မိခင်တွေရင်ထဲက အမြဲအောက်မေ့နေမယ့် နွေဦးတော်လှန်ရေး သူရဲကောင်းတွေ

May 8th, 2021  •  Author: International Mother's Day  •  1 minute read
Featured image

By Honest Information

စစ်တပ်က မတရားအာဏာသိမ်းထားတာကို လက်မခံကြတဲ့ ပြည်သူတွေရဲ့ တော်လှန်ဆန္ဒပြမှုတွေဟာ နည်းမျိုးစုံနဲ့ တားဆီးပိတ်ပင်ခံနေရပေမယ့် ဆန္ဒပြသပိတ်စစ်ကြောင်းတွေကတော့ အားကောင်းကောင်းနဲ့ ဆက်လက် ချီတက်နေဆဲ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့စာရင်းအရ စစ်အာဏာသိမ်းထားတဲ့ ရက် ပေါင်း ၉၄ ရက်အတွင်း စစ်တပ်နဲ့ ရဲတွေရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် အရပ်သားပြည်သူ သေဆုံးရတာ ၇၆၉ ယောက်အထိ ရှိလို့လာပါပြီ။

အခုလို စစ်တပ်နဲ့ ရဲတွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျဆုံးသွားရတဲ့ သားသမီးတွေအပေါ် မိခင်တွေရဲ့ ထိခိုက် နာကျင်ခံစားရမှုနဲ့ တော်လှန်ရေးအပေါ်ထားရှိတဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေ၊ အခြားသော ဘဝတူမိခင်တွေကိုအားပေးတဲ့စကားသံတွေကို စုစည်းပြီး မေလ ၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ မိခင်များနေ့အတွက် အမှတ်တရအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

ဒေါ်ကြည်ဝင်း (ပဲခူးမြို့၊ မော်ကန်ရပ်ကွက်မှာ ကျဆုံးသွားတဲ့ မောင်ထက်နိုင်ရှိုန်း၏ မိခင်)
သူကျဆုံးသွားတဲ့အပေါ်မှာ အမေတို့ အခုထိ မဖြေနိုင်သေးပါဘူး။ ငိုရလို့ မျက်လုံးတွေပဲ နာကျင်တာ မဟုတ်ပါဘူး။ ရင်ဘတ်ကြီးတခုလုံးလည်း အခုထိ နာနေဆဲပါပဲ။ အမေက မုဆိုးမဘဝ သားသမီး ၈ ယောက်ကို ကျွေးမွေးစောင့်ရှောက်လာခဲ့တာ။ မွေးချင်းတွေထဲမှာ သူတယောက်ပဲ ပညာရေးမှာ ထွန်းထွန်းကားကားလေး ဖြစ်တာ။

အဖေမရှိတဲ့နောက်မှာ သူက ပညာရေးမှာတော်လို့ အမေက မရှိမဲ့ ရှိမဲ့နဲ့ ပညာရေးဆုံးခန်းတိုင်ပြီး အလုပ်လေး ရအောင်အထိ စောင့်ရှောက်လာတာ။ အလုပ်လေရလို့မှ ဘယ်လောက်မှ မရှိသေးဘူး။ အခုလို ဖြစ်သွားတော့ အမေလည်း တော်တော်လေးကို ခြေကုန်လက်ပန်းကျပြီး မျှော်လင့်ချက်အလင်းရောင်ကြီး အမှောင်ကျသွားသလို ခံစားရတာပေါ့။

ကိုယ့်သားသမီးကြည့်ပြီး အားတက်ရတဲ့ ပီတိက တကယ့်ကို ခဏလေးပဲ ခံစားရလိုက်ရတယ်။ သူတို့သွားရင် စိုးရိမ်လို့ သတိထားနော်…သားလို့ ပြောရတာ အားရှိလိုက်တာ။ စစ်သူကြီးတယောက် စစ်ထွက်သွားရသလိုကို ဂုဏ်ယူတာ။ စစ်တပ်ရဲ့လုပ်ရပ်တွေကို မနှစ်မြို့ဘူး။ ရက်စက်လွန်းတယ်။ ဒီလောက် အထိ မလုပ်သင့်ဘူး။ ဒီလိုမျိုး သူတို့လူသတ်လိုက်တော့ ဒီတော်လှန်ရေးက သူတို့နိုင်မှာမို့လို့လား။ ကလေးတွေမှာ သူတို့ကို ပြန်လုပ်ဖို့ တုတ်တိုတချောင်းတောင် မရှိဘူး။ ယုတ်မာရက်စက်လွန်းတယ်။

သားလေး မဆုံးခင်ကတည်းက သူများသားသမီးတွေ သေကြေနေတာ မြင်တွေ့ကြားနေရကတည်းက အမြဲမျက်ရည်ကျရတယ်။ သူတို့အတွက် အမြဲဆုတောင်းပေးတယ်။ မိဘတိုင်းက ကိုယ့်သားသမီးကို ချစ်ကြ တာပဲ။ လူငယ်ကလေးတွေလေ နုနယ်သေးတယ်။ သူတို့လက်ထဲမှာ ဘာလက်နက်မှ မရှိတဲ့ကလေးတွေက သေနတ်မှန်ပြီး သေရတယ်ဆိုတာ ရင်ထဲမှာ ဘယ်လိုမှ မခံစားနိုင်ဘူး။ စဉ်းစားတိုင်း ယူကျုံးမရဖြစ်တယ်။ တခြားမိခင်တွေလည်း ဒီလိုခံစားရမှာပဲ။

တော်လှန်ရေးမှာ ကိုယ့်သားမပါတော့ပေမယ့် ကလေးတွေ ကိုယ့်သားလို ဖြစ်မှာစိုးရိမ်တယ်။ စိတ်ပူတယ်။ သူတို့တွေ အခုလို အသက်ပေးပြီး လုပ်သွားရတဲ့အတွက် ဒီတော်လှန်ရေးကြီးကို အောင်မြင်စေချင်တယ်။ သေဆုံးသွားသူတွေရဲ့ ကျန်ရစ်တဲ့မိသားစုဝင်တွေကိုတော့ အားတင်းထားပါလို့ အားပေးချင်တယ်။ ဘာလို့ဆို သေသွားတဲ့ သားသမီးတွေက သူရဲကောင်းတွေလေ။ တိုင်းသိပြည်သိကမ္ဘာသိ မတရားသတ်ဖြတ်ခံရတဲ့ သူတွေ။ ဂုဏ်ယူရင်းနဲ့ ဝမ်းနည်းငိုကြွေးကြတာပေါ့။

ဒေါ်ခင်မြင့် (မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကျဆုံးသွားတဲ့ ကိုမျိုးအေး၏မိခင်)
သားဆုံးသွားလို့ အမေရဲ့ဝမ်းနည်းမှုကလေ ပြောမပြတတ်အောင်ပါပဲ။ အဲဒီဝမ်းနည်းမှုကို ရင်ထဲမှာပဲ ထားတယ်။ ဘာလို့ဆို တိုင်းပြည်တာဝန်ထမ်း ဆောင်သွားတယ်ဆိုတော့ အမေအဲဒါကိုတော့ ဂုဏ်ယူပါတယ်။ ဒီတော်လှန်ရေးလုပ်ပြီဆိုကတည်းက သေရင်သေ မသေရင် အဖမ်းခံရမယ်ဆိုတာ ကြိုတွေးထားပြီးသားပါ။ ကိုယ့်စိတ်ကိုလည်း မာအောင် ပြင်ဆင်ထားရတာပေါ့။

အမေကတော့ အခုလိုငယ်ရွယ်သူလေးတွေကို သတ်ဖြတ်နေတာဆိုတော့ မနှစ်သက်ဘူး။ ကလေးတွေ သူတို့လိုချင်တာပဲ တောင်းနေတာပါ။ ရရင်ရ၊ မရရင်ချမယ်ဆိုတဲ့ စိတ်ကလေးတောင် မရှိကြဘူး။ သူတို့ကို သေနတ်နဲ့ ပစ်လို့ တွေ့တာလေးနဲ့ ကာကွယ်နေရတဲ့ကလေးတွေကို ရက်ရက်စက်စက် သတ်ပစ်တာကတော့ သိပ်ကို အကျဉ်းတန်၊ အရုပ်ဆိုးလွန်းပါတယ်။

တိုင်းပြည်နဲ့ သူတို့အနာဂတ်အတွက် အသက်ပေးတိုက်ပွဲဝင်နေတဲ့ ကလေးတွေကို တကယ်ချီးကျူးတယ်။ စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ နောက်မဆုတ်ပဲ တိုက်ပွဲဝင်ကြပါ။ ကြောက်နေရင် သူတို့က ဆက်ပြီး ခြိမ်းခြောက်နေမှာပဲမို့။ သူတို့ကို မကြောက်ဘူးဆိုတာ အမြဲပြသနေဖို့ တော်လှန်ရေးတွေ ဆက်ထွက်ကြပါ။ သတိ တွေလည်းထားပါ။ မိဘတိုင်းက သားသမီးတွေအတွက် အမြဲစိတ်ပူတယ်။ ဘာအကြောင်းနဲ့ပဲ ဖြစ်ဖြစ် အိမ်ကနေ ထွက်သွားတဲ့ သားသမီးတွေ ပြန်ရောက်မလာမချင်း မျှော်နေတတ်တာက မိဘတွေရဲ့ မေတ္တာပါပဲ။

မိခင်တိုင်းဟာ ကျဆုံးသွားတဲ့ သားတွေအတွက် အမြဲငိုကြွေးကြမယ်ဆိုတာ စာနာပေးတတ်သူတိုင်း သိကြတယ်။ ကျသွားတဲ့ တယောက်စီတိုင်းအတွက် အမေ စိတ်မကောင်းပါဘူး။ ရင်ထဲမကောင်းဘူး။ ဒါပေမဲ့ တိုင်းပြည်အတွက် ထမ်းဆောင်သွားတော့ ကျန်တဲ့အမေတွေလည်း အမေလို စိတ်ထားမွေးကြပါလို့ ပြောချင်တယ်။ စိတ်ဓါတ်မကျပါနဲ့လို့ ပြောချင်ပါတယ်။

ဒေါ်ဂျူးဂျူး(ရန်ကုန်မြို့၊ ယုဇနဥယျာဉ်မြို့တော်မှာ ကျဆုံးသွားတဲ့ မောင်အောင်ဖြိုးထက်၏ မိခင်)
အဲ့ဒီနေ့က သူက ညကင်းစောင့်ကျတယ်။ ကင်းစောင့်ရင်း ပျောက်သွားတာ ၂ ရက်လောက်ကြာတယ်။ ပြန်တွေ့တော့ အလောင်းပဲလေ။ ဘယ်လိုဖြေသိမ့်နိုင်ပါ့မလဲ။ ရင်ထဲမှာ ဘယ်လိုလို့ကောင်းမလဲ။ သူက အကြီးဆုံးပေမယ့် ကလေးလို ချွဲတတ်တော့ သူ့ကို အချစ်ဆုံးပဲ။ လိမ္မာတယ်။

သူ့အလောင်းကို မြင်တော့ အရမ်းကို တုန်တက်ပြီး ထိတ်လန့်သွားတယ်။ ကိုယ့်သားဆိုတော့ အရမ်းကို ခံစားရ တယ်။ ပြောမတတ်အောင်ပဲ။ မိဘတွေက မတို့ရက်၊ မထိရက်တဲ့ ကလေးလေးတွေကို သူတို့က ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်တာ ဘယ်မိဘက ခံနိုင်မလဲ။ ဘယ်တော့မှလည်း ကမ္ဘာကျေမှာမဟုတ်ဘူး။

ခုကလေးတွေက ကျမတို့ထက် ပိုထက်တယ်။ ရဲဝံ့တယ်။ ပိုစာနာတတ်တယ်။ လူ့ကျင့်ဝတ်ကို နားလည်တယ်။ ဖေးမကူညီရကောင်းမှန်းသိတယ်။ ဉာဏ်ရည်ထက်မြက်တယ်။ သူတို့တွေက တိုက်ပွဲဝင်နေတာ။ သူတို့ကလည်း ဒီစစ်အာဏာရှင်ကို မကျေနပ်တာ။ အနီတွေ၊ အစိမ်းတွေ မတရားတာကို ဘာမှ မဟုတ်ဘူး။ အစွဲ အလမ်းနဲ့လည်း မဟုတ်ဘူး။ ဘယ်သူ့ကိုမှ မုန်းတာမရှိဘူး။ နောက်မတရားတာကို လုံးဝလက်မခံဘူး။ သူတို့က အဲဒီမတရားမှုကို အေးအေးဆေးဆေးတော်လှန်နေတာပါ။

သားတယောက်ဆုံးရှုံးရတဲ့အတွက်တော့ တော်တော်လေး ဝမ်းနည်းရပါတယ်။ ဒါပေမဲ့ အားလုံးက ပြောကြတယ်။ တိုင်းပြည်ကောင်းဖို့အတွက် ကလေးတွေ တိုက်ပွဲဝင်ကြတယ်။ ကမ္ဘာက အသိအမှတ်ပြုတဲ့ အာဇာနည်တွေပဲလေ။

သူတို့ကတော့ လုပ်သင့်တာလုပ်တာကို မိခင်တယောက်အနေနဲ့တော့ မတားချင်ပါဘူး။ မှန်တယ်လို့လည်း ထင်လို့။ ဒီလောက်လူမဆန်နေမှတော့ သေသွားတာပဲ ကောင်းပါတယ်။ သူတို့ကို လုံးဝကိုမကျေနပ်ဘူး။

တော်လှန်ရေးလုပ်တဲ့ ကလေးတွေ အကုန်လုံးကို လေးစားတယ်။ သူတို့တွေ လုပ်နိုင်ကြတယ်။ ဘဝတွေ စွန့်ပြီးတော့ကို လုပ်ကြတာ။ လူကြီးတွေကတော့ ဆန္ဒပြဖို့ထွက်၊ မထွက်မသိဘူး။ ကလေးတွေကတော့ အတားအဆီးတွေကြားထဲမှာ ရအောင်လုပ်နေကြတယ်။ အရမ်းကြိုးစားကြတယ်။ သူတို့က သူ့ဘဝရှေ့ရေးအတွက် မကြောက်မလန့် လုပ်နေကြတာပါ။ မိဘတွေကလည်း ရင်နာနာနဲ့ သားတွေ၊ သမီးတွေကို တော်လှန်ရေးလုပ်ဖို့ ခွင့်ပြု ပေးထားရတယ်။ အမေကတော့လေ ကိုယ်တိုင် ဝင်မပါနိုင်တော့ ကလေးတွေအတွက် အမြဲဆုတောင်းပေးပါတယ်။

ဘဝတူမိခင်တွေကိုတော့ အားပေးချင်တယ်။ အားတင်းထားပါပေါ့။ ဒီကာလမှာ ခဏလေး သည်းခံပြီး စောင့်ပေးပါ။ ဒီတိုက်ပွဲကြီးက အောင်နိုင်တော့မှာပါ။ တိုက်ပွဲကြီးပြီးသွားရင်တော့ ကျဆုံးသွားတဲ့သူတွေ အတွက် ကြိုက်သလောက်ငိုကြွေးကြမယ်။ လွမ်းဆွတ်ကြမယ်။ ဂုဏ်ယူကြမယ်လို့ ပြောချင်ပါတယ်။

ဒေါ်မြညွန့်ရီ(ကလေးမြို့၊ ရာဇဂြိုလ်ရွာမှာ ကျဆုံးသွားတဲ့ ကိုဇာနည်သွေး၏ မိခင်)
သားဆုံးသွားတော့ ခံစားရတာက ဘယ်လိုမှ မပြောပြနိုင်လောက်အောင်ကို ခံစားရတာပါ။

သူ့ကို ဒီလိုမျိုးဖြစ်ပြီး သေဆုံးရလိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး။ သူက နောက်ဆုံးအဆုံးစွန်အထိ ပြောခဲ့တာက သားတို့မိသားစုမှာ တယောက်မှ မကြွေလွင့်သေးဘူး။ ကြွေလွင့်သွားတဲ့ ကလေးတွေအတွက် ဆုတောင်းပေးပါ အမေတဲ့။

သားလုပ်နေတာ သားအတွက်လည်း မဟုတ်ဘူး။ သားမိသားစုအတွက်လည်း မဟုတ်ဘူး။ တတိုင်းတပြည်လုံးအတွက် လုပ်နေတာ။ သားတကယ်လို့ သေသွားခဲ့ရင် လက်မထောင်ပြီး ဂုဏ်ယူလိုက်ပါ အမေရယ်တဲ့။ သားသေရင် မငိုပါနဲ့နော်တဲ့။

သူက အဲ့လောက်အထိ စိတ်အားထက်သန်နေတော့ အမေလုပ်တဲ့သူက ဘယ်တားနိုင်တော့မလဲ။ ဒီလိုဖြစ်သွားတော့လည်း ယုံတောင် မယုံနိုင်ဘူး။ အခုထိ သူ့ကို အစားထိုးလို့မရသေးဘူး။ အခုအချိန်မှာ ရွှေတောင်ကြီးပုံပေးရင်လည်း မလိုချင်ဘူး။ သူ့ကိုပဲ ပြန်လိုချင်တယ်။

အမေတယောက်အနေနဲ့ ကိုယ့်ဝမ်းနဲ့လွယ်မွေးထားတဲ့ သားသမီးလေးတွေကို ဒီလိုသတ်ဖြတ်နေတာ ဘယ်မိဘမှ မခံစားနိုင်ဘူး။ သူတို့ကိုလည်း မွေးခဲ့တဲ့မိခင်တွေ ရှိမှာပဲ။ သူတို့မိဘတွေကလည်း သူတို့အပေါ် ဒီလိုပဲ စိတ်ထားကြမှာပါ။ ဒါကိုတောင် ကိုယ်ချင်းမစာ လက်နက်မရှိတဲ့ ကလေးတွေကို သတ်ရက်တယ်။ ဒီအတွက် မခံစားနိုင်ဘူးပေါ့။

နောက်ထပ်နောက်ထပ်တွေလည်း အမေလို ဘယ်မိခင်မှ မခံစားစေချင်တော့ဘူး။ ငြိမ်းချမ်းစေချင်လှပါပြီ။ အမေလို ဘယ်သူ့ကိုမှ မျက်ရည်မကျစေချင်တော့ပါဘူး။


Original post: Honest Information

 

 

Send this to a friend