မသဉ္ဇာဟိန်း – ဒီမီးအိမ်လေးတွေ ငြိမ်းသွားခဲ့ရင် ဒီထက်ပိုမို ရဲရင့်တောက်ပမယ့် မီးအိမ်ရှင်လေးတွေ ထွက်ပေါ်လာမှာပါ

April 22nd, 2021  •  Author: Thinzar Hein (Monywa)  •  1 minute read
Featured image

By Honest Information (HI)

“အကောင်းအတိုင်း ပြန်လာမယ်လို့ အာမမခံနိုင်တဲ့ခရီးကိုသွားရတဲ့အခါ နှောင်ကြိုးတွေကခွင့်လွှတ်ပေးပါ” လို့ ဆိုရင်း ပြည်သူအတွက် အသက်ပေးသွားသူကတော့ သူနာပြုကျောင်းသူလေး မသဉ္ဇာဟိန်းပါ။

အသက် ၂၀ သာ ရှိသေးတဲ့ မသဉ္ဇာဟိန်းဟာ ဆန္ဒပြမှုတွေ စလုပ်ကတည်းက မုံရွာသပိတ်စစ်ကြောင်းမှာ နေ့တိုင်းလိုလို ပါဝင်ပြီး တော်လှန်ရေးမှာဒဏ်ရာရလူနာတွေကို ရွေ့လျားကုသပေးနေတဲ့ ဆေးအဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။

အခင်းဖြစ်တဲ့ မတ်လ၂၈ ရက်က မုံရွာမှာ စစ်တပ်နဲ့ရဲတွေက ဆန္ဒပြသူတွေကို အင်အားသုံးဖြိုခွင်းနေသလို တဖက်မှာလည်း ဆေးရုံသွားရာလမ်းမကြီးတွေမှာ တပ်တွေဖြန့်ချထားပြီးလာသမျှ ကားတွေကိုစစ်ဆေး၊ ရိုက်နှက်နေတဲ့အတွက် လူနာတွေကို အချိန်မှီဆေးရုံပို့ဖို့ အခက်အခဲ ဖြစ်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ မသဉ္ဖာဟိန်းဟာ သူ့အသက်ကို မငဲ့ကွက်ဘဲ လူနာတွေကို စိုးရိမ်စိတ်နဲ့ သွားရောက် အသက်ကယ်ပေးနေစဉ်မှာပဲ ဦးခေါင်းကို သေနတ်မှန်ကာ ကျဆုံးသွားခဲ့ရတယ်။

မသဉ္ဖာဟိန်းနဲ့အတူ တိုက်ပွဲဝင်နေတဲ့ မရတနာက “ သူ့ကိုကြည့်ရင် အဲ့လောက်လုပ်နိုင်မယ်လို့မထင်ရဘူး။ ဒါပေမယ့်သူက သန်မာတယ်။ ရဲရင့်တယ်။ သူ့မှာ လေးစားအားကျစရာကောင်းတဲ့အချက်က မကြောက်တတ်တာပဲ။ သူလိုလူမျိုးက ကျွန်မတို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်”လို့ မှတ်ချက်ပေးပါတယ်။

သူနာပြုကျောင်းသူ မသဉ္ဇာဟိန်းဟာ မိဘတွေတားဆီးနေတဲ့ကြားက ဆွေမျိုးမရှိတဲ့မုံရွာမြို့ကို တစ်ယောက်ထဲ တက်လာပြီး မုံရွာပင်မသပိတ်ကော်မတီမှာ ဆေးအဖွဲ့ဝင်အနေနဲ့ပါဝင်ကာ လူထုကို မကြောက်တရားတွေ ပြောဟောခဲ့သူလည်း ဖြစ်ပါတယ်။

ကြောက်စိတ်က ပိုပြီးကြောက်တတ်လာအောင် တွန်းအားပေးနေတာမို့ ဒါကို ချေဖျက်ပစ်ရမယ်ဆိုတဲ့ စကားက သူနာပြုကျောင်းသူ မသဉ္ဇာဟိန်း စွဲကိုင်ခဲ့တဲ့ စကားလုံးသာ ဖြစ်တယ်။

အဲ့ဒီနေ့က မုံရွာမြို့မှာ စစ်တပ်နဲ့ ရဲတွေက တနေကုန်နီးပါး ပစ်ခတ်ဖြိုခွင်းမှုကြောင့် သူနာပြုကျောင်းသူ မသဉ္ဇာဟိန်း အပါအဝင် စုစုပေါင်း ၅ ယောက်ကျဆုံးခဲ့ပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မတရားစစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ထုတ်ဖော်ဆန္ဒပြနေတဲ့ ပြည်သူတွေကို အာဏာသိမ်းစစ်အစိုးရက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် ပြည်သူတွေရဲ့သွေးမြေကျမှုဟာ နေ့စဉ်ရက်ဆက်ဆိုသလို ရှိနေဆဲပါ။ ဒီလိုပြင်းထန်တဲ့ ပစ်ခတ်မှုတွေကြားမှာ ပြည်သူတွေရဲ့အသက်တွေ ဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင်၊ ကျဆုံးသွားသူတွေရဲ့ အလောင်းတွေ ကို ကာကွယ်ပေးဖို့ ရည်ရွယ်ကာ သပိတ်ကော်မတီတွေက ဆေးအဖွဲ့တွေ ထားရှိခဲ့ကြပါတယ်။

ဆေးအဖွဲ့တွေမှာတော့ အများအားဖြင့် CDM လုပ်နေတဲ့ ဆရာဝန်တွေနဲ့ ဆန္ဒပြလူငယ်တွေ ပါဝင်ကြပေမယ့် ပါဝင်သူအများ စုကတော့ အမျိုးသမီးတွေများပါတယ်။ စစ်အာဏာရှင်ကို တွန်းလှန်ဆန္ဒပြရာမှာ အမျိုးသမီးတွေဟာ သူတို့လုပ်နိုင်တဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်နေကြတာပါ။

ရန်ကုန်မြို့ရှိ တော်လှန်ရေးတစ်ခုမှာ ဆေးအဖွဲ့ဝင်တယောက်ဖြစ်တဲ့ မခိုင်နွေဦးက “ ဆေးအဖွဲ့မှာပါဝင်တဲ့သူတွေ က စွန့်လွှတ်စွန့်စားရတာအရမ်းများတယ်။ မိန်းကလေးတွေနော်၊ စစ်တပ်လာဝိုင်းလို့ ရွေ့ကြဟေ့ဆိုရင် လူနာတွေ၊ အလောင်းတွေ ထမ်းပြေးကြရတာ။ တော်ရုံဇွဲ၊ သတ္တိရှိတာလောက်နဲ့ မခံနိုင်ပါဘူး”လို့ ပြောပါတယ်။

အသက် ၁၉ နှစ်သာရှိသေးတဲ့ မခိုင်နွေဦးက ပဲခူးမြို့ကနေ ရန်ကုန်ကို သူနာပြုအကူသင်တန်းကျောင်း လာတက်ရင်း နွေဦးတော်လှန်ရေးတခုမှာ ဆေးအဖွဲ့ဝင်အနေနဲ့ ပါဝင်ဆောင်ရွက်နေသူဖြစ်ပါတယ်။

မတ်လ ၂၉ ရက်က မခိုင်နွေဦးတို့ သပိတ်တည်နေရာ အနီးတဝိုက်ကို စစ်အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ပြီး မီးခိုးဗုံး၊ သေနတ်၊ စနိုက်ပါနဲ့ ပစ်ခတ်တာကြောင့် သူတို့ဆေးအဖွဲ့မှာ မနိုင်မနင်းဖြစ်ရတဲ့အထိ ဒဏ်ရာရလူနာတွေ အများအပြား ရောက်လာခဲ့ပါတယ်။

စစ်တပ်ဟာ ပြင်းထန်စွာပေါက်ကွဲစေတတ်တဲ့ ဗုံးအမျိုးအစားကိုအသုံးပြုပြီး မခိုင်နွေဦးတို့ရဲ့ခံတပ်ကြီးကို ဖေါက်ခွဲဖျက်စီးကာ ရပ်ကွက်လမ်းတွေထဲအထိ ဝင်ရောက်ပစ်ခတ်သလို လူသားတံတားအဖြစ်လည်း အသုံးပြုခဲ့ပါသေးတယ်။

“သူတို့ဖမ်းမိထားတဲ့သူတွေကို လမ်းဆုံမှာ လက်တွေကိုနောက်ပြန်ကြိုးတုတ်၊ ဒူးထောက်ခိုင်းပြီး ရဲနဲ့စစ်သားတွေက သေ နတ်တွေနဲ့ချိန်ထားတာ မင်းတို့လူတွေလာမကယ်ရင်ကယ်၊ မကယ်ဘူးဆိုရင် ပစ်မယ်လို့ပြောသေးတယ်” လို့ မခိုင်နွေဦးက ပြန်ပြောပြပါတယ်။

နာရီပိုင်းပဲရှိသေးတဲ့ပစ်ခတ်မှုမှာ ကျဆုံးလူနာက ၈ ယောက်ရှိတဲ့အနက် တစ်ယောက်က အလောင်းပြန်ရဖို့ အခက်အခဲ ဖြစ်နေသလို တဖက်မှာလည်း အရေးပေါ်လူနာက ၂၀ ကျော်က အချိန်မှီဆေးရုံမရောက်ပါက အသက်ဆုံးရှုံးနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ပါ။

စစ်တပ်ကလည်း နီးစပ်ရာ အစိုးရဆေးရုံကြီးတွေနဲ့ ပုဂ္ဂလိက ဆေးရုံတွေကို စီးနင်းထားပြီး ဒဏ်ရာရသူတွေ စောင့်ဖမ်းနေတာကြောင့် အရေးပေါ်လူနာတွေ အချိန်မှီဆေးရုံပို့ဖို့ အခက်တွေ့ကြရတယ်။

နောက်ဆုံးမှာတော့ သူတို့သပိတ်စခန်းနဲ့ အတန်ငယ်ဝေးတဲ့ ဂိုဒေါင်ဟောင်းတခုထဲကို ပြောင်းရွေ့ဖို့ လူနာတွေ၊ အလောင်းတွေကို ထမ်းကာ နေပူကျဲကျဲအောက်မှာ ပြေးလွှားသယ်ယူကြရတယ်။ အဲ့ဒီဂိုဒေါင်ထဲရောက်မှ ထွက်ပေါက်တွေ့ပြီး အရေးပေါ်လူနာတွေကို ဆေးရုံပို့ပေးနိုင်ခဲ့ပါတယ်။

မခိုင်နွေဦးက “ကျွန်မတို့ကအတတ်နိုင်ဆုံးတော့ လူနာအသက်ကို ရအောင်ကယ်ပေးပါတယ်။ ဒါပေမယ့် လက်နက်မမျှလို့ ရှိတာလေးနဲ့ ခုခံနေရသူတွေ ကိုယ့်လက်ပေါ်မှာ ကျဆုံးသွားတာတွေ့ရတော့ ငိုဖို့တောင် မျက်ရည်မရှိတော့ပါဘူး”လို့ ပြော လိုက်တဲ့ သူ့အသံမှာ အခုအချိန်ထိဝမ်းနည်းမှုတွေ ရှိနေဆဲပါပဲ။

ဆေးအဖွဲ့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာမှအရေးမကြီးဘူးလို့ထင်ရပေမယ့် တကယ့်တကယ်မှာက သူတို့အတွက် နောက်ဆက်တွဲ ပြဿနာတွေအများကြီးရှိပါတယ်။

မသဉ္ဖာဟိန်းပါဝင်တဲ့ ရွေ့လျားဆေးကုအဖွဲ့ဆိုရင် ပစ်ခတ်မှုရှိတဲ့နေရာတွေတိုင်း လိုက်လံကုသရတာဖြစ်တဲ့အတွက် နယ်မြေမကျွမ်းကျင်ပါက သတ်ကွင်းထဲဝင်မိသလိုဖြစ်သွားနိုင်ပါတယ်။

ရန်ကုန်မြို့မှာတော့ မြို့နယ်နဲ့ ကိုယ်နယ်မြေတွေ သတ်မှတ်ကာ စုရပ်တွေ ဖန်တီးပြီး ဆေးကုပေးရပေမယ့်လု့ိ စုရပ်ရဖို့ အခက်အခဲများစွာရှိနေပါတယ်။

ဆေးအဖွဲ့တွေအနေနဲ့ ဘုန်းကြီးကျောင်းတွေမှာ စုရပ်တွေလုပ်တဲ့အခါ စစ်တပ်က ဘုန်းကြီးကို ခြိမ်းခြောက်တာ၊ ခဲတွေနဲ့ ထုတာ၊ ရပ်ကွက်နဲ့ ရန်တိုက်ပေးတာစတဲ့နည်းတွေနဲ့ ဘယ်မှာမှ လုပ်မရအောင် ပိတ်ပင်ခဲ့တယ်။

ရန်ကုန်၊ နွေဦးတော်လှန်ရေးတခုက ဆေးအဖွဲ့ဝင်တယောက်ဖြစ်တဲ့ မနန္ဒာထွဋ်က “ အိမ်တွေမှာ စုရပ်လုပ်တော့လည်း ဒလန်တွေက သတင်းပေးလို့ ပြေးကြရပြန်တယ်။ အဲ့တော့ စုရပ်တနေရာသွားလုပ်လိုက် ရွေ့လိုက်နဲ့ နောက်ဆုံးမှာ ကျွန်မ တို့ကို စုရပ်လုပ်ဖို့ ဘယ်သူကမှ မပေးကြတော့ဘူး”လို့ ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် မနန္ဒာထွဋ်ကတော့ ဆေးပညာကျွမ်းကျင်သူတယောက်မဟုတ်ပေမယ့် သူနိုင်တဲ့ဝန်နဲ့ တော်လှန်ရေးတခုရဲ့ ဆေးအဖွဲ့ဝင်အနေနဲ့ ပါဝင်ဆောင်ရွက်နေသူဖြစ်ပါတယ်။

သူ့အနေနဲ့ကတော့ မတ်လ ၂၇ ရက်၊ ဖက်ဆစ်တော်လှန်ရေးနေ့ဟာ ဘယ်တော့မှ မမေ့နိုင်တဲ့နေ့ဖြစ်သလို အထိခိုက်ဆုံးနဲ့ အနာကျင်ရဆုံးနေ့တနေ့ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့မှာ စစ်တပ်နဲ့ရဲတွေက သူတို့သပိတ်စခန်းရှိရာ ရပ်ကွက်ထဲကို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၃ ယောက် သေဆုံးပြီး ၂၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆေးအဖွဲ့တွေဟာ သပိတ်စစ်ကြောင်းလိုက်ပါသူတွေကို ကျန်းမာရေးစစ်ဆေးပေးနေတဲ့အချိန်မှာပဲ ဆေးအဖွဲ့တွေရွေ့တော့ လို့ ပြောတာနဲ့တပြိုင်နက်ထဲ စုရပ်လုပ်ဖို့ နေရာရှာကြရတယ်။

နေရာမရသေးတဲ့အချိန်မှာပဲ ထိခိုက်ဒဏ်ရာရသူတွေဟာ သွေးအလိမ်းလိမ်းနဲ့ ကျည်ထိသူတွေပါ တဖွဲဖွဲရောက်လာတာကြောင့် ကွန်ဒိုတခုရဲ့အောက်ထဲမှာ ဆေးကုဖို့နေရာယူလိုက်ကြတယ်။ နေရာယူပြီးလို့ အချိန်ခဏလေးအတွင်းမှာပဲ စစ်တပ်နဲ့ရဲတွေက လာဝိုင်းပါတယ်။

ရှေ့တန်းမှာလည်း ပစ်ခတ်မှုတွေ ကြမ်းနေတဲ့အတွက် ဆေးကုရာနေရာကို လာမကူနိုင်ပါဘူး။ ဒါကြောင့် ဆေးအဖွဲ့ဝင် တွေဟာ လမ်းမလျှောက်နိုင်တဲ့လူနာတွေကို အဝတ်တခုထဲထည့်ပြီး မြေညီထပ်ကနေ အထက် ၃လွှာကို တက်ပုန်းကြပါတယ်။

၃ လွှာကို တက်ရာမှာ လှေကားတွေကို အသုံးပြုတာကြောင့် ခက်ခက်ခဲခဲသယ်ရတဲ့အတွက် ဆေးအဖွဲ့ဝင်တွေကိုယ်တိုင် ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ တချိန်ထဲမှာပဲ အရေးပေါ်လူနာတွေကို သွေးတိတ်အောင် ပြေးရင်းနဲ့လုပ်ပေးကြရတယ်။

ပုန်းနေတဲ့ ၃ လွှာကနေ အရေးပေါ်လူနာတွေကို အောက်ချပြီး ဆေးရုံပို့ဖို့ အခက်ဖြစ်နေသလို ပို့ပေးမယ့် ကားတွေလည်း မရှိတာကြောင့် ဆေးအဖွဲ့တွေအနေနဲ့ တော်တော်လေး အကျပ်ရိုက်ခဲ့ပါတယ်။

“ကုနေရင်းပဲ ကျွန်မတို့နေရာကို ထပ်ပြီးလာစီးတယ်။ အကုန်လုံးလူနာတွေကို ကားပေါ်တင်ပြီးတော့ ဆေးရုံကိုပို့ပေး လိုက်တယ်။ အကုန်လုံးကို ကျွန်မတို့ သတ်မှတ်ထားတဲ့ ဆေးရုံကိုလွှဲပေးတယ်။ နောက်သေဆုံးသူနာမည်ကို ထိန်ချန် ပေးတယ်။ အလောင်းလုမှာစိုးလို့”လို့ မနန္ဒာထွဋ်က ရှင်းပြပါတယ်။

ထိုနေ့မှာတော့ ဆေးအဖွဲ့ရဲ့ကျွမ်းကျင်မှုတွေကြောင့် ထိခိုက်သူတွေ အကျအဆုံးနည်းခဲ့ပြီး အဆိုးဆုံးဖြစ်စဉ်တွေကနေ ရုန်းထွက်နိုင်ခဲ့ကြပါတယ်။

စစ်ကြောင်းတွေနဲ့အတူလိုက်ရတဲ့ ဆေးအဖွဲ့ဝင်အမျိုးသမီးလေးတွေဟာ ရှေ့တန်းက ခုခံကာကွယ်ရေးလုပ်နေတဲ့ အမျိုး သားတွေနဲ့ ရင်ဘောင်တန်းပြီး စွန့်စွန့်စားစားလုပ်နိုင်ကြတဲ့သူတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ဆေးအဖွဲ့ဝင်တွေနဲ့ သပိတ်ခေါင်းဆောင်တွေဟာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်ရင်း တဖက်မှာလည်း တော်လှန်ရေးကို လုပ်နေရတာကြောင့် စိတ်ဖိစီးဒဏ်က သူများထက်ပိုမို ခံစားကြရတယ်။ အထူးသဖြင့် အမျိုးသမီး လေးတွေအနေနဲ့ ပိုလို့ဆိုးပါတယ်။

ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေအတွက်က အမျိုးသားတွေထက်ပိုပြီး လုံခြုံမှုကိုပိုလိုအပ်လို့ပါ။ သဘာဝအရ သွေးသားကိစ္စတွေလည်း ရှိတာကြောင့် သူတို့နေအိမ်ဟာ သူတို့ဘဝအတွက်တော့ အလုံခြုံဆုံးနေရာဖြစ်တယ်။

ဒါပေမယ့် သူတို့ရဲ့ သည်းခံနိုင်မှုစွမ်းအားက အမျိုးသားတွေထက်မြင့်တာကြောင့် ဘယ်နေရာ၊ ဘယ်လိုအခက်အခဲတွေ့ပါစေ သူတို့ရည်မှန်းချက်တွေဖြစ်တဲ့ အာဏာသိမ်းစစ်အစိုးရ ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားဖို့ကိုတော့ နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။

အခန့်မသင့်လို့ ဒီမီးအိမ်လေးတွေ ငြိမ်းသွားခဲ့ရင်တောင်မှ ဒီထက်ပိုမို ရဲရင့်တောက်ပမယ့် မီးအိမ်ရှင်လေးများစွာ ထွက်ပေါ်လာမှာ ဧကန်အမှန်ပါပဲ။


Original post: Honest Information (HI)

Send this to a friend