မိသားစု – ဒေါ်ခင်မာအေး(ညံဇံ)

July 15th, 2021  •  Author: U Hla Shwe and Daw Khin Mar Aye (Yangon)  •  1 minute read
Featured image

[၂၁ ဇွန် ၁၉၄၀ – ၁၁ ဧပြီ ၂၀၀၈]

By Daw Khin Mar Aye

U Hla Shwe and Daw Khin Mar Aye

    ကျွန်မရဲ့နာမည်ဟာ ဒေါ်ခင်မာအေးဖြစ်ပါတယ်။ ကျွန်မဟာ မြန်မာအမျိုးသမီးတစ်ဦးပါ။ ကျွန်မခင်ပွန်းကတော့ ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပါတယ်။ နာမည်ကတော့ ဦးလှရွှေပါ။ ကျွန်မရဲ့ ခင်ပွန်းဟာ ယခုအချိန်ထိလဲ နိုင်ငံရေးသမားတစ်ဦးအဖြစ် ရပ်တည်နေဆဲပါ။ လက်ရှိလဲ သရက်မြို့ အကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မနဲ့ ထောင်ဒဏ်(၁၄)နှစ် ကျခံနေရပါတယ်။

    ကျွန်မနဲ့ခင်ပွန်းဟာ ရန်ကုန်တက္ကသိုလ်မှာ ဆုံဆည်းခဲ့ကြတာပါ။ သူက ဧရာဝတီမြစ်ဝကျွန်းပေါ်သားဖြစ်ပြီးတော့ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ဇာတိပါ။ ကျွန်မကတော့ မြေလတ်ပိုင်းမြို့တစ်မြို့ဖြစ်တဲ့ တောင်ငူဇာတိပါ။ ကျွန်မခင်ပွန်းဦးလှရွှေဟာ အထက်တန်းကျောင်းသားဘဝထဲက ကျောင်းသားသမဂ္ဂလုပ်ငန်းတွေ၊ ကျောင်းသားလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပါတယ်။ ၁၉၅၆မှာ ဘိုကလေးမြို့နယ်ကျောင်းသားသမဂ္ဂအမှုဆောင် အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၅၇မှာ အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့အခါ ရန်ကုန်တက္ကသိုလ်မှာ ဆက်လက်ပညာဆည်းပူးခဲ့ပါတယ်။ တက္ကသိုလ်မှာ(၄)နှစ် တက်ရောက်ခဲ့ပြီး B.A(ဝိဇ္ဇာဘွဲ့)ကို အင်္ဂလိပ်၊ မြန်မာ၊ သမိုင်း အထူးပြုဘာသာရပ်တွေနဲ့အောင်မြင်ခဲ့ပါတယ်။

    ကျွန်မကတော့ ၁၉၅၈ မှာ အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တယ်။ ကျွန်မကလဲ ရန်ကုန်တက္ကသိုလ်မှာပဲ ဆက်လက်ပညာသင်ခဲ့ပါတယ်။ ကျွန်မကတော့ B.A(ဝိဇ္ဇာဘွဲ့)ကို အင်္ဂလိပ်၊ မြန်မာ၊ ပထဝီဝင်ဘာသာရပ်တွေနဲ့ အောင်မြင်ဘွဲ့ရခဲ့ပါတယ်။ ကျွန်မဟာလည်း အထက်တန်းကျောင်းသူဘဝကထဲက ကျောင်သားသမဂ္ဂနဲ့ ကျောင်းသားလှုပ်ရှားမှုတွေကို အထူးစိတ်ဝင်စား အားပေးခဲ့သူပါ။

    ကျွန်မနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ကျောင်းသားဘဝမှာ တွေ့ဆုံမေတ္တာမျှခဲ့ကြတာပါ။ ကျွန်မတို့နှစ်ယောက် နဖူးစာဆုံရာဌာနကတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအသင်းတည်ရှိရာ တ က သ အဆောက်အဦ(R.U.S.U) Rangoon University of Student Union မှာပဲ ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တ က သ)ဟာ မြန်မာနိုင်ငံ အမျိုးသားရေးလှုပ်ရှားမှုသမိုင်းမှာ ထင်ရှားခဲ့တဲ့ အဖွဲ့အစည်းဖြစ်သလို၊ အသင်းတိုက်အဆောက်အဦလဲ ဖြစ်ပါတယ်။ သမိုင်းဝင်အဆောက်အဦတစ်ခုလဲဖြစ်ပါတယ်။ တ က သ အမှုဆောင်များဟာ ကျောင်းသားခေါင်းဆောင်များဖြစ်သော်လည်း အမျိုးသားရေးလှုပ်ရှားမှုအခန်းကဏ္ဌတိုင်းမှာ အရေးပါတဲ့ အဓိကအခန်းက ပါဝင်ဦးဆောင်မှုပေးခဲ့ကြသူများဖြစ်ပါတယ်။ ဒီ(တ က သ)ကပဲ မြန်မာနိုင်ငံအတွက် နိုင်ငံ့ခေါင်းဆောင်များစွာ မွေးဖွားပေးခဲ့ပါတယ်။[အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း]ဟာလည်း ဒီ(တ က သ)ကပဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။ နောက်ပြီး ဒီ(တ က သ)အဆေက်အဦမှာပဲ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကြီး တည်ရှိပါသေးတယ်။ (A.B.F.S.U) All Burma Federation of Student Union ဟာ ကမ္ဘာ့ကျောင်းသားများအဖွဲ့ချုပ်ရဲ့ အသိအမှတ်ပြုခြင်းကိုခံရပြီး၊ I.U.S နဲ့ အဆက်အသွယ်ပြုထားတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဖြစ်ပါတယ်။

    (တ က သ)မှာ ကျောင်းသားတွေစုဝေးကြ၊ ဆွေးနွေးကြ၊ ညှိနှိုင်းတိုင်ပင်ဆုံးဖြတ်ကြ၊ လုပ်ငန်းတွေ အကောင်အထည်ဖော်ကြ၊ လှုပ်ရှားကြတာပါ။ ကျောင်းသားလုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေမှာပါဝင်ရင်း ကျွန်မတို့နှစ်ယောက် တွေ့ဆုံခင်မင်ရင်းနှီးမိတ်ဆွေဖြစ်ခဲ့ကြပါတယ်။ တက္ကသိုလ်ပညာသင်နှစ် လေးနှစ်အတွင်းမှာ ကျွန်မတို့နှစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုဟာ ပိုမိုလေးနက်ပြီး၊ ကျောင်းသားလှုပ်ရှားမှုတိုက်ပွဲတွေမှာ အတူလက်တွဲဆောင်ရွက်ရင်း ရဲဘော်ရဲဘက်ဘဝကို ရောက်ခဲ့ပါတယ်။ အဲဒီကမှတစ်ဆင့် ချစ်သူတွေဖြစ်သွားကြတာပါ။

    ကျွန်မတို့ ကျောင်းသားဘဝစာသင်နှစ်တွေမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားညီညွတ်ရေးတပ်ဦး(S.U.F) Student United Front အဖွဲ့ဟာ ထင်ရှားပါတယ်။ တက္ကသိုလ်ကျောင်းသားအများစုဟာ ဒီအဖွဲ့မှာ ပါဝင်လှုပ်ရှားကြပါတယ်။ ဒီအဖွဲ့ကမှတစ်ဆင့်တက်ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်များအဖြစ် ရွေးကောက်ပွဲဝင် ရွေးချယ်တင်မြှောက်ခြင်းခံရပါတယ်။ဒီ(S.U.F)မှာလည်း ကျွန်မတို့နှစ်ယာက်ပါဝင်ကြပါတယ်။ ကျွန်မခင်ပွန်းဦးလှရွှေဟာ ဒီအဖွဲ့မှာ အထွေထွေအတွင်းမှူးတာဝန် ယူခဲ့ပါတယ်။ ကျောင်းဆောင်သဟာယနှင့် စာဖတ်အသင်းများမှာလည်း အတွင်းရေးမှူး၊ ဥက္ကဌတာဝန်များကို ယူခဲ့ပါတယ်။တက္ကသိုလ်ကျောင်းဆောင်များရဲ့ အသင်းပေါင်းချုပ် အတွင်းရေးမှူး၊ ဥက္ကဌတာဝန်များကိုလည်း ထမ်းဆောင်ခဲ့ပါသေးတယ်။ သူပါဝင်ခဲ့တဲ့ အသင်းအဖွဲ့တိုင်းမှာလို ကျွန်မကလည်း အသင်းတာဝန်တွေ တတ်နိုင်သမျှယူခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့ကို ဝိုင်းကူခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ကျေင်းဆောင်များအဖွဲ့ကော်မတီမှာလည်း ကျောင်းသားကိုယ်စားလှယ်အဖြစ် ကျွန်မခင်ပွန်း ပါဝင်ခဲ့ပါသေးတယ်။

    ၁၉၆၀-၆၁ ကျောင်းသားထုသမဂ္ဂရွေးကောက်ပွဲမှာ(တ က သ)အမှုဆောင်အဖြစ် ကျွန်မခင်ပွန်း ရွေးချယ်ခံရပါတယ်။ သူဟာ အနုပညာကိုမြတ်နိုးပြီး စာပေကို ဝါသနာပါ တန်ဖိုးထားသူလည်း ဖြစ်ပါတယ်။ ဒါကြောင့်သူဟာ ရွေးကောက်ခံထားရတဲ့ အမှုဆောင်အဖွဲ့မှာ ‘အိုးဝေ’မဂ္ဂဇင်းတာဝန်ခံအယ်ဒီတာအဖြစ် ရွေးချယ်တင်မြှောက်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ ဒီတာဝန်ကို ဗိုလ်ချုပ်အောင်ဆန်းကျောင်းသားဘဝတုန်းက ယူခဲ့ဖူးပါတယ်။ ယခုတိုင် မြန်မာစာပေလောကမှာ ထင်ရှားနေတဲ့ အသက် ၈၀ ကျော် စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာဟာလည်း ကျောင်းသားဘဝက ‘အိုးဝေ’ မဂ္ဂဇင်းတာဝန်ခံအယ်ဒီတာ ဖြစ်ခဲ့ပါတယ်။ ကိုလှရွှေတာဝန်ယူ ထုတ်ဝေခဲ့တဲ့’အိုးဝေ’ မဂ္ဂဇင်းဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂသမိုင်းမှာ နောက်ဆုံးထုတ်ဝေခဲ့တဲ့ မဂ္ဂဇင်းဖြစ်ပါတယ်။ ဒီမဂ္ဂဇင်းထုတ်ဝေဖြန့်ချိနေချိန်မှာ သမိုင်းဝင်”၇-ရက် ဇူလိုင်” ကျောင်းသားလှုပ်ရှားမှုကြီး ဖြစ်ပွားခဲ့တယ်။ ကျောင်းသားတွေ အသတ်ခံရ၊ ကျောင်းတွေ အပိတ်ခံရတယ်။ နောက်ဆုံး ဇူလိုင်-၈ရက်နေ့ နံနက်မှာ သမိုင်းဝင် တ က သ အဆောက်အဦကြီးဟာ မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရတယ်။ ကျွန်မတို့အားလုံး စိတ်ထိခိုက်ကြေကွဲခဲ့ကြရပါတယ်။

       ( ၂)

ကျောင်းသားအခွင့်အရေးလှုပ်ရှားမှုများ၊ တိုက်ပွဲများမှာ မခိုမကပ်၊ တက်တက်ကြွကြွ တာဝန်ယူတက်ခဲ့တဲ့အတွက် ကိုလှရွှေဟာ ၁၉၆၀-ခုနှစ်မှာကျင်းပတဲ့ A.B.F.S.U ကျောင်းသားညီလာခံကြီးမှာ အတွင်းရေးမှူးအဖွဲ့ဝင်အမှုဆောင်အဖြစ် ရွေးချယ်ခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။ တက္ကသိုလ်မှာ တက်ရောက်ပညာသင်ခဲ့တဲ့(၄)နှစ်တာကာလအတွင်းမှာ အသင်းအဖွဲ့မျိုးစုံမှာ တာဝန်မျိုးစုံယူပြီး ကျောင်းသားအခွင့်အရေးများကို လုပ်ဆောင်နေရလို့ ကိုလှရွှေမှာ အားချိန်နားချိန်ရယ်လို့ မရှိခဲ့ပါဘူး။ ကျောင်းစာသင်ခန်းများ လစ်ဟင်းပျက်ကွက်ခဲ့သော်လည်း သူဟာအတတ်နိုင်ဆုံး အတန်းတက်ခဲ့ ကြိုးစားခဲ့ပါသေးတယ်။ သူပျက်ကွက်ခဲ့တဲ့ ကျောင်းစာများကို ကျွန်မကလည်း အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးခဲ့ပါတယ်။ သူဟာဥာဏ်ကောင်းသူတစ်ယောက်ဖြစ်တာမို့ ဝိဇ္ဇာတန်းနောက်ဆုံးနှစ်ကို ၁၉၆၂ခုနှစ်မှာ အောင်မြင်ခဲ့ပြီး B.A ဘွဲ့ရခဲ့ပါတယ်။ အဲဒီနှစ်စမှာပဲ ကျွန်မတို့နှစ်ယောက် လက်ထပ်ခဲ့ကြပါတယ်။

    ကျွန်မတို့တက်ရောက်ခဲ့တဲ့ ပညာသင်နှစ် (၄)နှစ်တာကာလအတွင်း ဗမာပြည်ရန်ကုန်တက္ကသိုလ်မှာ ပညာရေးမတည်ငြိမ်မှုတွေ၊ ပညာရေးကမောက်ကမဖြစ်မှုတွေ၊ တိုင်းပြည်အုပ်ချုပ်ရေးပိုင်း မငြိမ်သက်မှုတွေ၊ ပြည်တွင်း၌ ဖမ်းဆီးချုပ်နှောင် ထိန်းသိမ်းမှုတွေ၊ အပြောင်းအလဲတွေ များစွာဖြစ်ပေါ်ခဲ့တယ်။ စစ်တပ်က အာဏာသိမ်းမှု(၂)ကြိမ် ပေါ်ပေါက်ခဲ့တယ်။ ၁၉၅၈-၅၉ နဲ့ ၁၉၆၂ ခုနှစ်မှာ ဖြစ်တယ်။ ကျောင်းသားခေါင်းဆောင်များနဲ့ နိုင်ငံရေးသမားပေါင်းများစွာ အဖမ်းဆီးခံခဲ့ကြရတယ်။ ဒီအာဏာသိမ်းမှု (၂)ကြိမ်လုံးကို ကျောင်းသားသမဂ္ဂတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ ဒီအတွက် ကျောင်းသားတွေအပေါ် စစ်အာဏာရှင်များက အာဃာတထားခဲ့ကြပါတယ်။

    ၁၉၆၂ ခုနှစ်မှာ ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ ‘၇-ရက် ဇူလိုင်’ ကျောင်းသားအရေးတော်ပုံပေါ်ခဲ့တယ်။ စစ်အာဏာရှင်များက ကျောင်းသားတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်နှိပ်ကွပ်ခဲ့တယ်။ ကျောင်းသား ကျောင်းသူများစွာ အဖမ်းခံခဲ့ကြရတယ်။ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကျွန်မရဲ့ခင်ပွန်းဟာ အဖမ်းမခံရဘဲ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။ ကျောင်းသားတွေကို ဆက်လက်ပြီး ဦးဆောင်မှုပေးခဲ့တယ်။ စစ်အာဏာပိုင်များရဲ့ လိုက်လံဖမ်းဆီးမှုကို တိမ်းရှောင်ရင်း ဝရမ်းပြေးခဲ့ရတယ်။ ကျွန်မတို့နှစ်ယောက်ဟာ တစ်ကွဲတပြားစီ ရှောင်တိမ်းပုန်းအောင်းနေရင်း ကျောင်းသားလှုပ်ရှားမှုတွေ ဆက်လုပ်နေခဲ့ကြတယ်။ စစ်ထောက်လှမ်းရေးတွေရဲ့ ဖမ်းဆီးမယ့် ဘေးအန္တရာယ်ကို အမြဲသတိထားနေခဲ့ကြရတယ်။ ဒီ အန္တရာယ်အခက်အခဲတွေကြားကပဲ ကျွန်မဟာ သားဦးလေးကို မွေးဖွားခဲ့ရတယ်။ ခင်ပွန်းဖြစ်သူဟာ ကျွန်မအနားမှာ ရှိမနေခဲ့ပါဘူး။ အဝေးတစ်နေရာမှာ ပုန်းရှောင်နေရပါတယ်။

    ၁၉၆၃ ခုနှစ် ကျွန်မတို့တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်တဲ့ အချိန်မှာ ကျွန်မတို့မိသားစု ပြန်ဆုံခဲ့ကြပါတယ်။ ကျွန်မတို့နှစ်ဦးဟာ အလွတ်ပညာသင်ကျောင်းဆရာများအဖြစ် အသက်မွေးဝမ်းကြောင်းရင်း ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့ကြတယ်။ ကျွန်မတို့ မိသားစုရဲ့ ပြန်ဆုံတွေ့ချိန်ဟာ တိုတောင်းလွန်းလှပါတယ်။ ကျွန်မတို့ရဲ့သားဦးလေး(၁)နှစ်သားအရွယ်မှာပဲ ပြည်တွင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကြီးဟာ ပျက်ပြားသွားခဲ့ပါတယ်။ နောက်တစ်ကြိမ် လူဖမ်းပွဲကြီးတွေ ဖြစ်ပွားပြန်တယ်။ ကျွန်မခင်ပွန်းလည်းထုံးစံအတိုင်း ရှောင်တိမ်းပုန်းအောင်းရပြန်ပါတယ်။ စစ်အာဏာပိုင်များရဲ့ အဖမ်းအဆီးတွေက ကြမ်းလှပါတယ်။ မြို့ပေါ်မှာ အချိန်ကြာကြာပုန်းရှောင်လို့ မရတော့ပါဘူး။ အဖမ်းမခံရသေးတဲ့ ကျောင်းသားခေါင်းဆောင်အများစုဟာ လက်နက်ကိုင်ပုန်ကန်တောခိုခဲ့ကြတယ်။ ကျွန်မခင်ပွန်းလည်း ပါဝင်ခဲ့ပါတယ်။ ဒီတစ်ခါခွဲခွာမှုဟာ အကန့်အသတ်မရှိ ရှည်ကြာလွန်းပါတယ်။ ပြန်ဆုံမယ့်ရက်ဆိုတာ တွက်ချက်လို့ မရနိုင်အောင်ပါပဲ။ ကျွန်မကတော့ ဒုတိယမြောက်သားလေးရဲ့ ကိုယ်ဝန်ကိုလွယ်ရင်း သားဦးလေးနဲ့အတူ မြို့ပေါ်မှာ ကျန်ရစ်ခဲ့ပါတယ်။

   ကျွန်မဟာ ကျောင်းဆရာမအဖြစ် ဘဝကိုရပ်တည်ရင်း ၁၉၆၄ ခုနှစ်မှာ ဒုတိယသားလေးကို မွေးဖွားခဲ့ပြန်တယ်။ ကျွန်မတစ်ယောက်တည်း သား(၂)ယောက်နဲ့ အခက်အခဲဒုက္ခများစွာ ရင်ဆိုင်ပြီး ဘဝကို ကြံ့ကြံ့ခံရပ်တည်နေခဲ့တာဟာ သားဦးလေး ၆နှစ်အရွယ် ရောက်ခဲ့တဲ့အထိပါပဲ။ အဲဒီအချိန် ၁၉၆၇ ခုနှစ် ဇူလိုင် ၆ရက်နေ့ညမှာ စစ်အာဏာပိုင်များရဲ့ ဖမ်းဆီးခြင်းကို ကျွန်မခံခဲ့ရပါတယ်။ ကျွန်မကို ဖမ်းဆီးခေါ်ဆောင်ချိန်မှာ ငယ်ရွယ်သေးတဲ့ ၆နှစ်အရွယ်နဲ့ ၄နှစ်အရွယ် ကျွန်မသားလေးနှစ်ယောက်ဟာ ကျွန်မရဲ့ လုံခြည်စကို ဆွဲပြီးထားကြတယ်။ “မေမေ့ကို ခေါ်မသွားရဘူး” လို့ ပြောရင်းငိုပြီး ကျန်ရစ်ခဲ့ကြရှာတယ်။ အဲဒီတုန်းက ကျွန်မကို ရုံးတင်ပြီး အမှုစစ်ဆေးတာ မလုပ်ခဲ့ကြဘူး။ ‘ရေကြည်အိုင်’ ဆိုတဲ့ စစ်အကျဉ်းစခန်းတစ်ခုမှာ (၃)နှစ်ချုပ်နှောင်ထားခဲ့ကြတယ်။ ကျွန်မကို စစ်ကြောရေးစခန်းမှာ စစ်ထောက်လှမ်းရေးတွေက ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခဲ့ကြပါတယ်။ (၃)ရက် (၃)ည ဆက်တိုက် မအိပ်ရဘဲ ထိုင်နေခဲ့ရပါတယ်။ “ကြိုးနဲ့တုပ်၊ ကျင်စက်နဲ့ တို့ခဲ့ကြတယ်” ၊ “မိုက်မိုက်ရိုင်းရိုင်း၊ ယုတ်ယုတ်မာမာတွေ ပြောဆိုဆဲရေးခဲ့ကြတယ်” နှိပ်စက်ညှင်းပန်းရေးစခန်းဟာ ငရဲစခန်းလိုပါပဲ။ အော်သံ၊ ဟစ်သံ၊ နှိပ်စက်သံတွေနဲ့ ဆူညံနေပါတယ်။ အဲဒီအချိန်မှာ ကျွန်မဟာ “နာဇီတွေရဲ့ အော့ဇဝစ် အကျဉ်းစခန်း” ကို သွားပြီး သတိရမိတယ်။ စဖမ်းစဉ်ကထဲကပဲ ကျွန်မကို ကျောင်းဆရာမဘဝက အလုပ်ဖြုတ်ခြင်းကို ခံခဲ့ရပါတယ်။

    ၁၉၇၀ ခုနှစ်မှာ ကျွန်မပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ အဲဒီနှစ်ကုန်ပိုင်းမှာပဲ ကျွန်မရဲ့ခင်ပွန်းကို စစ်ဆင်ရေးထိုးစစ်တစ်ခုက ဝိုင်းဝန်းဖမ်းဆီးမိပြီး လက်နက်ချခဲ့ရပါတယ်။ ခင်ပွန်းဖြစ်သူ လပိုင်းလောက်အချုပ်ခံရပြီး ၁၉၇၁ ခုနှစ်မှာ ကျွန်မတို့မိသားစု ပြန်ဆုံခဲ့ကြရပြန်တယ်။ သားနှစ်ယောက်က မူလတန်းကျောင်းတက်နေကြပါပြီ။ ကျွန်မတို့ မိသားစု(၄)ယောက်ဟာ အလုပ်အကိုင်မရှိနဲ့ စားဝတ်နေရေးအခက်အခဲဖြစ်နေခဲ့ကြတယ်။ နောက်ဆုံးတော့ ကြက်အကောင် ၃၀နဲ့ မွေးမြူရေးလုပ်ငန်းကို စလုပ်ခဲ့ကြတယ်။ လုပ်ငန်းတဖြည်းဖြည်းအဆင်ပြေနေချိန် ၁၉၇၇ ခုနှစ်မှာ တတိယမြောက်သမီးကလေးကို ကျွန်မမွေးဖွားခဲ့ပါတယ်။

    ကျွန်မခင်ပွန်းဟာ တစ်လျှောက်လုံး နိုင်ငံရေးကို လျှို့ဝှက်လုပ်ကိုင်နေခဲ့တယ်။ ၁၉၈၂ ခုနှစ်မှာ စစ်အာဏာပိုင်တွေရဲ့ ထပ်မံဖမ်းဆီးခြင်းကိုခံရပြီး အမှုကို ရုံးတင်စစ်ဆေးထောင်ချခံခဲ့ရတယ်။ နိုင်ငံရေးပုဒ်မ ၅(ည)နဲ့ အင်းစိန်ထောင်မှာ ပြစ်ဒဏ်၂နှစ် ကျခံခဲ့ရတယ်။ ၁၉၈၄ ခုနှစ်မှာ ပြန်လွှတ်ခဲ့ပေမယ့် ၁၉၈၇ ခုနှစ်မှာ ဖမ်းဆီးခြင်းကို ခံခဲ့ရပြန်တယ်။ ပုဒ်မ ၁၀(က)နဲ့ တစ်နှစ်နီးပါး ထိန်းသိမ်းခံခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလ အစပိုင်းမှာ ပြန်လွတ်လာပြန်ပါတယ်။ အဲဒီအချိန်ကစပြီး နိုင်ငံရေးကို ဥပဒေဘောင်တွင်းကနေပြီး အတိအလင်းလုပ်ဆောင်ခဲ့ပါတယ်။ “ပြည်သူ့တိုးတက်ရေးပါတီ”ကို လုပ်ဖော်ကိုင်ဘက်တွေနဲ့ တည်ထောင်ခဲ့တယ်။ ခင်ပွန်းဟာ ပါတီရဲ့ အတွင်းရေးမှူးတာဝန်ကို ယူခဲ့တယ်။ အဲဒီလိုနေရင်းနဲ့ပဲ နယ်မြို့တွေကိုဆင်းပြီး နိုင်ငံရေးတရားပွဲများပြုလုပ်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် ဟောပြောစည်းရုံးမှုများပြုခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်၏ N.L.Dပါတီအပါအဝင် ၁၈ပါတီ ပါဝင်ဖွဲ့စည်းထားသော ‘မဟာမိတ်လုပ်ငန်းအဖွဲ့’ မှာလည်း အမှုဆောင်အဖြစ်ပါဝင်ခဲ့ပြန်ပါတယ်။

    ၂၈.၈.၁၉၈၈ နေ့တွင် ရန်ကုန်တက္ကသိုလ် တကသမြက်ခင်းပြင်တွင်ပြုလုပ်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ) (ABFSU) တရားဝင်ဖြစ်မြောက်ရေးဗဟိုကော်မတီ၏ ပထမအကြိမ်ညီလာခံမှာ ကျွန်မခင်ပွန်းဟာ ကျောင်းသားထုရဲ့ ဖိတ်ကြားခြင်းကိုခံရပြီး မိန့်ခွန်းတက်ရောက်ပြောကြားခဲ့ပါတယ်။ ဒါဟာ သူ ‘နှစ်ရှည်လများစွာ တောင့်တခဲ့တဲ့ဆန္ဒအိပ်မက်’ တစ်ခု ဖြစ်ပါတယ်။ ဒီအတွက်သူဟာ ဝမ်းသာကြည်နူးဂုဏ်ယူခဲ့ပါတယ်။ ဒီမိန့်ခွန်းကို သူဟောကြားခဲ့တဲ့အတွက် စစ်အာဏာပိုင်များရဲ့ အမုန်းအညှိုးကို သူများစွာခံယူခဲ့ရပါတယ်။ ၂၃.၆.၈၉ နေ့မှာ ဦးဝင်းတင်(သတင်းစာဆရာ)ပါဝင်တဲ့ မဟာမိတ်လုပ်ငန်းအဖွဲ့၊

ဆော်ဩရေးအဖွဲ့အစည်း၊ အစည်းအဝေးကအပြန် ညဖက်မှာ ကျွန်မခင်ပွန်း ထပ်မံဖမ်းဆီးခံရပြန်ပါတယ်။ ပုံနှိပ်ဥပဒေပုဒ်မ၊ နိုင်ငံရေးပုဒ်မ ၅(ည)နဲ့ အထူးစစ်ခုံရုံးက ထောင်ဒဏ်(၇)နှစ် အပြစ်ပေးခြင်းကို ခံခဲ့ရပါတယ်။ အဲဒီထောင်ဒဏ် (၇)နှစ်အတွက် ရန်ကုန်အင်းစိန်ထောင်နဲ့ မန္တလေးနန်းတွင်းအကျဉ်းထောင်၊ အိုးဘိုအကျဉ်းထောင်တို့မှာ နှစ်ပြည့် လျော့ရက်မရှိ နေခဲ့ရပါတယ်။ အဲဒီနှစ်မှာပဲ ကျွန်မတို့ရဲ့သားကြီး ‘ဆက်အောင်နိုင်’ ဟာ ကျောင်းသားလှုပ်ရှားမှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ သားအငယ်ဖြစ်တဲ့ ‘ဆက်အောင်ခိုင်’ကတော့ စစ်တပ်က အာဏာသိမ်းတဲ့ရက်မှာပဲ အဖော်ကျောင်းသားများနဲ့အတူ ထိုင်းနိုင်ငံဖက်ကို ရှောင်တိမ်းသွားခဲ့ပါတယ်။ နယ်စပ်မှာ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (A B S D F)အဖွဲ့မှာ တပ်ရင်းမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။ (A B S D F) (All Burma Student Democratic Front)ဒီသားအငယ်နဲ့ ကျွန်မတို့မိသားစု ကွဲကွာခဲ့တာ အခုဆိုရင် (၁၅)နှစ်ရှိခဲ့ပါပြီ။ ပြန်ဆုံတွေ့ခွင့်တစ်ခါမျှ မရသေးပါဘူး။ သားအကြီးကတော့ နိုင်ငံရေးပုဒ်မ ၅(ည)နဲ့ ပြစ်ဒဏ်(၄)နှစ်ကျခံခဲ့ရပါတယ်။ ရန်ကုန်အင်းစိန်အကျဉ်းထောင်နဲ့ မကွေးတိုင်း သရက်မြို့အကျဉ်းထောင်တွေမှာ နေခဲ့ရပါတယ်။

    ကျွန်မဟာ သားကြီးရှိတဲ့ သရက်ထောင်နဲ့ ခင်ပွန်းသည်ရှိတဲ့ မန္တလေးထောင်တွေကို တလှည့်စီ လစဉ်ထောင်ဝင်စာသွားခဲ့ရပါတယ်။ သမီးငယ်တစ်ဖက်နဲ့ မွေးမြူရေးလုပ်ငန်းကို တစ်ယောက်တည်း ပင်ပန်းကြီးစွာ လုပ်ကိုင်ရင်း သားနဲ့ခင်ပွန်းကို ထောင်ဝင်စာမှန်မှန်တွေ့ဖို့ ငွေရှာခဲ့ရပါတယ်။ အလုပ်သမားမငှားနိုင်ဘဲ ကျွန်မကိုယ်တိုင်ရဲ့ လုပ်အားနဲ့ ပင်ပန်းစွာ ရုန်းကန်ခဲ့ရပါတယ်။ အလုပ်ပင်ပန်းလွန်းလို့ ကျွန်မတစ်ကိုယ်လုံးဟာ ချွေးတွေနဲ့ ရေချိုးထားသလို ရွှဲနစ်နေတဲ့ အထိပါပဲ။ အဲဒီလို အလုပ်လုပ်ရင်း နှစ်ရှည်လများစွာ ထောင်ဝင်စာတွေ့ခဲ့ရပါတယ်။ ကျွန်မရဲ့ စီးပွားရေးဟာလည်း တဖြည်းဖြည်းနဲ့ လုံးပါးပါးခဲ့ရပါတယ်။ တစ်ဖက်မှာ ကျွန်မသမီးငယ်လေးရဲ့ ပညာရေးအတွက်လဲ ကျွန်မမှာ လုံးပန်းရပါသေးတယ်။ ဒီကြားထဲ နိုင်ငံရေးလှုပ်ရှားမှုများကိုလည်း ကျွန်မက လျှို့ဝှက်လုပ်ကိုင်နေခဲ့ပါတယ်။

    ဒီလိုနဲ့ န.အ.ဖ အစိုးရက အမျိုးသားညီလာခံကို စတင်ဖော်ထုတ်လာပါတယ်။ အဲဒီအမျိုးသားညီလာခံဟာ အတုအယောင်ဖြစ်တဲ့အကြောင်း ကျွန်မက ဆန့်ကျင်စာထုတ်ဝေမှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ အင်းစိန်အထူးစစ်ခုံရုံးမှာ ရုံးတင်စစ်ဆေးခံရပြီး နိုင်ငံရေးပုဒ်မ ၅(ည)နဲ့ ပြစ်ဒဏ်(၃)နှစ် ပေးခံခဲ့ရပါတယ်။ အင်းစိန်အကျဉ်းထောင်မှာ (၃)နှစ်တိတိ ပြစ်ဒဏ်စေ့ နေခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ (၁၅)နှစ်သမီးလေးဟာ တစ်ဦးတည်း အားငယ်စွာ ကျန်ရစ်ခဲ့ရရှာပါတယ်။ နိုင်ငံရေးယုံကြည်ချက်အတွက် ကျွန်မတို့ရဲ့ မိသားစုဘဝတွေကို အရင်းအနှီးအဖြစ် ပေးဆပ်ခဲ့ကြရတာပါပဲ။ သမီးငယ်လေးဟာ အရွယ်မရောက်မီ အိမ်ထောင်ကျခဲ့ရပြီး အဖေ၊ အမေနဲ့ အစ်ကိုကြီးဆီကို တစ်လှည့်စီ ထောင်ဝင်စာလာတွေ့ရရှာပါတယ်။ သူမရဲ့ ငယ်နုတဲ့ ဘဝလေးဟာ အညွန့်ကျိုးခဲ့ရှာပါတယ်။ ကျွန်မရဲ့ ရင်ထဲမှာ နင့်နေအောင် နာခဲ့၊ ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

    ကျွန်မအဖမ်းခံရတဲ့ ရက်ပိုင်းလေးအတွင်းမှာပဲ ကျွန်မရဲ့သားကြီးဟာ သရက်ထောင်ကနေ လွတ်လာခဲ့ပါတယ်။ သားကြီးပြန်လွတ်လာတဲ့အခါ ကျွန်မက အင်းစိန်အကျဉ်းထောင်ထဲ ရောက်နေပါပြီ။ ကျွန်မတို့သားအမိ ရက်ပိုင်းကလေး လွဲခဲ့ကြပါတယ်။ သားကြီးက ကျွန်မကိုတစ်ပြန် ထောင်ဝင်စာလာတွေ့ခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုဟာလည်း မရှည်ကြာခဲ့ပါဘူး။ လပိုင်းအတွင်းမှာပဲ ‘ခွပ်ဒေါင်းအလံ’ ကျောင်းသားသမဂ္ဂအထိမ်းအမှတ်အလံ လက်ဝယ်တွေ့ရှိမှုနဲ့ ကျွန်မသားကြီး ဒုတိယအကြိမ် ထပ်မံအဖမ်းခံရပြန်ပါတယ်။ ဒီတစ်ခါကတော့ ပုဒ်မ ၅(ည)နဲ့ပဲ အင်းစိန်အကျဉ်းထောင်မှာ ပြစ်ဒဏ်(၅)နှစ် ကျခံခဲ့ရပြန်တယ်။ ကျွန်မတို့မိသားစုအတွင်းမှာ ကံကြမ္မာမုန်တိုင်းက အဲဒီလိုဝင်မွှေနေခဲ့တာပါ။

    အကျဉ်းထောင်ထဲမှာ ခါးသီးတဲ့ကာလတွေကို ရင်ဆိုင်ရင်း ၁၉၉၅ ခုနှစ်မှာ အင်းစိန်ထောင်ကနေ ကျွန်မက ပထမဆုံးလွတ်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ကျွန်မခင်ပွန်းက ဒုတိယလူအဖြစ် မန္တလေးထောင်ကနေ ပြန်လွတ်လာပါတယ်။ ကျွန်မရဲ့သားကြီးကတော့ တတိယလူအဖြစ်နဲ့ အင်းစိန်ထောင်က ပြန်လွတ်ခဲ့ပါတယ်။ ကျွန်မတို့ မိသားစု(၅)ယောက်ဟာ တစ်ယောက်တစ်နေရာစီမှာ ၅ကွဲ ကွဲကွာနေခဲ့ရတာပါ။ ဒီတစ်ခါတော့ ၄ယောက်ပြန်ဆုံမိကြပါပြီ။ သားအငယ်ကတော့ ရေခြားမြေခြားမှာ ဝေးကွာနေပါသေးတယ်။ ကျွန်မတို့မိသားစုရဲ့ ပြန်ဆုံတွေ့မှုဟာ ကြာကြာခံမယ်လို့ မမျှော်လင့်ရဲပါဘူး။ အဓိကအကြာင်းကတော့ စစ်အာဏာရှင်အုပ်စိုးမှုက ရှိနေသေးတာကိုး။ ကျွန်မတွေးထင်တဲ့အတိုင်းပါပဲ။ ကျွန်မတို့ရဲ့ဆုံဆည်းမှုဟာ တကယ်ကို ၂နှစ်သာခံခဲ့ပါတယ်။ ၁၉၉၈ခုနှစ် ဇန်နဝါရီလဆန်းမှာ ကျွန်မရဲ့သားကြီးက ဈေးဦးပေါက် ထပ်မံအဖမ်းခံရပါတယ်။ နိုင်ငံရေးပုဒ်မ၅(ည)အပြင် အခြားပုဒ်မများ စုပေါင်းပြီး ပြစ်ဒဏ် ၁၄နှစ် ပေးခံရပါတယ်။ အဲဒီနှစ် ဖေဖော်ဝါရီလထဲမှာပဲ ကျွန်မခင်ပွန်းဦးလှရွှေဟာလည်း “မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်းစာအုပ်” ထုတ်ဝေမှုမှာ ပါဝင်တဲ့အတွက် ပြစ်ဒဏ်(၁၄)နှစ် ပေးခံရပါတယ်။ ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေ၊ နိုင်ငံရေးပုဒ်မ ၅(ည) စတာတွေနဲ့ စွဲချက်တင်ခံရတာပါ။ သားအဖ(၂)ယောက်လုံး အင်းစိန်အကျဉ်းထောင်မှာ နေကြရပါတယ်။

    အဲဒီအချိန်မှာ ကျွန်မမှာမြေးသမီးလေး(၂)ယောက်ရနေပါပြီ။ တိုးပွားလာတဲ့ မိသားစုလူဦးရေနဲ့ ကုန်ဈေးနှုန်းမြင့်တက်တဲ့ စီးပွားရေးကြပ်တည်းမှုနဲ့ ကျွန်မကြုံရပြန်ပါပြီ။ ကျွန်မရဲ့အလုပ်ဟောင်းဖြစ်တဲ့ မွေးမြူရေးလုပ်ငန်းကို ဆက်လုပ်ရင်း ကျွန်မရဲ့ မိတ်ဖက်ထောင်ဝင်စာတွေ့ရတဲ့ အလုပ်ကို ပြန်လုပ်ရပါတော့တယ်။ အင်းစိန်အကျဉ်းထောင်ဆိုတော့ နီးနီးနားနားထောင်ဝင်စာသွားရတာ သက်သာပါသေးတယ်လို့ အောင်းမေ့တုန်းမှာပဲ ခင်ပွန်းက သရက်ထောင်၊ သားကြီးက မြင်းခြံထာင် ပြောင်းရွေ့ခံရပါတော့တယ်။ ဒီထောင်တွေဟာ ကျွန်မနေတဲ့ ရန်ကုန်မြို့နဲ့ တစ်နေ့ခရီးလောက် သွားရတဲ့ မိုင်ပေါင်းများစွာဝေးတဲ့ မြို့တွေမှာ ရှိတာပါ။ ရာသီဥတု ပူပြင်းဆိုးဝါးတဲ့မြို့တွေပါ။

    ကျွန်မအကြောင်းအရာလေးတစ်ခုကို သတိရလို့ ပြန်ပြောချင်ပါတယ်။ ကျွန်မနဲ့ ကျွန်မခင်ပွန်းတို့ ကျောင်းနေတုန်းက ချစ်သူတွေ ဘဝမှာ ရန်ကုန်အကျဉ်းထာင်ကြီး(မဖျက်ခင်)နားက ဖြတ်သန်းသွားကြတော့ ကျွန်မချစ်သူက ကျွန်မကို ထောင်ကြီးကိုပြပြီး တစ်နေ့မှာ သူထောင်ကျခဲ့ရင် ထောင်ဝင်စာတွေ့ရဲပါ့မလားလို့ မေးပါတယ်။ ကျွန်မက ချက်ချင်းပဲ တွေ့ရဲတယ်။ ဘယ်ရောက်ရောက် လာတွေ့မယ်လို့ ပြောခဲ့တယ်။ အဲဒီစကားမှန်ခဲ့ပါတယ်။ အခု ကျွန်မမှာ ထောင်တကာ ရောက်ဖူးပါပြီ။ ကျွန်မသားကြီးကိုလည်း ကျွန်မက အားပေးခဲ့ပါတယ်။ ငါ့သား မြန်မာပြည်အတွင်း ဘယ်ထောင်ရောက်ရောက် အားမငယ်နဲ့ …အမေရောက်အောင် လာတွေ့မယ်။ လက်မှတ်ထိုးအညံ့ခံပြီး ဘယ်တော့မှ ထွက်မလာခဲ့နဲ့လို့ ပြောခဲ့ပါတယ်။

    အခု ၂၀၀၃ ခုနှစ်ကုန်တော့မှာပါ။ ကျွန်မရဲ့ခင်ပွန်းနဲ့ သားကြီးဟာ တစ်ယောက်တစ်ထောင်စီမှာ ရှိနေကြဆဲပါ။ ကျွန်မကလဲ ထောင်ဝင်စာလိုင်စင်ယူထားတာကျနေတာပဲ။ သူတို့ကို တစ်လှည့်စီ ထောင်ဝင်စာတွေ့တုန်းပါပဲ။ ကျန်းမာရေးကြောင့် ခါတိုင်းလို လစဉ်မှန်မှန်ထောင်ဝင်စာ မသွားနိုင်ပေမယ့် (၂)လတစ်ကြိမ်၊ (၃)လတစ်ခါတော့ ကျွန်မထောင်ဝင်စာ မှန်မှန်သွားနေဆဲပါပဲ။

    ဒီမှာ ကျွန်မတစ်ခုပြောချင်ပါတယ်။ ရှင်တို့က ကျွန်မကို ဘာကြောင့် ဒါတွေလုပ်နေရတာလဲလို့ မမေးခဲ့ကြဘူး။ ဘာကြောင့် ဒီလိုဒုက္ခတွေကို နှစ်ပေါင်းများစွာ ၁၉၆၂ ခုကနေ အခု ၂၀၀၃အထိ (၄၁)နှစ်ကြာအောင် ခံနိုင်နေရတာလဲလို့ မမေးခဲ့ကြဘူးနော်…

…ကျွန်မက မေးစေချင်ပါတယ်…ဖြေလဲ ဖြေချင်ပါတယ်…

    ကျွန်မမှာ ယုံကြည်ချက် (Faith)

                  မျှော်လင့်ချက် (Hope) နဲ့

                  ချစ်မေတ္တာ      (Love) တွေရှိလို့ပါပဲ။

ကျွန်မတို့ရဲ့ နိုင်ငံကို ‘ခေတ်မီဖွံံဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ၊ ငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံသစ်’အဖြစ် တည်ဆောက်မယ်ဆိုတဲ့ ယုံကြည်ချက်။ အဲဒီအတွက် ကျွန်မတို့နိုင်ငံမှာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းပစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်၊ စစ်အာဏာရှင်မရှိမှ ကျွန်မတို့ပြည်သူတွေ လိုချင်တောင့်တနေတဲ့ ဒီမိုကရေစီသစ်နိုင်ငံ တည်ဆောက်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေရှိလို့ပါပဲ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်မတို့ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးချိုးငှက်ကူသံ၊ လှပမွှေးသင်းတဲ့ ငြိမ်းချမ်းရေးပန်းခင်း၊ အေးမြချိုသင်းတဲ့ လေပြည်လေညှင်း…ဒါတွေကို ကျွန်မတို့ပြည်သူတွေ ကြားရမယ်၊ မွှေးကြူရမယ်၊ ရှုရှိုက်ရမယ်လို့ မျှော်လင့်နေတယ်။ ကျွန်မတို့ အောင်ပွဲခံရမယ်လို့ မျှော်လင့်ယုံကြည်နေတယ်။

               ကျွန်မ တိုင်းပြည်နဲ့ ပြည်သူတွေကို ချစ်တယ်။

                         ကျွန်မရဲ့ ခင်ပွန်းကိုလည်း ချစ်တယ်။

    အဲဒီ ချစ်မေတ္တာတွေက ကျွန်မကို ခံနိုင်ရည်ရှိအောင် ဇွဲရှိအောင် အားမာန်တွေပေးနေပါတယ်။ ကျွန်မအသက်ရှင်နေသမျှ ဆက်လက်လုပ်ဆောင်သွားမယ်။ ကျွန်မတို့ အောင်ပွဲရတဲ့အထိ လုပ်ဆောင်သွားမယ်လို့ ရှင်တို့ကို ဖြေကြားလိုက်ပါတယ်။

    ဒါတွေဟာ စစ်အာဏာရှင်တွေရဲ့ အုပ်စိုးမှုအောက်မှာ ရုန်းကန်ရှင်သန်နေရတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ ဘဝပုံရိပ်တွေပါပဲ။

    အခု…ကျွန်မ အသက်လည်းကြီးပြီ။ ၆၅ နှစ်ရှိပါပြီ။ ကျန်းမာရေးလည်း သိပ်မကောင်းလှပါဘူး။ ဒါပေမယ့် ကျွန်မ…ဘယ်တော့မှ ဇွဲမလျှော့ပါဘူး။ ခရီးဆုံးပန်းတိုင်ထိ ဆက်လက်လျှောက်လှမ်းသွားမှာပါ။

    ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတိုင်းရဲ့ဘဝ လွတ်လပ်ချမ်းမြေ့သာယာလှပပါစေလို့ ကျွန်မဆုတောင်းမေတ္တာပို့သပါတေယ်။

                                        ……………ဒေါ်ခင်မာအေး(၁၈-၁၀-၂၀၀၃)

“သရက်ထောင်ရှိ တကသခေါင်းဆောင်ဟောင်း ဦးလှရွှေ ဇနီးရဲ့ ခံစားချက်စာ”ဆိုတဲ့ လက်ရေးစာမူကို ဖော်ပြခွင့်ပေးတဲ့ ဦးလှရွှေကို ကျေးဇူးတင်ပါတယ်။

photo- ကိုသီဟလတ်


Original Post: Thant Nyi Nyi Win

 

Send this to a friend