Report 166 Views

ဖျက်ဆီးခံရခြင်းနှင့်ရွှေ့ပြောင်းခံရခြင်း မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် လူထုဘဝလုံခြုံရေးအတွက် အာမခံမှုမရှိသည့် အန္တရာယ် အနေအထားတွင် ရောက်ရှိနေခြင်း

June 21st, 2021  •  Author:   Network for Human Rights Documentation - Burma  •  1 minute read
Featured image

By: The Network for Human Rights Documentation- Burma

အကျဥ်းချုပ်

နှေးကွေးသော်လည်း ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသည့် အရပ်သားအစိုးရ အုပ်ချုပ်မှုသို့ မှန်မှန် လျှောက်လှမ်းနေသည့် အသွင်ကူးပြောင်းရေး ၁၀ နှစ်အကြာတွင် စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အာရုဏ်ဦးချိန် အာဏာသိမ်းလိုက်သည်။ အကျိုးဆက်အနေဖြင့် နိုင်ငံရေး ခေါင်းဆောင်များ နှင့် တက်ကြွလှုပ်ရှားသူများကို မတရားဖမ်းဆီး ထိန်းသိမ်းလိုက်သည်။

ပါလီမန်သစ် မစတင်မီမှာပင် အာဏာသိမ်းလိုက်ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာ အထွေထွေရွေး ကောက်ပွဲမှ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စစ်တပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း ဦးစွာပြသလိုက်ခြင်းဖြစ်သည်။ ခိုင်မာ သည့် သက်သေမရှိပဲ မဲသမာမှုများရှိသည်ဟု စစ်တပ်မှ စွပ်စွဲကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင်အားလည်း ထိုကိစ္စနှင့် ပတ်သက်ပြီး စောဒကတက်ခဲ့သည်။ ရွေးကောက်ပွဲသည် မသမာမှုနှင့် တရား ဝင်မှုမရှိကြောင်း စစ်တပ်က ခံယူသည့်အတိုင်း စစ်အာဏာာသိမ်းမှုဖြင့် တုန့်ပြန်လိုက်ခြင်းဖြစ်ပြီး  ‘မလွှဲ မရှောင်’ လုပ်ရခြင်းဖြစ်သည်ဟု ပြောဆိုနေသည်။

အခြေအနေများက လွန်ခဲ့သည့် ၁၀ နှစ်အတွင်း အုပ်ချုပ်ခဲ့သည့် စံနှုန်းများမှု လွဲချော်စေသည့် လမ်းဆုံလမ်းခွသို့ ရောက်ရှိသွားစေသည်။

နိဒါန်း

မြန်မာနိုင်ငံသည် ဆယ်စုနှစ်နှင့်ချီသည့် ပြည်တွင်းစစ်ပြဿနာနှင့် ငြိတွယ်ခဲ့ရသည်။ သယံဇာတ အမျိုး မျိုးထွက်ရှိသော်လည်း နိုင်ငံရေးအရ သဘောထားကွဲသူများအပေါ် ဖိနှိပ်ပြီး အာဏာနှင့် အကျိုးအမြတ် ကိုသာကြည့်သည့် ဖိနှိပ်အုပ်ချုပ်သော အာဏာရှင်ခေါင်းဆောင်များအောက် ကျရောက်ခဲ့ရသည်။ စစ်တပ်မှ အာဏာသိမ်း ထိန်းချုပ်စဥ်အတွင်း မတရားဖမ်းဆီး ထိန်းသိမ်းခံရသူ၊ ပျောက်ဆုံးသွားသူများ၊ ညှဥ်းပန်းနှိပ်စက်ခံရသူများနှင့် အသတ်ခံရသူများအတွက် တရားမျှတမှုနှင့် ပြန်လည်ကုစားပေးလျော်မှု တစုံတရာ မရှိဘဲ ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်။ စစ်အာဏာသိမ်းမှုကြောင့် နယ်စပ်ဒေသတွင် တိုက်ပွဲများ ပြန်လည်ဆိုးရွားလာစေပြီး စစ်တပ်က လိုချင်တပ်မက်သည့် အာဏာနှင့် ချုပ်ကိုင်လိုမှုက တရားမျှတမှုနှင့် အဓိပ္ပါယ်ရှိသည့် ပြုပြင်ပြောင်းလဲမှုကို ဖုံးအုပ်သွားစေသည်။

စစ်အာဏာသိမ်းမှုကြောင့် စစ်အုပ်ချုပ်မှုနှင့် ကြီးစိုးလွှမ်းမိုးမှုအောက် ပြန်ရောက်သွားမည်ကို အထူးစိုး ရိမ်ကြသည်။ စစ်တပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များကြား ပြင်းထန်သည့် တိုက်ပွဲများကြောင့် အရပ်သား များ ထောင်နှင့်ချီ၍ ထွက်ပြေးရသည့် ပြောင်းရွှေ့မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာသည်။ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များ ဖွဲ့စည်းလာကြခြင်းက ပြည်သူလူထုသည် စစ်တပ်ကို မဖြစ်မနေ လက် နက်ကိုင်၍ ခုခံကာကွယ်ရန် အခြေအနေသို့ တွန်းပို့ခြင်းခံရ၍ဖြစ်သည်။ အာဏာရှင်တပ်များ၏ စစ်ဆင်မှုများတွင် အထူးသဖြင့် ပြည်သူလူထုနေထိုင်ရာ ရပ်ရွာများတွင် အညှာအတာကင်းမဲ့စွာ တိုက်ခိုက်ကြသည်။ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃၃၀,၀၀၀[1] ကျော်ရှိသည်ဟု ထုတ်ပြန်ထားသည်။ သို့သော် အာဏာသိမ်းစစ်အုပ်စုက ထွက်ပြေးရွှေ့ပြောင်းနေရသူများအား အကူအညီနှင့် အရေးပေါ် လိုအပ်ချက်များ မပေးပို့နိုင်စေရန် ပိတ်ဆို့ထားသည်။

ယခုစာတန်းငယ်တွင် မေလ ၁ ရက်မှ ဇွန်လ ၁၅ ရက်အထိ ချင်း၊ ကချင်၊ ကရင်၊ ကယားနှင့် ရှမ်းပြည် နယ်တို့ရှိ စစ်ပြေးဒုက္ခသည်များ အပေါ် သက်ရောက်သည့် အခြေအနေများအား ဖော်ပြထားပြီး ခိုင်မာစွာ အမြစ်တွယ်နေသည့် စစ်တပ်၏ အပြစ်ပေးအရေးယူခြင်းမှ ကင်းမဲ့နေသည့် ဓလေ့အား အဆုံးသတ်စေရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းအား အားကောင်းသည့် အကြံပြုချက်များ ပါဝင်သည်။ အပြစ်ပေးအရေးယူခြင်း ကင်းမဲ့နေမှုကြောင့် ကြာရှည်နေသည့် ပြည်တွင်းစစ်ဖြစ်ပေါ် စေပြီး လူ့အခွင့်အရေးအပေါ်လည်း စိန်ခေါ်တိုက်ခိုက်မှုများ ရှိနေသည်။ ယခုစာတန်းကို ပြည်တွင်း၊ ပြည်ပ သတင်းများနှင့် ND-Burma အဖွဲ့ဝင်များ၏ အစီရင်ခံစာများ စာတန်းငယ်များအပေါ် အခြေခံ ရေးသားထားခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရာဒေသရှိ ထွက်ပြေးတိမ်းရှောင်ရမှုများ

စစ်တပ်၏ ဆယ်စုနှစ်နှင့်ချီ၍ အကြမ်းဖက်မှုများကြောင့် အရပ်သား ပြည်သူများ အတင်းအကြပ် ထွက်ပြေးတိမ်းရှောင်ရမှုများ ကြုံတွေ့ခံစားရလေ့ရှိသည်။ စစ်အာဏာသိမ်းမှုက စစ်တပ်အား စစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ရန် အားပေးအားမြှောက်ပြုနေပြီး စစ်အင်အားတိုးချဲ့မှုကိုလည်း တောရော၊ မြို့ပါမကျန် အရပ်သားများက တွေ့မြင်ကြရသည်။ တိုက်ပွဲများနှင့် အကျိုးဆက်များက အရပ်သားများအပေါ် ထိခိုက်မှုကို အချိန်ဇယားအတိုင်း အောက်ပါအတိုင်း ဖော်ပြထားသည်။

ချင်းပြည်နယ်

မင်းတပ်တွင် ဖမ်းဆီးခံထားရသည့် ဆန္ဒပြသူများအား လွှတ်ပေးရန် ဒေသခံများက အာဏာသိမ်း စစ်အုပ်စုအား တောင်းဆိုသည့် မေလမှစပြီး ချင်းပြည်နယ်တွင် အခြေအနေများ ဆိုးရွားလာသည်။

အဖမ်းခံရသူများအား ပြန်မလွှတ်သည့်အတွက် အာဏာသိမ်း စစ်တပ်ကို တုန့်ပြန်ရန်အတွက် ချင်းကာ ကွယ်ရေးတပ် (CDF) ကို ဖွဲ့စည်းလိုက်ကြသည်။ အာဏာသိမ်းစစ်တပ်က စစ်အုပ်ချုပ်ရေး ဥပဒေ ထုတ် ပြန်၍ တုန့်ပြန်သော်လည်း ဒေသခံများက အလေးမထားပဲ ဂရုမစိုက်ကြောင်း ပြသခဲ့ကြသည်။ စစ်တပ် သည် အပြစ်ပေးခံရမှုမှ ကင်းလွတ်နေသည့်အတွက် ဆက်လက်ပြီး မိန်းမငယ်လေးများအပေါ် လိင်ပိုင်း ဆိုင်ရာ စော်ကားခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီး ထိန်းသိမ်းခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ကြသည်။

ထွက်ပြေးလွတ်မြောက်လာသူများမှာလည်း စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လုံခြုံမှုမရှိပေ။ စစ်တပ်မှ ဒေသခံများအပေါ် စစ်နက်လက်အသာစီးဖြင့် စစ်ဆင်နေမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာ သူများမှာ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အရေးပေါ် အကူအညီများ လိုအပ်နေသည်။ သတင်းများအရ ချင်းပြည်နယ်တွင် မေလ ၁၉ နှင့် ၂၀ ရက်နေ့ အထိ တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး အာဏာသိမ်းစစ်တပ်မှ ၁၀ ဦးသေဆုံး၍ အနည်းဆုံး ၂၀ စိုးရိမ်ရသည့် ဒဏ်ရာရသွားသည်[2]။ ND-Burma ၏ ဆက်စပ်အဖွဲ့ဝင် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ အမှုဆောင်ဒါရိုက်တာက လော့ကလုံးတွင် တိုက်ပွဲများစတင်က တည်းက ချင်းပြည်နယ်မှ အရပ်သား ၃၅,၀၀၀ ကျော် ထွက်ပြေးကြရသည်ဟု ပြောသည်။ စစ်တပ်မှ လူငယ်များအပေါ် အဓိက ပစ်မှတ်ထားနေသဖြင့် အများအပြားမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သူက ဆက်ပြောသည်။

ကရင်ပြည်နယ်

စစ်တပ်မှ မော်တာများကို ကျေးရွာနှင့် လယ်ယာလုပ်ငန်းခွင်သို့ ပစ်ခတ်မှုကြောင့် ထိခိုက်၊ သေဆုံးမှုများ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည်။ ဒေသခံပြည်သူများမှာ အတင်းအကြပ်ဖမ်းဆီးခံရခြင်းနှင့် အဓမ္မလုပ်အားပေး စေခိုင်းခြင်းလည်း ခံနေရသည်။ စစ်အာဏာသိမ်းပြီးချိန်မှစ၍ လေကြောင်းတိုက် ခိုက်ခိုက်မှုများကြောင့် အရပ်သား အနည်းဆုံး ၁၆ ဦးသေဆုံးပြီး ၂၀ ဒဏ်ရာရကာ ၇၀,၀၀၀ ကျော် ထွက်ပြေးနေရသည်။ အာဏာသိမ်းစစ်တပ်မှ မြေပြင်နှင့် ဝေဟင်မှ ပစ်ခတ်တိုက်ခိုက်သည်နှင့် မိသားစု များမှာ မဖြစ်မနေ ထွက်ပြေးကြရပြီး တောထဲတွင် ပုန်းအောင်းနေရသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ များ၏ အဆိုအရ ဇွန်လ ၂ ရက်တွင် PDF နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓသာသာကရင့်တပ် မတော် (DKBA) ခွဲထွက် ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်း စစ်တပ်တို့အကြား တိုက်ပွဲကြောင့် မြဝတီတောင်ဘက်၊ ဖလူးရှိ ရွာသား နောက်ထပ် ၅၀၀ ကျော် ရွှေ့ပြောင်းထွက်ပြေးကြရသည်။

အာဏာသိမ်းချိန်မှစပြီး ကရင်ပြည်နယ်တွင် စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား ၁၃ ဦး ဒဏ်ရာရပြီး ၁၈ ဦး သေဆုံး၍ အရပ်သားများ၏ အိုးအိမ် ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံး ရသည်။

ကယားပြည်နယ်

ကယားပြည်နယ်တွင် အထူးသဖြင့် ဒီမောဆိုမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေသည်။ အာဏာသိမ်း စစ်တပ်နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KPDF) အကြားတိုက်ပွဲများကြောင့် အချိန်တိုအတွင်း မှာပင် ပြည်နယ်လူဦးရေ၏ သုံးပုံတပုံနီးပါး ရွှေ့ပြောင်းထွက်ပြေးနေရသည်။ ထောင်နှင့်ချီသည့် အရပ် သားများ တောထဲထွက်ပြေးနေရပြီး စစ်ပြေးဒုက္ခသည်ဦးရေ ၁၀၀,၀၀၀ ကျော်အထိရှိလာချိန်တွင် အ ရေးပေါ်လိုအပ်သည့် ဆေးဝါး၊ အမိုးအကာနှင့် စားနပ်ရိက္ခာများ ပြတ်လပ်ကုန်သည်[3]

မေလ ၂၄ ရက်နေ့ နံနက်တွင် လွိုင်ကော်ရှိ ဘုရားရှိခိုးကျောင်းတွင် ဗုံးပေါက်ကွဲခဲ့သည်။ ပေါက်ကွဲမှု ကြောင့် အရပ်သား ၄ ဦး သေဆုံးသွားသည်။ သေဆုံးသွားသူများမှာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ယောက် ဖြစ်ပြီး ၄င်းတို့၏ အိမ်အနီးတွင် တိုက်ပွဲဖြစ်ပွားသဖြင့် ဘုရား ကျောင်းတွင် ခိုလှုံနေကြခြင်းဖြစ် သည်[4]။ နောက်ထပ် ၆ ယောက်မှာ စိုးရိမ်စရာ ဒဏ်ရာများ ရရှိသွားသည်။ စစ်တပ်မှ ကယားပြည်နယ် အတွင်း ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပိုမိုပြုလုပ်နေပြီး ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်နေစေ သည်။ အရပ်သားများမှာ လိုက်လံဖမ်းဆီးခံရခြင်းနှင့် ရမ်းသမ်းပစ်ခတ်မှုများ ခံနေရသည်။ ပေါက်ကွဲသံများနှင့် ရဟတ်ယဥ်သံများကို ညဘက်တွင် ကြားကြရသည်။ ဒေသခံ သတင်းမီဒီယာများ အရ ဒီမောဆိုမြို့နယ်အတွင်း အချို့နေရာများတွင် ဖုန်း၊ အင်တာနက်နှင့် လျှပ်စစ်မီးများ ဖြတ်တောက်ခံ ရသည်။ KPDF မှ ခုခံတိုက်ခိုက်မှုအတွက် အရပ်သားများအား ဒဏ်ခတ်ရန် စစ်တပ်မှ လိုက်လံရှာဖွေသ ဖြင့် ရာနှင့်ချီသည့် ဒေသခံများ နီးစပ်ရာ တောထဲတွင် ပုန်းအောင်းနေကြရသည်။ ထွက်ပြေးပုန်းရှောင် နေရသူများအား အကာအကွယ်ပေးရန် ကူညီသူများမှာလည်း အန္တရာယ်ကြီးကြီးမားမားနှင့် ကြုံနေရ သည်။ ယာယီစစ်ရှောင်စခန်းတွင် ခိုလှုံနေသည့် ဒုက္ခသည်များအား စားနပ်ရိက္ခာဝေငှသည့် လူငယ်နှစ်ဦး မှာ ပစ်သတ်ခြင်းခံရသည်။

မည်သို့ပင်ဆိုစေကာမူ ကယားပြည်နယ်အတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်မှုမှာ ဆက်လက်ဖြစ်ပေါ် နေပြီး လက်နက်ကြီး၊ လက်နက်ငယ်မျးဖြင့် ၄င်းတို့အား ပစ်ခတ်နေသည့်အတွက် မြို့နယ်အတွင်း စစ်တပ်ချထားမှုကို အားလုံးက မလိုလားကြောင်း ပြသနေသည်။

ကချင်နှင့် ရှမ်းပြည်နယ်

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အာဏာသိမ်း စစ်တပ်အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ တရုပ်နိုင်ငံမှ အာဏာသိမ်း စစ်တပ်၏ လေတပ်အတွက် သယ်ဆောင်လာသည်ဟု သံသယဖြစ်ဖွယ် စစ်တပ်၏ ဆီသယ်ယာဥ် ၆ စီး မူဆယ်တွင် တိုက်ခိုက်ခံရမှုလည်း အပါအဝင်ဖြစ်သည်[5]။ KIA, မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် အာဏာသိမ်း စစ်တပ်တို့အကြား တိုက်ပွဲများကြောင့် အရပ်သား ရာနှင့်ချီ၍ နေရပ်စွန့်ခွာမှုများ ဖြစ်စေပြီး အရေးပေါ် ခိုလှုံရန် ဗုံးခိုကျင်းများလည်း တူးနေကြသည်။ မေလ ၁၉ ရက်တွင် ရှမ်းပြည်ပြန်လည်တည်ဆောက်ရေး ကောင်စီ (RCSS)နှင့် တအာန်းလွတ်မြောက်ရေးတပ်မတော် (TNLA)ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် သီပေါမြို့နယ်ရှိ ရွာသား ၁,၀၀၀ ကျော် ထွက်ပြေးပြောင်းရွှေ့ကြရသည်။ ထို့အပြင် ကချင် ဒုက္ခသည် ၃,၀၀၀ ကျော်မှာလည်း တိုက်ပွဲများကြား မှ လွတ်မြောက်ရန် ၄င်းတို့ ကျေးရွာများမှ ထွက်ပြေးကြရသည်[6]။ စစ်တပ်အနေဖြင့် စားနပ်ရိက္ခာများ သယ်ဆောင်သည့် လမ်းကြောင်းကိုလည်း ပိတ်ဆို့ထားကြောင်း ကချင်နှစ်ချင်းခရစ်ယာန်အသင်း ဥက္ကဌ မှ ထပ်မံပြောဆိုသည်။ သိပ်မကြာမီကပင် ရှမ်းပြည်တောင်ပိုင်းရှိ စစ်ပြေးဒုက္ခသည်များအား စားနပ် ရိက္ခာနှင့် ဆေးဝါးများပေးပို့သည့် ကားတန်းမှာ မီးရှို့ဖျက်ဆီးခံရသည်[7]

ND-Burma ၏ အဖွဲ့ဝင် ကချင်အမျိုးသမီးအစည်းအရုံး- ထိုင်းနိုင်ငံ (KWAT) ၏ နောက်ဆုံးထုတ်ပြန် သည့် “သေစေလောက်သည့် လက်တုန့်ပြန်မှုများ။ မြန်မာနိုင်ငံ မြောက်ပိုင်း ဆုံးရှုံးမှုများအတွက် လက် တုန့်ပြန်သည့်အနေဖြင့် အာဏာသိမ်းစစ်အုပ်စုက အရပ်သားများအပေါ် တိုက်ခိုက်မှုများ တိုးမြှင့်

အစီရင်ခံစာအရ အာဏာသိမ်းစစ်တပ်အနဖြင့် ကျည်အစစ်များအသုံးပြုပြီး လက်နက်မဲ့ ဆန္ဒပြပြည်သူ များအပေါ် နှိမ်နင်းမှု၊ တက်ကြွလှုပ်ရှားသူများအား ထိန်းသိမ်းဖမ်းခြင်းနှင့် ညှဥ်းပန်းနှိပ်စက်ခြင်းများကို ဖော်ပြထားသည်[8]။ အသက်ရှင်လွတ်မြောက်သူများမှာ ခေါင်းကို ရိုက်နှက်ခံရခြင်းနှင့် စီးကရက်မီးဖြင့် အထိုးခံရခြင်းတို့ ခံခဲ့ကြရသည်[9]

ထွက်ပြေးတိမ်းရှောင်မှုများ၏ သက်ရောက်မှုများ

အတင်းအကြပ် ထွက်ပြေးတိမ်းရှောင်ရသည့်အတွက် ပြည်သူများသည် သက်ရောက်မှုများစွာနှင့် ကြုံတွေ့ကြရသည်။ အိုးအိမ်စွန့်ခွာထွက်ပြေးကြရသည့်အတွက်ကြောင့် အကျိုးဆက်အနေဖြင့် အားလုံးမှာ စိတ်ပိုင်းဆိုင်ရာနှင့် တချို့ဖြစ်ရပ်များတွင် ရုပ်ပိုင်းဆိုင်ရာ အနာတရများ ခံစားကြရသည်။

ကံမကောင်းစွာပင် လက်ရှိအခြေအနေအရ နှစ်သိမ့်ဆွေးနွေးခြင်းကဲ့သို့ စိတ်ကျန်းမာရေးအတွက် ကုစားပေးသည့် ဝန်ဆောင်မှု အနည်းငယ်သည်ပင် အင်တာနက် ဆက်သွယ်မှုလှိုင်း အားနည်းသည့် ဝေးလံ ခေါင်သီသော နေရာများတွင် ရွှေ့ပြောင်းနေရသူများအတွက် ရရှိနိုင်ရန် ခက်ခဲသည်။ ထိုအခြေအနေတွင် အသက်ရှင်ရပ်တည်ရေးသည် ပထမဦးစားပေး ဖြစ်လာသည်။

(က) အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေး အာမခံချက်

စစ်ပြေးဒုက္ခသည်များသည် ၄င်းတို့၏ ရှေ့ရေးအတွက် စီးပွားရေး အာမခံချက် အပါအဝင် အခြေအနေအချို့ပေါ်တွင် စိုးရိမ်ပူပန်နေကြသည်။ ကလေးများ ကျန်းမာဘေးကင်းစွာ နေထိုင်ရရေးနှင့် ပညာသင်ကြားခွင့် ဆက်လက်ရရှိရေး။ ထွက်ပြေးတိမ်းရှောင်ရမှုကြောင့် အခွင့်အလန်း ရရှိနိုင်သည့် လမ်းကြောင်းများ ပျက်စီးသွားခြင်း စသည်တို့ဖြစ်သည်။

လက်ရှိစီးပွားရေး ဝန်းကျင်တွင် လုပ်ကိုင်ဆောင်ရွက်ရန် မျှော်လင့်ချက်အပေါ် ခြိမ်းခြောက်မှုအသစ်များ ရှိနေကြောင်းကို ပြသနေသည်။ စစ်တပ်အား ဆန့်ကျင်ပြီး ထူထောင်ထားကြောင်း ညွှန်းဆိုသည့် မည် သည့် ပိုင်ဆိုင်မှု သို့မဟုတ် လုပ်ငန်းမဆို ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီး၊ ထိန်းသိမ်းခံရခြင်းနှင့် ညှဥ်ပန်းနှိပ် စက် သို့မဟုတ် အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်ခြင်း။ ထို့အပြင် စီးပွားရေး လုပ်ငန်းအတော်များများ မှာလည်း မဖြစ်မနေ ရပ်ဆိုင်းလိုက်ရသည်။ မြို့နယ်အချို့မှာလည်း လူများစွန့်ခွာသွားသည့် ခြောက်ကပ် သည့် မြို့များ ဖြစ်လာနေသည်[10]။ ထိုအခါ ဖောက်သည်များ မရှိတော့သည့်အတွက် အမြတ်အစွန်း ရရှိ ရန် နည်းလမ်းလည်း မရှိတော့ပေ။

ဝင်ငွေရနိုင်မည့် နည်းလမ်းများ အကန့်အသတ်ဖြစ်လာပြီးနောက် ခိုလှုံစရာနှင့် စားနပ်ရိက္ခာ ရရှိရေး အပေါ်သာ နေ့စဥ် အာရုံစိုက်နေရသဖြင့် စစ်ပြေးဒုက္ခသည်များ၏ အနာဂတ်သည် ပို၍ မသေခြာ မရေရာဖြစ်လာသည်။

(ခ) ကျန်းမာရေးနှင့် ပညာရေး

ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် တိုင်းရင်းသားအဖွဲ့များသည် စစ်ပြေးဒုက္ခသည်များအတွက် ဆောက်ရွက်ပေးရန် ပျက်ကွက်နေသည့် လုပ်ငန်းကို အဓိပ္ပါယ်ရှိစွာ ဖြည့်ဆည်းပေးနေသည်။ တောတောင်ထဲတွင် နေထိုင်ခြင်းသည် မခန့်မှန်းနိုင်ဘဲ ကြမ်းတမ်းသည့် သဘာဝ ဘေးအန္တရာယ်များ ကို ကြံ့ကြံ့ခံရင်ဆိုင်၍ ဖြတ်သန်းရခြင်းဖြစ်သည်။ လွန်ခဲ့သည့်လက မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ခိုလှုံစရာ နေရာများနှင့် ထောက်ပံ့ထားသည့် ရိက္ခာများကို ပျက်စီးစေပြီး တောတွင်းတွင် သွားလာရန် အထူးသဖြင့် သက်ကြီးရွယ်အိုများအတွက် အခက်အခဲဖြစ်စေသည်။ ရိက္ခာကို အကန့်အသတ်ဖြင့်သာ ဝေငှပေးရခြင်းနှင့် လူသားချင်း စာနာသည့် အကူအညီများ ပေးပို့သည့် လမ်းကြောင်းများအား စစ်အာဏာရှင်များက ပိတ်ဆို့ထားသည့်အတွက် စစ်ပြေးဒုက္ခသည်များမှာ ငတ်မွတ်ခြင်းကို ဘေးဒုက္ခသဖွယ် ခံစားကြရသည်။

လူသားချင်းစာနာသည့် အကြပ်အတည်းသည် ရေမသန့်ရှင်းမှုကြောင့် ကူးစက်ပျံ့နှံ့သည့် ရောဂါနှင့် ဝမ်းလျှောခြင်းကို ခံနိုင်ရည်မရှိသည့် အထူးသဖြင့် အမျိုးသမီးနှင့် ကလေးများကို ပို၍ အခက်တွေ့စေသည်[11]။ မတ်လနှောင်းပိုင်းက ကရင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက် မှုကြောင့် အရပ်သားများ ထိုအချိန်မှစ၍ မဖြစ်မနေ ထွက်ပြေးရွှေ့ပြောင်းကြရပြီး အနည်းဆုံး ကလေး ၂၀၀ မှာ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပွားမှုကို ခံစားကြရသည်[12]။  အမျိုးသမီးနှင့် မိန်းမပျို လေးများမှာ တိုက်ပွဲများအတွင်း ဖြစ်လေ့ရှိသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကြုံတွေ့ ခံစးကြရသည်။ စစ်တပ်များ တိုးချဲ့ချထားမှုကြောင့် ၄င်းတို့အတွက် ကျိုးကြောင်းဆီလျော်စွာ စိုးရိမ်ပူပန်မှုကိုဖြစ်စေသည်။

လူငယ်များနှင့် ကလေးများမှာ ၄င်းတို့ရပ်ရွာရှိ အိုးအိမ်နှင့် ကျောင်းများ၏ အဝေးတွင် စိုးရိမ်ကြောက်လန့်စွာနေထိုင်ရသဖြင့် ပညာသင်ကြားရေးမှာလည်း ဆိုင်းငံ့ထားရသည်။ ကလေးများမှာ ၄င်းတို့၏ အခြေခံအကျဆုံးအခွင့်အရေးဖြစ်သည့် ပညာဆည်းပူးသင်ယူမှုနှင့် ကျောင်းနေခွင့်များ တရားမျှတမှုကင်းမဲ့စွာဖြင့် ငြင်းပယ်ခံနေရသည်။

(ဂ) ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး

စစ်ပြေးဒုက္ခသည်များအား အကာအကွယ်ပေးရန် အပူတပြင်းလိုအပ်နေသည်။ မည်သည့်အချိန် မဆို စစ်အစိုးရ၏ ပစ်မှတ်ထားမှုကို ခံရနိုင်သည်။ ထိုခြိမ်းခြောက်မှုက စစ်တပ်အတွက် ပေါ်တာထမ်းပေးရင်း မြေမြှုပ်မိုင်း တက်နင်းနိုင်ခြင်း သို့မဟုတ် တိုက်ပွဲအတွင်း လူသားဒိုင်းကာ အဖြစ်အသုံးချခံရခြင်းတို့ကို ဆက်လက်ဖြစ်ပေါ်စေသည်[13]။ မြန်မာနောင်း၏ သတင်းတပုဒ်အရ အသက် ၁၇ နှစ်အရွယ် ယောက်ျားလေးတဦးသည် ဗုံးများပါသည့် အိတ်ကို အတင်းအကြပ် ထမ်းပိုးသယ်ဆောင်ပေးရသည်။ အကယ်၍ အဆိုပါ ကလေးသည် ထွက်ပြေးမည်ဆိုပါက ပစ်ခတ်ခံရမည်ဟု အာဏာသိမ်းစစ်တပ်က ခြိမ်းခြောက်ထားသည်[14]။ စစ်တပ် စစ်ကြောရေး စခန်းများတွင် ထိန်းသိမ်းခံရသူများမှာလည်း ထိုင်ရ၊ ထရအဆင်မပြေလောက်သည့် အခြေအ နေထိ ရိုက်နှက်ခံရသည်။ ထိုအခြေအနေအောက်တွင် လူငယ်များမှာ လုံခြုံမှုကင်းမဲ့နေသည်။

နိဂုံး

တိုင်းပြည်၏ ဒီမိုကရေစီ အကူးအပြောင်းအား စစ်တပ်အနေဖြင့် သိသိကြီးနှင့် တမင်တကာ ကြိုးကိုင် ခြယ်လှယ်နေပြီး အဓိပ္ပါယ်ရှိသည့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှု များကို လမ်းလွဲ စေရန် ပြုလုပ်နေသည်။ အကျိုးဆက်အနေဖြင့် တိုင်းပြည်သည် ပရမ်းပတာဖြစ်ကာ နစ်မြုပ်သွားသည်။ ထိုသို့ ပေါ့ဆမှု၏ ဆိုးကျိုးသက်ရောက်မှုသည် နှစ်ပေါင်းများစွာ ကြာရှည်နေပြီဖြစ်သည်။ အကြောက်တ ရားများကြောင့် ပြည်သူလူထုမှာ ၄င်းတို့ပိုင်ဆိုင်မှုများကို စွန့်လွှတ်၍ ဒုက္ခသည်များအဖြစ် တောင်းခံ ခိုလှုံနေရသကဲ့သို့ အခြေခံ လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များမှာ ငြင်းပယ်ခံနေရသည်။

ထိုသို့ဖြစ်ပေါ်နေမှုက ထပ်ကာ ထပ်ကာ ဖန်တရာတေနေသည့် သမိုင်းဖြစ်သည်။ လုပ်ပိုင်ခွင့်နှင့် အရင်းအမြစ်များရှိပြီး ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပေါ်မလာနိုင်စေရန် အဆောတလျင် တားဆီးပေးနိုင်မည့် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အတိတ်မှ သင်ခန်းစာများကို ကျယ်ကျယ်လောင် လောင် ဖော်ထုတ်ဖွင့်ချရမည်ဖြစ်သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ရေးကို ပြဌာန်းရမည်ဖြစ်ပြီး မြန်မာစစ်တပ်အား နိုင်ငံတကာ တရားခုံရုံးသို့ လွှဲပြောင်းပေးရမည်ဖြစ်သည်။ ထိုသို့ မလုပ်ဆောင်ပါက ကုလသမဂ္ဂအနဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရမည်ဆိုသည့် သံန္နိဌာန်ကို ချိုးဖောက်ရာ ကျပါသည်။ နေ့စဥ် မြန်မာပြည်သူများမှာ အခြေခံအခွင့်အရေးများ ငြင်းပယ်ခံနေရပြီး တိုက်ပွဲများအကြား ဆက်လက် ရှင်သန်နိုင်မှုကို ခြိမ်းခြောက်ခံနေရသကဲ့သို့ ဘဝလုံခြုံရေးအတွက် မရေရာသည့်အချိန်တွင် ၄င်းတို့၏ လိုအပ်ချက်များကို လျစ်လျူမရှုသင့်ပေ။

ထို့အပြင် မြန်မာစစ်တပ်၏ ကြမ်းတမ်းရက်စက်သည့် ချိုးဖောက်မှုများကို ခံစားရသည့် အတိတ်နှင့် ပစ္စုပန်မှ နစ်နာသူများအတွက် ပြန်လည်ကုစားပေးလျော်မှုမှာလည်း အလွန်ကြန့်ကြာနေသည်။ စစ်အာဏာရှင်များ ရယူလိုသည့် ဖိနှိပ်အုပ်ချုပ်ခွင့် အခွင့်အာဏာရရှိရန်အတွက် တက်ကြွလှုပ်ရှားသူ၊ အလုပ်သမား၊ စီးပွားရေးလုပ်ငန်းရှင်၊ ကျောင်းသား သို့မဟုတ် နိုင်ငံရေးသမား  မခွဲခြားပဲ မည်သူ့ကိုမဆို ဂရုမထား ပစ်မှတ်ထားနေမည်ဖြစ်သည်။ ထိုင်းမြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်များ ဘေးရန်ကင်းစွာ အိမ်ပြန်ရန် မဖြစ်နိုင်သကဲ့သို့ ထွက်ပြေးပြောင်းရွှေ့မှု အကြပ်အတည်းသည်လည်း ပိုမိုဆိုးရွားသည့် အသွင်ပေါ်နေသည်။ စစ်အာဏာရှင်တို့၏ လုပ်ရပ်များ ရပ်တန်းက ရပ်စေမည့် အဆောတလျင် အရေးယူဆောင်ရွက်မှုများ မရှိပါက အတင်းအဓမ္မဖမ်းဆီး ထိန်းသိမ်းခံရသူများနှင့် ရက်ရက်စက်စက် သတ်ဖြတ်ခံရသူ အရေအတွက်မှာ တိုးမြင့်နေဦးမည်ဖြစ်သည်။

အကြပ်အတည်း ပေါင်းစုံအား ဖော်ထုတ်၍ တုန့်ပြန်ဆောင်ရွက်ရာတွင် စစ်တပ်၏ အသိတရားမဲ့သည့် လုပ်ရပ်နှင့် ထပ်ကာ ထပ်ကာ ချိုးဖောက်နေသည့် အကြမ်းဖက်မှုများအား ချက်ခြင်းရပ်တန့်စေမည့် အရေးယူမှုများ ချမှတ်ရန် လိုအပ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အကြံပြုချက်

  • လူသားချင်းစာနာသည့် အကူအညီများပေးနေသော ဒေသခံ အဖွဲ့အစည်းများအား ၄င်းတို့၏ လူမှုအသိုင်းအဝိုင်းသို့ တိုက်ရိုက်အကူအညီ အထောက်အပံ့ပေးနိုင်မည့် ငွေကြေးနှင့် အရင်းအမြစ်များအား ပေးပို့ကူညီရန်။ အကူအညီများ ပေးရန်အတွက် စစ်အာဏာရှင်တို့နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် ၄င်းတို့အား တရားဝင်ကြောင်း အသိအမှတ်ပြုရာရောက်သည့် လုပ်ဆောင်မှုများ မပြုလုပ်ရန်။
  • ဒေသခံအဖွဲ့အစည်းများမှ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အသက်ကယ် အထောက်အပံ့များ ဖြန့်ဝေပေးရန်အတွက် ငွေကြေးအကူအညီ အခွင့်အလန်းများရရှိနိုင်မည့် လမ်းကြောင်းများ သည် အခြေအနေနှင့်အညီ ပြောင်းလွယ် ပြင်လွယ် ရှိစေရမည်။
  • မြန်မာစစ်တပ်၏ နိုင်ငံရေးနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့သည့် အချက်အလက်များ ရှိထား သော ဒေသခံအမြင်များမှ မြန်မာနိုင်ငံ၏ အခြေအနေကို နားလည်ရန်အတွက် ဒေသခံ တက် ကြွလှုပ်ရှားသူများနှင့် အမျိုးသားညီညွတ်ရေး အစိုးရတို့နှင့် တက်ကြွစွာ ဆွေးနွေး ထိတွေ့ပါဝင်ရန်။
  • ဇွန်လ ၁၈ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံမှ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက် အပေါ် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှု ပိတ်ပင်ရေး ချမှတ်ရန်၊ ပစ်မှတ်ထား အရေးယူမှုနှင့် စစ်အာဏာရှင်များ တာဝန်ခံ တာဝန်ယူမှု ရှိစေရေးအတွက် အရေးယူဆောင်ရွက်ရန်တို့ကို လုံခြုံရေးကောင်စီမှ ဆက်လက်လုပ်ဆောင်ရန်။

English version.


Download NDB_Briefer in Burmese.