05 May 2021
Ko Zaw Nyein Tint (Launglon)
ညအချိန် ကင်းစောင့်အပြန်မှာ စစ်ကားနဲ့ကြုံကြိုက်လို့ အသတ်ခံလိုက်ရသူ လူငယ်ကိုဇော်ငြိမ်းတင့်
By BBC News
မေလ ၂ ရက် ည ၁၀ နာရီထိုးအချိန်။ ထားဝယ်ခရိုင်၊ လောင်းလုံမြို့အတွင်းရှိ မင်းရပ်ရွာထဲကို စစ်ကားတစ်စီး ကြမ်းကြမ်းတမ်းတမ်း မောင်းနှင်ဝင်ရောက်လာပြီး ရွာလယ်တစ်နေရာအရောက်မှာ ရုတ်တရက်ရပ်တန့်သွားပါတယ်။ အဲဒီနောက် ၅ မိနစ်လောက်အကြာမှာ သေနတ်သံ ၆ ချက်ထွက်ပေါ်လာပါတယ်။ ဘာ့ကြောင့် သေနတ်ပစ်ဖောက်သလဲဆိုတာ ဘယ်သူမှမသိကြပါဘူး။
အိမ်တစ်အိမ်ထဲက မိန်းကလေးတစုဟာ စစ်ကားကို ထရံပေါက်ကနေ ချောင်းကြည့်နေကြပါတယ်။ စစ်သားတွေဟာ ဘာအကြောင်းကြောင့်မှန်းမသိဘဲ ကားပေါ်တက်လိုက်ဆင်းလိုက်နဲ့ အလုပ်ရှုပ်နေကြပါတယ်။
အဲဒီအချိန်မှာပဲ လမ်းသွားလမ်းလာ ဆိုင်ကယ်တစီးဟာ စစ်ကားအနီးကို ရောက်လာပါတယ်။ လမ်းပေါ်မှာ အန္တရာယ်ကစောင့်ကြိုနေတာကို သူကတော့ သိချင်မှသိမှာပါ။
“ကောင်လေးက အဲဒီအချိန်မှာ ဆိုင်ကယ်နဲ့သွားနေတာရှင့်။ အဲဒီမှာ သူတို့က စစ်ကားနဲ့လိုက်ပြီးတော့မှ အနီးကပ်ပစ်လိုက်ကြတယ်။ မသေသေးလို့ဆိုပြီးတော့ သူတို့ဆင်းပြီးတော့ ကန်ကျောက်ကြသေးတယ်ရှင့်။ ဝိုင်းဆဲပြီးတော့ ကန်ကျောက်ကြသေးတယ်ရှင့်။ အဲဒီမှာ တစ်ယောက်ကတော့ တော်ပြီတော်ပြီ သေပြီလို့ပြောတော့မှ အဲဒီတော့မှ သူတို့နားတာရှင့်။”
ထရံပေါက်ကချောင်းကြည့်နေသူ မျက်မြင်သက်သေ မိန်းမပျိုက ဘီဘီစီကို ပြောပြပါတယ်။ ညအချိန်မှာ လမ်းဟာ အလင်းရောင်ပြပြသာရှိပြီး မှောင်မည်းနေပါတယ်။ လမ်းပေါ်မှာမောင်းသွားတဲ့အဲဒီဆိုင်ကယ်ပေါ်က လူငယ်ကို ဘာလို့ ကားနဲ့လိုက်ပြီး အနီးကပ်ပစ်သတ်လိုက်တယ် ဆိုတာကိုလည်း သူတို့မိန်းမပျိုတွေနားမလည်ပါဘူး။ သေနတ်နဲ့ ပစ်အသတ်ခံရတဲ့လူငယ်ဟာ သူတို့နဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဆိုတာကိုလည်း အဲဒီအချိန်က သူတို့မသိခဲ့ကြပါဘူး။
စစ်တပ်က လူငယ်ကိုရော ဆိုင်ကယ်ကိုပါ ကားပေါ်တင်သွားပါတယ်။ အဲဒီအချိန်မှာ အဲဒီလူငယ်ဟာ သေဆုံးနေပြီလို့ သူတို့ယူဆခဲ့ကြပါတယ်။
“ညတုန်းကတော့ အပစ်ခံလိုက်ရတဲ့သူဟာ သူမှန်းမသိပါဘူး။ လူငယ်တစ်ယောက် အပစ်ခံလိုက်ရတယ်လို့ပဲ သိတာပါ။ မနက်လင်းလို့ ကင်းသမားတွေကို လူပြန်စစ်ကြည့်တော့မှ သူမှန်းသိတာပါ။ ကားပေါ်တင်သွားကတည်းက သူသေနေပြီလို့ ထင်ပါတယ်။ အဲဒါ သူ့ကိုကားပေါ်တင်သွားပြီး လောင်းလုံအချုပ်စခန်းမှာ ထားခဲ့တယ်တဲ့။ အဲသလိုထားခဲ့ပြီး ပစ်ခတ်မှုဖြစ်နေတယ်ဆိုတဲ့ ကျောက်နီမော်ရွာကို စစ်ကားက သွားပါတယ်။ ကျောက်နီမော်ကနေ ပြန်လာတော့ မနက် ၂ နာရီ ၄၅ မိနစ်ရှိပါပြီ။ အဲဒီအချိန်ကျမှ စစ်တပ်ဆေးရုံကိုပို့တယ်လို့ ပြောပါတယ်ရှင်။ ဆေးရုံကိုရောက်တော့ သေနေပြီတဲ့။ ဆေးရုံက သူ့မိဘတွေကို ပြန်ပြောပြတာ။”
သေနတ်နဲ့ အပစ်ခံရသူလူငယ်ဟာ ကိုဇော်ငြိမ်းတင့်ဖြစ်ပါတယ်။ ဆေးရုံကို ကိုဇော်ငြိမ်းတင့်ရောက်လာတော့ သူ့ကိုသိတဲ့ သူနာပြုတစ်ယောက်က မိသားစုကို ဖုန်းဆက်အကြောင်းကြားလို့ လိုက်လာကြပါတယ်။ ဆေးရုံရောက်တဲ့အချိန်မှာ သေနေပြီဆိုတာကို မိသားစုက အဲဒါကြောင့်သိခဲ့ကြရတာပါ။
လောင်းလုံမြို့နယ်မင်းရပ်ရွာမှာစစ်ကားရောက်လာမယ်လို့ကြိုတင်မသိရှိခဲ့ကြ
သူတို့ရောက်ချိန်မှာ စစ်သားတွေက အလောင်းကို သင်္ဂြိုဟ်အံ့ဆဲဆဲ အချိန်ပါ။ အရင်တစ်ရက်ကလည်း လူတစ်ယောက်ကို ပိုင်ရှင်မဲ့ဆိုပြီး အဲသလို သင်္ဂြိုဟ်ခဲ့ပါသေးတယ်။ အခုတော့ သင်္ဂြိုဟ်ကာနီးမှာ မိသားစုရောက်လာပြီး အလောင်းပြန်တောင်းလို့ ပေးဖို့သဘောတူခဲ့ရပါတယ်။ သူ့မိသားစုဟာ အလောင်းကို မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ တို့ထိခွင့်မရခဲ့ပါဘူးတဲ့။
“ရင်ဘတ်မှာ ကန်ကျောက်ခံရတဲ့ ဒဏ်ရာတွေ တော်တော်များတယ်လို့ပြောတယ်ရှင့်။ အလောင်းကို ခေါင်းတွေရော၊ လက်တွေရော ပတ်တီးတွေစည်းထားတယ်လို့ ပြောတယ်ရှင့်။ ဘာလို့သေသလဲဆိုတော့ သေရတဲ့ အကြောင်းကို သူတို့ပြောပြတာက သူတို့ပစ်တာလည်း မဟုတ်ဘူး၊ သူတို့ကားနဲ့တိုက်တာလည်း မဟုတ်ဘူး။ သူတို့ကားလာတုန်းမှာ ကောင်လေးက လန့်ပြီး သေသွားတာလို့ ပြောပါတယ်ရှင့်။”
အလောင်းကို ပြန်ပေးဖို့ သဘောတူတယ်ဆိုပေမဲ့ ချက်ချင်းမရခဲ့ပါဘူး။ စစ်ဆေးစရာရှိသေးလို့ မနက်ကျမှ လာယူရမယ်ဆိုလို့ ပြန်ခဲ့ကြရပါတယ်။
မနက်ရောက်တော့ အလောင်းကို ပြန်မပေးဘူးလို့ ငြင်းကြပြန်ပါတယ်။ မိသားစုက ထပ်တောင်းပါတယ်။ ပြန်ရမလိုလို၊ မရမလိုလိုနဲ့ အချိန်တော်တော်ကြာအောင် သောင်မတင်ရေမကျဖြစ်နေပြီး မနက် ၁၀ နာရီထိုးတော့မှ အလောင်းလာယူဆိုလို့ အလောင်းယူဖို့ ကားလွှတ်လိုက်ရတယ်လို့ ဆိုပါတယ်။
အလောင်းကို မင်းရပ်ရွာကနေ ၆ မိုင် ၇ မိုင်လောက်ကွာတဲ့ ထားဝယ်မြို့နယ် သပြေချောင်းတပ်နယ် စစ်ဆေးရုံမှာထားတာပါ။ အလောင်းကို ချက်ချင်းသင်္ဂြိုဟ်မှ ပေးနိုင်မယ်ဆိုလို့ မိသားစုက အာမဝန္တာခံခဲ့ရပါတယ်။ သူ့မိခင်က အလောင်းကို တစ်ရက်လောက်ထားချင်ပေမဲ့ ထားခွင့်မရခဲ့ပါဘူး။
ချက်ချင်းသင်္ဂြိုဟ်လိုက်ရလို့ လွမ်းသူ့ပန်းခြင်းတောင် သိပ်ရောက်မလာလိုက်ရဘူးလို့ဆို
“အရင်တစ်ယောက်သေတုန်းကလည်း အသုဘအိမ်ကို မျက်ရည်ယိုဗုံးနဲ့လာပစ်ဖူးတယ်။ အဲဒါကြောင့် မထားရဲတော့ဘဲ ဒီနေ့ ၃ နာရီမှာပဲ သင်္ဂြိုဟ်လိုက်ရတာပါ။ ရွာကတော့ တရွာလုံးနည်းပါး လာကြပါတယ်။ ရွာထဲကလူတွေကတော့ ယူကျုံးမရဖြစ်ကြတာပေါ့။ ဆွေမျိုးတော်တော်မတော်တော် ငိုကြတာပါပဲ။ ကျွန်မတို့သူငယ်ချင်းတွေလည်း အကုန်ငိုကြတာပါပဲ။”
“သူ့မိသားစုကတော့ မငိုဘဲ တင်းထားကြတယ်ရှင့်။ သူ့အမေကတောင် တခြားလူတွေကို လိုက်ပြောနေတယ်။ မငိုကြနဲ့နော်။ ငါ့သားလေး အလောင်းရောက်လာရင် မငိုကြနဲ့နော်လို့ ပြောနေတယ်။ သမီးတို့အုပ်စုဆိုရင် စကားတောင် မပြောနိုင်ကြဘူး။ အကုန်လုံးငိုနေကြတာရှင့်။”
“ငါ့သားလေးက ဘာမှမတိုက်လိုက်ရဘဲ သေသွားတာငါမကျေနပ်ဘူး။ တိုက်ပြီးမှသေရင် ငါကျေနပ်တယ်လို့ သူ့အမေကပြောပါတယ်။”
“မနက်အစောကြီး သမီးတို့ရောက်သွားတော့ သူ့အမေက သူ့သားလေးကြိုက်တဲ့ အင်္ကျီတွေဆိုပြီး ထုတ်ပြီး မီးပူတိုက်နေတယ်ရှင့်။ မီးပူတိုက်ရင်း တရှုံ့ရှုံ့လုပ်နေတယ်ရှင်။ အော်ကြီးဟစ်ကျယ်ငိုတာမျိုးတော့မရှိဘူး။ မျက်ရည်စမ်းစမ်း စမ်းစမ်း အဲသလောက်ပဲရှင့်။”
မိခင်ဖြစ်သူဟာ အော်ကြီးဟစ်ကျယ်မငိုဘဲ အံကြိတ်တင်းခံနေခဲ့တယ်လို့ ဆိုပါတယ်။ ဝမ်းနည်းမှု၊ ဒေါသနဲ့ နှမျောတသစိတ်တွေ ယူကျုံးမရတဲ့ခံစားချက်တွေကတော့ မိခင်တယောက်ရဲ့ ရင်ထဲမှာ ပြည့်ကျပ်နေမှာ မုချပါ။
ကိုဇော်ငြိမ်းတင့်ဟာ အကြီးဆုံးသားဖြစ်ပါတယ်။ ညီ တစ် ယောက်နဲ့ နှမငယ် နှစ် ယောက်ရှိပါတယ်။ ၈ တန်းအောင်ကတည်းက စာမေးပွဲအောင်ပေမဲ့ ကျောင်းဆက်မတက်ဘဲ မိသားစုဆန်စက်ကို ဦးစီးအလုပ်လုပ်ခဲ့ပါတယ်။ လုပ်ငန်းကို သူကဦးစီးလုပ်ကိုင်နေတဲ့အတွက် သူ့အဖေက အနားယူနေပြီလို့ ဆိုပါတယ်။
သေဆုံးချိန်မှာ သူဟာ အသက် ၂၄ နှစ်ပဲရှိပါသေးတယ်။ သူဟာ စကားနည်းပြီး အေးဆေးတဲ့ သားလိမ္မာ တယောက်လို့ သူ့သူငယ်ချင်းတွေကပြောပါတယ်။
မေလ ၁ ရက် မနက်ပိုင်းကလည်း ရာဘာခြစ်ပြီးပြန်လာတဲ့ လောင်းလုံမြို့နယ် စစ်ပြဲရွာသား အသက် ၂၈ နှစ်အရွယ် ကိုအောင်သူကို စစ်သားတွေက ပစ်ခတ်ပြီး လူရော၊ ဆိုင်ကယ်ရော၊ ရာဘာပြားတွေကိုပါ စစ်ကားနဲ့တင်သွားခဲ့ပါတယ်။
အဲဒီနောက် အလောင်းကို ပိုင်ရှင်မဲ့ဆိုပြီး မိသားစုမသိခင် သင်္ဂြိုဟ်ပစ်လိုက်ကြပါတယ်။
မိဘတိုင်းအတွက် သားသမီးတွေဟာ ချစ်မြတ်နိုးစရာတွေချည်းဖြစ်ကြပါတယ်။ လူတိုင်းလူတိုင်းဟာလည်း မိသားစုတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ လူတွေ အသက်တွေဖြစ်ကြပါတယ်။ ဒါပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ရိုက်နှက်ညှဥ်းဆဲမှုတွေကြောင့် သေဆုံးရသူတွေဟာ အခုဆိုရင် စုစုပေါင်း ၈၀၀ ကျော်ရှိသွားခဲ့ပါပြီ။
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.