အထွေထွေအကျပ်အတည်းကြား ရှင်သန်နေရသည့် အမျိုးသမီးအလုပ်သမများ

June 8th, 2021  •  Author: Women's Rights (Myanmar)  •  1 minute read
Featured image

By Honest Information (HI)

ဒီမိုကရေစီအပြည့်အဝမရသေးတဲ့နိုင်ငံတွေမှာ အလုပ်သမားတွေရဲ့အခွင့်အရေးတွေဟာ လေပေါ်မှာပျောက်ကွယ်နေသလိုဖြစ်နေပါတယ်။ ဒီလိုဖြစ်နေတဲ့အထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်တယ်။

အလုပ်သမားတွေဟာ သူတို့အခွင့်အရေးတွေ အပြည့်အဝမရကြတဲ့အတွက် တောင်းဆို၊ ဆန္ဒပြ သပိတ်မှောက် မှုတွေဟာ နေ့စဉ်ရက်ဆက်ဆိုသလို နိုင်ငံအတွင်းမှာ ရှိနေခဲ့ပါတယ်။

အထူးသဖြင့်ကတော့ အချိန်ပိုတွေ အလွန်အကျွံခေါ်တာတွေ၊ လုပ်ငန်းခွင်အတွင်းလိင်ပိုင်းဆိုင်ရာ အမြတ် ထုတ်မှုတွေ၊ လုပ်ငန်းခွင်ထဲမှာ ဆဲဆိုတဲ့ကိစ္စတွေနဲ့ လုပ်ခလစာအပြည့်အဝမရတဲ့ကိစ္စတွေက အများဆုံး ဖြစ် လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။

ဒီအချိန်မှာ စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူလိုက်တဲ့အတွက် လူထုဟာ လမ်းမပေါ် ထွက်လာ ပြီး စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင် တော်လှန်နေကြတဲ့အချိန်ပါ။

နဂိုကတည်းက အလုပ်သမားအခွင့်အရေး အပြည့်အဝမရနေတဲ့ကြားက နိုင်ငံရေးမတည်မငြိမ်ဖြစ်လာတဲ့အခါ မှာတော့ အလုပ်ရှင်တွေဟာ အလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်တာတွေ၊ ဖိနှိပ်တာတွေ ပိုမို လုပ် ဆောင်လာပါတယ်။

အာဏာသိမ်းလိုက်ပြီးတဲ့နောက် စက်ရုံတွေပိတ်သွားတာ၊ ပြည်ပအမှာစာတွေရပ်သွားတာကြောင့် အထည်ချုပ်လုပ်သား နှစ်သိန်းခန့် အလုပ်အကိုင်ဆုံးရှုံးခဲ့ရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေကို ကိုးကားပြီး Myanmar Now သတင်းဌာနက ဧပြီလအတွင်းကရေးသားပါတယ်။

အထည်ချုပ်လုပ်သား ခုနစ်သိန်းကျော်ရှိတဲ့မြန်မာနိုင်ငံမှာ အာဏာသိမ်းပွဲမတိုင်ခင် ကိုဗစ်အခြေအနေကြောင့် အလုပ်သမား နှစ်သိန်းခန့်လည်းအလုပ်လက်မဲ့ဖြစ်ခဲ့သေးတယ်လို့လည်း အဆိုပါသတင်းကဆိုပါတယ်။ ဒါ့ကြောင့် အာဏာသိမ်းပွဲနဲ့ကိုဗစ်နှစ်ခုပေါင်း အလုပ်သမားလေးသိန်းလောက် အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူ ဦးရဲနိုင်ဝင်းကိုကိုးကားပြီး Myanmar Now ကရေးသားပါတယ်။

အလုပ်မပြုတ်ဘဲ ကျန်နေတဲ့စက်ရုံအလုပ်သမားတွေဟာလည်း လုပ်ငန်းခွင် အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ နဲ့ကြုံတွေ့နေကြရပါတယ်။

“လက်ရှိအလုပ်သမားရုံးက CDMလုပ်နေလို့ မဖြေရှင်းပေးနိုင်သေးတာကို အခွင့်ကောင်းယူပြီး အလုပ်သမား တွေကို အနိုင်ကျင့်တဲ့ အလုပ်ရှင်က ၁၀ ယောက်မှာ ၉ ယောက်ကတော့ လုပ်ကြတာပဲ။ ဒီအချိန်မှာ ကျမတို့လို အလုပ်သမားတွေအတွက် တရားမျှတမှုဆိုတာ မရှိတော့ဘူးလေ”လို့ မဦးခင်အုန်းက ပြောပါတယ်။

အသက် ၂၂ အရွယ် မဦးခင်အုန်းဟာ မတ်လ ၂၇ ရက်က စက်ရုံအတွင်းမှာ ခြေမျက်စိနောက်ဖက် သံပြားရှမိတဲ့ အတွက် ဆေးရုံပေါ်မှာ ရက်ပေါင်း ၂၀ နီးပါးကုသခံယူခဲ့ရပြီး ယနေ့တိုင်လမ်းလျှောက်တိုင်း ခြေတဖက်နိမ့်နေသူ ဖြစ်ပါတယ်။

သူကတော့ ဆေးရုံးဆင်းကတည်းက စက်ရုံကို အကြိမ်ကြိမ်ဖုန်းဆက်ပြီး အလုပ်ပြန်ပေးရင်လည်းပေး (ဒါမှ မဟုတ်) နစ်နာကြေးပေးမယ်ဆိုလည်း ပေးဖို့ပြောတော့ မန်နေဂျာကို ပြောပေးမယ်ဆိုတာကြောင့် မဦးခင် အုန်းဟာ စောင့်မျှော်နေခဲ့ပါတယ်။

“စက်ရုံမှာ လုပ်နေတာ သုံးနှစ်နီးပါးရှိပြီ။ လစာနဲ့ နောက်အလုပ်ပြန်လုပ်ရမှာလား၊ စတာတွေ ကျမမေးချင်တာ အများကြီးရှိတယ်။ ကျမက ဖုန်းဆက်ပေမယ့် သူတို့က ဖုန်းကိုင်ချင်မှ ကိုင်တာ။ တရားဥပဒေအရဆိုရအောင် လည်း ဒီလိုအချိန်ကြီးမှာဆိုတော့ ခက်တယ်”လို့ မဦးခင်အုန်းက ပြောရင်း သက်ပြင်းချလိုက်ပါတယ်။

ဒီလိုနဲ့ သူစောင့်နေရင်း မေလ ၂၈ ရက်မှာ သူ့စက်ရုံပိတ်သွားတဲ့အတွက် သူ့မျှော်လင့်ချက်တွေဟာ ရေစုန် မျောသွားရပါတော့တယ်။ ဒါ့အပြင် သူ့ဒဏ်ရာဟာ မဦးခင်အုန်းရဲ့ပေါ့လျော့မှုကြောင့် နစ်နာကြေးမရတာဆိုတဲ့ သတင်းစကားကြောင့် သူဟာ စိတ်ထိခိုက်နေပုံရပါတယ်။

မျက်လုံးမျက်ဖန်ကောင်းကောင်း၊ အသားမဖြူမညိုနဲ့ အရပ်ထောင်ထောင်မောင်းမောင်းရှိတဲ့ မဦးခင်အုန်းကို ကြည့်ရတာ အရင်က သွက်လက်ဖြတ်လတ်မယ့် ပုံရှိပါတယ်။

ခြေထောက်မကောင်းတော့ကတည်းက သူဟာ စကားနည်းသွားခဲ့ပြီး ဖြတ်လတ်တဲ့သူရဲ့အသွင်က ပျောက် ဆုံးသွားခဲ့တယ်လို့ အတူနေ သူငယ်ချင်းက မိထားက ပြောပြပါတယ်။

“ ဒီလိုအရွယ်မှ ဒုက္ခိတဖြစ်ရတော့ ရှက်တယ်။ ဝမ်းလည်းနည်းတယ်။ လူတွေအများကြီးကြားထဲ မနေရဲတော့ ဘူး။ ပြုစုပေးသူတွေလည်း ကြာတော့ ငြိုငြင်လာပြီ။ အလုပ်မရှိတော့ အိမ်ပြန်ရတော့မှာပေါ့”လို့ သူက ခေါင်းလေးငုံ့ကာ ပြောပါတယ်။

တကယ်တော့ မဦးခင်အုန်းဟာ သူရဲ့ဇာတိမြေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ မိသားစုနဲ့အတူ အေးအေးချမ်းချမ်း နေလို့ရပေမယ့် တိုးတက်ချင်တဲ့သူရဲ့ရည်မှန်းချက်ကြောင့် ငြိမ်းချမ်းသာယာတဲ့ သူ့ဘဝကို စွန့်ပြီး ရန်ကုန်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်ရောက်တော့ မင်္ဂလာဒုံမှာနေတဲ့အဒေါ်တူမနဲ့အတူ စက်ရုံမှာ အလုပ်ဝင်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ် ကာလမှာ အဒေါ်မိသားစုက ရခိုင်ပြန်သွားတဲ့အတွက် သူက အလုပ်တူသူငယ်ချင်းတွေနဲ့ အဆောင်ဌားနေထိုင် ခဲ့တယ်။

အလုပ်ရတဲ့ပထမပိုင်းမှာတော့ အိမ်ကိုလစာမပေးဘဲ ကွန်ပြူတာသင်တန်းနဲ့ လက်တော့ဝယ်ဖို့ ငွေစုခဲ့ပါတယ်။ အဲဒီအချိန်မှာ ဖခင်က နာမကျန်းဖြစ်ပြီး ဆေးရုံတက်ရသလို စပါးကလည်း အထွက်မကောင်းတဲ့အတွက် ဆုံးရှုံး မှု ရှိလာတာကြောင့် သူရဲ့စုဆောင်းငွေတွေဟာ မိသားစုအတွက် ဖြစ်ခဲ့ရတယ်။

ဒီအချိန်မှာ ကိုဗစ်ကပ်ရောဂါကြီး မြန်မာပြည်ကို ရောက်လာပါတော့တယ်။ သို့ပေမယ့် အစိုးရက အခြေခံ အလုပ်သမားတွေအတွက် စားသောက်ကုန်အပြင် ငွေသားတွေပါ ထောက်ပံ့ပေးတဲ့ အတွက် သူ့အနေနဲ့ အဆောင်မှာ ဆက်ပြီးနေထိုင်နိုင်ခဲ့တယ်။

ဒါ့အပြင် စက်ရုံတွေကလည်း ကျန်းမာရေးစည်းကမ်းချက်နဲ့အညီ ပြန်ဖွင့်ခွင့်ရတဲ့အထဲမှာ မဦးခင်အုန်းတို့ စက်ရုံ လည်း ပါဝင်တာကြောင့် ရက်ပိုင်းလောက်သာ အလုပ်နားခဲ့ရတဲ့အတွက် သူများလို အခက်အခဲများစွာ မကြုံခဲ့ရ ပါဘူး။

ဒါပေမယ့် စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး အလုပ်တွေအားလုံးရပ်ဆိုင်းသွားပါတယ်။ ဒီအချက်ကို အကြောင်းပြပြီး အလုပ်ရှင်တွေက အလုပ်သမားတွေကို လစာလျော့တာ၊ အလုပ်ဖြုတ်ပစ်တာ၊ အလုပ်ကနေ ရပ်ဆိုင်းပစ်တာစတာတွေစလုပ်လာပါတော့တယ်။

အမည်မဖော်လိုတဲ့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတယောက်ကလည်း စစ်အာဏာရှင်လက်ထက်မှာ အလုပ်သမားတွေ ပြဿနာဖြစ်ရင် ဖြေရှင်းပေးမယ့်သူ မရှိတာကို အခွင့်ကောင်းယူပြီး အလုပ်ရှင်တွေက ပိုမို ဖိနှိပ်လာတာလို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က အလုပ်သမားခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို တရားစွဲဆိုမှုတွေ လုပ်လာတဲ့အတွက်ကြောင့် အလုပ်သမားအခွင့်အရေးတွေ ပိုပြီးဆုံးရှုံးလာရတယ်လို့ ထောက်ပြပါတယ်။

ဒါကလည်း စစ်တပ်နဲ့ ရဲတွေက လှိုင်သာယာစက်မှုဇုံမှာရှိတဲ့ အလုပ်သမားတန်းလျားတွေနဲ့ အဆောင်နေ အလုပ်သမားသမဂ္ဂတွေ အထူးသဖြင့် ပုဂ္ဂလိက စက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားရှာဖွေနေတာကြောင့် သူတို့တွေဟာ လက်ရှိမှာ တိမ်းရှောင်ရဆဲဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကာလမှာ ဖြစ်ပေါ်လာတဲ့အလုပ်သမားပြဿနာတွေမဖြေရှင်းပေးဘဲ တာဝန်ယူမှု၊ တာဝန်ခံမှု နည်းတာကိုလည်းတွေ့နေပါတယ်။

ဥပမာအားဖြင့် ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်က ရွှေပြည်သာမြို့နယ်ရှိ ဘောင်းဘီချုပ်စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးလေးတယောက်ဟာ အလုပ်ရှင်ရဲ့တာဝန်ယူ၊ တာဝန်ခံမှုပေါ့လျော့တာကြောင့် ညာလက်လေးချောင်းမဖြတ်သင့်ဘဲ ဖြတ်ပစ်ခဲ့ရပါတယ်။

ဒီအတွက် တရားမျှတမှုရဖို့ သူဟာ ယနေ့တိုင်စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။ သူကတော့ ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန်ဖူကူယာမအပ်ပရယ်အထည်ချုပ်စက်ရုံမှာ လုပ်သက် ၂ နှစ်ရှိပြီဖြစ်တဲ့ မဦးမေဝင်းပါ။

“ကျမ အလုပ်မလုပ်နိုင်တော့ အိမ်လည်း ဝင်ငွေလျော့သွားတာပေါ့။ အမေမွေးတုန်းက အကောင်းဆိုတော့ အခုအချိန်မှာ အရမ်းခံစားရတယ်။ လူတောလည်း မတိုးရဲတော့ဘူး။ ဘာဖြစ်ဖြစ် သူများအားကိုးနေရတာ မကြိုက်ဘူး” လို့ အသက် ၂၃ နှစ်အရွယ် မဦးမေဝင်းက ဆိုပါတယ်။

စစ်အုပ်ချုပ်ရေးကာလမှာ အလုပ်ရုံ၊ စက်ရုံတွေ ပိတ်ထားပြီး မတ်လမှာ ပြန်ဖွင့်တဲ့အချိန်မှာ မဦးမေဝင်းတို့ စက်ရုံလည်း ပါဝင်ခဲ့တယ်။ အခင်းဖြစ်တဲ့ မတ်လ ၃၀ ရက်မှာ သူ့အလုပ်ကြီးကြပ်သူမှ မူလအလုပ်ကို မလုပ် စေဘဲ အလုပ်သမားမရှိတဲ့ Cutting Section နေရာမှာ ချုပ်လုပ်ခိုင်းခဲ့ပါတယ်။

အဲဒီလိုသွားလုပ်ပေးတဲ့အချိန်မှာပဲ ညာလက် စက်ကြားထဲဝင်သွားခဲ့တဲ့အတွက် စက်ရုံအနားရှိတဲ့ သီရိစန္ဒာ ဆေးပေးခန်းကို ချက်ခြင်းသွားခဲ့ပေမယ့် အင်းစိန် KBC ဆေးရုံကို လွှဲလိုက်တာကြောင့် အဲဒီမှာ ခွဲစိတ်ခဲ့ရတယ်။

ဆေးရုံမှာ ၈ ရက်လောက်ကုသမှုခံယူပြီးနောက် ဆရာဝန်က ၁၀ ရက်နေ့ထပ်မံခွဲစိတ်ရမယ်ဆိုတာကြောင့် အိမ်ပြန်နားစေခဲ့ပါတယ်။ ရက်ချိန်းအတိုင်းပြန်လာတော့ ဆရာဝန်က လက်ဖြတ်လို့ မရသေးဘူး။ ပုတ်အောင် စောင့်ဖို့ ဆေးရုံ ၂ ပတ်တက်ခိုင်းခဲ့ပါတယ်။

စက်ရုံမန်နေဂျာကို ဖုန်းဆက်ပြောတော့ သူအရိုးအထူးကုစုံစမ်းနေတယ်ဆိုတာကြောင့် ဆေးရုံမတက်တော့ဘဲ အိမ်ပြန်ခဏစောင့်လိုက်ပါတယ်။ ၁၂ ရက်နေ့မှာ လက်က ပုတ်လာလို့ မန်နေဂျာကို ပြောတဲ့အခါ အရိုးအထူးကု က အဆက်အသွယ်မရဆိုတာကြောင့် စစ်ဆေးရုံကို သွားခဲ့ပါတယ်။

အဲဒီမှာ ဆရာဝန်က မဦးမေဝင်းရဲ့လက်ကိုကြည့်ပြီး ဖြစ်ဖြစ်ချင်းလာလိုက်မယ်ဆိုရင် လက်က ဖြတ်စရာ အကြောင်း မရှိဘူး။ မလိုအပ်ပဲနဲ့ ဖြတ်လိုက်ရတယ်လို့ မှတ်ချက်ပေးခဲ့ကြောင်း မဦးမေဝင်းက ပြန်ပြောပြပါတယ်။

“ပထမ ဓါတ်မှန်ရိုက်တော့ အရိုးက မကျေဘူး။ လက်က သွေးကြောတွေက ပြတ်ကုန်တော့ လက်က ညိုမဲနေ တယ်။ လက်ထိပ်ဖျားတွေရော”လို့ သူက ရှင်းပြပါတယ်။

အခုလို လက်ချောင်းတွေ မဖြတ်သင့်ပဲ ဖြတ်လိုက်ရတာက စက်ရုံအလုပ်ရုံတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိလို့ ဖြစ်ရတယ်လို့ ရခိုင်အလုပ်သမားတွေရဲ့ပြဿနာတွေကို ကူညီဖြေရှင်းပေးနေတဲ့ ရခိုင်အမျိုးသားကွန်ရက်မှ ဥက္ကဌ ကိုတင်ထူးအောင်က သုံးသပ်ပါတယ်။

စက်ရုံမှ မဦးမေဝင်း KBC ဆေးရုံတက်စရိတ် ၇ သိန်းကျော်သာ ရှင်းပေးထားပြီး ဆေးရုံတက်နေစဉ် ငွေသား ၅ သိန်းပေးပြီးနောက်ပိုင်း လုံးဝအဆက်အသွယ်မလုပ်တော့တာ ဖြစ်ပါတယ်။

မဦးမေဝင်းမှာ မိသားစု ၇ ယောက်ရှိပြီး အဲဒီအထဲမှာမှ မဦးမေဝင်းအပါအဝင် လူ ၃ ယောက်ရဲ့လစာတွေနဲ့ မိသားစုရပ်တည်စားသောက်နေရတာပါ။ တလ ၅ သောင်းတန်အိမ်ခန်း ၂ ခန်းဌားနေရတဲ့အတွက် နေ့တိုင်း အစားအသောက်ဖူလုံဖို့ကိုပင် မနည်းရုန်းကန်နေရသူတွေ ဖြစ်ပါတယ်။

ဒါပေမယ့် မဦးမေဝင်းကတော့ သူ့မှာ ဘယ်လိုအခက်အခဲပင်ရှိပါစေ စိတ်ဓါတ်ကျမသွားပါဘူး။ စက်ရုံမှ လျော်ကြေး ရပါက သူလုပ်နိုင်တဲ့ အထည်ရောင်းတဲ့အလုပ်လုပ်ဖို့ ဆုံးဖြတ်ချက်ချထားသူပါ။

ကိုတင်ထူးအောင်အနေနဲ့ စက်ရုံကို သွားမေးမြန်းတဲ့အခါမှာတော့ စက်ရုံဘက်က လကုန်လို့ ဘုတ်အဖွဲ့ထိုင်ပြီး ရင် အကြောင်းပြန်မယ်လို့ဆိုတဲ့အတွက် တကယ်လို့ ဆက်သွယ်မလာပါကလည်း ရှေ့နေကတဆင့် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အခုလိုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အလုပ်သမားဝန်ကြီးဌာနကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့အညီ ပြည်တွင်းအလုပ်သမားထုရဲ့အခွင့်အရေးအား ကာကွယ်ပေးရေး အပါအဝင် မူဝါဒ ၅ ရပ်ချမှတ်ကာ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုဗစ်ကာလအတိုင်မီက ရခိုင်ပြည်နယ်ကနေ ရန်ကုန်မြို့မှာ လာရောက်အလုပ်လုပ်နေကြတဲ့ အလုပ်သမား ဦးရေ ၆ သောင်းကျော်ရှိတဲ့အနက် အမျိုးသမီးက ၇၀ ရာခိုင်နှုန်းလောက်ပါတယ်လို့ ရခိုင်အမျိုးသားကွန်ရက်မှ ကောက်ခံယူထားတဲ့စာရင်းအရ သိရပါတယ်။


Original Post: Honest Information (HI)

Send this to a friend