မောင်ဟိန်းဝင်းထွန်း – သတ္တိခဲပေါက်စီ

Featured image

အမှတ် ၆ ခံတပ်မှာလူစုပြီးမှ လုပ်ငန်းတာဝန်ခွဲဝေပေးလိုက်ကြတယ်

By BBC News

“ကျွန်တော်တို့က မန္တလေးက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ သူနဲ့အတူတူ အလုပ်လုပ်တာဗျ။ သူကစားပွဲထိုးပေါ့။ သူမြင်းခြံက တက်လာပြီး အလုပ်ဝင်ကာစမှာ ဝက်သားပေါက်စီနဲ့ ကြက်သားပေါက်စီကို မခွဲတတ်ဘူး။ ခဏခဏ မှားချတယ်။ အဲဒါနဲ့ ကျွန်တော်တို့က သူ့ကို ပေါက်စီလို့ခေါ်ကြတယ်။ အလုပ်ဝင်ကာစမှာ သူ့နာမည်လည်း ကျွန်တော်တို့က မမှတ်မိတော့ ပေါက်စီလို့ နာမည်ပြောင်ပေးလိုက်တာပေါ့ဗျာ။ သူ့နာမည်က ပေါက်စီဖြစ်သွားတယ်။”

ပေါက်စီဟာ အသက် ၁၄ နှစ်ပဲရှိပါသေးတယ်။ လက်ဖက်ရည်ဆိုင်မှာ သူ့အစ်ကိုနှစ်ယောက်အပြင် တခြား သူငယ်ချင်းတွေနဲ့ အတူတူ အလုပ်လုပ်ပါတယ်။ သူ့နာမည် ဘာလို့ ပေါက်စီတွင်သွားသလဲဆိုတာကို သူနဲ့အလုပ်အတူလုပ်ခဲ့ဖူးသူ သူငယ်ချင်းက ရှင်းပြတာပါ။

သားလိမ္မာပေါက်စီ

ပေါက်စီဟာ ရှားတောကျေးရွာမူလတန်းကျောင်းမှာ တတိယတန်းအထိပဲ ကျောင်းနေဖူးပြီး မိသားစုက စားဝတ်နေရေး မပြေလည်လို့ ကျောင်းထွက်ခဲ့ရသူတယောက်ပါ။ အတန်းပညာမတတ်ပေမဲ့ ရရာအလုပ်လုပ်ပြီး ရသမျှငွေကို သူ့အမေဆီအကုန်အပ်တဲ့ လိမ္မာတဲ့ ကလေးတယောက်ပါလို့ သူ့အမေဒေါ်မာလာက ဘီဘီစီကို ပြောပါတယ်။

“ကျွန်မမှာသား ၅ ယောက်ရှိပါတယ်။ သားငါးယောက်ဆိုတော့ ကျား ၅ ကောင်ပေါ့။ တော်တော်မလွယ်တာပဲလို့ သူများတွေက ပြောပါတယ်။ ကျွန်မကတော့ ကျွန်မသားတွေ အတွက် အမြဲဂုဏ်ယူတယ်။ ကျွန်မသားတွေ အကုန်လုံးလိမ္မာကြပါတယ်။ ကျွန်မသားငယ်လေးမှာလည်း အပြစ်ဆိုစရာဆိုလို့ ဘာမှကို ကျွန်မတော့ရှာမတွေ့ပါဘူး။ အလွန်လိမ္မာတဲ့သားလေးပါရှင်”

“ပိုက်ဆံစုပြီးအိမ်ဆောက်ရအောင်အမေ”

ပေါက်စီမှာ သူအပါအဝင်မွေးချင်းမောင်နှမ ၈ ယောက်ရှိပါတယ်။ သားသမီးတွေကများ၊ မိသားစုကကြီးတော့ သူတို့ဟာ ဆင်းရဲပါတယ်။ ပေါက်စီတို့က ရှားတောချောင်း (ရှဒေါချောင်း)ထဲမှာနေတာပါ။ ရှားတောချောင်းဆိုတာက မြင်းခြံမြို့ရဲ့အနောက်တောင်ဘက် ရပ်ကွက်တခုဖြစ်တဲ့ အမှတ် ၁၄ သပြေပင်နဲ့ ရှားတောရွာအကြားမှာရှိတဲ့ချောင်းပါ။ စွန်းလွန်းချောင်းလို့လည်း ခေါ်ပါတယ်။ စွန်းလွန်းရွာနားမှာ စွန်းလွန်းချောင်းလို့ခေါ်ပြီး ရှားတောရွာနားမှာ ရှားတောချောင်းလို့ခေါ်တာပါ။ ချောင်းကတခုတည်းပါ။ အဲဒီချောင်းဟာ တချိန်က မိုးတွင်းမှာ ချောင်းရေအမြဲစီးပါတယ်။ ဝါဆိုဝါခေါင်ကာလမှာဆိုရင် မြစ်ရေကချောင်းထဲကို အမြဲဝင်ပါတယ်။ တချိန်က မြစ်ရေကြီးချိန်ဆိုလှေနဲ့ကူးရတဲ့ချောင်းပါ။ အခုနောက်ပိုင်းမှာတော့ မြစ်ကြောင်းက အနောက်ဘက်ကိုရွေ့သွားတဲ့အတွက် ရှားတောချောင်းထဲမြစ်ရေ မဝင်တော့ပါဘူး။ ချောင်းအထက်ဘက်မှာ စွန်းလွန်းဆည်ဆောက်လိုက်တဲ့အတွက် ချောင်းရေလည်း မလာတော့ပါဘူး။ အဲဒီတော့ ရေလည်းမစီး၊ ပိုင်ရှင်လည်းမရှိတဲ့ချောင်းထဲမှာ ဦးဘိုဝင်း၊ ဒေါ်မာလာတို့က အခြားသော ဆင်းရဲသားများနည်းတူ ဝင်ရောက်တဲထိုးနေထိုင်ကြပါတယ်။

“သူကလက်ဖက်ရည်ဆိုင်က ရတဲ့လခမှန်သမျှ ကျွန်မကိုအပ်ပါတယ်။ အမေသားတို့ပိုက်ဆံစုပြီး အိမ်ကလေးတလုံးဆောက်ရအောင်နော်လို့ အမြဲတန်းပြောပါတယ်။ အခုတော့ ကျွန်မတို့အတွက် အိမ်မဆောက်ရဘဲ သူ့တော့ အိမ်ဆောက်ပေးလိုက်ရပါပြီရှင်” လို့ဒေါ်မာလာကပြောပြီး မအောင့်နိုင်တော့ဘဲ အင့်ကနဲငိုချလိုက်ပါတယ်။

ပေါက်စီအတွက် ဆောက်တဲ့အိမ်က ရှားတောချောင်းထဲမှာ မဟုတ်ပါဘူး။ ရှားတောသုသာန်ထဲမှာပါ။ အသက် ၁၄ နှစ်အရွယ်သာရှိသေးတဲ့ ပေါက်စီ ခေါ် မောင်ဟိန်းဝင်းထွန်းဟာ စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် မတ်လ ၂၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါပြီ။ သူ့မိသားစုနဲ့ သူ့ရဲဘော်တွေသူငယ်ချင်းတွေက သူ့အတွက် အုတ်ဂူတည်ဆောက်ပေးထားပါတယ်။ အဲဒါကို သူ့အတွက် အိမ်ဆောက်ပေးလိုက်ရပါပြီလို့ ဒေါ်မာလာက ပြောတာပါ။

ပေါက်စီတို့စစ်ကြောင်းဟာ မြင်းခြံအထက ၁ ဆီဦးတည်ချီတက်ခဲ့ကြ (ဓာတ်ပုံ – MGN GROUP)

“ပစ်မယ်လို့ကြားတယ်ငါ့သားရယ်၊ မသွားပါနဲ့”

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်တော့ မန္တလေးက သူတို့လက်ဖက်ရည်ဆိုင် ပိတ်လိုက်လို့ ပေါက်စီတို့ ညီအစ်ကိုသူငယ်ချင်းတတွေ မြင်းခြံပြန်လာကြပါတယ်။ သူတို့မြင်းခြံမှာရှိနေစဥ်မှာပဲ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။

“ဖေဖော်ဝါရီလ ၃ ရက်နေ့ကတည်းက ပေါက်စီဟာ နေ့တိုင်း ဆန္ဒပြပွဲမှာပါတယ်ဗျ။ သူကျဆုံးတဲ့ မတ်လ ၂၇ ရက်နေ့အထိပဲ။”

သူနဲ့လုပ်ဖော်ကိုင်ဖက်တယောက် သူတို့အခေါ် သူ့ရဲဘော်တယောက်က ပေါက်စီအကြောင်းပြောပြတာပါ။

“မတ်လ ၂၇ ရက်နေ့မှာတော့ စစ်တပ်က ပစ်မယ်ခတ်မယ်လို့ကြားတယ် ငါ့သားရယ်။ အဲဒီနေ့တော့ ဘယ်မှ မသွားပါနဲ့လို့ ကျွန်မက အစောကြီးကတည်းက ကြိုပြောပါတယ်။ သူကလည်း မသွားပါဘူးအမေလို့တော့ ပြောတာပဲ။ သူ့သူငယ်ချင်းတွေကိုလည်း ပေါက်စီတော့ မခေါ်ကြပါနဲ့။ ငါ့သားက အသက် ၁၄ နှစ်ပဲရှိသေးတယ်။ ကလေးပဲရှိပါသေးတယ်ဟယ်လို့ ကျွန်မကပြောထားပါတယ်။”

ဒေါ်မာလာဟာ မြင်းခြံစံပြစျေးလေးတောင်ဘက်က နာမည်ကြီးမြင်းခြံပလာတာဆိုင်ဖြစ်တဲ့ ကြည်ကြည်ပလာတာခေါက်ဆွဲဆိုင်မှာ အကူအလုပ်လုပ်ပါတယ်။ ပလာတာ၊ ခေါက်ဆွဲကို မနက် ၅ နာရီခွဲ ၆ နာရီကစပြီး မနက်စာအဖြစ်လူအများက စားသောက်ကြတာဆိုတော့ ဒေါ်မာလာဟာ ဆိုင်ကို မနက် ၄ နာရီ အလုပ်သွားရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက မာရှယ်လော ထုတ်လိုက်တော့ မနက် ၄ နာရီမှာ အလုပ်သွားဖို့ ခက်ခဲသွားတဲ့အတွက် ဆိုင်မှာ သွားအိပ်ရပါတယ်။

မတ်လ ၂၆ ရက်နေ့က ဒေါ်မာလာဟာ ဆိုင်မှာညအိပ်ရပါတယ်။ သူတို့ဆိုင်က မနက် ၁၀ နာရီ ၁၁ နာရီမှာ ဆိုင်ပိတ်လေ့ရှိပေမဲ့ ပေါက်စီကို အုပ်မိအောင် အဲဒီနေ့က စောစောပြန်လာပါတယ်။ ဒါပေမဲ့ ဒေါ်မာလာပြန်ရောက်တော့ ပေါက်စီက အိမ်မှာ မရှိတော့ပါဘူး။

“ကျွန်တော်တို့ သူ့ကို မခေါ်ပါဘူးအဒေါ်ရာ။ ပေါက်စီက ကျွန်တော်တို့ကို မနက် ၄ နာရီမှာ အစောကြီးလာနှိုးပြီး အတင်းခေါ်တာပါ။ အရုဏ်ဦးသပိတ်အတွက် သွားကြမယ်ဆိုပြီး အတင်းလာခေါ်တာပါ။”

ပေါက်စီကို ခေါ်မသွားပါနဲ့လို့ ဒေါ်မာလာက ပေါက်စီ့သူငယ်ချင်းတွေကို တားထားပေမဲ့ ပေါက်စီကပဲ သူငယ်ချင်းတွေကို အတင်းခေါ်ပြီး လူစုထွက်ခွာသွားပါတယ်။

“ငါကတိုက်ရင်းသေဖို့ဆုံးဖြတ်ထားပြီးသားကွ”

ရှားတောစစ်ကြောင်းနဲ့အတူ ပေါက်စီလိုက်ပါလာပြီး ကွေ့ကြီးမှာ သူတို့စစ်ကြောင်းတွေ အားလုံးစုမိကြပါတယ်။ ကွေ့ကြီးမှာ သူတို့ အလုပ်တာဝန်ခွဲဝေပြီး လူစုခွဲကြပါတယ်။

“ကွေ့ကြီးခံတပ်မှာ အလုပ်တာဝန်ခွဲကြတော့ ပေါက်စီက အသက် ၁၄ နှစ်ပဲရှိသေးလို့ ဒီနေ့တော့မလိုက်ပါနဲ့လို့ ကျွန်တော်တို့ တားကြပါသေးတယ်။ ကျွန်တော်တို့တားလို့ မရပါဘူး။ သူက သူအသေခံတိုက်မယ်။ ငါကတိုက်ရင်းသေဖို့ဆုံးဖြတ်ထားပြီးသားကွ။ လိုက်မှာပဲလို့ပြောပါတယ်။ ကျွန်တော်တို့ တားမရတော့ သူ့ကို အငယ်မို့လို့ နောက်ပိုင်းပဲနေပါလို့ပြောပြီး ဘတ်ခွနဲ့ လောက်စာလုံးပဲ လက်နက်ဝေစုခွဲပေးထားပါတယ်။ တခြားလည်း ကျွန်တော်တို့မှာ ဘာမှများများစားစားမရှိပါဘူး။ အဲဒီတုန်းကတူးမီးသေနတ်တောင်မရှိပါဘူး။ ဂတ်စ်သေနတ်တော့ရှိနေပြီ။ ဒါပေမဲ့ ဂတ်စ်သေနတ်ကို အကြီးတွေကိုပဲပေးထားတယ်။ လူစေ့အောင်ပေးစရာလည်း မရှိဘူး။ အဲဒီတော့ ပေါက်စီမှာ ဘတ်ခွပဲရှိတာပါ။”

ဘတ်ခွဆိုတာက လေးခွကို မြင်းခြံဒေသမှာခေါ်တဲ့ဒေသအခေါ်ပါ။ တာဝန်ခွဲဝေကြတဲ့အခါ ပေါက်စီတို့စစ်ကြောင်းဟာ မြို့တောင်ပိုင်း မြင်းခြံ အမှတ် ၁ အထက်တန်းကျောင်းဘက်ကို ချီတက်လာခဲ့ကြပါတယ်။

အထက ၁ ကျောင်းနဲ့ နှစ်လမ်းအကွာမှာ ပေါက်စီတို့ရောက်လာပါတယ်။ အဲဒီအချိန်မှာ စစ်တပ်က အထက ၁ ဘေးက လွတ်လပ်ရေးကျောက်တိုင်ဝင်းထဲကနေ သေနတ်နဲ့ဆက်တိုက်ပစ်ပါတယ်။ ပေါက်စီတို့ဟာ အထက ၁ ရဲ့မြောက်ဘက်၊ လွတ်လပ်ရေးကျောက်တိုင်ဝင်းရဲ့ အနောက်ဘက် လူနေရပ်ကွက်လမ်းကြားထဲမှာ ရောက်နေပါတယ်။

“အဲဒီအချိန်မှာ ကျွန်တော်တို့က လွတ်လပ်ရေးကျောက်တိုင်ဝင်းရဲ့ အနောက်ဘက်မှာပါ။ အထက ၁ ရဲ့ မြောက်ဘက် နှစ်လမ်းကျော်လောက်ပါ။ လွတ်လပ်ရေးကျောက်တိုင်ဝင်းရဲ့ နောက်ဘက်ထွက်ပေါက်နဲ့ တည့်တည့်မှာပါ။ သူတို့က ကျောက်တိုင်ဝင်းထဲကနေ သေနတ်နဲ့လှမ်းပစ်တော့ ပေါက်စီကသစ်ပင်ကွယ်ကနေ ဘတ်ခွနဲ့ပြန်ပစ်ပါတယ်။”

ဘတ်ခွနဲ့ပစ်ပြီး ခုခံနေရာကနေ လမ်းကိုဖြတ်ကူးလိုက်ချိန်မှာ စစ်သားက ပေါက်စီကို သေနတ်နဲ့ပစ်ပါတယ်။ ပထမတချက်က သူ့ခေါင်းပေါ်ကဖြတ်ကျော်သွားပါတယ်။ ဒုတိယတချက်က သူ့လည်ပင်းကို ဖောက်ဝင်သွားပါတယ်။

“သေနတ်က သူ့လည်ပင်းကိုဖောက်ပြီး အခွန်ရုံးရဲ့အုတ်နံရံထဲကိုပါဖောက်ဝင်သွားပါတယ်။ ကျည်ဆန်အစစ်ပါ။ ကျည်အားကလည်း အဲသလောက်အထိပြင်းပါတယ်။ အခွန်ရုံးရဲ့ အုတ်နံရံမှာ အဲဒီအပေါက်အခုထိရှိပါသေးတယ်။ ကျည်ဆန်ထိပ်ဖူးတောင် အဲဒီအထဲမှာရှိချင်ရှိပါလိမ့်ဦးမယ်။” လို့ပေါက်စီရဲ့သူငယ်ချင်းက ဘီဘီစီကို ပြောပါတယ်။

“ပေါက်စီရဲ့အရင်းနှီးဆုံးရဲဘော်က အဲဒါပေါက်စီဗျလို့ပြောပြီး ပြန်ဆွဲမလို့နောက်ပြန်လှည့်ပါတယ်။ အဲဒီအချိန်မှာ စစ်သားတွေက ဆက်တိုက်ကိုပစ်နေလို့ ကျွန်တော်တို့သူ့ကို အတင်းဖက်ထားရတယ်။” လို့တခြားသူငယ်ချင်းတယောက်ကဆိုပါတယ်။

လမ်းရဲ့ တခြားဘက်က သူငယ်ချင်းတွေက ပေါက်စီကို ရအောင်ထွက်ဆွဲပြီး ဆိုင်ကယ်ပေါ်တင်ပြေးပါတယ်။ လမ်းတဝက်မှာ သူနာပြုကားနဲ့တွေ့ပြီး ကားပေါ်တင်ပေးလိုက်ပါတယ်။

စစ်အာဏာရှင်စနစ်ကို အသက်စွန့်တော်လှန်မယ်ဆိုတဲ့ ပေါက်စီခေါ် မောင်ဟိန်းဝင်းထက်ဟာ ၇၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့မှာပဲ သေဆုံးခဲ့ပါတယ်။

ပေါက်စီတို့အိမ်ကလေးဟာ ရှားတောချောင်းထဲမှာရှိ

ပဋာစာရီသားတွေပျောက်သလို

“ကျွန်မအိမ်ပြန်ရောက်တော့ ပေါက်စီမရှိတော့ပါဘူး။ မနက် ၄ နာရီကတည်းက ထွက်သွားပါပြီ။ မနက် ၁၁ နာရီလောက်ရောက်တော့ ပေါက်စီကျသွားပြီလို့ သတင်းရောက်လာပါတယ်။ ပေါက်စီဆိုရင်တော့ ဘယ်နေရာမှာ ရှိလောက်တယ်ဆိုတာ ခန့်မှန်းပြီးကျွန်မလိုက်သွားပါတယ်။ ရှာမတွေ့ပါဘူး။ တနေကုန်လိုက်ရှာပါတယ်။ မတွေ့ပါဘူး။” လို့ဒေါ်မာလာက ဘီဘီစီကိုပြောပါတယ်။

၁၄ ရပ်ကွက်မှာနေထိုင်သူအမျိုးသမီးတယောက်ကတော့ “မမာလာသနားပါတယ်။ သူ့သားကိုတနေကုန်လိုက်ရှာတာ။ ဇာတ်ထဲမှာ ပဋာစာရီ သားတွေ ပျောက်သလိုပဲ” လို့ပြောပါတယ်။

“ညနေ ၆ နာရီကျော်တော့မှ နာရေးအသင်းက သူတို့ဆီမှာ အလောင်း ၅ လောင်းရှိပါတယ်။ လာကြည့်လှည့်ပါဆိုလို့ သွားကြည့်တော့မှ ကျွန်မသားလေး၊ ကျွန်မသားလေးကို အဲဒီမှာတွေ့ရပါတယ်။” လို့ ဒေါ်မာလာက ငိုရင်းနဲ့ပြောပါတယ်။

ပေါက်စီကို နာရေးအသင်းက အိမ်အထိလိုက်ပို့ခဲ့ပါတယ်။ သူ့သူငယ်ချင်းတွေက ပေါက်စီရဲ့နာရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြပါတယ်။

မတ်လ ၂၇ ရက်နေ့မှာ ပေါက်စီအပြင် ဦးစော၊ ဦးမျိုးနိုင်၊ ဦးသောင်းနိုင်ဦး၊ ကိုထွန်းရင်တို့လည်း ကျည်ဆန်ထိမှန်သေဆုံးခဲ့ကြပါတယ်။ အသက် ၄၈ နှစ်အရွယ် ဦးစောက အသက်အကြီးဆုံးဖြစ်ပြီး ပေါက်စီခေါ် မောင်ဟိန်းဝင်းထွန်းကတော့ ဒီနေ့အထိမြင်းခြံမှာ သေဆုံးခဲ့သူအားလုံးထဲမှာ အသက်အငယ်ဆုံးဖြစ်ပါတယ်။ သူ့သူငယ်ချင်းတွေကတော့ သူ့ကိုချီးကျူးလေးစားနေကြပါတယ်။

“ကျွန်တော်တို့က ပေါက်စီကို ရှားတောသုသာန်မှာသင်္ဂြိုဟ်ခဲ့ကြပါတယ်။ သူ့အတွက် အုတ်ဂူလေးဆောက်ခဲ့ကြပါတယ်။ ကျွန်တော်တို့သူ့ကိုချီးကျူးပါတယ်ဗျာ။ ကျွန်တော်တို့အားလုံးက သူ့ကို လေးလည်း လေးစားကြပါတယ်။ သူ့ကို ကျွန်တော်တို့က သတ္တိခဲပေါက်စီလို့ နာမည်ပေးပြီး သုသာန်မှာ အလေးပြုခဲ့ကြပါတယ်။”


မူရင်းအော်ရဂျင်နယ်ပိုစ့် – BBC Burmese

Send this to a friend