နွေဦးတော်လှန်ရေးထဲက မိုးကုတ်သူ မသော်သော်

July 9th, 2021  •  Author:   Khaing Zin Thaw (aka) Ma Thaw Thaw (Mogok)  •  1 minute read
Featured image

By နောင်နောင်

မိုးကုတ်သူ မသော်သော်

မသော်သော်ဟာ ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်မှာ ဟာသဗွီဒီယိုလေးတွေနဲ့ လူသိများလာတဲ့ အသက် နှစ်ဆယ် ကျော်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ အရင်က နိုင်ငံရေးလှုပ်ရှားမှုတွေမှာမပါဝင်ခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ မိုးကုတ်မြို့ရဲ့ လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေမှာ တက်ကြွစွာပါဝင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်တဲ့ ကျောင်းဆရာ၊ ဆရာမတွေအတွက်လည်း လိုအပ်တဲ့ အလှူငွေတွေ ကောက်ခံကာ ကူညီထောက်ပံ့မှုတွေမှာလည်း လုပ်ဆောင်ခဲ့ပါတယ်။

ဧပြီလ ၂၆ ရက်နေ့ မှာတော့ စစ်ကောင်စီတပ်အင်အား ၆၀ လောက်ဟာ အသက် ၂၂ နှစ်အရွယ် မသော်သော် (ခ) ခိုင်ဇင်သော် မသော်သော်ရှိမယ်အထင်နဲ့ မိုးကုတ်မြို့ မိုးကုတ်မြို့ အုန်းကိုင်းရွာသစ် (၁) ရပ်ကွက်က နေအိမ်ကိုဝင်ရှာပါတယ်။ 

သူတို့လိုချင်တဲ့သူကိုရှာမတွေ့တဲ့အဆုံး ဖခင်ဖြစ်သူ အသက် ၅၀ နှစ်အရွယ် ဦးကျော်မြင့်နိုင်၊ မိခင်ဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်သန္တာအေးနဲ့ အသက် ၂၇ နှစ်အရွယ် ယောင်းမဖြစ်တဲ့ မနွယ်နွယ်အောင်တို့သုံးဦးကို ဓားစာခံလုပ်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

“ စစ်ဆေးစရာတွေ ရှိတယ်ပေါ့။ ကလေးက ဆန္ဒပြတာတွေ ရှိလို့ပေါ့နော်။ စစ်ဆေးမယ်ဘာညာဆိုပြီးတော့ ခေါ်သွားတာ” လို့ မသော်သော်က ပြောပါတယ်။

နွေဦးတော်လှန်ရေးထဲက မိုးကုတ်သူ မသော်သော်

အဲဒီကတည်းက အိမ်သားတွေမရှိလို့ တိတ်ဆိတ်နေတဲ့အိမ်ကို အိမ်နီးနားချင်းတွေကစောင့်ရှောက်ပေးထားရပါတယ်။

တကယ်တော့ မသော်သော်ဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်းက အိမ်မှာမနေဘဲ တစ်ခြားနေရာကနေ နွေဦးတော်လှန်ရေးမှာပါဝင်နေတာဖြစ်ပါတယ်။

“ညီမလေးက အိမ်မှာမနေဘူး။ တခြားနေရာကနေ တော်လှန်ရေးကို ပါဝင်တာ။ မိဘတွေနဲ့လည်း အတူမရှိဘူး။ ဒီတော်လှန်ရေး စပြီဆိုကတည်းကနေ (အိမ်) မနေတော့တာ” 

ပိုစ့်တစ်ခုတင်ရင် ရှယ်ကြတဲ့သူများရင် သူတို့က ဒါမျိုးတွေကို ရှာတယ်။ ပုံမှန်ဖေ့စ်ဘွတ်အသုံးပြုသူတွေကိုတောင် သူတို့က ရှာတယ်ဆိုတော့ ရှောင်ရမယ့်အနေအထားရှိတယ်ဆိုပြီး ဆုံးဖြတ်ပြီးတော့မှ တိမ်းရှောင်လိုက်တာ” လို့ သူက ပြောပါတယ်။

မသော်သော်ရဲ့ မိဘနှစ်ပါးနဲ့ ယောင်းမဖြစ်သူတို့ သုံးဦးကို မိုးကုတ်မြို့မရဲစခန်း အချုပ်ထဲမှာထိန်းသိမ်းထားလိုက်ပြီး နိုင်ငံတော်အကြည်အညို ပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ပုဒ်မတပ် အမှုဖွင့်ပါတယ်။ အဲဒီနောက် ရက်ပိုင်းအကြာမှာတော့ ဖခင်ဖြစ်သူကို စခန်းအချုပ်ကနေ အကျဉ်းထောင်ကို ပို့လိုက်ပြီး မိခင်ဖြစ်သူနဲ့ ယောင်းမတို့ကိုတော့ ရဲစခန်းအချုပ်ထဲမှာပဲ ဆက်လက် ထိန်းသိမ်းထားပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီက အကျဉ်းသား နှစ်ထောင်ကျော် ပြန်လွှတ်ပေးတဲ့အထဲ သူ့ ယောင်းမဖြစ်သူ ပါဝင်ခဲ့ပေမယ့် မိဘနှစ်ပါးကတော့ အချုပ်အနှောင်ဆက်ခံနေရတုံးပါပဲ။

“အဖေကို ဖမ်းပြီးတဲ့နောက်မှာ သွားတွေကျွတ်တဲ့အထိ ရိုက်နှက်ခံထားရတယ်ဆိုတဲ့ သတင်းတော့ ပြန်ကြားရတဲ့အတွက် စိတ်မကောင်းဘူး” လို့ မသော်သော်က ပြောပါတယ်။

စစ်အစိုးရ ဆန့်ကျင်ရေးမှာ ပါဝင်ပုံနဲ့ ပတ်သက်လို့ သူက “ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပေါ့နော်။ ပြီးတော့ ကိုယ်လုပ်သင့်တယ်ထင်လို့ ဆုံးဖြတ်ပြီးတော့မှ အဲဒါကို ဆက်လျှောက်တယ်။ ဒီနေ့အထိ။ အဓိကကတော့ အမှားအမှန်ကို ခွဲရတာပေါ့။ ငါဒါကိုလုပ်ရင် မှန်မယ်ဆိုတာ သိတယ်ပေါ့နော်။ အဲလိုဆုံးဖြတ်ပြီးတော့ လုပ်ခဲ့တာပါ”လို့ ပြောပါတယ်။

CDM တက်ကြွလှုပ်ရှားသူ မသော်သော်

မိခင်ဖြစ်သူက သမီးနဲ့အတူ တခါတလေ မိုးကုတ်မြို့က ဆန္ဒပြပွဲတွေကို သွားလေ့ရှိပေမယ့် ဖခင်ဖြစ်သူကတော့ ဆန္ဒပြပွဲတွေကို သိပ်သွားလေ့မရှိပါဘူး။

အချုပ်ခန်းထဲက မိခင်ဖြစ်သူ သတင်းကို အနည်းငယ် ကြားသိရပေမယ့် အကျဉ်းထောင်ထဲက ဖခင်ဖြစ်သူနဲ့တော့ လုံးဝအဆက်အသွယ်မရပါဘူး။

“အမေက အချုပ်ထဲမှာဆိုတော့လေ အခန်းကျဉ်းကျဉ်းလေးထဲမှာ အမျိုးသမီးတွေစုပြီးနေရတယ်လို့တော့ ညီမလေး သိရတယ်။ စားတာဘာညာကတော့ ပို့ပေးတာကတော့ အကုန်လုံး စားရတယ်ပေါ့နော်” 

အဖေကို ပိုပြီးတော့ စိတ်ပူတယ်။ အမေတောင် အထဲမှာကျန်းမာရေးကောင်းတယ်ကြားလို့ နည်းနည်း စိတ်အေးရတယ်။ အဖေကို ပိုပြီးစိုးရိမ်ပူပန်မိတယ်။ ဒါပေမယ့် ကိုယ်လည်း ဘာမှမလုပ်ပေးနိုင်တဲ့အတွက် စိတ်လည်းမကောင်းဘူး” လို့ သူက ပြောပါတယ်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဟာ အလိုရှိသူကို ရှာမတွေ့ရင် မိသားစုဝင်တွေကို ဓားစာခံအဖြစ် ပစ်မှတ်ထား ဖမ်းဆီးတာကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ ဇွန်လ ၁၃ ရက်နေ့ကလည်း မိုးကုတ်မြို့ သပိတ်ခေါင်းဆောင် ဦးစိုးဌေးကို ဖမ်းမမိတဲ့အတွက် ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ခိုင်၊ မသိမ့်စန္ဒီစိုးနဲ့ အသက်ငါးနှစ်အရွယ် မစုထက်ဝိုင်းတို့ သားအမိသုံးဦးကို အာဏာသိမ်း စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာ အသက်ငါးနှစ်အရွယ် မစုထက်ဝိုင်းကို ပြန်လွှတ်ပေးလိုက်ပေမယ့် ဒေါ်ကြည်ကြည်ခိုင်နဲ့ မသိမ့်စန္ဒီစိုးတို့ နှစ်ဦးကိုတော့ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ဇွန် ၂၄ အထိ စာရင်းအရ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ ၇၆ ဦးအထိရှိခဲ့ပြီး အဲဒီအထဲ အငယ်ဆုံးမှာ အသက် နှစ်နှစ် အရွယ် ဖြစ်တယ်လို့ သိရပါတယ်။


Original Post: Mizzima – News in Burmese