆိုတာမျိုးကလည်း လက်တွေ့မှာ သူတို့ဖမ်းချင်ရင် မရမကဖမ်းတာ” လို့ မြမြကပြောပါတယ်။

မြန်မာနိုင်ငံအတွင်းက သတင်းသမားအများစုဟာ လုံလောက်တဲ့ လစာ၊ လိုအပ်တဲ့ ပစ္စည်းကိရိယာ၊ လုံခြုံစွာ သတင်းရယူနိုင်မှုနဲ့ သတင်းထောက်တွေအပေါ်သတင်းဌာနတွေအနေနဲ့ တာဝန်ခံမှု တာဝန်ယူမှု လျော့နည်းမှုတွေအောက် မိမိ ခံယူချက်ကစ်ခုတည်းကိုသာလက်ကိုင်စွဲရင်း လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။

ဒါကြောင့် သတင်းထောက်အဖြစ် ရပ်တည်ဖို့ ပင်ပန်းခက်ခဲလာပြီး သတင်းထောက်အလုပ်ကို စွန့်လွှတ်ဖို့ မြမြနဲ့ မေသူလည်း အကြိမ်ကြိမ်စဉ်းစားခဲ့ကြဖူးတယ်လို့ ဆိုပါတယ်။

မြမြကတော့ “ကယားမှာဆိုရင် စစ်ဘေးရှောင်တွေလည်းဖြစ်သွားကြပြီ။ ပစ်ကြခတ်ကြတော့ စစ်ရှောင်တွေ တစ်သိန်းကျော်လောက်ဖြစ်သွားပြီ။ ဒီအချိန်မှာကသတင်းအချက်အလက်အမှန်တွေ စီးဆင်းနိုင်ဖို့တယ်။ လက်လှမ်းမီသလောက်ကို ကိုယ့်လူထုတွေအတွက် ဖော်ထုတ်သွားမယ်ဆိုတဲ့ ခံယူချက်ပိုဖြစ်လာတယ်။ ခိုင်မာလာတယ်။ အစကတော့ ပင်ပန်းလွန်းလို့ ကြောက်လွန်းလို့ မိသားစုအတွက် စိုးရိမ်လွန်းလို့ အလုပ်ထွက်မယ် နားမယ်လို့ တွေးပေမယ့် သတင်းထောက်မှန်းသိနေတာဆိုတော့ မထူးဘူးလေ။ ကိုယ့်ပြည်နယ်အတွက် သတင်းအမှန်တွေ စီးဆင်းနိုင်ဖို့၊ ကိုယ့်ပြည်နယ် အတွင်းမှာ ဖြစ်ပျက်နေတာတွေကို တခြားသူတွေသိရှိနိုင်ဖို့ ဆိုတဲ့စိတ်က ပိုပြီးပြင်းထန်လာတယ်။ ဒါပေမယ့်အခုချိန်က သတင်းထောက်အလုပ်က ဆက်လက်ရပ်တည်ဖို့လည်းခက်ခဲသလို နားဖို့လည်းခက်ခဲတဲ့အနေအထားဖြစ်နေတယ်” လို့ ပြောပါတယ်။

မေသူကတော့ ပင်ပန်းခက်ခဲစွာဖြတ်သန်းနေရတဲ့သတင်းထောက်ကိုဘဝကို စွန့်လွှတ်ချင်ပေမယ့်လည်း တော်လှန်ရေးမှာ အောင်နိုင်တဲ့အထိ သတင်းထောက်အဖြစ်ပဲ ဆက်လက်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

” ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီအရေးမှာတော့ သတင်းထောက်အဖြစ်ဆက်လုပ်ဦးမှာ။ ဒီအရေးလုပ်ပြီးတော့ ပြည်သူဘက်ကသာ အနိုင်ယူသွားမယ်ဆိုရင် သတင်းထောက်အလုပ်မလုပ်တော့ဘူး။ ဘာလို့လဲဆိုတော့ အခုချိန်မှာလေ စိတ်ရော ကိုယ်ရော တော်တော်ကို ပင်ပန်းထားပြီးပြီ။ ထပ်ပြီးလည်းပင်ပန်းရဦးမှာပဲ။ အာဏာရှင်မပြုတ်ကျမချင်း အပင်ပန်းခံပြီးတော့ သတင်းထောက်လုပ်ဦးမှာ။ ဒါကြီးပြီးသွားရင်တော့ သတင်းထောက်အလုပ်ကို တော်တော်စိတ်ကုန်သွားမယ်လို့တော့ တွက်ထားတယ်” မေသူက လို့ ပြောပါတယ်။

ကိုဗစ်ရောဂါကြောင့် လုပ်ငန်းတွေလည်ပတ်ဖို့ခက်ခဲခဲ့တဲ့ ၂၀၂၀ခုနစ်ကာလတွေတုန်းကလည်း သတင်းထောက်တွေဟာ တခြားဝန်ထမ်းတွေနည်းတူ အလုပ်ရပ်နားခံရတာတွေ၊ လစာလျော့ခံရတာတွေရှိခဲ့ပါတယ်။

အခု ၂၀၂၁ ခုနစ်မှာ အဏာသိမ်းမှုထပ်ဖြစ်တဲ့အခါမှာတော့ ကြပ်တည်းနေခဲ့တဲ့ အလုပ်ဟာ ပိုလို့တောင် ခက်ခဲသွားခဲ့ရပါတယ်။ရပ်နားခံထားရတဲ့ မီဒီယာလုပ်ငန်းတွေရှိခဲ့ပြီး အလုပ်လက်မဲ့ သတင်းထောက်တွေလည်း ရှိလာခဲ့ပါတယ်။သတင်းထောက်အလုပ်ကို ဆက်လက်လုပ်ကိုင်နေဆဲသူတွေကလည်း အန္တရာယ်တွေကြား လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။

ဘယ်အချိန်ဖမ်းခံရမလဲမသိ၊ ဘယ်အချိန် သေနတ်နဲ့ ပစ်ခံရမလဲမသိ၊ ဘယ်အချိန် အလုပ်လက်မဲ့ဖြစ်သွားမလဲ မသိစတဲ့ မရေရာမှုတွေကြား အမျိုးသမီး သတင်းထောက်တွေဟာ ပြင်းထန်တဲ့ ခံယူချက်တွေနဲ့ပဲ သတင်းအမှန်တွေကို ဆက်လက်ဖော်ထုတ်ဖို့ ဇွဲမလျော့တမ်း ဆက်လက်ကြိုးစားနေကြတာဖြစ်ပါတယ်။


Original Post: Honest Information

Send this to a friend