တော်လှန်ပုန်ကန်မှု၊ အောက်ခြေအဖွဲ့အစည်း နှင့် နွေဦးတော်လှန်ရေး

May 28th, 2021  •  Author: Progressive Voice  •  1 minute read
Featured image

(မေလ ၁၇ ရက် မှ ၂၃ ရက်)

မြန်မာစစ်တပ်မှ အာဏာသိမ်းရန်ကြိုးပမ်းမှုကို ပြည်သူတို့၏ခုခံတွန်းလှန်မှုမှာ အရှိန်အဟုန်မြင့်တက် လာနေသည်။ အောက်ခြေလူထုများ၊ ဒေသခံ မိမိကိုယ်ကာကွယ်ရေးအဖွဲ့များ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)၊ သမဂ္ဂများ၊ ကျောင်းသားများ၊ ဆရာများ၊ မိဘများနှင့် တက်ကြွလှုပ်ရှားသူများတို့သည် အဝေးလံဆုံး ကရင်နီနှင့် ချင်းပြည်နယ် ကျေးလက်ဒေသများမှသည် လူဦးရေထူထပ်သော ရန်ကုန်နှင့် မန္တလေးမြို့များအထိ တညီတညွတ်တည်း စစ်အုပ်စုကို ဆန့်ကျင်နေကြသည်။ နွေဦးတော်လှန်ရေး၏ လှုပ်ရှားမှုများသည် နေရာအနှံ့အပြားရှိနေပြီး ဒေသန္တရသဘောဆောင်လျက် ဗဟိုချုပ်ကိုင်မှုကင်းမဲ့ကာ စစ်တပ်က နည်းအမျိးမျိုးဖြင့် ဖယ်ရှားရန် ကြိုးစားနေသော ဒီမိုကရေစီကို နည်းပရိယာယ်အမျိုးမျိုးဖြင့် ဖော်ထုတ်ပြသ အသက်သွင်းနေသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များသည် အမဲပစ် သေနတ်များနှင့် လက်လုပ်သေနတ်များအား အသုံးပြု၍ ကြံ့ကြံ့ခိုင်ခိုင် သတ္တိရှိရှိ စွဲစွဲမြဲမြဲဖြင့် စစ်အာဏာကို အန်တုနေကြသည်၊ စစ်ကောင်စီမှ ဖမ်းဆီးထားသော ဒေသခံပြည်သူများကို လွှတ်ပေးရန် တောင်းဆိုနေကြသည်၊ စစ်ယာဉ်တန်းများကို တိုက်ခိုက်နေကြသည်၊ မိမိတို့၏ မြို့ရွာများကို အညံ့မခံ စောင့်ကြပ်ပေးနေကြသည်။ မတူပီ၊ ကလေး၊ မင်းတပ်၊ ဟားခါး စသည့် မြန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျားသော ဤဒေသနှစ်ခုမှ မြို့များသည် စစ်တပ် ဝင်မလာနိုင်စေရန် အပတ်ပေါင်းများစွာ အခက်အခဲများကို ကျော်လွှား၍ စိတ်အားထက်သန်စွာ သတ္တိပြခဲ့ကြသည်။ ယင်းခုခံတွန်းလှန်မှုက ပြည်သူတို့သည် စစ်အစိုးရကို ခုခံတွန်းလှန်ရန် မည်မျှ စိတ်ပိုင်းဖြတ်မှုရှိသည်ကို ပြရုံသာမက မည်ကဲ့သို့ဖြစ်နိုင်ခြေရှိသည်ကို ပြသခြင်းလည်းဖြစ်သည်။ မင်းတပ် ကဲ့သို့သောနေရာများက ရက်သတ္တပတ်အချို့ ခုခံနိုင်ခဲ့သည်။ ဒေသခံ ချင်းပြည်ကာကွယ်ရေးတပ် − မင်းတပ် ကို စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာကာ အမြောက်ကြီးများ အသုံးပြုခြင်း၊ စက်သေနတ်တင် ရဟတ်ယာဉ်များဖြင့် လေကြောင်းမှတိုက်ခိုက်ခြင်းများ မပြုခင်အထိ ပြည်သူများက ထိန်းချုပ်နိုင်ခဲ့သည်။ မြန်မာစစ်တပ်က အရက်စက်ဆုံး အကြီးစား စစ်ရေးထိုးစစ်များ အသုံးပြုပြီး အရပ်သားများအား လူသားဒိုင်းကာများအဖြစ် အသုံးပြုခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း စသည့် ဆိုးဝါးသော  လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ကာ လူသားချင်းစာနာရေးဆိုင်ရာ အကျပ်အတည်းကို ဖန်တီးပြီးမှသာလျှင် မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။ စင်စစ်အားဖြင့် ထိန်းချုပ်မှုမဟုတ်ဘဲ ရိုင်းစိုင်းကြမ်းကြုတ်မှုကို ကျင့်သုံးခြင်းသာ ဖြစ်သည်။

မင်းတပ်တွင် စစ်တပ်အုပ်ချုပ်ရေးကို ခုခံတွန်းလှန်ခြင်းသည် အောင်မြင်သော မိမိကိုယ်ကာကွယ်မှု ဖြစ်သည့်အပြင် အစားထိုး အုပ်ချုပ်ရေးနှင့် အုပ်ချုပ်ရေးအဆောက်အအုံများကိုလည်း တည်ထောင်ခဲ့သည်။ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖေဖော်ဝါရီလတွင် မြို့၏တစ်ခုတည်းသော တရားဝင် အုပ်ချုပ်ရေး အဖွဲ့အဖြစ် တည်ထောင်ခဲ့သည်။ ၎င်းသည် ၁၉၄၈ ခုနှစ် ချင်း ဝိသေသတိုင်းဥပဒေကို အုပ်ချုပ်မှုအတွက် တရားဝင်အခြေခံအဖြစ် ကိုးကားပြီး စစ်အုပ်ချုပ်မှုကို တရားမဝင်ဟု ပယ်ချခဲ့သည်။ အုပ်ချုပ်ရေး၊ စစ်ရေးနှင့် တရားရေးဆိုင်ရာ ကိစ္စရပ်များတွင် မြို့ကိုအုပ်ချုပ်နေသည့် မင်းတပ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့သည် စစ်တပ်က မြို့ကို ဝိုင်းပတ်ပိတ်ဆို့သည့် စစ်ဆင်ရေးကြီးမတိုင်မီအထိ အောက်ခြေ အဖွဲ့အစည်းတစ်ခု အနေဖြင့် စစ်အုပ်စု၏ အကြမ်းဖက်မှုများကို ခုခံတွန်းလှန်နိုင်ရုံသာမက အစားထိုး အုပ်ချုပ်ရေးစွမ်းရည်ကိုပါ ပြသနိုင်ခဲ့သည်။ ၎င်းမှာ အမျိုးသားရေးတိုက်ပွဲမှ အတွေးအခေါ်များနှင့် အခြေခံမူများ ပါဝင်ထည့်သွင်းထားသည့် အောက်ခြေမှ အထက်သို့ တက်သော လုပ်နည်းလုပ်ဟန်ကို ဖော်ပြနေပြီး အထက်မှအောက် အဆင့်ဆင့် ဗဟိုချုပ်ကိုင်ဆက်စပ်မှု ကင်းမဲ့နေသည်။ မြန်မာ နိုင်ငံတစ်ဝှမ်းတွင် အခြားဥပမာများရှိရာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း တစ်ဖွဲ့ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် နှစ်ရှည်လများ တည်ရှိခဲ့သော ၎င်းတို့၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စစ်ရေးနှင့် မြေယာပေါ်လစီများက ကော်သူးလေ သို့မဟုတ် ဘိုးဘွားစဉ်ဆက် ကရင်ပြည်၏ အစိတ်အပိုင်းများကို အုပ်ချုပ်စီမံနေသည်။ KNU ထိန်းချုပ်ထားသည့် ကော်သူးလေတွင် အရပ်ဘက်လူထုအဖွဲ့အစည်းများ စတင်ခဲ့သော သံလွင်ငြိမ်းချမ်းရေးဥယျာဥ် (Salween Peace Park) သည် ဌာနေတိုင်းရင်းသား ကရင်လူမျိုးများ ဦးဆောင်သော ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ် ဖြစ်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရိုးရာဓလေ့ကျင့်ထုံးနှင့် အောက်ခြေမှ အထက်သို့တက်သည့် ဒီမိုကရေစီတို့ကို အခြေခံသည်။ ၎င်းတို့၏လက္ခဏာများ ကွဲပြားခြားနားသော်လည်း နှစ်ခုစလုံးသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရမည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ ဥပမာများဖြစ်သည်။

ရက်သတ္တပတ်အကုန် မေလ ၁၅ ရက်မှ ၁၆ ရက်တွင် မင်းတပ် တပ်သားများအား ထိုးစစ်ဆင်တိုက်ခိုက်မှု ပြီးသည့်နောက် နယ်ခံပြည်သူလူထုအများစုသည် တောင်ကုန်းများရှိရာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။ စစ်အုပ်စုက လျှပ်စစ်မီးနှင့် ရေ ဖြတ်တောက်ကာ စားနပ်ရိက္ခာနှင့် အခြားမရှိမဖြစ် လိုအပ်သောပစ္စည်းများအား ၎င်းတို့ ဝိုင်းရံတပ်ချထားမြို့အတွင်းသို့ မရောက်နိုင်အောင် တားဆီးပိတ်ဆို့ထားသည်။ သို့သော်လည်း အနောက်ဘက်ရှိ မြို့တစ်မြို့ကို စစ်အုပ်စုက ဖြိုခွဲနေစဉ် ဆန့်ကျင်ဘက်အရပ်ရှိ ပြည်သူလူထုက အုံကြွလာပြန်သည်။ ကရင်နီပြည်နယ် ဒီမောဆိုတွင် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်တပ်၏ လုံခြုံရေးစခန်းများကို သိမ်းယူပြီး စစ်ကူများ လမ်းမများမှ မြို့ထဲသို့ မဝင်နိုင်အောင် တားဆီးခဲ့သည်။ ကရင်နီပြည်နယ်၏ အခြားဒေသများတွင် ဤအဖွဲ့သစ်နှင့် နောက်ထပ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက အရပ်သားများကို ရက်စက်ကြမ်းကြုတ်စွာ လက်တုန့်ပြန်ခဲ့ရာ လမ်းဘေးတွင် ကွပ်မျက်မှု၊ လူအများခိုလှုံနေသည့် ဘုရားရှိခိုးကျောင်းအား ပစ်ခတ်မှု၊ ဒေသခံရပ်ကွက်နေ ပြည်သူများအား အရမ်းကာရောပစ်ခတ်မှု၊ အမြောက်ကြီးများနှင့်ပစ်ခတ်မှု စသည်တို့ ရင်ဆိုင်ကြုံတွေ့ကြရသည်။

မိမိကိုယ်ကာကွယ်ရေးတပ်ဖွဲ့များကို ကျေးလက်ဒေသများနှင့် တိုင်းရင်းသားလူနည်းစုများ နေထိုင်ရာ ဒေသများတွင် တွေ့ရသည့်အပြင် မြန်မာနိုင်ငံ၏ မြို့ပြဗဟိုအချက်အချာနေရာများတွင်လည်းကောင်း၊ ဝေးလံခေါင်ဖျားသော မြို့များတွင်လည်းကောင်း အဖွဲ့အမျိုးမျိုး ဖွဲ့စည်းနေကြပြီး ရန်ကုန်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မှလည်း မြို့နယ် အဖွဲ့ခွဲများအဖြစ် တည်ထောင်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။ စစ်ကောင်စီတပ်များ၊ ရဲစခန်းများနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများ (GAD) တွင် အသေးစား ဗုံးဖောက်ခွဲမှုများ ရန်ကုန်နှင့် နိုင်ငံအနှံ့ရှိ မြို့ကြီးမြို့ငယ်များ၌ တိုးပွားလာနေသည်။ ဤအဖွဲ့များနှင့် ၎င်းလုပ်ရပ်များသည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် မိုက်ရိုင်းရမ်းကားမှုများကို တုံ့ပြန် ခုခံကာကွယ်သည့် နည်းလမ်းတခု ဖြစ်ကြောင်း သတိပြုသင့်သည်။ ဤအတောအတွင်း ပြည်သူများသည် တရားမဝင်စစ်ကောင်စီက ဖွင့်ထားသော ထွေအုပ်ရုံးခန်းများ မလည်ပတ်နိုင်အောင် ပိတ်ဆို့ခြင်း၊ စစ်တပ်ကုမ္ပဏီများ၏ ထုတ်ကုန်များကို သပိတ်မှောက်ခြင်းနှင့် လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရန်ငြင်းဆန်ခြင်းများ လုပ်နေကြသည်။ ထို့အပြင် ရဲရင့်သော အမျိုးသား အမျိုးသမီးတို့က လမ်းပေါ်ထွက်ကြသဖြင့် ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြားမှ ဆန္ဒပြပွဲများနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကလည်း ဆက်လက်ပေါ်ထွက်နေသည်။

စစ်တပ်အုပ်ချုပ်မှုကို နွေဦးတော်လှန်ရေးက ခုခံတွန်းလှန်ခြင်းသည် ကျယ်ပြန့်သော အောက်မှ အထက်တက်သည့် အောက်ခြေလူတန်းစားလက္ခဏာကို ပြသနေသည်။ အမျိုးသားညီညွတ်ရေး အစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်ကြားဖြတ်အစိုးရအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ယူဆနိုင်သော်လည်း ချင်း ပြည်ကာကွယ်ရေးတပ်သည်လည်းကောင်း၊ လက်ရှိဖြစ်ပွားနေသော ငြိမ်းချမ်းစွာ ဆန္ဒပြမှုများသည် လည်းကောင်း၊ စစ်တပ်၏ထုတ်ကုန်များကို သပိတ်မှောက်ခြင်းသည်လည်းကောင်း၊ စစ်အာဏာရှင်စနစ်ကို အတိုက်အခံပြုသည့် ယင်းပုံစံအမျိုးမျိုးသည် ဗဟိုအဖွဲ့အစည်းမလိုအပ်ပေ။ ၎င်းတို့သည် နိုင်ငံရေးဖြစ်ရပ်ကြီး၏ သဘာဝကျသော ဖော်ပြချက်များဖြစ်ပြီး စရိုက်လက္ခဏာနှင့် ပုံစံများအရ ​ဒေသန္တရ သဘောဆောင်၍ မည်သည့်အကြမ်းဖက်စစ်တပ်ကမှ အပြည့်အဝ မနှိမ်နင်းနိုင်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ရောင်ပြန်ဟပ်နေသည်။ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီသည် နိုင်ငံရေးဆိုသည်ထက်ထက် ပိုလွန်ပြီး အနာဂတ်မြန်မာနိုင်ငံအတွက်မူ ပြည်သူလူထုအပေါ် အစိုးရက အုပ်ချုပ်စိုးမိုးရုံသက်သက်မဟုတ်ဘဲ ပြည်သူလူထု၏အခွင့်အာဏာကို မြင့်တင်ပေးခြင်းအပေါ် အခြေပြုသည့် နိုင်ငံတစ်ခု တည်ထောင်ရန်အတွက် ဤအောက်ခြေ လူထုအဖွဲ့အစည်းများနှင့် ခုခံတော်လှန်မှုမှ သင်ခန်းစာများကို ရယူလေ့လာရပေမည်။


English version.

Send this to a friend