21 May 2021
CDM students (Myanmar)
စစ်ကောင်စီက မေလ ၅ရက်နေ့မှာ တက္ကသိုလ်ကောလိပ်တွေရဲ့ နောက်ဆုံးနှစ် ဘွဲ့ကြိုသင်တန်းတွေ၊ ဂုဏ်ထူးတန်းနဲ့ မဟာတန်းတွေကို ဖွင့်လှစ်ခဲ့ပြီးတော့ ဇွန်လမှာတော့ အခြေခံပညာကျောင်းအားလုံးကို ပြန်ဖွင့်မယ်လို့ ကြေငြာထားပါတယ်။
စစ်ကောင်စီဘက်က အခုလို ကြေငြာထားခဲ့ပေမယ့်လည်း ကျောင်းသားအများစုကတော့ စစ်ကျွန်ပညာရေးကို မလိုမရှိတာကြောင့် ကျောင်းမတက်ဘဲ စစ်ကောင်စီကို သပိတ်မှောက်ကြပါတော့တယ်။
တက္ကသိုလ်ကျောင်းသားဘဝဟာ လူငယ်အများစုတောင့်တခဲ့ကြတဲ့ အိပ်မက်တစ်ခုဖြစ်ပေမယ့် လူငယ်တွေဟာ စစ် အာဏာရှင်လက်အောက်မှာတော့ တက္ကသိုလ်မြေကိုနင်းမယ့်ခြေလှမ်းတွေကို ရပ်တန့်ထားကြတာပါ။
တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးငါးဘာသာနဲ့ အောင်မြင်ခဲ့တဲ့ မဇူးဇူးမေကတော့ စစ်ကောင်စီကဖွင့်လှစ်မယ့် တက္ကသိုလ် ကိုတော့ လုံးဝမတက်ဘူးလို့ဆုံးဖြတ်ထားပါတယ်။
ဆရာဝန်ဖြစ်ဖို့အတွက် ဘဝတစ်လျှောက်လုံးပညာရေးကို ကြိုးစားသင်ယူခဲ့ပြီး အိပ်မက်တွေပြည့်ဝဖို့ လက်တစ်ကမ်း အလိုမှာတော့ စစ်အာဏာသိမ်းမှုကြောင့် ရည်ရွယ်ချက်တွေ သဲထဲရေသွန်သလိုဖြစ်ခဲ့ရတာပါ။
“ ငယ်ငယ်ထဲက ဆရာဝန်ဖြစ်ချင်ခဲ့တာ ။ အခုလိုဖြစ်သွားတော့တော်တော်စိတ်ပျက်တယ်။ မျှော်လင့်ချက်ကြီး ရိုက်ချိုးခံ လိုက်ရသလို ဖြစ်တယ်”လို့ မဇူးဇူးမေက ဖွင့်ဟပါတယ်။
စစ်ကျွန်ပညာရေးအောက်မှာ ဆေးကျောင်းလျှောက်ဖို့အတွက် မိဘတွေက အတင်းအကြပ်မတိုက်တွန်းသလို သူငယ်ချင်း တွေကလည်း စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားကြပါတယ်။
ရည်မှန်းချက်တွေရိုက်ချိုးခံထားရသလိုဖြစ်နေပေမယ့် CDM လုပ်တဲ့ ဆရာဝန်ကြီးတွေ၊ သူနာပြုတွေ၊ ကျောင်းသား တွေကိုဖမ်းဆီးတာ ဝရမ်းထုတ်တာတွေကြောင့် ကျောင်းလုံးဝ မတက်ဖို့ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ဟာ မဇူးဇူးမေအတွက် ပိုမိုခိုင်မာလာပါတော့တယ်။
“ ကိုယ့်ရဲ့ စီနီယာကြီးတွေတောင် ဒီလိုဒုက္ခတွေခံနေကြရတာ ညီမတို့လုပ်နိုင်တာလုပ်ရမှာပဲ။ ကျောင်းမတတ်တာက ညီမတို့ လုပ်နိုင်တာပဲ” လို့ မဇူးဇူးမေက သူ့ဆုံးဖြတ်ချက်ကိုပြောပါတယ်။
လက်ရှိမှာတော့ ဘာသာစကားတစ်ခုကိုသာ လေ့လာနေရင်း ကျောင်းတွေပြန်ဖွင့်မယ့်အချိန်ကို စောင့်ဆိုင်းနေတယ်လို့ မဇူးဇူးမေကဆိုပါတယ်။
နိုင်ငံတစ်ဝှမ်းကလူငယ်တွေကတော့ စစ်ကျွန်ပညာရေးမလိုမရှိ လှုပ်ရှားမှုတွေကို မေလမတိုင်ခင်ကတည်းက စတင်ခဲ့ကြတာပါ။ စစ်ကျွန်ပညာရေးအောက်မှာ ကျောင်းမတက်ဘဲ သပိတ်မှောက်တဲ့ကျောင်းသားတွေရှိသလို CDM မလုပ်ဘဲ ကျောင်းသွားတက်ကြတဲ့ ကျောင်းသားအချို့လည်းရှိနေပါသေးတယ်။
စစ်ကောင်စီဘက် တက္ကသိုလ်ကျောင်းတွေဖွင့်လှစ်ဖို့ ကြေငြာထားပေမယ့် တစ်ဖက်မှာလည်း CDM လုပ်တဲ့ ကျောင်း ဆရာမတွေကို ဖမ်းဆီးတာ၊ ဖမ်းဝရမ်းထုတ်တာတွေပြုလုပ်နေဆဲပါ။
စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မေလ ၉ ရက်နေ့အထိ ဆရာ၊ဆရာမ၊ ကျောင်းသား၊ကျောင်းသူနဲ့ ပညာရေးဝန်ထမ်း အယောက် ၇၀ ကျော်ဟာ စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရပြီး ၈၄၀ ကျော်ဟာ ဖမ်းဆီး ထိန်းသိမ်းခံထားရတယ်လို့ UNESCO Myanmar Project Office ကထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်က တက္ကသိုလ်ဝင်တန်း အောင်မြင်ထားပေမယ့် စစ်ကျွန်ပညာရေးကို သပိတ်မှောက်တဲ့အနေနဲ့ တက္ကသိုလ် မတက်ဘူးလို့ ဆိုလာသူကတော့ မချစ်မြတ်မိုးပဲဖြစ်ပါတယ်။
ငယ်ဘဝအိပ်မက်က ဧည့်လမ်းညွှန်တစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် လက်ရှိအခြေအနေတွေကြောင့် ရည်မှန်းထားတာကို အကောင်အထည်မဖော်နိုင်တော့ပါဘူး။
“ အသက်ကြီးမှ ပညာရေးဆုံးခန်းတိုင်ဖြစ်တော့မှာပေါ့။ အခုကျောင်းတွေမတက်ရသေးတော့ သင်ကြားမှုတွေ နှောင့်နှေး မယ်။ ပြီးတော့ ကျောင်းပြီးလို့ အလုပ်ဝင်လျှောက်မယ်ဆိုရင်လည်း အသက်ကြောင့်အခက်အခဲတွေဖြစ်လာနိုင်မယ်” လို့ မချစ်မြတ်မိုးကဆိုပါတယ်။
မူလက ရည်ရွယ်ထားတဲ့ ဘာသာစကားသင်တာနဲ့ လက်မှုသင်တန်းတွေတက်ချင်ခဲ့ပေမယ့် လက်ရှိအခြေအနေတွေမှာ သွားလာရတာ မလုံခြုံတဲ့အတွက် ရှေ့ရေးအတွက် ဘာမှမလုပ်နိုင်ဘဲ ဖြစ်နေပါတော့တယ်။
“ သူများတွေတော်လှန်ရေးအတွက်လုပ်နေတဲ့အချိန် ဒီလိုတွေဖြစ်နေတဲ့အချိန်မှာ သင်တန်းတွေတက်ဖို့လဲ စိတ်မလုံဘူး” လို့မချစ်မြတ်မိုးကဖွင့်ဟပါတယ်။
ကိုယ်နဲ့အသက်အရွယ်တူတွေ၊ ကျောင်းသားအရွယ်တွေက တော်လှန်ရေးအတွက် အသက်ပေးသွားကြတာ၊ မိသားစုနဲ့ခွဲပြီး တော်လှန်ရေးအတွက် ပြင်ဆင်နေကြသူတွေအတွက် ဂုဏ်ယူမိသလို စိတ်မကောင်းလည်းဖြစ်မိတယ်လို့ သူကဆိုပါတယ်။
“ ဒီအချိန်က ဘဝအတွက်ကြိုးစားနေရမယ့်အချိန်လေ၊ ဒီအချိန်မှာ ဒီလိုထွက်ပြေးနေရတာ၊ တချို့ဆိုအိမ်ကို တစ်သက်လုံးပြန်မလာနိုင်တော့ဘူး။ လူငယ်တွေရဲ့ အနာဂတ်ပျောက်ကုန်ပြီ၊ တန်ဖိုးရှိတဲ့အချိန်တွေ ဆုံးရှုံးရတယ်၊ အာဏာရှင်နဲ့ လက်ပါးစေတွေကို နာကျည်းမုန်းတီးတယ်”လို့ မချစ်မြတ်မိုးကသူ့ခံစားချက်ကိုပြောပြပါတယ်။
သူ့လိုပဲ အနာဂတ်အတွက်ဘာလုပ်ရမှန်းမသိသေးတဲ့ သူတွေအနေနဲ့ စိတ်ဓာတ်မကျဘဲ တော်လှန်ရေးမှာ တတ်နိုင်တဲ့ ဘက်ကပါဝင်ကြဖို့ သူကအားပေးပါတယ်။
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးလို့ တက္ကသိုလ်မြေကို ခြေမချဖို့ဆုံးဖြတ်ထားတဲ့သူတွေလိုပဲ စစ်ကောင်စီက ဖွင့်လှစ်တဲ့ အခြေခံပညာကျောင်းကို မတက်ဖို့ဆုံးဖြတ်ထားသူတစ်ဦးလည်းရှိပါတယ်။
သူကတော့ မနှင်းနှင်းအောင်ပဲဖြစ်ပါတယ်။ ကိုးတန်းအောင်မြင်ပြီးလို့ ၁၀ တန်းတက်မယ့်နှစ်မှာပဲ ကိုဗစ်ကြောင့် ကျောင်း တွေ ပိတ်သွားခဲ့ကာ ကျောင်းနားထားခဲ့ရာမှ အခုစစ်ကောင်စီကဖွင့်မယ့် ကျောင်းပညာရေးကိုတော့ မတက်လိုဘူးလို့ သူက ဆိုပါတယ်။
မိဘတွေကိုယ်တိုင်ကလည်း ကျောင်းမတက်ဖို့ အားပေးတဲ့အပြင် ကျောင်းဘက်ကကျောင်းထုတ်မယ်ဆိုရင်တောင် လုံးဝ မတက်ဘူးလို့ ဆုံးဖြတ်ထားတယ်လို့ မနှင်းနှင်းအောင်ကပြောပါတယ်။
“ ကျောင်းမတက်ရတော့ ညီမတို့လူငယ်တွေတော်တော်အနာဂတ်ပျောက်နေပြီ”လို့ သူကဖွင့်ဟပါတယ်။
တက္ကသိုလ်ဝင်တန်းအောင်ပြီးပါက ပညာများစွာသင်ကာ စီပွားရေးလုပ်ငန်းတွေလုပ်ဖို့ အိပ်မက်ရှိခဲ့ပေမယ့် အခုအချိန်မှာ တော့ မနှင်းနှင်းအောင်တစ်ယောက် ဘာမှလုပ်ချင်စိတ်မရှိတော့ပါဘူး။
“ ကိုယ့်အတွက်တော့ ၁၀ တန်းတက်ဖို့ အချိန်တွေဆုံးနေပြီ၊ တချို့ဆို တသက်လုံးဆုံးရှုံးသွားပြီ၊ ကျောင်းလည်း မတက်နိုင်ကြတော့ဘူး။ ကိုယ်အတွက် အချိန်နှစ်နှစ်ဆုံးရှုံးသွားတာက အဲ့လောက်ရေးမကြီးပါဘူး။ သေသွားတဲ့ အကိုတွေ အမ တွေဆို ဘဝပါ ဆုံးရှုံးသွားပြီ”လို့ မနှင်းနှင်းအောင်က ဝမ်းနည်းစွာပြောပါတယ်။
ကိုယ့်အားကိုယ်ကိုးပြီး စိတ်ဓာတ်ပြင်းပြတဲ့ လူငယ်တွေဟာ အတန်းပညာနဲ့ တက္ကသိုလ်တွေမတက်ရပေမယ့် အချိန်ပိုင်း အလုပ်နဲ့ တခြားပညာရပ်တွေကို ရှာဖွေနေကြတာကိုတွေ့ရပါတယ်။
တချို့လူငယ်တွေက အစားအသောက်ရောင်းကာ ဝမ်းရေးကိုဖြေရှင်းနေရင်းနဲ့ CDM ဝန်ထမ်းတွေအတွက်တတ်နိုင်သလောက်လှူတာ လိုအပ်တဲ့နေရာတွေအတွက် လှူဒါန်းနေကြတာကိုတွေ့ရပါတယ်။
အသေးစားလုပ်ငန်းလုပ်အချို့ကလည်းဟာ CDM ကျောင်းသား၊ကျောင်းသူတွေကို အလုပ်ပေးတာ၊ ဘာသာစကား သင်ကြားသူတွေက ဘာသာစကားသင်ပေးတာ၊ လက်မှုပညာတတ်သူတွေက တစ်နိုင်တစ်ပိုင်သင်ကြားပေးနေကြတာကို တွေ့ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနကလည်း အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ဖွင့်လှစ်မယ့်ကျောင်းတွေကို ပညာရေးဝန်ထမ်းအားလုံးနဲ့ ကျောင်းသား ကျောင်းသူတွေ လုံးဝမတက်ရောက်ကြဖို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံတော်ရဲ့ အဖိုးတန်လှတဲ့ တိုင်းရင်းသားလူငယ်အားလုံးရဲ့ ပညာသင်ယူခွင့် မဆုံးရှုံးစေရေး၊ နည်းမျိုးစုံနဲ့ အာဏာရှင် ကျဆုံးရေးအတွက် ကြိုးပမ်းနေကြတဲ့ သူရဲကောင်းသူငယ်အားလုံးအတွက် ကြားကာလ ပညာသင်ကြားရေး အစီအစဉ် တစ်ရပ်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကပေးအပ်တဲ့ ဘွဲ့ဒီဂရီလက်မှတ်တွေကို လုံးဝအသိအမှတ်ပြုမှာ မဟုတ်ဘူးလို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ဧပြီလ ၂၆ရက်နေ့ကကြေညာထားပါတယ်။
CDM ကျောင်းသား ကျောင်းသူတွေကတော့ ရည်မှန်းချက်နဲ့ အိပ်မက်တွေကို ခဏရပ်တန့်ထားကာ အရေးတော်ပုံ အောင်မြင်ဖို့ကြိုးစားကြရင်း မျော်လင့်အိပ်မက်တွေကိုသာ စောင့်ဆိုင်းနေကြပါတော့တယ်။
မနှင်းနှင်းအောင်ကတော့ အရေးတော်ပုံကြီးပြီးတဲ့အခါ “အရင်လိုအေးအေးချမ်းချမ်းနဲ့ ကျောင်းပြန်တက်ချင်တယ်”လို့ ဆိုပါတယ်။
Original post: Honest Information (HI)
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.