နေဝင်စောခဲ့ရတဲ့ ပန်းပျိုးလက်ပိုင်ရှင်

June 5th, 2021  •  Author: Daw Myint Myint Zin (Monywa)  •  1 minute read
Featured image

By Honest Information (HI)

ကျောင်းသားကျောင်းသူတွေရဲ့ စကားပြောသံတွေ ရယ်သံတွေ စာဆိုသံတွေနဲ့အတူ စည်ကားနေကျဖြစ်တဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့က မြနန်းစံဘော်ဒါရဲ့ ခြံဝန်းဟာ အခုအခါတော့တိတ်ဆိတ်နေပါတော့တယ်။

မိုးရေစက်တွေနဲ့အတူ ကျောင်းဖွင့်ချိန်ဖြစ်တဲ့ဇွန်လမှာ အင်သစ်အားသစ်တွေနဲ့ ရွှင်လန်းတက်ကြွစွာ စာသင်ဖို့အတွက် ကျောင်းသားကျောင်းသူတွေဟာ အဲ့ဒီဘော်ဒါဆောင်ကို ရောက်မလာခဲ့သလို သူတို့ကို မျှော်နေမယ့် ဆရာမဟာလည်းရှိမနေခဲ့တော့ပါဘူး။

မြနန်းစံဘော်ဒါကျောင်းကိုတည်ထောင်သူ ဆရာမကြီးဒေါ်မြင့်မြင့်ဇင်ဟာ သူနေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်း မုံရွာမြို့မှာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့သပိတ်မှောက်ရင်း ဝမ်းဗိုက်ကိုကျည်ဆံထိမှန်ပြီး မေလ ၃ ရက်နေ့က ကျဆုံးသွားပြီးတဲ့နောက်မှာ ဒီလိုအဖြစ်အပျက်တွေဖြစ်လာခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းတဲ့နေ့ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲဝင်ကြတဲ့မြို့တွေထဲမှာ မုံရွာဟာ ထိပ်ဆုံးကပါတဲ့မြို့တွေထဲက တမြို့ဖြစ်ပါတယ်။

လမ်းမတွေပေါ်ထွက်ပြီး သပိတ်တိုက်ပွဲဆင်နွဲခဲ့ကြတဲ့ မုံရွာမြို့ကလူထောင်ပေါင်းများစွာထဲမှာ ဒေါ်မြင့်မြင့်ဇင် တယောက်လည်းအပါအဝင်ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် ဒေါ်မြင့်မြင့်ဇင်ဟာ ကျောင်းဆရာမတဦးဖြစ်သလို ကဗျာဆရာတယောက်လဲ ဖြစ်ပါတယ်။ သူမဟာ ကြည်လင်အေး ဆိုတဲ့ကလောင်အမည်နဲ့ကဗျာလည်းရေးပါသေးတယ်။

မတရားမှုမှန်သမျှကို လက်ပိုက်မကြည့်နိုင်သူ၊ ပတ်ဝန်းကျင်မှာလည်း မဟုတ်မခံပြောရဲဆိုရဲသတ္တိရှိတဲ့ အမျိုးသမီးဟာ ပရဟိတအလုပ်တွေလုပ်ရင်း တပည့်တွေ စာပေသင်ရင်းနဲ့ ပျော်မွေ့နေခဲ့ပေမယ့် အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ အာဏာရှင်ကိုဆန့်ကျင်ဖို့ လမ်းပေါ်ထွက်လာပါတော့တယ်။

နေ့စဉ်ဆက်တိုက်သပိတ်စစ်ကြောင်း စတဲ့မနက်ကနေ ညနေအထိအစအဆုံးလိုက်ပါခဲ့ပြီး ညဘက်တွေမှာလည်း ရပ်ကွက်အတွက်ကင်းစောင့်ကာ အရေးတော်ပုံမှာ မနားမနေပါဝင်ခဲ့သူပါ။

သပိတ်စစ်ကြောင်းမှာပါဝင်တဲ့အနယ်နယ်အရပ်ရပ်က တပည့်တွေအတွက်စိတ်ပူတတ်သလို သူ့ရဲ့ ကြွေးကြော်သံတွေကိုလည်း သပိတ်စစ်ကြောင်းမှာမပါဝင်နိုင်တဲ့ မိတ်ဆွေတစ်ယောက်ကို ဖုန်းဆက်ကာ ကြွေးကြော်သံဆိုပြခဲ့တဲ့အထိ စိတ်ဓာတ်ပြင်းပြခဲ့သူပါ။

သပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေပြုလုပ်တဲ့နေ့ရက်တွေနဲ့ သပိတ်စစ်ကြောင်းတွေမှာ လူအင်အားနည်းပါးတဲ့အချိန်တွေမှာတောင် ရှေ့ဆုံးကပါဝင်ခဲ့သလို လူထုဟောပြောမှုတွေ အချို့ကိုလည်း ဦးဆောင်ခဲ့ပါသေးတယ်။

အဆုံးအထိတိုက်ပွဲဝင်ဖို့တွေးထားပြီးသူဖြစ်တဲ့အတွက် သွေးအမျိုးအစား၊ဖုန်းနံပါတ်နဲ့ ခန္ဓာကိုယ်ကို လှူဒါန်းပါတယ်ဆိုတဲ့ စာအချို့ကိုလက်မှာဆေးနဲ့ရေးခြယ်ကာ သပိတ်စစ်ကြောင်းမှာပါဝင်ခဲ့ပါတယ်။

မကြာခင်ရက်ပိုင်းအတွင်း ရောက်လာတော့မယ့်သူ့မွေးနေ့မှာ ဘာလက်ဆောင်မှမလိုချင်ဘဲ ဒီမိုကရေစီပဲရချင်ကြောင်း ပြောလေ့ရှိတဲ့ ဒေါ်မြင့်မြင့်ဇင်ဟာ ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရင်း မွေးနေ့မရောက်ခင်ရက်ပိုင်းအလိုမှာပဲ ကြွေလွှင့်သွားပါတော့တယ်။

အဲ့ဒီနေ့က အာဏာသိမ်းပြီးတလကျော်အကြာ မတ်လ ၃ရက်နေ့ဖြစ်ပါတယ်။

စစ်သားနဲ့ရဲတွေဟာ ဆန္ဒပြကြပွဲတွေကို အစပိုင်းမှာ ပစ်ခတ်မှုအနည်းငယ်သာ ပြုလုပ်ခဲ့ပေမယ့် ဖေဖော်ဝါရီ လကုန်ပိုင်းကစလို့ သပိတ်စစ်ကြောင်းတွေကို ရက်ရက်စက်စက်ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။ မတ်လ ၃ရက်မတိုင်ခင် လူ နှစ်ဒါဇင်လောက် သေဆုံးခဲ့ကြပေမယ့် ဒေါ်မြင့်မြင့်ဇင်အပါအဝင် မုံရွာကဆန္ဒပြသူတွေဟာ နောက်မဆုတ်တမ်း လမ်းမပေါ်ထွက်နေကြဆဲဖြစ်ပါတယ်။

မတ်လ(၃)ရက်နေ့မှာတော့ မုံရွာမြို့၊ပြည်ထောင်စုလမ်း၊ဘုရားနီဘုရားအနီး သပိတ်စစ်ကြောင်းမှာပါဝင်ခဲ့နေတဲ့ ဒေါ်မြင့်မြင့်ဇင်ဟာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ရင်ဘတ်တည့်တည့် သေနတ်ကျည်ထိမှန်ကာကျဆုံးခဲ့ပါတယ်။

“ ‘မျက်ရည်ယိုဗုံးတွေလာနေပြီ မျက်စိတွေစပ်နေပြီ ဒါပေမယ့်ငါတို့နောက်ပြန်မပြေးဘူး’ အဲ့လိုအော်နေတာတဲ့ တီချယ်က။ ကျဆုံးခါနီးအထိရှေ့ဆုံးမှာလို့ တီချယ်ကိုမြင်တဲ့သူကပြောတယ်”လို့ တပည့်ဖြစ်သူမအိက ဒေါ်မြင့်မြင့်ဇင်ကျဆုံးစဉ်က အဖြစ်အပျက်ကိုပြောပြပါတယ်။

ဒေါ်မြင့်မြင့်ဇင်ကျဆုံးခဲ့တဲ့ မတ်လ ၃ ရက်ဟာ ဆန္ဒပြသူတွေ အများအပြားပစ်သတ်ခံရတဲ့နေ့တွေထဲက တနေ့လည်းဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းတွေအရ မတ်လ ၃ ရက်မှာ လုံခြုံရေးတပ်ဖွဲ့တွေကပစ်လို့သေဆုံးသူဟာ ဒေါ်မြင့်မြင့်ဇင် အပါအဝင် ၂၁ ယောက် ထက်မနည်း ရှိခဲ့ပါတယ်။ အဲ့ဒီအထဲမှာ မုံရွာက ၈ယောက်အထိပါဝင်ခဲ့ပါတယ်။

ဒေါ်မြင့်မြင့်ဇင် ဟာတော်လှန်ရေးအတွက်လမ်းမပေါ်အသက်ပေးခဲ့ရတဲ့တော်လှန်ရေးသမားအဖြစ် လူသိများခဲ့ပေမယ့် သူဟာအခြားတဖက်မှာ ကလောင်ကိုင်သူကဗျာဆရာ၊ ပရဟိတဆရာမဘဝနဲ့ ပရဟိတအသင်းခေါင်းဆောင် စတဲ့ဂုဏ်ပုဒ်တွေနဲ့လည်း သူ့ရပ်ရွာမှာလူသိများသူဖြစ်ပါတယ်။

ငယ်ငယ်တကည်းက ဉာဏ်ကောင်းသွက်လက်သူဖြစ်ပြီး မိသားစုနဲ့ဆွေမျိုးထဲမှာ သမီးဦးဖြစ်တဲ့အတွက် ချစ်ခြင်းမေတ္တာအပြည့်နဲ့ကြီးပြင်းခဲ့ရသူပါ။

ကလေးဘဝထဲက မုန့်စားဖို့ထက် စာအုပ်တွေကိုသာစိတ်ဝင်စားခဲ့ကာ ကာတွန်းစာအုပ်အပြင် ဆေးနည်းစာအုပ်၊ ဗေဒင်စာအုပ်၊ ဘုရားစာအုပ် စတဲ့ စာအုပ်မှန်သမျှဖတ်တဲ့အထိ စာပေအပေါ်ရူးသွပ်ခဲ့သူဖြစ်ပါတယ်။

အထက်တန်းလောက်ကစတင်တာ AIDS ပညာပေးဝတ္တုတိုဝင်ရောက်ယှဉ်ပြိုင်ရင်း ကလောင်ကိုင်တဲ့ ဘဝကိုအစပျိုးခဲ့ပါတယ်။ တက္ကသိုလ်တက်ရင်းက ရယ်စရာမဂ္ဂဇင်းကို သုညဆိုတဲ့ကလောင်နာမည်နဲ့ ကဗျာတွေရေးပို့ခဲ့ပါသေးတယ်။

တက္ကသိုလ်နောက်ဆုံးနှစ်စာမေးပွဲဖြေပြီးချိန်မှ စတင်ကာ ရပ်ကွက်ထဲကပညာဒါနဘုန်ကြီးကျောင်းမှာ နဝမတန်းကျောင်းသားတွေကို ဓာတုဗေဒဘာသာ သင်ကြားပေးခဲ့ပြီးတော့ အိမ်မှာလည်း ပထမတန်းမှ အဌမတန်းကျောင်းသားတွေကို ကျူရှင်သင်ခဲ့ပါတယ်။အဲ့ဒီနောက် မုံရွာတက္ကသိုလ်မှာပဲ သင်္ချာမေဂျာနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။

နောက်ပိုင်းမှာ အသင်အပြကောင်းလို့ နာမည်ရလာပြီး အခကြေးငွေရတဲ့ စာသင်ဝိုင်းတွေလိုက်သင်ကာ ၂၀၁၄ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းနှစ်ကျ ကျောင်းသားတွေအတွက် အကုန်အကျသက်သာတဲ့ ကျူရှင်ဝိုင်းလေးကို အိမ်မှာစဖွင့်ခဲ့ပါတယ်။

၂၀၁၅ခုနှစ်မှာတော့ ရွာကကလေးတွေဈေးချိုချိုနဲ့ ပညာသင်စေဖို့အတွက် ဘော်ဒါဆောင်တစ်ခုကို အိမ်ခြံဝန်းထဲမှာ ဖွင့်လှစ်ခဲ့ပါတယ်။

ဘော်ဒါဆောင်လို့သာ အမည်တပ်ထားပေမယ့် ပရဟိကျောင်းအသွင် ကျောင်းသားတွေကို လက်ခံသင်ပေးခဲ့ပါတယ်။

ဘော်ဒါဆောင်လခမတတ်နိုင်တဲ့ကလေးတွေအတွက် ဆရာငှားခတွေအိတ်စိုက်ရှင်းပေးတာ ထမင်းဟင်းကျွေးစရာမရှိရင် အိမ်ကဆင်ထားတဲ့လက်ဝတ်လက်စားတွေရောင်းကျွေးတဲ့အထိ အနစ်နာခံခဲ့သူဖြစ်ပါတယ်။

ကလေးတွေကို ကျောင်းမှာအဆင့်ကောင်းဖို့ထက် စာတတ်ဖို့အဓိကထားသင်ပေးပြီး စာသင်ချိန်မှာကလေးတွေ အိပ်ချင်ပြေအောင် စာအုပ်အကြောင်းတွေပြောပြတာ စာသင်ချိန်ပြင်ပမှာလည်းကလေးတွေရဲ့ အိမ်တွင်းရေးကအစ၊ကျန်းမာရေး၊စီးပွားရေး၊စိတ်ပိုင်းဆိုင်ရာစတဲ့ အခက်အခဲမှန်သမျှကိုတာဝန်ယူ ဖြေရှင်းပေးခဲ့သူလည်းဖြစ်ပါတယ်။

“ ဆိုးတယ်လို့နာမည်ကြီးတဲ့ကျောင်းသားတွေ သူနဲ့ဆိုငြိမ်တယ်။ စာလုပ်တယ်။ တပည့်မိန်းကလေးတွေကိုဆိုလည်း ရဲရင့်စေချင်တယ်။ အသိဉာဏ်ကြွယ်ဝစေချင်ခဲ့တယ်”လို့ညီမဖြစ်သူ မကေဇင်ကပြောပြပါတယ်။

တပည့်တွေအတွက် တက္ကသိုလ်ဝင်တန်းအောင်ရုံတင်မပြီးသေးပဲ တက္ကသိုလ်တတ်ဖို့ မေဂျာရွေးပေးတာ၊ အလုပ်ရှာပေးတာအထိပါ ကူညီစောင့်ရှောင့်ပေးသူဖြစ်ပါတယ်။

ဒေါ်မြင့်မြင့်ဇင်ဟာ သူ့ဘဝရဲ့အချိန်တော်တော်များကို စာသင်တာနဲ့တပည့်တွေရဲ့အရေးအတွက်သာ ကုန်ဆုံးစေခဲ့ပါတယ်။တပည့်တွေဟာ သူ့ဘဝအတွက် အရေးအပါဆုံးဖြစ်ခဲ့ပြီး သူ့အတွက် အချမ်းသားဆုံးကတော့ စာအုပ်တွေနဲ့အပင်တွေသာဖြစ်ခဲ့ပါတယ်။

တပည့်တွေနဲ့ အတူစားအတူအိပ်အတူသွား နေခဲ့တဲ့ ဒေါ်မြင့်မြင့်ဇင်တစ်ယောက် ကိုဗစ်ဖြစ်လို့ ဘော်ဒါဆောင်ပိတ်ထားစဉ်မှာတော့ တပည့်တွေကိုလွမ်းလို့ငိုခဲ့ပါသေးတယ်။

ဉာဏ်ကောင်းထက်မြတ်ပြီး ပျော်ပျော်နေတတ်တဲ့ ဒေါ်မြင့်မြင့်ဇင်ဟာ စိတ်မြန်ကိုယ်မြန်ရှိသလို ဒေါသကြီးပေါက်ကွဲလွယ်သူတစ်ယောက်လည်းဖြစ်ပါတယ်။

“စိတ်မာသလိုနေတတ်ပေမဲ့ တကယ်က တစ်အားအသည်းငယ်တာ”လို့ညီမဖြစ်သူက ပြောပါတယ်။

ပရဟိတစိတ်ထက်သန်သူဖြစ်တဲ့အတွက် ၂၀၁၂ ကစတင်ကအနယ်နယ်အရပ်ရပ်က မိတ်ဆွေတွေနဲ့စုပေါင်းပြီး မေတ္တာဓိက အွန်လိုင်းပရဟိတအသင်းကို ဦးဆောင်ခဲ့ပါသေးတယ်။ တိုင်းနဲ့ပြည်နယ်အနှံက ခက်ခဲတဲ့နေရာတွေကို အလှူသွားလုပ်တိုင်း လိုက်ပါသူဖြစ်ပြီး အများအကျိုးအတွက်ဆိုအပင်ပန်းခံခဲ့သူလည်းဖြစ်ပါတယ်။

“သူက သူများအတွက်မွေးလာတယ်လို့ပြောရမယ်”လို့မိတ်ဆွေဖြစ်သူ ကိုမင်းကိုကမှတ်ချက်ပြုပါတယ်။

ပါတီစွဲမရှိခဲ့သလို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်တော်လှန်ခဲ့တာမဟုတ်ပဲ တပည့်တွေရဲ့အနာဂတ်အတွက် အရေးတော်ပုံမှာအသက်ပေးခဲ့သူဖြစ်ပါတယ်။

“တီချယ်သာအခုအထိရှိနေသေးမယ်ဆိုရင် ငြိမ်းချမ်းရေးနယ်မြေထဲအထိ ရောက်နေလောက်ပြီလို့ ထင်တယ်”လို့တပည့်ဖြစ်သူ မအိကဆိုပါတယ်။

ဒေါ်မြင့်မြင့်ဇင်အတွက်မိတ်ဆွေအားလုံးဟာ နှမြောတသဝမ်းနည်းနေကြသလို ကျဆုံးသွားတဲ့ အဖြစ်အပျက်ကိုလည်း အခုထိမယုံနိုင်ကြသေးပါဘူး။

“ဆရာမကိုအရမ်းတွေ့ချင်တယ်။ ဆရာမကျေးဇူးတွေကျွန်တော်တစ်နေ့ကျပြန်ဆက်ပါ့မယ်ပြောထားတယ်။ အခုတော့ဆက်ခွင့်မရတော့ဘူး”လို့ကိုပြည့်ဖြိုးသူက ဝမ်းနည်းစွာပြောပါတယ်။

ကိုပြည့်ဖြိုးသူဟာ အထက်တန်းစတတ်တာကနေ ဘွဲ့ရပြီး အလုပ်ရတဲ့အထိ ဆရာမဒေါ်မြင့်မြင့်ဇင်ရဲ့ ကြည့်ရှု့စောင့်ရှောက်မှုတွေနဲ့ကြီးပြင်းခဲ့သူဖြစ်ပါတယ်။

ဒေါ်မြင့်မြင်ဇင်ကျဆုံးမှုဟာ မိသားစုအတွက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်သလို ပရဟိတအဖွဲ့နဲ့သူ့အပေါ်မှီခိုနေကြတဲ့ တပည့်ကျောင်းသားတွေအတွက် ဘယ်သူမှပြန်မဖြည့်ပေးနိုင်တော့တဲ့ ကွက်လပ်တစ်ခုဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။

“တပည့်တွေနဲ့ ထုတ်ဆီးတိုးတမ်းမှာတော့ မမိအောင်ဆော့နိုင်တယ်။ ကျည်ဆန်ကိုတော့ မရှောင်နိုင်ခဲ့ဘူးထင်ပါရဲ့” လို့ တပည့်ဖြစ်သူ မမျိုးသိရီကျော်က ဆိုပါတော့တယ်။


Original Post: Honest Information (HI)

Send this to a friend