06 June 2021
SOCIAL MEDIA
By BBC News
ဖေဖော်ဝါရီ ၁ရက်ကနေ ဇွန်လ၂ရက် အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ကောက်ယူထားတဲ့ စာရင်းအရ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ၄ လအတွင်းမှာ ဖမ်းဆီးခံရသူ စုစုပေါင်းက ၅၆၀၉ ဦးရှိသွားပြီ ဖြစ်သလို သေဆုံးသူ အရေအတွက်ကလည်း ၈၄၂ ယောက်အထိ ရှိလာပြီ ဖြစ်ပါတယ်။
သေဆုံးသူ ၈၀၀ ကျော်ထဲမှာ ဆန္ဒပြပွဲတွေအတွင်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးရသူတွေ ရှိသလို ညဘက် အိမ်ကနေ လာဖမ်းသွားပြီး မနက်ကျမှ အလောင်းလာယူပါလို့ အကြောင်းကြားခံရတဲ့သူတွေလည်း ရှိနေပါတယ်။
စစ်ကောင်စီက ဖမ်းဆီးသွားပြီး နောက်တစ်နေ့မှာ အလောင်းလာထုတ်ပါလို့ အကြောင်းကြားခံရတဲ့ သူတွေထဲမှာ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် NLD ရပ်ကွက်ဥက္ကဋ္ဌ ဦးခင်မောင်လတ်၊ ရွှေပြည်သာ မြို့နယ် NLD “စု” အသက်မွေးပညာသင်ကျောင်း တာဝန်ခံ ဦးဇော်မြတ်လင်း၊ ဦးဇော်ထွန်း (ခေါ်) ကဗျာဆရာ ခက်သီ ၊ ကိုမင်းမင်း နဲ့ မမာလာဝင်းတို့လည်း ပါဝင်ပါတယ်။
အဲ့ဒီထဲက တချို့ဟာ မိသားစုဆန္ဒအတိုင်း သင်္ဂြိုဟ်ခွင့်မရခဲ့ဘဲ အာဏာပိုင်တွေခွင့်ပြုတဲ့ နေရာမှာပဲ သင်္ဂြိုဟ်ရတာတွေ ရှိခဲ့ပါတယ်။
အာဏာသိမ်းမှု နောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပြီးနောက် စစ်ကြောရေးစခန်းတွေမှာ သေဆုံးသူအရေအတွက်က ၂၀ ကျော် တောင်ရှိ နေပြီဖြစ်တယ်လို့ စောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေထံက သိရပါတယ်။
ဒီဆောင်းပါးမှာ အဲ့ဒီထဲက ၂၄ နာရီအတွင်း စစ်ကြောရေးမှာ သေဆုံးခဲ့တဲ့သူတွေ တချို့နဲ့ အတူ ဖမ်းဆီးခံရပြီး သေဆုံးသူတချို့အကြောင်းကိုပါ တင်ပြထားပါတယ်။
SOCIAL MEDIA
လက်ရှိအချိန် အထိ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောရေးစခန်းတွေမှာ နောက်ဆုံး သေဆုံးခဲ့သူက ကလေးမြို့က ကိုမင်းမင်း ဖြစ်ပါတယ်။
မေလ ၂၄ ရက် နေ့လယ် ၁၂ နာရီ၀န်းကျင်က စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီး ၂၄ နာရီမပြည့်မီ သေဆုံးခဲ့တဲ့ ကလေးမြို့ နတ်ချောင်းလမ်း ” စိတ်ထားမဏ္ဍိုင် ” ဆိုင်ကယ်ပြင်ဆိုင်က အသက် ၃၉ နှစ်အရွယ် ကိုမင်းမင်း ဈာပနကို မေလ ၂၇ ရက်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။
ကိုမင်းမင်း အလောင်းကို နောက်တစ်နေ့ ပြန်ပေးတဲ့ အချိန်မှာ ကျောမှာ အညိုအမည်း ဒဏ်ရာတွေ အများအပြားတွေ့ရသလို လက်ကို ဓားနဲ့မွှမ်းထားသလို ဒဏ်ရာတွေ လည်း တွေ့ရတယ်လို့လည်း ကလေးမြို့ခံတွေက ပြောပါတယ်။
ကိုမင်းမင်းဟာ စစ်ကောင်စီ ဆန့်ကျင်ရေးတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်မှုမရှိဘူးလို့ ဒေသခံ PDF တစ်ဦးက ပြောပါတယ်။
ကိုမင်းမင်းဟာ ဇနီးနဲ့ ၅ နှစ်အရွယ် သားတစ်ဦး၊ ၂ နှစ်အရွယ် သမီးတစ်ဦးတို့ ကျန်ရစ်ခဲ့ပါတယ်။
တော်လှန်ရေး ကဗျာဆရာ ခက်သီ – SOCIAL MEDIA
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ ကဗျာဆရာခက်သီကို စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ မေလ ၈ရက် ညက ဖမ်းဆီးသွားပြီး နောက်နေ့ မနက်မှာ သေဆုံးသွားပြီလို့ မိသားစုကို အကြောင်းကြားခဲ့ပါတယ်။
သူသေဆုံးပြီးနောက်ပိုင်းမှာ “သူတို့က ခေါင်းကိုပစ်တယ် တော်လှန်ရေးက နှလုံးသားမှာရှိတာ သူတို့ မသိကြဘူး”ဆိုတဲ့ သူရေးခဲ့တဲ့ ကဗျာကလည်း လူသိများလာခဲ့ပါတယ်။
ကဗျာဆရာ ခက်သီရဲ့ ဈာပနကို ပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
NLD အသက်မွေးဝမ်းကျောင်းသိပ္ပံ တာဝန်ခံ
စုအသက်မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာ) တာဝန်ခံ ဦးဇော်မြတ်လင်း
မတ်လ ၈ ရက် ညပိုင်းက ရဲနဲ့စစ်တပ်ကနေ ရွှေပြည်သာမြို့နယ် စုသက်မွေးသိပ္ပံကျောင်းမှာ ကိုဇော်မြတ်လင်းကို ရှာဖွေခဲ့ကြရာကနေ ရှောင်တိမ်းဖို့ကြိုးစားရင်း ကိုဇော်မြတ်လင်း ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီနောက်နေ့ မတ်လ ၉ ရက် နေ့လယ်ပိုင်းမှာတော့ ကိုဇော်မြတ်လင်းရဲ့ ရုပ်အလောင်းကို မင်္ဂလာဒုံစစ်ဆေးရုံမှာ လာရောက်စစ်ဆေးဖို့ဆိုပြီး ရွှေပြည်သာ ရဲစခန်းက အကြောင်းကြားခဲ့လို့ ဇနီးဖြစ်သူနဲ့ မိသားစုဝင်တချို့ သွားရောက် စစ်ဆေးခဲ့ပါတယ်။
မတ်လ ၁၁ ရက်နေ့ မှာတော့ ရွှေပြည်သာ ကျူချောင်သုသာန်မှာ ဈာပနကို လုပ်ခဲ့ပါတယ်။ ကိုဇော်မြတ်လင်းရဲ့ ရုပ်အလောင်းဟာ မမှတ်မိနိုင်လောက်အောင် ပုံပျက်နေတယ်လို့ လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
ကိုဇော်မြတ်လင်းသေဆုံးရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ရာမှာတော့ ချွန်ထက်တဲ့အရာနဲ့ ထိုးမိထားတယ်လို့ပြောပါတယ်။
ကိုဇော်မြတ်လင်းရဲ့ ရုပ်အလောင်းကို ကိုယ်တိုင်သွားစစ်ခဲ့သူ့ အမျိုးသမီး မဖြူဖြူဝင်းကတော့ “သူတို့ရဲ့ ဆေးစာထဲမှာ ပေ ၃၀ အမြင့်က ခုန်ချလို့သံချွန်နဲ့ ဗိုက်ကိုထိုးမိလို့ သေတာလို့ ရေးထားတယ်။ ဒါပေမယ့်သူ ခုန်ချတဲ့နေရာက သွပ်ပြားတပြားစာဆို ၇ ပေ ခွဲ ၈ပေ လောက်ပဲရှိတယ်” လို့ ပြောထားပါတယ်။
အလောင်းကိုလည်း ချက်ချင်း သယ်ခွင့်မပေးဘဲ သင်္ဂြိုဟ်မယ့်နေ့ မနက်မှ သွားရောက် ထုတ်ယူခွင့်ရခဲ့ပါတယ်။
ဦးဇော်မြတ်လင်း ကွယ်လွန်ချိန်မှာ အသက် ၄၆ နှစ်ရှိပြီဖြစ်ပြီး ဇနီးသည်နှင့်အတူ ၁ဝ နှစ် အရွယ် သားတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။
ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် – SOCIAL MEDIA
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကြောရေးမှာ ပထမဆုံး သေဆုံးခဲ့သူက ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေး ဥက္ကဌ ဦးခင်မောင်လတ် ဖြစ်ပါတယ်။
အသက် ၅၈ နှစ် ဦးခင်မောင်လတ် မတ်လ ၆ရက် ညပိုင်းက နေအိမ်မှာ ဖမ်းဆီးခံရပြီး မတ်လ ၇ ရက် နောက်နေ့မနက်ပိုင်းမှာ မိသားစုကို အလောင်း လာထုတ်ခိုင်းခဲ့ပါတယ်။ ဒါကြောင့် သူဟာ စစ်ကြောရေးစခန်းမှာ ညတွင်းချင်း ၂၄နာရီမပြည့်ခင် သေဆုံးခဲ့သူလို့ ပြောနိုင်ပါတယ်။
သူသေဆုံးရတာနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် ဦးခင်မောင်လတ်ကို ခန့်အပ်ခဲ့တဲ့ ပန်းဘဲတန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က ” ရုတ်တရက်နှလုံးရပ်ပြီး ဆုံးသွားတယ်လို့ ရဲကပြောတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ မဲဆွယ်ကာလ ၃ လအချိန် ရက်ပေါင်း ၉၀ အတွင်း ပန်းဘဲတန်းမြို့နယ်ထဲမှာ တလမ်းဝင် တလမ်းထွက်၊တတိုက်ဝင် တတိုက်တက် ကျွန်တော်နဲ့တူတူလုပ်ခဲ့တာ ။ ကျန်းမာတဲ့ လူတစ်ယောက်ဗျ။ လက်လွန်ခြေလွန်ဖြစ်သွားတာကို အကြောင်းပြချက်အနေနဲ့ နှလုံးရောဂါအခံရှိတယ်ဆို ပြီးလုပ်ကြံတာပေါ့” လို့ ပြောပါတယ်။
ဦးခင်မောင်လတ်ဟာ ၂၀၂၀ရွေးကောက်ပွဲမှာ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သလို ၂၀၁၅ ရွေးကောက်ပွဲကာလမှာလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေဖူးဗဆွေရဲ့ ရွေး ကောက်ပွဲ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
SOCIAL MEDIA
ဖမ်းဆီးသွားပြီး စစ်ကြောရေးမှာ သေဆုံးသူတွေထဲမှာ အမျိုးသားတွေအပြင် အမျိုးသမီး တစ်ယောက်လည်း ပါဝင်နေပါတယ်။
ဒေါ်မာလာဝင်းကို မကွေးတိုင်း၊ ပခုက္ကူမြို့အမှတ်(၁)ရပ်ကွက်မှာ မတ်လ ၁၉ ရက်နေ့ ညက စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးသွားပြီး မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းမှာ အလောင်းလာထုတ်ဖို့ မိသားစုကို အကြောင်းကြားခဲ့ပါတယ်။
သူအဖမ်းခံရတဲ့အချိန်မှာ သူ့ကို မဖမ်းဖို့ ဒူးထောက်တောင်းပန်ခဲ့ပေမယ့် တခြား ရွာသားတချို့ နဲ့အတူ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒေါ်မာလာဝင်း ဆုံးပါးသွားချိန်မှာ အသက် ၃၉ နှစ်ရှိပြီ ဖြစ်ပြီး သားသမီး၃ ယောက် ကျန်ရစ်ခဲ့ပါတယ်။
CJ
မေလ ၂၂ရက်က ပဲ ခူးတိုင်း ဇောင်းတူမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံရတဲ့ ကိုစိုးမိုးလှိုင်(ခ)ကိုမဲကြီးဟာ စစ်ကြောရေးမှာ မေလ ၂၄ရက်က သေဆုံးခဲ့ပါတယ်။
သူအဖမ်းခံရပြီးနောက်ပိုင်း မိသားစုက လိုက်စုံစမ်းတဲ့အချိန်မှာ သူ့ အလောင်းကို မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့လိုက်ပြီလို့ သိလိုက်ရပြီး အလောင်းထုတ်ယူဖို့ ကြိုးစားပေမယ့် မရခဲ့သလို အာဏာပိုင်တွေ စီစဥ်ထားတဲ့အတိုင်း မင်္ဂလာဒုံ စစ်သချိုင်းမှာပဲ သင်္ဂြိုဟ်ခဲ့ရပါတယ်။
ဦးစိုးမိုးလှိုင်ဟာ လက်ရှိ စစ်ကောင်စီ ပြည်ထဲရေးဒုတိယဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်ရဲ့ ညီအရင်းဖြစ်ပါတယ်။ မိသားစုအနေနဲ့ သူ့ ရုပ်အလောင်းကို သူတို့သင်္ဂြိုဟ်ချင်တဲ့နေရာမှာ သင်္ဂြိုဟ်ခွင့်မရခဲ့ပါဘူး။
ABSDF အဖွဲ့ဝင်ဟောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးစိုးမိုးလှိုင်ရဲ့ ရက်လည်ကို ရန်ကုန်မြို့ ဒဂုံမြို့ သစ်အရှေ့ပိုင်းကနေအိမ် မှာပြု လုပ်ခဲ့ပါတယ်။
ညီဖြစ်သူရဲ့ ရုပ်အလောင်းကိုတော့ ပြည်ထဲရေးဒုဝန်ကြီးက မသင်္ဂြိုဟ်မီ စစ်သင်္ချိုင်းမှာ လာရောက်ကြည့်ရှုခဲ့တယ်လို့ ဦးစိုးမိုးလှိုင်ရဲ့ဇနီး မမြတ်မူယာဝင်းက ပြောပါတယ်။
SOCIAL MEDIA
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အလုပ်အမှုဆောင် ဦးကျော်ကျော် ခေါ် အဂ္ဂမိုးညိုဟာ မတ်လ ၁၅ ရက်မှာ ဖမ်းဆီးခံခဲ့ရပြီး နေပြည်တော်က စစ်ကြောရေး စခန်းမှာ မတ်လ ၃၀ ရက်မှာ သေဆုံးခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ် ဦးကျော်ကျော်ရဲ့ ရုပ်အလောင်းကို မိသားစုကို ပြန်မပေးဘဲ သင်္ဂြိုဟ်မယ် ဆိုတာကြောင့် မတ်လ ၃၁ ရက်မှာ မိသားစုက သွားကြည့်ခဲ့ရပါတယ်။
မတ်လ ၁၅ ရက်မှာ အဖမ်းခံခဲ့ရပြီးနောက် ၁၅ရက်အကြာ မတ်လ၃၀ ရက်နေ့မှာ စစ်ကောင်စီဘက်က ဦးကျော်ကျော် သေဆုံးသွားပြီလို့ အကြောင်းကြားတဲ့အတွက် မိသားစုက သိခဲ့ရတာ ဖြစ်ပါတယ်။
Original Post: BBC News
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.