မြန်မာ: ဆယ်ကျော်သက်တစ်ဉီးမှ ကိုယ်တွေ့ကြုံခဲ့ရသော နှိပ်စက်ညှင်းပန်းမှုနှင့် မြေမြှပ်ခံရမှုအကြောင်း ပြောပြခြင်

June 22nd, 2021  •  Author: Evil Coup (Myanmar)  •  1 minute read
Featured image

Police gather outside the Kamayut court in Yangon, Myanmar, March 12, 2021. © 2021 AP Photo

အချုပ်ထဲတွင် ရိုက်နှက်ညှဉ်းဆဲခံရမှုများ

By Human Rights Watch

(ဘန်ကောက်၊ ဇွန် ၂၁၊ ၂၀၂၁) – ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်မှစ၍  မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် လူထောင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များအရ လူအများအပြားမှာ နှိပ်စက်ခံရခြင်း၊ ရိုက်နှက်ခံရခြင်းနှင့် အခြားညှင်းပန်းမှုများ ကြုံနေရသည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ယနေ့ပြောကြားသည်။

မြန်မာ့စစ်တပ်နှင့်ရဲတပ်ဖွဲ့များသည် ထိန်းသိမ်းထားခံရသူများကို လူမတန်တဆများပြားနေသော၊ သန့်ရှင်းရေးအလွန်ညံ့ဖျင်းသော စစ်ကြောရေးစခန်းနှင့် ထောင်များတွင် လပေါင်းများစွာ ထိန်းသိမ်းထားလေ့ရှိသည်။ ထိန်းသိမ်းခံထားရသူအများစုမှာ ပြင်ပလောကနှင့်အဆက်အသွယ်မရဘဲ မိသားစုဝင်များ ရှေ့နေများနှင့်လည်း တွေ့ခွင့်ရလေ့မရှိပေ။ ထိုသူများထဲမှ အသက် ၁၇ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်က ရိုက်နှက်ခံရပုံ၊ ဆေးလိပ်မီးနှင့်အတို့ခံရပုံ၊ ပုံစံထိုင်ထိုင်ရပုံနှင့် ဂျန်ဒါ (Gender) အခြေခံအကြမ်းဖက်ပုံများကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့သို့ ပြောကြားခဲ့သည်။

“ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းကတည်းက မြန်မာအာဏာပိုင်တွေဟာ ဘာကိုမှဂရုမစိုက်တဲ့အတိုင်း ညှင်းပန်းနှိပ်စက်မှုကို တွင်တွင်ကြီး သုံးနေတယ်” ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဒေါ်မန်နီမောင်က ပြောသည်။ “အဲဒီလို ရက်ရက်စက်စက် ရိုက်နှက်တာတွေ၊ အကြမ်းဖက်တာတွေက စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို နှုတ်ပိတ်ဖို့ မြန်မာစစ်တပ်က ဘာလုပ်လုပ်ရ ဝန်မလေးဘူးဆိုတာ ဖော်ပြနေတယ်။”

မျက်လုံးများကို အဝတ်ဖြင့်စည်းထားပြီး ရက်ပေါင်းများစွာ ရိုက်နှက်ခံခဲ့ရကြောင်း၊ ထို့နောက် ကျင်းတစ်ခုထဲသို့ အတင်းဆင်းခိုင်းပြီး အရှင်လတ်လတ် မြှပ်တော့မည့်အတိုင်း လည်ပင်းနစ်သည်အထိ မြေမြှပ်ခံခဲ့ရကြောင်း အသက် ၁၇ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်က ပြောပြခဲ့သည်။ ဆန္ဒပြအဖွဲ့တစ်ခု၏ခေါင်းဆောင်ဟု စွပ်စွဲကာ မေလအစောပိုင်းက နေအိမ်တွင် သူ့ကို ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးစဉ် သေနတ်ဒင်ဖြင့် ခေါင်းကိုအထုခံခဲ့ရပြီး မျက်လုံးအဝတ်စည်းကာ စစ်ကြောရေးစခန်းတစ်ခုသို့ သူ့ကို ခေါ်ဆောင်သွားခဲ့သောကြောင့် ထိုစခန်းမှာ မည်သည့်နေရာတွင် ရှိသည်ကို သူ မမှတ်မိပေ။ နောက်ထပ်လေးရက်ဆက်တိုက် စစ်ဆေးမေးမြန်းရာတွင် ဘိလပ်မြေလောင်းထည့်ထားသောဝါးလုံးဖြင့် အကြိမ်ကြိမ်ရိုက်နှက်ခံခဲ့ရပြီး ခြေသလုံးများကိုလည်း အဆိုပါဝါးလုံးဖြင့် အကြိတ်ခံခဲ့ရသည်။

“တတိယနေ့မှာ စစ်ကြောရေးစခန်းနှင့် တစ်နာရီလောက်ဝေးတဲ့ တောအုပ်တစ်ခုထဲ ကျနော့်ကို ခေါ်သွားတယ်” ဟု သူက ပြောသည်။ “သူတို့က ကျနော့်ကို မျက်လုံးဝတ်စည်းထား၊ နောက်ပြန်ကြိုးတုတ်ထားပြီး ကျင်းတစ်ကျင်းထဲအတင်းတွန်းချလိုက်တယ်။ ပေါက်ပြားနဲ့ ရိုက်မလို့လဲ လုပ်သေးတယ်။ တွင်းထဲလဲနေတုန်း ကျနော့်ကို မြေဝိုင်းဖို့ကြတော့ အရှင်လတ်လတ် မြေမြှပ်သတ်ပြီလားလို့ ထင်ခဲ့တယ်။”

သူအပါအဝင် အခြားဖမ်းဆီးထိန်းသိမ်းခံရသူများမှာ လေးရက်ဆက်တိုက် ရေနှင့်အစားအစာ မရရှိဘဲ အစစ်ဆေးခံခဲ့ရပြီး ရေဆာလွန်းသောကြောင့် အိမ်သာသုံးရေကို သောက်ခဲ့ရသည်ဟု သူက ပြောသည်။ အင်းစိန်ထောင်သို့ သူတို့ကို မပို့ပေးခင် အဆိုပါစစ်ကြောရေးစခန်းတွင် ၇ ရက်ကြာ အစစ်ဆေးခံခဲ့ရသည်။ အင်းစိန်ထောင်သို့ ရောက်မှ ထောင်အာဏာပိုင်များမှ သူ့ကို ကလေးတစ်ယောက်အဖြစ် သတ်မှတ်ခဲ့ပြီး လူငယ်ထိန်းသိမ်းရေးစခန်းတစ်ခုသို့ ပို့ဆောင်ခဲ့သည်။ ခံဝန်ချက်တစ်ခုကို လက်မှတ်ထိုးလိုက်မှ သူ့ကို လွှတ်ပေးခဲ့သည်။ စစ်တပ်၏မတရားဖမ်းဆီးခြင်းကိုခံခဲ့ရသော အခြားလူများလည်း အလားတူဖြစ်ရပ်မျိုး ကြုံခဲ့ရသည်ဟု ပြောပြချက်များရှိခြင်းကြောင့် သူ၏အတွေ့အကြုံမှာ ယုံကြည်နိုင်လောက်သည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က သတ်မှတ်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များသည် ထိန်းသိမ်းခံရသူများကို ရဲစခန်းများနှင့် စစ်တပ်စစ်ကြောရေးစခန်းများသို့ ခေါ်ဆောင်ပြီး ရိုက်နှက်စစ်ဆေးရုံမက နာရီပေါင်းများစွာကြာ မတ်တတ်ရပ်ခိုင်းခြင်း၊ ဒူးထောက်ခိုင်းခြင်း၊ လှဲနေခိုင်းခြင်းတို့ဖြင့် နှိပ်စက်လေ့ရှိကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ အင်တာဗျူးခဲ့သည့် အခြားသူများမှ ပြောသည်။

မတ်လ ၉ ရက်နေ့က အဖမ်းခံခဲ့ရသော ဂျာနယ်လစ် ဟန်သာငြိမ်းနှင့် နေသန်မောင်တို့မှာ အင်းစိန်မြို့နယ်အနီး ရေကြည်အိုင်စစ်ကြောရေးစခန်းတွင် နှစ်ပတ်ကြာ နှိပ်စက်ညှင်းပန်းခံခဲ့ရသည်ဟု ဂျာနယ်လစ်များကို အကာအကွယ်ပေးရေး ကော်မတီ (Committee to Protect Journalists) က ရေးသားခဲ့သည်။ သူတို့နှစ်ယောက်မှာ ဝမ်းဗိုက်၊ ပေါင်နှင့် တင်ပါးတို့ကို ဆေးလိပ်မီးနှင့် အတို့ခံရခြင်း၊ ရေခဲတုံးများပေါ်တွင် ဒူးထောက်ရခြင်းတို့အပြင် ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရသည်။ သူတို့ကို အင်းစိန်ထောင်သို့ပို့ပြီးနောက် “သတင်းအမှားဖြန့်ဝေသည်” ဆိုကာ ပုဒ်မ ၅၀၅ (က)ဖြင့် စွဲချက်တင်ခဲ့သည်။​

ဇွန်လ ၁၄ ရက်နေ့တွင် အာဏာပိုင်များမှ နေသန်မောင်အား စွဲချက်တင်ထားသည်များကို ရုတ်သိမ်းခဲ့ပြီး မြန်မာပြည်မှ ထွက်ခွာခွင့်ပြုခဲ့သည်။ ဟန်သာငြိမ်းကိုမူ ဆက်လက်ထိန်းသိမ်းထားပြီး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်ဖွယ်ရှိသည်။  စစ်တပ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲများနှင့်ဆက်စပ်၍ ဖမ်းဆီးထားသော ဟန်သာငြိမ်းနှင့် ဂျာနယ်လစ်အားလုံးတို့ကို စွဲချက်များရုတ်သိမ်း၍ တရားသေလွတ်ပေးသင့်သည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားသည်။

ဧပြီလ ၁၉ ရက်နေ့တွင် ဂျပန်လူမျိုးဂျာနယ်လစ် ယုကီ ကီတာဇုမိကို ဖမ်းဆီး၍ အင်းစိန်ထောင်တွင် ထိန်းသိမ်းခဲ့သည်။ အင်းစိန်ထောင်မှ လွတ်လာပြီး မေလ ၁၅ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ ပြန်ရောက်လာခဲ့သော ကီတာဇုမိကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က မေးမြန်းရာ သူနှင့်အတူ ထိန်းသိမ်းခံခဲ့ရသော အကျဉ်းသားများမှာ အင်းစိန်ထောင်သို့ မရောက်မီ စစ်တပ်စစ်ကြောရေးစခန်းတစ်ခုတွင် ရက်စက်စွာ နှိပ်စက်ညှင်းပန်းခံခဲ့ရသည်ဟု ပြောပြခဲ့သည်။ ရက်ပေါင်းများစွာ ရိုက်နှက်ညှင်းဆဲခံခဲ့ရသည့်အပြင် အိပ်စက်နားနေခွင့်လည်း မရခဲ့ကြောင်း ထိုအကျဉ်းသားများမှ ကီတာဇုမိကို ပြောပြခဲ့သည်။

အင်းစိန်ထောင်မှ အတွေ့အကြုံကြောင့် စိတ်ပိုင်းဆိုင်ရာအကြီးအကျယ် ထိခိုက်ခဲ့ရသည်ဟု ကီတာဇုမိက ပြောသည်။ “ထောင်ထဲမှာ ကျနော် ဂယောက်ချောက်ချား ဖြစ်တာ ခဏခဏပဲ၊ မကောင်းတာတွေချည်း တွေးနေရင်လည်း အားပေးမယ့်သူမရှိဘူး၊ မိတ်ဆွေလည်း မရှိဘူး” ဟု သူက ပြောသည်။

ရန်ကုန်မြို့ရှိအိမ်များကို ဝင်ရောက်ရှာဖွေချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဗုံးခွဲတိုက်ခိုက်ရာတွင် ပါဝင်သည်ဟု စွပ်စွဲခံရသော အမျိုးသမီးတစ်ယောက်သည် ဧပြီလ ၁၇ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။ ထိုအမျိုးသမီးကို ရန်ကင်းမြို့နယ်ရဲစခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ပြီး လိင်အင်္ဂါအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ရိုက်နှက်စစ်ဆေးသောကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု မြန်မာမီဒီယာများမှ တင်ပြခဲ့သည်။

ထို့နောက် ထိုအမျိုးသမီးကို ရွှေပြည်သာစစ်ကြောရေးစခန်းသို့ ပို့လိုက်ပြီး ရိုက်နှက်စစ်ဆေးပြန်သည်။ ရွှေပြည်သာစစ်ကြောရေးစခန်းသို့ရောက်သောအခါ သူမမှာ ဒဏ်ရာများကြောင့် လိင်အင်္ဂါသွေးယိုနေပြီး အစာမစားနိုင်၊ ဆီးမသွားနိုင်ဖြစ်နေသည်ဟု သူမ၏အခန်းဖော်က ပြောသည်။ ထိုအခန်းဖော်ကိုယ်တိုင်မှာလည်း စမ်းချောင်းမြို့နယ်ရှိ ရဲစခန်းတစ်ခုတွင် ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရ၊ သေနတ်ဖြင့် ခြိမ်းခြောက်ခံခဲ့ရ၊ ပါးရိုက်ခံခဲ့ရကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကို ပြောသည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဉပဒေအရ နှိပ်စက်ညှင်းပန်းခြင်းနှင့် ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော၊ လူ့သိက္ခာကျစေသော စစ်ဆေးမှုများကို မည်သည့်အခါမှ မပြုလုပ်ရဟု သတ်မှတ်ထားသည်။ မြန်မာနိုင်ငံ၏တည်ဆဲဉပဒေ ပုဒ်မ ၃၃၀ နှင့် ၃၃၁ တွင်လည်း စစ်ဆေးရာတွင် နှိပ်စက်ညှင်းပန်းခြင်း မပြုရန် ကန့်သတ်ထားပြီး “သတင်းကိုပေးအောင် အတင်းအဓမ္မပြုစေရန်သော်၎င်း မည်သူမဆို၊ မိမိအလို အလျောက်အပြင်းအထန် နာကျင်စေမှုကိုပြုလျှင်၊ ထိုသူကိုဆယ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ် ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်” ဟု ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏မှတ်တမ်းအရ စစ်တပ်အာဏာသိမ်းပြီးကတည်းက အနည်းဆုံး လူ ၈၇၀ သေဆုံးခဲ့ရကြောင်း သိရသည်။ ထိုလူများထဲမှ ၂၂ ယောက်မှာ ဖမ်းဆီးထိန်းသိမ်းခံရစဉ် နှိပ်စက်ညှင်းပန်းမှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ထိုအဖွဲ့က ဇွန်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် နှိပ်စက်ညှင်းပန်းခံရပြီး သေဆုံးခဲ့သော လူဉီးရေမှာ သူတို့ အတည်ပြုနိုင်သော လူဉီးရေ (၂၂ယောက်) ထက် ပိုမိုများပြားဖွယ် ရှိသည်ဟု ဖော်ပြထားသည်။

“နှိပ်စက်ညှင်းပန်းသတ်ဖြတ်မှု ကျူးလွန်နေတဲ့ ရဲတွေနဲ့ စစ်သားတွေကို တရားစွဲဖို့ နေနေသာသာ အဲဒီကျူးလွန်မှုတွေကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်ပေးဖို့တောင် စစ်အာဏာပိုင်တွေက လုပ်မှာမဟုတ်ဘူး” ဟု မန်နီမောင်က ပြောကြားသည်။ “မြန်မာစစ်အစိုးရနေနဲ့ ထိန်းသိမ်းခံထားရတဲ့သူတွေကို နှိပ်စက်ညှင်းပန်းတာတွေ၊ တခြားနည်းတွေနဲ့ အလွဲသုံးစားလုပ်တာတွေကို ရပ်ပေးဖို့ ကုလသမဂ္ဂနှင့် စိုးရိမ်တဲ့အစိုးရတွေက  တရားဝင်တောင်းဆိုဖို့ လိုတယ်၊ အဲဒီတောင်းဆိုချက်ကို မလိုက်နာရင် စစ်တပ်နဲ ရဲတပ်ဖွဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေကို နောက်ထပ်အမည်တပ်ဒဏ်ခတ်မှုတွေ တခုပြီးတခု ထပ်တိုးလာမယ်ဆိုတာ နားလည်ထားသင့်တယ်။”


Original Post: Human Rights Watch

Send this to a friend