မောင်ဆန်းဒေးအေး – စစ်တပ်ကို ကြောက်လို့ထွက်ပြေးရာက ပစ်သတ်ခံရတဲ့ ကလေးငယ်

May 30th, 2021  •  Author:   Mg Sunday Aye (Kayantharyar)  •  1 minute read
Featured image

၈ တန်းတက်ဖို့ ပြင်ဆင်နေသူ၊ ပညာရေးထူးချွန်သူ မောင်ဆန်းဒေးအေး – CJ  

By BBC

“ကျွန်တော့်လို အဖြစ်မျိုး ဘယ်သူ့ကိုမှ ထပ်မကြုံစေချင်တော့ဘူး” လို့ သားဖြစ်သူရဲ့ ရုပ်အလောင်းဘေးမှာ ထိုင်ရင်း ဝမ်းနည်းကြေကွဲစွာနဲ့ ဖခင်တစ်ယောက် ရင်ဖွင့်ပြောကြား နေတာပါ။

ရွာလုံးကျွတ်နီးပါးပုန်းရှောင်နေရတဲ့ လွိုင်ကော်မြို့အနီး ကယန်းသာယာရွာမှာ မေလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

ဖခင်ဖြစ်သူရဲ့ စေခိုင်းချက်တစ်ခုကြောင့် အဲဒီနေ့ နေ့လယ်ပိုင်းက ပုန်းခိုနေရာကနေ အိမ်ကို ခဏပြန်လာခိုက် စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာလို့ ကြောက်အားလန့်အား ထွက်ပြေးရာက မောင်ဆန်းဒေးအေးရဲ့ ဦးခေါင်းတည့်တည့်ကို သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာပါ။

“ရွာထဲကို စစ်တပ်ဝင်လာလို့ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် တူတူပြေးတယ်။ စစ်တပ်မြင်တော့ ကျွန်တော်က မှောက်ချလိုက်တယ်။ သူက အကြောက်လွန်ပြီး ဆက်ပြေးရာက အပစ်ခံလိုက်ရတယ်။ အနောက်ကနေ အနီးကပ် ပစ်လိုက်တာ” လို့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ကယားပြည်နယ် ဒေသကာကွယ်ရေးတပ်တွေကြား လွိုင်ကော်မြို့ ၊ ဒီးမော့ဆို့မြို့နယ် တို့ဘက်မှာ အပြန်အလှန်တိုက်ခိုက်မှုတွေ ရှိပေမဲ့ မောင်ဆန်းဒေးအေးတို့ သပြေကုန်းရွာမှာတော့ တိုက်ပွဲတွေ မရှိသလို ဒေသကာကွယ်ရေးတပ်တွေ လှုပ်ရှားနေတာလည်း မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“တိုက်ပွဲတွေ ကြားမှာလည်း မဟုတ်၊ သူတို့ကို ရန်ပြုနေတာလည်း မဟုတ်ဘဲနဲ့ တမင် ရည်ရွယ်ချက်ရှိရှိ ဒီကလေးကို ပစ်သတ်သွားတာ” လို့လည်း ရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်တာခံခဲ့ရတဲ့ မောင်ဆန်းဒေးအေးကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ရွာသားတွေ ထွက်ပြေး ပုန်းရှောင်နေရ – CJ  

မိသားစုအတွက် တောင်ပံတစ်ဖက် ကျိုးသွားပြီ

အသက် ၁၄ နှစ်အရွယ် မောင်ဆန်းဒေးအေးဟာ ပညာရေးမှာ ထူးချွန်သလို မိသားစုအပေါ် သိတတ်တဲ့ သားလိမ္မာလို့လည်း ချီးကျူးတာ ခံရသူပါ။

၇ တန်းအောင်လို့ ၈ တန်းတက်ဖို့ ပြင်ဆင်နေပြီး ရွာအတွက် ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်လို့လည်း အများက မှန်းဆထားကြပါတယ်။

“ကျွန်တော့် သားကြီးက စာလည်း အရမ်းတော်တယ်။ အိမ်မှာလည်း နိုင်သမျှဝန် ထမ်းတယ်။ သားလိမ္မာလေး။ မိဘအပေါ် သိတတ်နားလည်တဲ့ ကလေးတစ်ယောက် ဖြစ်တဲ့အတွက် မိသားစုအတွက် တောင်ပံတစ်ဖက် ကျိုးသွားပြီလေဗျာ။ ဖခင်ဖြစ်သူအနေနဲ့ ဘယ်လိုမှ မခံစားနိုင်ဘူး” လို့ မောင်ဆန်းဒေးအေးရဲ့ ဖခင်ကြီးက ဆိုပါတယ်။

ဒါပေမဲ့ တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေရလို့ မောင်ဆန်းဒေးအေးရဲ့ နောက်ဆုံးထွက်သက်အချိန်မှာတောင် မိဘနှစ်ပါးလုံး သူ့ဘေးနားမှာ ရှိမနေပေးနိုင်ခဲ့ပါဘူး။

“သူဆုံးပြီး မိနစ် ၂၀ လောက်ကျမှ ကျွန်တော်ရောက်တာ။ ပြောမပြတတ်အောင် ခံစားရတယ်။ ကျွန်တော့်လို အဖြစ်မျိုး တစ်ယောက်မှ မကြုံစေ့ချင်ဘူ။ ဒီလိုမျိုး အဖြစ်မျိုး နောက်မကြုံပါရစေနဲ့လို့လည်း ဆုတောင်းတယ်” လို့ ငိုကြွေးရင်း ဖခင်ဖြစ်သူက ဖွင့်ဟပါတယ်။

ကယားပြည်နယ်ထဲက တခြားနေရာတွေမှာ တိုက်ပွဲတွေဖြစ်နေပေမဲ့ သူတို့ရွာမှာ အပြန်အလှန်တိုက်ခိုက်မှုတွေ မရှိခဲ့ – CJ 

ဒီဖြစ်စဉ်တစ်ခုလုံးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သူငယ်ချင်းကလည်း ” အင်မတန် ဝမ်းနည်းမိတယ်။ ငယ်ငယ်ကတည်းက အတူတူပေါင်းလာခဲ့တဲ့ သူငယ်ချင်းတစ်ယောက် ကိုယ့်ရှေ့မှာ ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့အတွက် မျက်ရည်ကျမိတယ်” လို့ ဆိုပါတယ်။

ကယားပြည်နယ်ထဲက တိုက်ပွဲတွေမှာ မြို့တွင်းတိုက်ပွဲ ထိတွေ့တိုက်ခိုက်မှု စည်းမျဥ်း ROE ပါ စည်းမျဥ်းသတ်မှတ်ချက်တွေအတိုင်း လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

အခု လူငယ်သေဆုံးမှုမှာတော့ ဆန္ဒပြသူမဟုတ်သလို လက်နက်ကိုင်တော်လှန်သူလည်း မဟုတ်တဲ့ အသက်မပြည့်သေးသူ ကလေးတစ်ယောက်ကို ဘာကြောင့် အနီးကပ် ပစ်သတ်ခဲ့တယ်ဆိုတာ အာဏာပိုင်တွေဘက်က ဖြေရှင်းချက် မထုတ်သလို ဒီလုပ်ရပ်အတွက် ဝန်ခံပြောကြားထားတာလည်း မရှိပါဘူး။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ လက်ချက်နဲ့ ကလေးငယ် ၇၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။

မောင်ဆန်းဒေးအေးရဲ့ ဈာပနကိုလည်း စစ်ကောင်စီတပ်တွေ ထပ်ဝင်လာမှာ ကြောက်လို့ တိတ်တဆိတ် ကျင်းပခဲ့ရပါတယ်။

ခိုကိုးရာမဲ့သူတွေရဲ့ ဘ၀

CJ 

လွိုင်ကော်မြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ကယန်းသာယာရွာမှာ မေလ ၂၃ ရက်နေ့ ညသန်းခေါင်ယံမှာလည်း စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်လို့ အဲဒီက ဘုရားကျောင်းအတွင်း ပုန်းခိုနေတဲ့ အရပ်သား ၄ ဦး သေဆုံးခဲ့သလို ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကယန်းသာယာတိုက်နယ်ထဲက လူဦးရေ ၇၀၀ လောက်နေထိုင်တဲ့ မောင်ဆန်းဒေးအေးတို့ သပြေကုန်းကျေးရွာမှာလည်း အဲဒီဖြစ်စဉ်နောက်ပိုင်း ရွာထဲမှာ မနေရဲတော့ဘဲ ရွာလုံးကျွတ် နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကယန်းသာယာရွာထဲက ရွာသုံးရွာလုံး ထွက်ပြေးတိမ်းရှောင်ရတယ်။ မပြေးနိုင်မလွှားနိုင်တဲ့ သက်ကြီးရွယ်အိုတွေပဲ ရွာမှာ ကျန်ခဲ့တယ်။ ညဆို တောမှာ အိပ်တယ်။ နေ့လယ်နေ့ခင်း သေနတ်သံမကြားရင် အိမ်ကို ခဏပြန်လာပြီး လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ရေ ပြန်လာယူတယ်” လို့လည်း ဆိုပါတယ်။

ကယန်းသာယာရွာအပြင် ကယားပြည်နယ်တွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသူ သောင်းနဲ့ချီ ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

“အတော်လေး ဒုက္ခရောက်တယ်။ တောထဲမှာ အိပ်ရတာလည်း ဘယ်လိုမှ အဆင်မပြေဘူး။ ရေလည်းရှားတယ်။ တစ်ခုပြီးတစ်ခုဖြစ်နေတော့ ကြောက်နေရတယ်။ ပြည်သူလူထုကို မချစ်လို့ အဲလောက်ထိ နှိပ်စက်နေလား။ ဒုက္ခပေးနေလားလို့ စစ်ကောင်စီတပ်တွေကို မေးချင်တယ်။ ပြည်သူ့ကို အဲလောက်ထိ ဒုက္ခမပေးပါနဲ့တော့။ ရရာလက်နက်စွဲကိုင်ဆိုလည်း ကျွန်မတို့ ပြည်သူမှာ ဘာမှ မရှိဘူး”လို့ ကယန်းသာယာ ဒေသခံ တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်တွေကြောင့် အားထားရတဲ့ သားတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့ မောင်ဆန်းဒေးအေးဖခင်ကလည်း “ဘယ်အစိုးရပဲ တက်တက်ပါ။ ပြည်သူတွေကို တကယ်ချစ်တယ်ဆိုရင် ပြည်သူတွေကို မရက်စက်ဖို့ တောင်းဆိုချင်တယ်။ လက်နက်မဲ့ပြည်သူတွေကို ဒီလိုပစ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စ၊ ပြည်သူတွေကို ချစ်ပေးကြပါ” လို့ တိုက်တွန်းပါတယ်။

မိသားစုအတွက်သာမက ရွာအတွက်ပါ အနာဂတ်ကြယ်ပွင့်တပွင့်လို့ တင်စားကြတဲ့ မောင်ဆန်းဒေးအေးအပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အရပ်သား သေဆုံးသူဦးရေ ၈၃၀ ကျော်အထိ ရှိလာနေပြီ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက သတင်းထုတ်ပြန်ထားပါတယ်။


Original Post: BBC