အရွယ်မတိုင်ခင် ကြွေလွင့်ခဲ့သူ ထားဝယ်သား ဖိုးတိုး

May 10th, 2021  •  Author: Mg Kyaw Min Latt (Aka) Phoe Toe (Dawei)  •  1 minute read
Featured image

ဖိုးတိုးငယ်စဥ်က ပညာ ထူးချွန်သူဖြစ် – CJ

By BBC News

၁၉၈၈ လူထုအရေးတော်ပုံကြီးနဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးတို့ကြား ထင်သာမြင်သာ အရှိဆုံး ကွာခြားချက်တစ်ခုကို ထောက်ပြပါဆိုရင် ဆက်သွယ်မှု ကွန်ရက်တွေ အားကောင်းလာတာနဲ့အမျှ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်တွေကို လူအများက သက်သေနဲ့တကွ တွေ့မြင်လာကြတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူအသေအပျောက်အများဆုံးနေ့တစ်နေ့ဖြစ်တဲ့ မတ်လ ၂၇ ရက်နေ့တုန်းက ထားဝယ်မြို့ လမ်းမကြီးတစ်ခုပေါ်မှာ ဆိုင်ကယ်မောင်းလာတဲ့ ဆယ်ကျော်သက် လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်က ပစ်ခတ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာလည်း မြန်မာပြည်တွင်းမှာသာမက ကမ္ဘာတစ်ဝန်းထိ ပျံ့နှံ့ခဲ့ပါတယ်။

ဒီပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ဒဏ်ရာများစွာနဲ့ သေဆုံးခဲ့သလို သူနဲ့အတူ ဆိုင်ကယ်ပေါ်မှာ ပါလာတဲ့ လူငယ်တွေလည်း အသက်လုပြီး ထွက်ပြေးခဲ့ရပါတယ်။

လက်နက်အားကိုးနဲ့ ပစ်ခတ်မှု

ဖိုးတိုးအပစ်ခံရတဲ့ စီစီတီဗီ မှတ်တမ်း – CJ

အိမ်နာမည် ဖိုးတိုးလို့ သိကြတဲ့ မောင်ကျော်မင်းလတ်တို့ သူငယ်ချင်း သုံးယောက်ဟာ အဲဒီနေ့က သူတို့ အသိတစ်ယောက်အိမ်က အပြန်လမ်းမှာ အခုလို ပစ်ခတ်ခံခဲ့ရတာပါ။

ဆန္ဒပြပွဲတွေကို အာဏာသိမ်းစစ်တပ်ဘက်က ဖြိုခွဲနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တွေ့မှာစိုးလို့ ပုံမှန်သွားနေကြ လမ်းအတိုင်း မသွားဘဲ လမ်းကြိုလမ်းကြားကနေ ရှောင်တိမ်းပြန်လာချိန်မှ တည့်တည့်ရင်ဆိုင်မိခဲ့တာလို့လည်း ဖိုးတိုးရဲ့ သူငယ်ချင်းက ဘီဘီစီကို ပြောပါတယ်။

လမ်းကြားထဲကအထွက် စစ်ကားတွေကို တွေ့တဲ့အခါ စိုးရိမ်လို့ ဆိုင်ကယ်ကို အရှိန်သတ်ပြီး အခြေအနေ စောင့်ကြည့်နေတုန်းမှာပဲ အပစ်ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

“ပထမစစ်ကားတစ်စီးက ကျွန်တော်တို့နား လာရပ်တယ်။ အနောက်မှာ ပါလာတဲ့ စစ်သားတွေက ဘာမှမပြောဘဲ ကျွန်တော်တို့ကို စပစ်တယ်။ ကျွန်တော်တို့လည်း ကြောက်တာနဲ့ ဆိုင်ကယ်ကို ဇွတ်မောင်းပြေးတဲ့အခါ နောက်စစ်ကားတစ်စီးပေါ်က စစ်သားတွေက ထပ်ပစ်တယ်။ အဲဒီမှာ ဖိုးတိုး ညာဘက် လည်ပင်း ကျည်ထိမှန်ခဲ့တာ” လို့ သူငယ်ချင်းဖြစ်သူက အဲဒီနေ့က အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

ဖိုးတိုးတို့ အပစ်ခံခဲ့ရပြီး မကြာမီမှာ လူမှုကွန်ရက်ပေါ်မှာ တက်လာတဲ့ စီစီတီဗီ ရုပ်သံ ဗီဒီယိုဖိုင်တစ်ခုမှာတော့ မိန်းလမ်းမကြီးပေါ်မှာ မောင်းလာတဲ့ ကားနှစ်စီးပေါ်က စစ်သားတွေက ဆိုင်ကယ်တစ်စီးကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကို တွေ့ရပါတယ်။

ပစ်ခတ်မှုတွေကြောင့် ဆိုင်ကယ်လဲသွားချိန်မှာ ကားပေါ်ကနေ လက်နက်ကိုင်ထားတဲ့ စစ်သား သုံးဦး ဆင်းလာပြီး လိုက်လံပစ်ခတ်တာကို တွေ့ရပါတယ်။ လဲကျနေရာက ချက်ချင်း ထွက်ပြေးခဲ့လို့ လူငယ်နှစ်ဦး လွတ်မြောက်သွားပေမဲ့ တစ်ဦးကတော့ ခေါင်းငိုက်စိုက်အနေအထားနဲ့ အဲဒီနေရာမှာပဲ တဖြည်းဖြည်းချင်း လဲကျကျရစ်ပါတယ်။ ခဏအကြာမှာတော့ အဲဒီလူငယ်လေးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားပေါ် တင်ခေါ်သွားတာ တွေ့ရပါတယ်။

အပြေးမြန်လို့ အသက်မပျောက်ခဲ့ပေမယ့် မျက်ခုံးအောက်နားမှာ ကျည်ထိမှန်ခဲ့တဲ့ သူငယ်ချင်းဖြစ်သူက “သူတို့က သက်သက်မဲ့ ရန်ရှာပြီး ပစ်တာ။ လုံး၀ မကျေနပ်ဘူး။ ကျွန်တော်တို့က ဆန္ဒပြနေတာလည်း မဟုတ်ဘူး။ ဘာလက်နက်မှလည်း မပါဘူး။ ဘာမှ အပြစ်လုပ်မထားပဲနဲ့ အခုလို အပစ်ခံရတာ လုံး၀ မကျေနပ်ဘူး။ ဒီကောင်တွေကို တစ်သက်မကြေဘူး” လို့ ဖွင့်ဟပါတယ်။

သားပျောက်ကိုရှာတဲ့ မိဘနှစ်ပါး

ကျည်ထိမှန်ခဲ့တဲ့ ဖိုးတိုးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခေါ်သွားတယ်လို့ သူ့သူငယ်ချင်းဖြစ်သူတွေက လာအကြောင်းကြားတဲ့အခါ မိဘနှစ်ပါး သားဖြစ်သူ ရှာပုံတော်ဖွင့်ရပါတော့တယ်။

အရပ်ထဲ လက်လှမ်းမီသလောက် လိုက်လံစုံစမ်းရင်း ညနေပိုင်းကျမှ ထားဝယ်မြို့ စစ်ဆေးရုံမှာ ဖခင်ဖြစ်သူက ဖိုးတိုးကို ရှာတွေ့ခဲ့တာပါ။

ဒါပေမဲ့ အိမ်ကနေ ရွှင်ရွှင်မြူးမြူးနဲ့ ထွက်သွားတဲ့ ဖိုးတိုးလေး တစ်ယောက် အဲဒီအချိန်မှာ သွေးထွက်ဒဏ်ရာတွေနဲ့ အသိစိတ် ကင်းမဲ့နေပါပြီ။

“စတွေ့တွေ့ချင်း သတိလစ်နေတယ်။ လူမှန်းမသိအောင် အော်ဟစ်နေတယ်။ တော်တော်လေး နာကျင်ခံစားနေရတယ်။ လည်ပင်းညာဘက်ခြမ်းမှာ ကျည်ထိမှန်ထားတဲ့ ဒဏ်ရာကလည်း လက်တဆစ်လောက်နက်တယ်။ နားရွက်လည်း နည်းနည်းပြတ်နေတယ်။ သွေးတွေလည်း တစ်ကိုယ်လုံး ရွှဲလို့။ အသားစတွေလည်း ပွစာကြဲနေတယ်” လို့ သားဖြစ်သူရဲ့ အခြေအနေကို မိခင်ကြီးက ရှင်းပြပါတယ်။

သားဖြစ်သူ ပြန်ကောင်းလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဘေးနားကနေ အနီးကပ်ပြုစုနေတဲ့ မိဘနှစ်ပါးက မျှော်လင့် စောင့်ဆိုင်းခဲ့ပေမဲ့ ဖိုးတိုးလေးကတော့ အဲဒီနေ့ကတည်းက သတိပြန်လည်မလာတော့ဘဲ နောက်သုံးရက်အကြာ မတ်လ ၃၀ ရက်နေ့မှာတော့ အားလုံးကို အပြီးတိုင် နုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။

“နာကျင်တဲ့ ဝေဒနာတွေကြောင့် သူ အော်ဟစ်နေပေမယ့် အသက်ရှိနေသေးတယ်ဆိုတဲ့ အသိကြောင့် ဝမ်းသာရသေးတယ်။ သူ ဆုံးသွားပြီလို့ သိလိုက်ရတဲ့အချိန်မှာ ကျွန်မ အသိစိတ် လွတ်သွားတယ်။ ပြောမပြတတ်အောင် ခံစားရတယ်။ သူ့နေရာမှာ ကျွန်မသာ ဖြစ်လိုက်ချင်တယ်” လို့လည်း မိခင်ဖြစ်သူက ငိုကြွေးရင်း ရင်ဖွင့်ပါတယ်။

ဖိုးတိုးရဲ့ အရင်းနှီးဆုံး သူငယ်ချင်းကလည်း “အင်မတန် ဝမ်းနည်းရတယ်။ ကျွန်တော့်အတွက် ညီလေးတစ်ယောက် ဆုံးရှုံးလိုက်ရသလိုပဲ။ အခုအချိန်ထိ တစ်ရက်မှ မမေ့ဘူး။ နေ့တိုင်း သတိရတယ်။ ဖြစ်နိုင်ရင် သူ့ကို ပြန်လိုချင်တယ်။”

အဖြစ်မှန်ကို အဆုံးထိ ဖုံးဖိဖို့ ကြိုးစား

စစ်ဆေးရုံက ထုတ်ပေးတဲ့ သေဆုံးခြင်းလက်မှတ် – CJ

ဖိုးတိုးလေး သေဆုံးရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ စစ်ဆေးရုံက ထုတ်ပေးတဲ့ သေဆုံးခြင်းလက်မှတ် (Death Certificate ) မှာတော့ “ဆိုင်ကယ်ပေါ်က ပြုတ်ကျလို့ ကနဦး ဦးခေါင်း ပြင်းထန်စွာ ဒဏ်ရာရရှိ” မှုကြောင့် သေဆုံးတယ်ဆိုပြီး ဗိုလ်ကြီးအဆင့်ရှိ ဆေးမှူးတစ်ယောက်လက်မှတ်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဖိုးတိုးလေးရရှိခဲ့တဲ့ ဒဏ်ရာအခြေအနေတွေကို တွေ့မြင်ခဲ့သူတိုင်းက ဒါဟာ ဆိုင်ကယ်မတော်တဆဖြစ်မှုက ရတဲ့ ဒဏ်ရာတွေ မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုကြပါတယ်။

ဘီဘီစီက တွေ့ရတဲ့ စီစီတီဗီ ရုပ်သံဖိုင်မှာလည်း ဖိုးတိုးလေးဟာ ဆိုင်ကယ်ပေါ်ကနေ ပြင်းပြင်းထန်ထန် ပြုတ်ကျတဲ့ အနေအထားကို မတွေ့ရပါဘူး။

ဖိုးတိုးလေး ဆေးရုံပေါ်မှာ ဆေးကုသမှု ခံယူနေစဉ်အတွင်းမှာလည်း အရပ်ဝတ်နဲ့ ရဲအရာရှိတစ်ဦး ရောက်လာပြီး ဖိုးတိုးလေးရဲ့ ကိုယ်ရေးရာဇဝင်အပါအဝင် မိဘဖြစ်သူတွေရဲ့ အလုပ်အကိုင်နဲ့ အချက်အလက်အသေးစိတ်ကို မေးမြန်းခဲ့သလို သားဖြစ်သူ ဒီလိုဖြစ်တာ မိဘက မဆုံးမလို့ဆိုပြီး ပူဆွေးသောကရောက်နေတဲ့ မိခင်ကြီးကို အပြစ်ဖို့ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဖိုးတိုးလေးဟာ ရာဘာကျည်ထိမှန်ခဲ့တာလို့ စစ်ချက်လာယူတုန်းက အဲဒီရဲအရာရှိက အတည်ပြုခဲ့ပေမဲ့ နောက်ဆုံးတော့ ဆိုင်ကယ်ပေါ်က ပြုတ်ကျတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးတယ်ဆိုပြီး ထုတ်ပြန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ စောဒက မတက်ရဲဘဲ အာဏာရှိသူတွေရဲ့ လုပ်ဆောင်ချက်တွေကို ရင်နာနာနဲ့ လက်ခံခဲ့ရပါတယ်။

“သေနတ်နဲ့ အပစ်ခံရတယ်ဆိုတာ ရှင်းနေတာပဲ။ ဒါပေမဲ့ ဆေးရုံက အဲဒီလို ရေးပေးတော့လည်း ကျွန်မတို့ ကန့်ကွက်လို့ မရဘူးလေ။ “ဟုတ်ကဲ့” လို့ပဲ ခေါင်းညိတ်ခဲ့လိုက်ရတယ်။ အရေးကြီးတာက အလောင်းပြန်ရဖို့လေ။ ဒါပေမဲ့ စိတ်ထဲမှာတော့ အတော်လေး နာကျင်မိတယ်” လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

မိဘကို လုပ်ကျွေးနေတဲ့ သားလိမ္မာ

မိဘအတွက် အားကိုးရသူ ဖိုးတိုး – CJ

သာမန်လက်လုပ်လက်စား မိဘနှစ်ပါးကနေ ပေါက်ဖွားလာတဲ့ ဖိုးတိုးလေးဟာ မိသားစု စားဝတ်နေရေး အခက်အခဲကြောင့် ကျောင်းပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ထွက်လုပ်ခဲ့ရသူ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် သူ ဆယ့်သုံးနှစ်သားအရွယ်ကတည်းက ကျောင်းထွက်ကာ ပန်းရံအလုပ်၊ အလူမီနီယံအလုပ်စတဲ့ ရပ်ကွက်ထဲ ကြုံရာကျပန်းအလုပ်ဝင်လုပ်ရင်း မိဘကို တစ်ဖက်တစ်လမ်းက ထောက်ပံ့ကူညီနေတာပါ။

“ဖိုးတိုးလေးဟာ တခြားညီအစ်ကိုတွေနဲ့ မတူဘူး။ အေးအေးဆေးဆေး သူ့စည်းသူ့ကမ်းနဲ့ နေတတ်တယ်။ ဥာဏ်ကောင်းတယ်။ ရည်မှန်းချက်ကြီးတယ်။ ကျွန်မ သူ့ကို အင်မတန် အားကိုးတာ။ သူကြီးလာရင် ကျွန်မတို့ မိသားစု ဆင်းရဲတွင်းက လွတ်မြောက်တော့မယ်။ တစ်ခုခု အပြောင်းအလဲဖြစ်တော့မယ်ဆိုပြီး အားခဲထားတာ” လို့ မိခင်ဖြစ်သူက ပြောပါတယ်။

မိဘအပေါ် သိတတ်ရုံသာမက မိသားစု ၇ ယောက်စာ စားဝတ်နေရေးအတွက် ဖခင်ဖြစ်သူနဲ့အတူ ငွေရှာနေတဲ့ ဖိုးတိုးလေး မရှိတော့တဲ့အတွက် မိခင်ကြီးကတော့ သူ့အတွက် လက်မောင်းတစ်ဖက်ပြုတ်သွားသလိုပဲလို့လည်း ဆိုပါတယ်။

“အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘကို လုပ်ကျွေးနေတဲ့ သားလိမ္မာ တစ်ယောက်ဆိုတော့ တော်တော်လေး နှမြောမိတယ်။ ဝမ်းလည်းနည်းတယ်။ သားရှိသေးတယ်လို့ပဲ စိတ်ထဲမှာ ထင်နေတုန်းပဲ” လို့ ဖခင်ဖြစ်သူကလည်း ဖွင့်ဟပါတယ်။

ကမ္ဘာ့သတင်းမီဒီယာပေါ်ထိ ရောက်သွားတဲ့ ဖိုးတိုး

စစ်ကောင်စီတပ်တွေရဲ့ ရက်ရက်စက်စက် ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် မောင်ကျော်မင်းလတ် ခေါ် ဖိုးတိုးလေး သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်ဟာ ပြည်တွင်းမှာ သာမက ကမ္ဘာ့သတင်းမီဒီယာပေါ်ထိ ဖော်ပြခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ဖိုးတိုး – CJ

အာဏာသိမ်းစစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့ မတ်လကုန်ပိုင်းက မြန်မာပြည်ကို လာရောက် သတင်းယူခဲ့တဲ့ CNN နိုင်ငံတကာသတင်းထောက်ချုပ် Clarissa Ward က ဖိုးတိုးလေး ပစ်ခတ်ခံရမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို စီစီတီဗီရုပ်သံဖိုင် ပြပြီး မေးမြန်းခဲ့ရာမှာတော့ “ဒီလိုမျိုးအဖြစ်အပျက်တွေကို စုံစမ်းစစ်ဆေးသွားမယ်။ အဖြစ်မှန် ဟုတ်မဟုတ် စုံစမ်းစစ်ဆေးမယ်။ သံသယဖြစ်ဖွယ် ဗီဒီယိုဖိုင် တချို့လည်း ရှိတယ်။ ဒါပေမဲ့ အပြစ်မဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ဖို့ ရည်ရွယ်ချက် မရှိဘူး” ဆိုပြီး ဖြေကြားသွားခဲ့ပါတယ်။

ဒါပေမဲ့ ဖိုးတိုးလေး သေဆုံးသွားပြီး တစ်လကျော်ကြာချိန်အထိ သူ့ကို ဘာကြောင့် ပစ်ခတ်တယ်ဆိုတဲ့ အကြောင်းအရင်းကို စစ်ကောင်စီဘက်က ထပ်မံ ပြောကြားခဲ့ခြင်း မရှိသလို သူတို့ကျုးလွန်ခဲ့တဲ့ ဖြစ်ရပ်အတွက်လည်း တောင်းပန်ခဲ့ခြင်း မရှိပါဘူး။

ဒီထပ်ပိုဆိုးတာက ဖိုးတိုးလေးကို ဆုံးရှုံးလိုက်ရရုံသာမက သူ့မိသားစုကပါ အကြောက်တရားနဲ့ ရှင်သန်နေရတာပါ။

“သား ဆုံးပြီးကတည်းက သူတို့ကို ကြောက်နေရတယ်။ သေနတ်သံကြားတိုင်း အိမ်ကိုလာပစ်တာလား ဆိုပြီး ထိတ်လန့်နေရတယ်။ ဆုံးပြီးခါစကဆို လမ်းတောင် မထွက်ရဲဘူး။ သူတို့ ရန်လာရှာမှာစိုးလို့ အမြဲကြောက်လန့်နေရတယ်” လို့လည်း ပြောပါတယ်။

အရွယ်မတိုင်ခင် ကြွေလွင့်ခဲ့ရသူ

CJ

ကလေးတွေကို ပစ်သတ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ စစ်ကောင်စီဘက်က ငြင်းဆိုနေပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း သူတို့တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် အရွယ်မရောက်သေးတဲ့ ကလေးငယ် ၅၀ ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုထားပါတယ်။

မန္တလေးမြို့မှာ ဖခင်ရင်ခွင်ထဲမှာ ထိုင်နေတဲ့ ၇ နှစ်အရွယ် ကလေးမလေးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်ထဲထိ ဝင်ရောက် ပစ်သတ်ခဲ့သလို ရန်ကုန်အပါအဝင် တခြားနယ်မြို့တွေမှာလည်း အာဏာပိုင်တွေရဲ့ လက်ချက်နဲ့ ကလေးငယ် ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ လက်ချက်နဲ့ အရွယ်မတိုင်ခင် ကြွေလွင့်ခဲ့ရတဲ့ ကလေးငယ်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ထားဝယ်သားလေး ဖိုးတိုးရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကတော့ တစ်နေ့နေ့တစ်ချိန်ချိန် ဖိုးတိုးလေးကို ပြန်တွေ့မယ်ဆိုရင် သူ့ကို ချစ်တဲ့အကြောင်း တ၀ကြီး ထိုင်ပြောချင်သေးတယ်လို့ ဆိုပါတယ်။

“ကျွန်မ သတိရတဲ့အတိုင်း တစ်ယောက်တည်း ကြိတ်ငိုနေရတယ်။ သားလေး သေသွားတယ်ဆိုတာ ဒီနေ့ထိ မယုံနိုင်သေးဘူး။ တစ်ခါတစ်လေကျ ယောင်ယမ်းပြီး ညဘက်တွေ ထထကြည့်မိတယ်။ ကျွန်မသားလေး ဘယ်တွေများ ရောက်နေလဲမသိဘူးဆိုပြီး တွေးတောမိတယ်” လို့ မိခင်ဖြစ်သူက ဖွင့်ဟပါတယ်။

သူငယ်ချင်းတစ်ယောက်အိမ်ကို သွားဖို့ “ခဏ”ဆိုပြီး အပြင်ထွက်သွားတဲ့ ဖိုးတိုးလေးကတော့ မိခင်ကြီး မျှော်နေတာကို သိချင်မှ သိတော့မှာ ဖြစ်ပေမဲ့ မိခင်ဖြစ်သူကတော့ ဖိုးတိုးလေးရဲ့ တစ်ခဏဟာ သူ့အတွက် ဘဝတစ်သက်တာ ကြာသွားတော့မှာပါတဲ့။


မူရင်းအော်ရဂျင်နယ်ပိုစ့် – BBC Burmese

Send this to a friend