29 April 2021
410 Myanmar civil society organizations and four individuals
ကုလသမဂ္ဂသည် တရားမဝင် မြန်မာ အာဏာသိမ်းစစ်အုပ်စုကို တရားဝင်အောင် လုပ်ရန် မဟုတ်ဘဲ အရပ်သားများကို ကာကွယ်ပေးရေး ချက်ချင်း ဆောင်ရွက်ရမည်
၂၀၂၁ ခုနှစ် ဧပြီလ ၂၉ ရက်
မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၄၁၀ ဖွဲ့နှင့် လူပုဂ္ဂိုလ် ၄ ဦးတို့သည် မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) မှ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်အား ယခုနှစ် ဧပြီလအတွင်း ကျင်းပခဲ့သော မူးယစ်ဆေးဝါးကော်မရှင်၏ ၆၄ ကြိမ်မြောက် အစည်းအဝေးသို့ ဗီဒီယိုမှတစ်ဆင့် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးရန် ဆုံးဖြတ်ချက်ကို ပြစ်တင်ရှုတ်ချသည်။ သူသည် ကနေဒါ၊ အမေရိကန်၊ ယူကေနှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့အရေးယူခြင်းခံထားရသူ ဖြစ်သည်။ UNODC အနေဖြင့် တရားမဝင် အာဏာသိမ်း စစ်အုပ်စုနှင့် ဆက်သွယ်မှုများအားလုံးကို ချက်ချင်း ရပ်တန့်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ အား မြန်မာပြည်သူ လူထုကို ကိုယ်စားပြုသည့် တရားဝင်အုပ်ချုပ်ရေးအဖွဲ့အဖြစ် အသိအမှတ်ပြုရန် အရပ်ဘက်လူထုအဖွဲ့အစည်းများမှ တိုက်တွန်းသည်။ ဗီယင်နာမြို့တွင် ကျင်းပသော ကုလသမဂ္ဂအစည်းအဝေးသို့ စစ်တပ်ကို မြန်မာနိုင်ငံ ကိုယ်စားပြု ခွင့် ပေးခြင်းသည် တရားမဝင်၊ ရက်စက်ကြမ်းကြုတ်သော စစ်တပ်ကို ဆက်လက်၍ ဆန့်ကျင်နေကြသော မြန်မာပြည်သူလူထု၏ သဘောဆန္ဒကို သစ္စာဖောက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်း ထားသည့် “လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များအတွက် လေးစားမှု” ကို မြှင့်တင်၊ အားပေးရေး တာဝန်ကို ထမ်းဆောင်ရမည့် ကုလသမဂ္ဂအဖွဲ့အပေါ် ပြည်သူများ ထားရှိသည့် ယုံကြည်မှုပါ ပိုမို ထိခိုက်စေသည်။
မူးယစ်ဆေးဝါး ကော်မရှင်၏ ၆၄ ကြိမ်မြောက် အစည်းအဝေးကို ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ဧပြီလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး ယင်းကို UNODC က စီစဥ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ၎င်း နှစ်ပတ်လည် ညီလာခံသည် ကမ္ဘာ့ မူးယစ်ဆေးဝါး အခြေအနေကို ပြန်လည်သုံးသပ်ရန်အတွက် ကမ္ဘာတစ်ဝှမ်းမှ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက အိမ်ရှင်အဖြစ် လက်ခံကျင်းပကြခြင်းဖြစ်ပြီး ထိုညီလာခံကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်၏ မိန့်ခွန်းဖြင့် ဖွင့်လှစ်ခဲ့သည်။ ကုလသမဂ္ဂသည် အာဏာသိမ်းစစ်အုပ်စုမှ ရက်စက်ကြမ်းကြုတ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်းအပေါ် အရေးယူရန် ပျက်ကွက်ခဲ့ရုံမျှမက ယခုအခါတွင် ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူ ရာနှင့်ချီ၍ သတ်ဖြတ်နေသူများအား တရားဝင်စေရေးအတွက် စင်မြင့်၊ အခင်းအကျင်းတစ်ခုပါ ပံ့ပိုးပေးရန် ဆောင်ရွက်နေသည်။ လူ့အခွင့်အရေးများကို လေးစားလိုက်နာရေး၊ ကာကွယ်ရေးနှင့် ပံ့ပိုးမှုပေးရေး လုပ်ဆောင်ရမည့် အဖွဲ့အစည်းကိုယ်တိုင်က ထိုမျှအထိ လူ့အခွင့်အရေးများကို လေးစားမှု မရှိကြောင်း လုပ်ပြလိုက်ခြင်းသည် စိတ်ပျက်စရာပင် ဖြစ်သည်။ ရာဇဝတ်မှု၊ အကျင့်ပျက်ခြစားမှုနှင့် အကြမ်းဖက်မှုကို တားဆီးရန် တာဝန်အပ်နှင်းခံထားသည့် ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုမှ နိုင်ငံတကာ ရာဇဝတ်သား တစ်ဦးအား ခမ်းခမ်းနားနား ချီးမြှောက်နေခြင်းမှာ ပို၍ပင် တုန်လှုပ်ဖွယ် ကောင်းနေသည်။
ပို၍ဆိုးရွားသည်မှာ ညီလာခံကျင်းပခဲ့သည့် ဗီယင်နာမြို့သည် ၂၀၂၁ ခုနှစ် မတ် လ ၂၂ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်အား ကန့်သတ်သော အရေးယူဆောင်ရွက်ချက်များ (ပိုင်ဆိုင်မှုများကို ထုတ်ယူသုံးစွဲခွင့် ရပ်ဆိုင်းခြင်း နှင့် ခရီးသွားလာခွင့် တားမြစ်ချက်) ၏ တစ်စိတ်တစ်ဒေသအဖြစ် အရေးယူ ဒဏ်ခတ်ခဲ့သော ဥရောပသမဂ္ဂအတွင်း တည်ရှိသည်။ သူ့ကို ဗီဒီယိုကွန်ဖရန့််စ်နည်းဖြင့် တက်ရောက်ခွင့် မပြုခဲ့လျှင် ဗီယင်နာမြို့သို့ ဝင်ရောက်ခွင့်မရဘဲ တားဆီးခံရမည့်သူ ဖြစ်သည်။ ဤအချက်မှာ ဥရောပသမဂ္ဂ၏ အရေးယူ ဒဏ်ခတ်မှုများတွင် ဆိုးရွားသော ရှောင်တိမ်းမှုဖြစ်ပြီး ၎င်းတို့ အရေးယူမှုများ၏ ရည်ရွယ်ချက်ကို အားနည်းစေသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ အာဏာသိမ်းမှုအပြီး နောက်တစ်ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် တရားမဝင် အာဏာသိမ်းစစ်အုပ်စု က ခန့်အပ်ခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ်ရာထူးမှနေ၍ သူသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများ၊ အလုပ်မဆင်း လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူများနှင့် အပြစ်မဲ့ပြည်သူများအပေါ် အလွန်ပြင်းထန် ဆိုးရွားသော ရက်စက်ကြမ်းကြုတ်မှုနှင့် အကြမ်းဖက်မှုများကို ကျူးလွန်သည့် သူ၏ အမိန့်ပေးကွပ်ကဲမှု အောက်တွင် အပြစ်မဲ့ပြည်သူများစွာ သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်ညှင်းပန်း ခံနေကြရသည်။ ၂၀၂၁ ခုနှစ် ဧပြီလ ၂၈ ရက်နေ့အထိ အနည်းဆုံးကလေး ၅၁ ဦး အပါအဝင် ပြည်သူ ၇၅၆ ဦး အသတ်ခံခဲ့ရပြီး ပြည်သူလူထု ၃,၄၄၉ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်း ထားသည်။ လူဦးရေ ၁,၂၃၇ ကို ဖမ်းဝရမ်း ထုတ်ထားသည်။ သို့သော် အာဏာသိမ်းစစ်အုပ်စုသည် ယင်းတို့၏ မအောင်မြင်သော အာဏာသိမ်းမှုကို ရက်စက်ကြမ်းကြုတ်စွာ ဆက်လက်ကြိုးစားနေချိန်တွင် မြန်မာပြည်သူ လူထုကလည်း စစ်အာဏာရှင်များကို ဆက်လက်ဆန့်ကျင်နေကြသည်။
ဥရောပသမဂ္ဂသာမက အမေရိကန်၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က သန်းလှိုင်အား အရေးယူပိတ်ဆို့မှုများ ချ မှတ်ထားသော်လည်း ထိုသူကိုမှ UNODC က ယင်းတို့ကျင်းပသော ညီလာခံတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြု သူအဖြစ် ကမ္ဘာသို့ စကားပြောရန် စင်မြင့်တစ်ခု ခွင့်ပြုပေးရေးကို ရှက်ဖွယ်လိလိ ဆုံးဖြတ်ခဲ့သည်။
မြန်မာစစ်တပ်၏ ဇာတ်ကြောင်းစကားကို တရားဝင်ဖြစ်အောင် လုပ်သည့်အတွက် UNODC အား ဝေဖန် ပြစ် တင်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ UNODC သည် မြန်မာနိုင်ငံ၏ အမြတ်အစွန်းများသော မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် မြန်မာစစ်တပ်နှင့် အခြားအစိုးရ ကျောထောက်နောက်ခံပြုသော အဖွဲ့များ၏ ပါဝင်ပတ်သက်မှုကို မျက်ကွယ်ပြုသည့် ရှည်လျား၍ ပြဿနာရှိခဲ့သော သမိုင်းကြောင်း ရှိသည်။ အထူးသဖြင့် UNODC က မြန်မာအစိုးရနှင့် ပူးတွဲထုတ်ဝေသော နှစ်စဉ် ဘိန်းစစ်တမ်းသည် မြန်မာစစ်တပ်နှင့် အစိုးရ ထံမှ မျက်နှာသာ ရရေးအတွက် လက်တွေ့ဖြစ်ရပ်မှန်များကို လိုရာဆွဲ၍ မမှန်မကန် ပြောထားသည့်အတွက် ပြင်း ထန်သော ဝေဖန်မှုများ ခံခဲ့ရသည်။ UNODC ၏ ၂၀၁၃ ခုနှစ် မြန်မာ့ဘိန်းစစ်တမ်းတွင် ကချင်ပြည်နယ်အတွင်း ဘိန်းထုတ်လုပ်မှုနှုန်းသည် ၁၀% ကျဆင်းသွားကြောင်း ဖော်ပြထားသော်လည်း မြန်မာစစ်တပ်၏ ကွပ်ကဲမှုအောက် မှ နယ်ခြားစောင့်တပ်က ထိန်းချုပ်သည့် ချီဖွေကို ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပေ။ ယင်း၏ ၂၀၁၈ ခုနှစ် မြန်မာ့ ဘိန်းစစ်တမ်းတွင် UNODC သည် အငြင်းပွားဖွယ်၊ မမှန်ကန်သော သတင်းအချက်အလက်များကို ထည့်သွင်း အစီရင်ခံ၍ ဘိန်းစိုက်ပျိုးမှု သိပ်သည်းဆ အမြင့်ဆုံးသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်သော နယ်မြေများတွင် ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများက ငြင်းဆိုခဲ့သည့် ထိုဖော်ပြချက်များသည် မြန်မာစစ်တပ်နှင့် အစိုးရတို့၏ တောထနေသော အကျင့်ပျက်ခြစားမှုနှင့် မြန်မာနိုင်ငံအတွင်း အမြတ်အစွန်း အများဆုံးသော ရောင်းဝယ်မှုများထဲမှ တစ်ခုတွင် ယင်းတို့ အပြစ်ရှိခြင်းကို ကိုင်တွယ်ဖြေရှင်းရမည့်အစား ယင်းတို့သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆောင်ရွက်နေသည့် ဥပဒေဘက်တော်သားများ ဖြစ်ကြောင်း အပြင်ပန်းလုပ်ပြခြင်းကို တရားဝင်မှု ရစေခဲ့သည်။
UNODC သည် အရပ်ဘက်လူထုအဖွဲ့အစည်းများက မြေပြင်အခြေအနေကို အမှန်တကယ် ထင်ဟပ်ရန် တောင်း ဆိုမှုများကို ဂရုတစိုက် နားထောင်ရန် ပျက်ကွက်ခဲ့သည်မှာ ကြာြမင့်နေပြီ ဖြစ်သည်။ ယင်း၏ နှစ်ပတ်လည် ညီလာခံသို့ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုအတွက် တာဝန်ရှိသူ စစ်အရာရှိကြီး တစ်ဦးအား ဖိတ်ကြားခြင်းသည် ကုလသမဂ္ဂပဋိညာဉ်တွင် ထည့်သွင်းပြဋ္ဌာန်းထားသည့် လူ့အခွင့်အရေး တန်ဖိုးများကို ကုလသမဂ္ဂအဖွဲ့အစည်းများအားလုံး ထင်ဟပ်စေရန် ဆောင်ရွက်ရာတွင် ကုလသမဂ္ဂ၏ စနစ် ပိုင်းဆိုင်ရာ ပျက်ကွက်မှုကို ဖော်ပြနေသည့် ပုံစံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် အောက်ပါတို့ကို ဆောင်ရွက်ရန် ကျွန်ုပ်တို့ တိုက်တွန်းလိုက်သည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် –
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.