29 June 2021
ရုပ်ရှင်ဖန်တီးသူ မအိမ့်
စစ်ကောင်စီက ဖမ်းဆီးထားသည့် ရုပ်ရှင်ထုတ်လုပ် ဖန်တီးသူ မအိမ့်သည် ရွှေပြည်သာစစ်ကြောရေးတွင် စစ်ဆေးမေးမြန်း ခံရစဉ် ကာလအတွင်း ခြေချောင်းများ ကျိုးသည့်အထိ နှိပ်စက်ခံရကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များထံမှ သိရသည်။
မအိမ့်သည် ခြေချောင်းအဆစ်များ ပြုတ်ထွက်ခဲ့ရုံသာမက တခြားနှိပ်စက်ခံထားရသည့် ဒဏ်ရာများကြောင့် ၁၀ ရက် ခန့် ဆေးရုံ တက်ခဲ့ရသည်ဟုလည်း ဆိုသည်။
သတင်းရင်းမြစ် တဦးက “မအိမ့်က စစ်ကြောရေးကို ရောက်လာလာချင်း ခြေချောင်းတွေ အချိုးခံရတယ်။ ခြေချောင်း အဆက်တွေ ပြုတ်ထွက်ကုန်တာပေါ့။ တခြားဒဏ်တွေရောဆိုတော့ အဲဒီမှာ ဆေးရုံကို ၁၀ ရက်လောက် တက်လိုက်ရ တယ်။ အခုတော့ ကောင်းသွားပြီ။ စစ်ကြောရေးကို ပြန်ရောက်နေပါပြီ” ဟု ပြောသည်။
ရုပ်ရှင်ထုတ်လုပ်ဖန်တီးသူ မအိမ့်ကို စစ်ကောင်စီက ဇွန် ၅ ရက်နေ့တွင် ရန်ကုန်မြို့ နေအိမ်မှ ထွက်လာသည့်အချိန် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး တလနီးပါးအကြာ ယနေ့အချိန်ထိ ဖမ်းဆီးခံရသည့် အကြောင်းအရင်းကို မသိ ရသေးပေ။
မအိမ့်၏ အမည်မဖော်လိုသော မိတ်ဆွေတဦးကမူ လက်ရှိတွင် မအိမ့်မှာ ကောင်းမွန်စွာရှိကြောင်း လွန်ခဲ့သည့် တပတ်ခန့် က စစ်ကြောရေးမှ ပြန်လည်လွတ်မြောက်လာသူ တဦး၏ ပြောကြားချက်ကို ကိုးကား၍ ဧရာဝတီသို့ပြောသည်။
“သူနဲ့တွေ့ခဲ့တဲ့ လွတ်လာတဲ့သူက ပြောတာကတော့ သူလွတ်တဲ့အချိန်အထိက အဆင်ပြေတယ်ပေါ့။ တပတ်လောက် တော့ရှိပြီ။ သေချာတာကတော့ ဘယ်နေရာမှာ သူ့ကိုထိန်းသိမ်းထားလဲဆိုတာလည်း မသိဘူး။ကျနော်တို့ကတော့ စိတ်ပူတာပေါ့။ အမြန်ဆုံးလွတ်လာဖို့လည်း မျှော်လင့်တယ်”ဟု အဆိုပါ မအိမ့်၏ မိတ်ဆွေက ပြောသည်။
ယခုလို စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ခံရသည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့်သူများမှာ သံသယဖြင့် ဖမ်းဆီးခံထားရခြင်းဖြစ်သည့်အတွက် လုပ်ခွင့်မရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့၏ အကြံပေး ဒေါ်တင်တင်ညိုက ပြောသည်။
ဒေါ်တင်တင်ညိုက “တကယ်ဆို လုပ်ခွင့်မရှိဘူး။ လူသားချင်း စာနာထောက်ထားခြင်း ရှုထောင့်က ကြည့်မယ်ဆိုရင် လူတယောက်ကို မေးမြန်းလို့ ရတယ်။ ရိုက်နှက်ညှဉ်းပန်းတာ လုံးဝ လုပ်လို့ မရဘူး။ ပြောရမယ်ဆိုရင် သူဟာ တရားခံ ဟုတ်မနေသေးဘူး။ ပြစ်မှုကျူးလွန်တယ် ဆိုတဲ့ အနေအထားလည်းရောက်မနေသေးဘူး။ ဖမ်းဆီးခံရတဲ့အနေအထားတွေ အကုန်လုံးက သံသယနဲ့ပဲဖမ်းဆီးတာ ဖြစ်တယ်။ အဲဒီအချိန်မှာ ရိုက်နှက်ညှဉ်းပန်းတာ လုံးဝ မလုပ်ရဘူး ” ဟုပြောသည်။
ဖမ်းဆီးခံ မအိမ့်ကို ချက်ချင်းပြန်လွှတ်ပေးရန် နိုင်ငံတကာမှစွန့်စားနေသည့် ရုပ်ရှင်သမားများ၊ အသက်အန္တရာယ် ရင်ဆိုင် နေရသည့် ရုပ်ရှင်သမားများအတွက် အထောက်အကူပြုရန် ဖွဲ့စည်းထားသော စွန့်စားနေရသည့် ရုပ်ရှင်သမားများအတွက် နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ (The International Coalition for Filmmakers at Risk – ICFR) က အာဏာပိုင်များထံ ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုထားသည်။
မအိမ့်သည် ၂၀၂၀ ခုနှစ် ကိုရီးယားနိုင်ငံ ဘူဆန်ရုပ်ရှင်ပွဲတော်တွင် New Currents ပြိုင်ပွဲဝင် ဇာတ်ကားအဖြစ် ပြသခဲ့ သည့် ခြေလေးချောင်းရုပ်ရှင် ဇာတ်ကား၏ ထုတ်လုပ်သူ တဦးဖြစ်သည့်အပြင် ပူးတွဲဇာတ်ညွှန်းရေးသားခဲ့သူလည်း ဖြစ် သည်။
၎င်းသည် ချက်နိုင်ငံ ရုပ်ရှင်အနုပညာတက္ကသိုလ်က ပြုလုပ်သည့် FAMU Summer Filmmaking Initiation Campus အပါအဝင် Script Lab များဖြစ်သော Locarno Open Doors နှင့် Ties That Bind ပရိုဂရမ်များကိုလည်း ပါဝင် တက်ရောက်ခဲ့ဖူးသူ ဖြစ်သည်။
စစ်ကောင်စီသည် အာဏာသိမ်းသည့် ဖေဖေါ်ဝါရီ ၁ ရက်မှ စ၍ ဇွန် ၂၈ရက်နေ့အထိ လူပေါင်း ၈၈၃ ဦးကို သတ်ဖြတ်ခဲ့ သလို၊ လူပေါင်း ၆၃၉၉ ဦးကို ဖမ်းဆီးခဲ့ရာ ထိုအထဲတွင် ၁၉၆၆ ဦးကို ပြန်လွှတ်ခဲ့ပြီး ၅၂၀၂ ဦးကို ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP(Myanmar) ၏ ထုတ်ပြန်ချက်အရ သိရသည်။
မကြာသေးမီကမှ လွတ်မြောက်လာသည့် ကမာရွတ်မီဒီယာ၏ အမှုဆောင်ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်၏ မီဒီယာများ နှင့် တွေ့ဆုံပြောကြားချက်များအရ စစ်ကြောရေးမှာ ကြမ်းတမ်းကြောင်း၊ ပြင်းထန်စွာ ရိုက်နှက် ကန်ကျောက်ခံရသလို၊ အစားအစာများ ကျွေးမွေးခြင်း မရှိကြောင်း သိရသကဲ့သို့ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှ စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံရသည့် မခင်ငြိမ်းသူသည်လည်း ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ရိုက်နှက်ခံရသကဲ့သို့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ လည်း ဖြစ်ပေါ်ခဲ့သည်။
Original Post: The Irrawaddy
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.