အနာဂါတ် ဟင်းလင်းပြင်

June 17th, 2021  •  Author: Fallen Heroes (Myanmar)  •  1 minute read
Featured image

By Honest Information (HI)

ကြာညိုသင်း။ ။

“မေမေနဲ့ တီတီလေး ဖေဖေကို မကန်တော့နဲ့နော် သားလည်း မကန်တော့ဘူး။ မဟုတ်ရင် ဖေဖေက သားတို့ဆီပြန်မလာပဲ နေလိမ့်မယ်” ဆိုတဲ့ အသက်လေးနှစ်ပင် မပြည့်သေးတဲ့ ကလေးလေးရဲ့ စကားက ခံစားတတ်သူတိုင်းရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်ရမ်း နာကျင်စေခဲ့တယ်။

ဖအေဖြစ်သူ ကိုမျိုးဇော်ဇော် (ကိုဇော်ဇော်)ဟာ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်ကဆောက်နေတဲ့ ကုတင် ၁၀၀၀ စစ်ဆေးရုံက သံချည်သံကွေးလုပ်တဲ့ လုပ်သားတစ်ဦးဖြစ်ပြီး ဇွန်လ ၂ ရက်နေ့ည အလုပ်ကအပြန်မှာ စစ်ကားနဲ့ တွေ့လို့ သူတို့ကို မချေမငံဆဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဖမ်းခံခဲ့ရတာပါ။ အဖမ်းခံရပြီး တစ်ရက်အတွင်းမှာပဲ ကိုဇော်ဇော် သေဆုံးပြီလို့ စစ်တပ်က အကြောင်းကြားကာ အလောင်းကို လာပြန်ထုတ်ခိုင်းခဲ့ပါတယ်။

ကိုဇော်ဇော်သေဆုံးချိန်မှာ အသက် ၃၂ နှစ် ရှိပါပြီ။ ဇနီးသည်ကတော့ ခင်ပွန်းဖြစ်သူထက် ၆ နှစ်လောက်ငယ်ရွယ်ပြီး လက်ရှိမှာ ကိုယ်ဝန်ငါးလနဲ့ လူမမယ်အရွယ် ကလေးတစ်ယောက်ကျန်ရစ်ခဲ့ပါတယ်။

အသက် ၂၆ နှစ်သာရှိသေးတဲ့ မဝါတစ်‌‌ယောက် လူမမယ်ကလေးနဲ့အတူ ကိုယ်ဝန်ကြီးနဲ့ ဘဝခရီးလမ်းက ရှေ့ဆက်ဖို့ အခက်အခဲတွေ အများကြီးရှိနေတာပါ။

“သူ့မှာ ဓါးနဲ့ ထိုးခံရတဲ့ ဒဏ်ရာချုပ်ရိုးရှိသလို အူကလည်းအစားထိုးထားတဲ့သူဖြစ်တယ်။ နှိပ်စက်ကန်ကြောက် ရိုက်နှက်တာကြောင့် အူပြတ်ပြီး ပုပ်သေသွားတယ်လို့ ထင်တယ်။ သူတို့ ဖမ်းထားတာ သိသိချင်း အဖေ(‌ယောက်ခမ) က လိုက်ပြီး ရဲစခန်းမှာ ဒူးထောက်မတတ် တောင်းပန်ခဲ့တာ မနက်ကျ ပြန်လွှတ်ပေးမယ် ပြန်တော့လို့ ‌ပြောပြီး ဇွန်လ ၄ ရက် မနက် ခြောက်နာရီလောက်မှာ သေပြီလို့ လာပြောတယ်။ ညကမှ အဖမ်းခံရပြီး မနက်သေပြီဆိုတော့ ဘယ်လိုမှ မယုံနိုင်ဘူး”လို့ မဝါက မျက်ရည်တွေကို သုတ်ဖယ်ရင်း ပြောရှာပါတယ်။

ကိုဇော်ဇော်နဲ့အတူ အဖမ်းခံရတဲ့ ရွှေပြည်သာ လှော်ကား၊ ဝါးတစ်ရာ လိန်ကုန်းကျေးရွာက ၄ ‌ယောက်ကတော့ အဲဒီနေ့ ဇွန်လ ၄ ရက်မနက်မှာပဲ ပြန်လွှတ်လာပေမယ့် ၁ ဦးက စိတ်မမှန်သလို ဖြစ်နေပြီး ကျန်တဲ့သူတွေမှာလည်း အသားကို အထိပင်မခံနိုင် လောက်အောင် နှိပ်စက်ခံထားရတယ်လို့ ဆိုပါတယ်။

လူမမယ်ကလေးလေး အဖေခေါ်စရာ ကင်းမဲ့သွားသလို အဖေဘယ်သူမှန်း မြင်ဖူးလိုက်ခြင်းမရှိတဲ့ ကလေးလေးရဲ့ ဘဝ၊ ကျန်ရစ်ခဲ့တဲ့ ကိုယ်ဝန်ဆောင်မဝါရဲ့ စိတ်ဒဏ်တွေက ပြန်လည်ကုစား၍ ရနိုင်တော့မည်မဟုတ်ပေ။

“မေမေနော် ဖေဖေကိုမကန်တော့နဲ့ သားတို့ဆီ ပြန်မလာပဲနေလိမ့်မယ်။ ဖေဖေအိပ်နေတာလို့ ပြောတဲ့” လေးနှစ်ဝန်းကျင် က‌လေးတစ်‌ယောက်ရဲ့ စကားက နားရေးလိုက်ပို့သူတွေအဖို့ မျက်ရည်ဆယ်နိုင်စရာ အင်အားမဲ့စေခဲ့ပါတယ်။

သေဆုံးသွားတဲ့ သားဖြစ်သူရဲ့ပြန်လည် လွတ်မြောက်ရေးအတွက် လှော်ကားရဲစခန်းမှာ ဒူးထောက်မတတ် တောင်းပန်ပြီး သားလေးကို လွှတ်ပေးဖို့ ပြောခဲ့တဲ့ ဖခင်တစ်ယောက်ဟာ အခုချိန်မှာတော့ မျက်ရည်တွေ သုတ်ကာ သားအလောင်းကို မီးရိူ့နေတဲ့ မြင်ကွင်းက မြင်ရတဲ့သူတွေအတွက် စိတ်နှလုံး ဝမ်းနည်းကြေကွဲစေပါတယ်။

“သူက အပေါင်းအသင်း အရမ်းမင်သလို လူချစ်လူခင်ပေါတယ်။ အဲဒီနေ့က အလုပ်ကအပြန် သူငယ်ချင်းတွေနဲ့ သောက်ရင်း လမ်းမှာဖြစ်သွားတာ။ နှိပ်စက်ခံရတော့ ဗိုက်ကို ကန်မိလို့ ချုပ်ရိုးပြုတ်တယ်နဲ့ တူပါတယ်။ အောင့်တယ်ဆိုပြီး ပြောတော့ ထိုးဆေးနှစ်လုံး သူတို့က(ရဲတွေ) ထိုးပေးတယ်ပြောတယ်။ မနက်အိမ်က ရဲစခန်းလိုက်သွားတော့ ၆ နာရီလောက်ထဲက ဆုံးပြီတဲ့ ရွှေပြည်သာဆေးရုံမှာ အလောင်းသွားယူရတယ်”လို့ ကိုဇော်ဇော်ရဲ့ မိသားစုကပြောပြပါတယ်။

ကိုဇော်ဇော်သေဆုံးချိန်မှာ ပြင်ပ ဒဏ်ရာသိပ်မတွေ့ရပေမယ့် ဗိုက်ခွဲထားတဲ့ ချုပ်ရိုးကျောင်းကနေ ဆီးစပ်အထိခွဲပြီး ချုပ်ထားသလို၊ မျက်လုံးတွေလဲ ဖူးယောင်နေတာတွေ့ရပါတယ်။ ဘယ်လိုဖြစ်ပြီး သေဆုံးတယ်ဆိုတာ ရဲစခန်းက မပြောပြသလို မိသားစုကလည်း သူတို့ကို ထပ်တွန့်တပ်ပြီး မမေးရဲခဲ့ပါဘူး။

“ကိုယ်ဝန်က ၅ လထဲရောက်နေပြီဖြစ်ပေမယ့် လက်ရှိ အလုပ်အကိုင်အခက်အခဲတွေကြောင့် မဝါမှာ အလုပ်မရှိသလို အမျိုးသားလုပ်သူရဲ့ လုပ်အားခကိုသာအားကိုးနေရတဲ့ အချိန်မှာ အခုလိုဖြစ်သွားတာက လက်တစ်ဖက် ပြုတ်သွားသလိုပါပဲ”လို့ မဝါက ပြောပြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံရပြီး စစ်ကြောရေးစခန်းတွေ မရောက်ခင် ရဲစခန်းလို နေလိုမျိုးမှာပင် သေဆုံးနေရတဲ့ ကိုဇော်ဇော်တို့လို အရပ်သားတွေ ရှိနေသလို ဒီထဲမှာမှ တချို့တွေကို အလောင်းပြန် မပေးတာတွေလည်း ရှိနေပါတယ်။

အဖမ်းခံရတုန်းက လူကောင်း ပကတိဖြစ်ပြီး တစ်ရက်တောင် မပြည့်သေးခင်မှာပင် အလောင်းလာထုတ်ခိုင်းတဲ့ လုပ်ရပ်ကတော့ ကျန်ခဲ့တဲ့မှီခိုနေရတဲ့ မိသားစုတွေ၊ မိခင်တွေ၊ ကလေးတွေအတွက် စိတ်ဒဏ်ရာရမှုက တွေးကြည့်၍ပင် ရင့်နင့်စရာတွေပါ။

ကိုဇော်ဇော်လို အလားတူပဲ ပြီးခဲ့တဲ့ မတ်လလဆန်းပိုင်းကလည်း ရွှေပြည်သာမြို့နယ် စုအသက်မွေးဝမ်းကျောင်းသိပ္ပံက တာဝန်ခံ ကိုဇော်မြတ်လင်းကိုလည်း ညဘက်ဖက်က ဖမ်းသွားပြီး မနက်ဘက်တွင် မင်္ဂလာဒုံစစ်ဆေးရုံမှာ အလောင်းကို လာရောက် စစ်ဆေးဖို့ မြို့နယ်ရဲစခန်းက ဇနီးဖြစ်သူကို အကြောင်းကြားခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။

ကိုဇော်မြတ်လင်းရဲ့ရုပ်အလောင်းဟာ ပုံပျက်ပန်းပျက်ဖြစ်နေပြီး မသေဆုံးမှီပြင်းထန်စွာနှိပ်စက်ခံထားရတယ်လို့ မိသားစုဝင်တွေက ယုံကြည်နေကြပါတယ်။

စစ်ကောင်စီကထိန်းချုပ်ထားတဲ့ သတင်းဌာနတွေကဘက်ကတော့ ကိုဇော်မြတ်လင်းဟာ ဖမ်းဆီးခံရစဉ်တုန်းက နေအိမ်အပေါ်ထပ်ကနေခုန်ချထွက်ပြေးရာကနေ ပြုတ်ကျပြီး ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။

ကိုဇော်မြတ်လင်းရဲ့အမျိုးသမီး မဖြူဖြူဝင်းကတော့ ပေ ၃၀ အမြင့်ကနေခုန်ချလို့ သံချွန်နဲ့ ဗိုက်ကိုထိုးမိလို့ သေဆုံးတယ်လို့ ဆေးစာထဲမှာပါပေမယ့် တကယ်ခုန်ချတဲ့နေရာဟာ ၇ ပေခွဲ၈ပေလောက်သာ မြင့်တယ်လို့ ဘီဘီစီ သတင်းဌာနကို ပြောပါတယ်။

ဘာအကြောင်းကြောင့်သေဆုံးတယ်ဆိုတာ မရှင်းလင်းပေမယ့် ကိုဇော်မြတ်လင်းဟာလည်း ဆယ်နှစ်အရွယ်သူ့သားငယ်နဲ့ မိသားစုဆီ ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့သူတွေထဲက တယောက်ဖြစ်သွားရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ကောက်ယူထားတဲ့ စာရင်းအရ အာဏာသိမ်းပြီး နောက်ပိုင်း ၄ လအတွင်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ဖမ်းဆီးခံရသူ စုစုပေါင်း ၅၆၀၀ ကျော်ရှိသလို သေဆုံးသူ ၉၀၀ နီးပါး ရှိလာပါပြီ။

အဲ့ဒီသေဆုံးသူ ၉၀၀ နီးပါးထဲတွင် ဆန္ဒပြပွဲများအတွင်း ပစ်ခတ်ခံရလို့ သေဆုံးတာတွေ၊ စစ်ကြောရေးမှာ သေဆုံးတဲ့ သူတွေ ရှိသလို ဖမ်းသွားပြီး ရိုက်နှက်စစ်ဆေးလို့ ရဲစခန်းမှာတင် အသက်ပျောက်သွားရတဲ့သူတွေကို မနက်ကျ အလောင်းလာယူပါ ဆိုပြီး အကြောင်းကြားခံရတဲ့ သူတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီက ဖမ်းသွားပြီး နောက်တစ်နေ့မနက်မှာ အလောင်းလာထုတ်ဖို့ အကြောင်းကြားခံရတဲ့ အထဲမှာ နာမည်ကြီး လွှတ်တော်အမတ်တွေ၊ ကဗျာဆရာတွေ၊ အရပ်သားတွေ ပါသလို မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ဒေါ်မာလာဝင်းဆိုတဲ့ အမျိုးသမီး တစ်ဦးလည်း ပါဝင်ပါတယ်။

ဒေါ်မာလာဝင်းက သူမအဖမ်းခံရတဲ့ အချိန်မှာ မဖမ်းဖို့အတွက် ဒူးထောက်တောင်းပန်ခဲ့ပေမယ့် ရွာသားတွေနဲ့အတူ မတ်လ ၁၉ ရက်ညမှာ ဖမ်းဆီးခံခဲ့ရပြီးနောက်နေ့ မနက်မှာ အလောင်းလာထုတ်ဖို့ မိသားစုကို အကြောင်းကြား ခံခဲ့ရတာပါ။ သူမဆုံးပါးသွားချိန်မှာတော့ အသက် ၃၉ နှစ်ရှိပြီး သားသမီး ၃ ဦး ကျန်ရစ်ခဲ့ ပါတယ်။

ရန်ကုန် ရွှေပြည်သာက ကိုဇော်ဇော်ရဲ့အမျိုးသမီး မဝါအဖို့ သူ့အမျိုးသားရဲ့ လုပ်အားခကိုသာ မှီခိုအားထားနေရတဲ့အတွက် အားကိုးစရာမဲ့သွားသလို ဗိုက်ထဲက ကလေးငယ်လေးမှာလည်း လူ့လောကထဲ ‌ရောက်မလာခင်မှာပင် ဖခင်မဲ့သွားခဲ့ ရှာပေမယ့် ဘဝကိုအရှုံးမပေးဘဲ ရှေ့ဆက်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

“ကျွန်မစက်ချုပ်တတ်တယ်လေ ကလေးလေးမွေးပြီးရင်တော့ အထည်ချုပ်စက်ရုံတခုခုမှာ အလုပ်ဝင်ရင်း ကျွန်မ သားသမီးလေးတွေနဲ့ ရှေ့ဆက်ရမှာပေ့ါ” လို့ ဆိုပါတယ်။

အခုချိန်မှာတော့ ကိုယ်ဝန်ဆောင်အားဆေးမဆိုနှင့် Folic Acid ပင် မသောက်သုံးနိုင်သလို မီးဖွားဖို့လည်း ဒေသန္တရ ဆေးခန်းများ ပိတ်ထားတာကြောင့် မပြရသေးတဲ့ အခြေအနေဖြစ်ပါတယ်။

“ကျွန်မက ကိုယ်ဝန်နဲ့မို့ အခုက အလုပ်ရှာလို့လည်း မရသေးဘူး။ သားအမိနှစ်ယောက် အဆင်ပြေသလို ဒီလိုပဲ ရှာဖွေ စားသောက်ရမှာပေါ့။ အခု ကျွန်မယောကျာ်းဆုံးတဲ့ မိဘအိမ်နဲ့ဆို ကျွန်မတို့နေတဲ့ မြကျွန်းသာရွာလေးက မိုင် ၂၀ လောက်တော့ ဝေးတယ်။ အဲဒီရွာမှာ အမေတို့နဲ့ပဲ အခုလောလောဆယ်တော့ နာရေးပြီးရင် ပြန်နေမယ်။ ကလေးကိုလည်း အရပ်လက်သည်နဲ့ပဲ မွေးရမှာပဲ” လို့ ဘယ်အရာကိုမှ ပီပြင်စွာ မမြင်ရပေမယ့် ငေးမောနေမိတဲ့ သတိလက်လွတ် လူတစ်ဦး လိုမျိုး စကားလုံးတွေကို အသတ်မဲ့စွာနဲ့ မဝါက ပြောပါတယ်။

မဝါတို့သားမိက အခုလက်ရှိမှာတော့ မြကျွန်းသာရွာလေးမှာ ရှိတဲ့ ထရံကာ၊ ဓနိမိုးထားတဲ့ မဝါရဲ့ မိဘတွေ အိမ်နောက်က အဖီလေးမှာ နေထိုင်ကြပါတယ်။

ကိုယ်တိုင်ဖန်တီးလုပ်ယူရခြင်းမရှိပဲ အလိုလိုရရှိလာတဲ့ ကံဆိုးခြင်းတွေကို ရင်ဆိုင်ဖြတ်ကျော်ဖို့ မာန်တင်းနေတဲ့ မိခင်တစ်ယောက်ရဲ့ အားအင်တွေကို သူ့မျက်နှာမြင်နေရပေမယ့် ပြောမပြတက်လောက်အောင် ကြေကွဲဆို့နင့်မှုတွေက မျက်ဝန်းမှာ အထင်းသားပေါ်လွှင်နေခဲ့ပြန်ပါတယ်။

ရင်ခွင်ထဲထွေးပွေ့ထားတဲ့ ကလေးငယ်လေးနဲ့ လွယ်ထားရတဲ့ဝမ်းထဲက အဖြူအမဲမသိရသေးတဲ့ အနာဂါတ်လေးအတွက် သူမ ခွန်အားတွေ မွေးရအုံးမယ်၊ လစ်ဟာသွားတဲ့ သူတို့လေးတွေရဲ့ ဖခင်နေရာအတွက် သူမက ဖခင်လဲ ဖြစ်ပေးရအုန်းမယ်။ ယုယကြင်နာတက်တဲ့ မိခင်တစ်ဦးလဲ သူမဖြစ်ရအုန်းမယ်လေ။

ဒါကြောင့် ရှေ့မှာ ကြုံရမယ့် ဒုက္ခတွေကို သူမအနေနဲ့ ကြိုတင် ရိုးမယ်ဖွဲ့နေဖို့ မဖြစ်တော့ပြီမို့ လာသမျှအခက်အခဲ ခါးစည်းခံဖို့ အဆင်သင့်ဖြစ်နေရန် ကြိုးစားပြင်ဆင်ရအုံးမှာဖြစ်တယ်။

“ကျမကလေးတွေကိုတော့ အတတ်နိုင်ဆုံး အကောင်းဆုံးပျိုးထောင်သွားမှာပါ။ သူတို့က တနေ့မှာ လူတွေကို ကောင်းကျိုးပေးတဲ့သူတွေ ဖြစ်စေရမယ်”လို့ မျက်ရည်တွေကြား အံကိုတင်းတင်းစေ့ထားရင် မဝါက ပြောလိုက်ပါတယ်။


Original Post: Honest Information (HI)

Send this to a friend