ကိုသူထူးစံ – နှာခေါင်းကိုတေ့ပြီး သေနတ်နဲ့အပစ်ခံရသူ ဆယ်တန်းကျောင်းသား

April 16th, 2021  •  Author: Thu Htoo San (Myingyan)  •  1 minute read
Featured image

အမေတို့ခေတ်ကလို သားတို့က ထားခဲ့လို့ မဖြစ်ဘူး

By BBC Burmese

လူငယ်တချို့ဟာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ တော်လှန်ရေးအတွက် သူတို့အသက်ကို ပေးလှူသွားဖို့ ကြိုတင်ပိုင်းဖြတ်ထားကြတာကိုတွေ့ရပါတယ်။

မိမိသေရင် ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို လှူဒါန်းလိုက်ပါလို့ မှာကြားထားခဲ့သူမျိုးရှိသလို သေတမ်းစာကြိုတင် ရေးထားခဲ့သူမျိုးလည်း ရှိပါတယ်။

လူတိုင်းလိုလိုက အသက်လောက်အဖိုးတန်တာ ဘာမှမရှိဘူးလို့ ယူဆထားကြချိန်မှာ သူတို့ကတော့ အဖိုးအတန်ဆုံးဆိုတဲ့ အဲဒီအသက်ကိုပေးလှူဖို့အထိ စိတ်ပိုင်းဖြတ်ထားခဲ့ကြပါတယ်။ တကယ်လည်း သေလောက်တဲ့ အန္တရာယ်ကို မျက်တောင်မခတ်ဘဲ ရဲရဲကြည့်ပြီး ရင်ဆိုင်သွားကြတာတွေကို မြန်မာနိုင်ငံအနှံ့အပြားမှာတွေ့ခဲ့ရပါတယ်။

သူထူးစံဟာလည်း အဲသလိုလူငယ်တွေထဲမှာ တယောက်အပါအဝင်ဖြစ်ပါတယ်။

ငါမရှိတော့ရင်မငိုကြနဲ့

စစ်သားတွေသေနတ်နဲ့ ပစ်သတ်တာကိုမခံရခင် တပတ်လောက်အလိုက သူ့ရဲ့ facebook post တခုမှာ “မနက်ဖြန် ဆန္ဒသွားပြရင် သေနိုင်တာမို့၊ ငါမရှိတော့ရင် မငိုပါနဲ့” လို့ သူကိုယ်တိုင်ရေးသားခဲ့ပါတယ်။

“သိပ်သနားစရာကောင်းတာပဲ။ နောက်တပတ်လောက်အကြာမှာ လူမဆန်လောက်အောင် ရက်စက်တဲ့နည်းမျိုးနဲ့ သူအသတ်ခံရလိမ့်မယ်ဆိုတာ သူကြိုသိမှာမဟုတ်ဘူး။ သူ့အတွက်တမြို့လုံးက ယူကျုံးမရဝမ်းနည်းကြရလိမ့်မယ်လို့လည်း သူထင်ထားမှာ မဟုတ်ဘူး။” လို့ မြင်းခြံသူ မမြတ်မြတ်ကပြော ပါတယ်။

မတ်လ ၂၉ ရက် မွန်းလွဲပိုင်းမှာ သူထူးစံဟာ သူ့ညီရဲ့ တယ်လီဖုန်းကို တောင်းယူကြည့်ပြီး ဖုန်းထဲမှာ သိမ်းထားတဲ့သူ့ပုံတွေကို ဖျက်ခဲ့ပါတယ်။ “ဒါတွေက လုပ်မနေပါနဲ့ကွာဖိုင်လေးပါတယ်။ နောက်ဆိုရင် ညီလေးနဲ့ အဖေတို့ အမေတို့ ၃ ယောက်ပဲ ရှိတော့မှာပါ။ အစ်ကိုကြီးက လုပ်စရာရှိတာတွေ လုပ်မှာမို့ စိတ်ထဲမထားပါနဲ့။ အမေ့ကိုပဲ စိတ်ချမ်းသာအောင်ထားပါ။ ငါ့ပုံတွေ သိမ်းထားမနေပါနဲ့ လို့ပြောပြီး ဖျက်သွားတာ”လို့ သူထူးစံရဲ့ဦးလေး ကိုမင်းကိုနိုင်က ဘီဘီစီကို ပြောပါတယ်။

“သူဘာလို့ အဲသလို ဖျက်သွားတယ်ဆိုတာကို ကျွန်တော်တို့ ဘယ်လိုမှ နားမလည်နိုင်ကြဘူးဗျ။ သူသေမှာကို သိနေသလားလို့တောင် ထင်မိတယ်။ သူ့ဓာတ်ပုံကို ရဲတွေတွေ့ရင် သူ့ညီကို အန္တရာယ်ပေးမှာစိုးလို့ပဲ ဖျက်တာလားတော့ မပြောတတ်ပါဘူး။” လို့ကိုမင်းကိုနိုင်က ဘီဘီစီကို ပြောပါတယ်။ အဲသလို ဖုန်းထဲက ဓာတ်ပုံတွေကို ဖျက်တာဟာ သူအပစ်မခံရခင် နာရီဝက်အလိုမှာ ဖြစ်ပါတယ်။

အမေတို့ ခေတ်ကလို သားတို့ ထားခဲ့လို့ မဖြစ်ဘူး

သူထူးစံဟာ အသက် ၁၇ နှစ်အရွယ် ဆယ်တန်းကျောင်းသားတယောက်ဖြစ်ပါတယ်။ မြင်းခြံမြို့ အမှတ် ၄ အထက်တန်းကျောင်းမှာ ပညာသင်ပါတယ်။ ဘောလုံးကန်ဝါသနာကြီးသူ တယောက်ပါ။ သူဟာ အစ္စလာမ်ဘာသာဝင်တယောက်ဖြစ်ပြီး သူ့ရဲ့တခြားနာမည်တခုက ကဖီးလို့လည်း ခေါ်ပါတယ်။ သူ့မိဘတွေက ဦးအောင်မြင့်ဦးနဲ့ ဒေါ်ယဥ်မာချိုဖြစ်ပြီး သူ့မှာညီတယောက်လည်း ရှိပါတယ်။

“သူကတော့ ဒီကိစ္စကြီးကို အောင်မြင်ဖို့အတွက် အမြဲတမ်းကြိုးစားနေတယ်တဲ့။ ကျွန်မကို အမြဲတမ်း အဲသလိုပြောတယ်။ ကျွန်မက ငါ့သားရယ် အမေ့ကို ငဲ့ပြီးတော့လို့၊ တော်ရုံတန်ရုံဟာလေးတွေကိုလို့၊ ဘာမှမလုပ်ဘဲ နေပါလားလို့၊ ဟိုနားသည်နားတွေလည်း မသွားပါနဲ့လို့ ကျွန်မကပြောတော့ အမေတဲ့၊ ဒီဟာ သားတို့မျိုးဆက်တွေအတွက် ဒီဥစ္စာလုပ်ရမှာ။ အမေတို့ခေတ်တွေကလို ထားခဲ့လို့မရဘူးလို့ ကျွန်မကို အမြဲပြောတယ်။”

ရဲက လိုက်လံရှာဖွေနေလို့ အခုအချိန်အထိ ပုန်းရှောင်နေရဆဲဖြစ်တဲ့ မိခင်ဒေါ်ယဥ်မာချိုက ဘီဘီစီကို ပြောပြတာပါ။

မြင်းခြံနှင်းဆီနီသပိတ်မှာသူတို့ရေးခဲ့ကြတဲ့စာတန် – (ဓာတ်ပုံ – ကိုသူထူးစံ Fb မှ ကူးယူပါသည်။)

“အဲဒီနေ့မနက်ကတော့ အမေတဲ့။ သားတို့ကိုများ မဲနေတာလားမသိဘူးတဲ့။ တိုက်ပွဲကတော့ ကိုယ်တိုင်တိုက်မှပဲ အဆင်ပြေတော့မယ်တဲ့။ အဲသလိုပြောပါတယ်။”

သားတို့ကိုများ မဲနေတာလားမသိဘူးဆိုတဲ့စကားနဲ့ ပတ်သက်ပြီး သူထူးစံရဲ့ဦးလေး ကိုမင်းကိုနိုင်က ရှင်းပြပါတယ်။ သူတို့တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုကို ဘီယာဆိုင်တဆိုင်က ရဲကိုဖုန်းဆက်ပြီးလှမ်းခေါ်သတင်းပေးတဲ့အတွက် သူတို့အဖွဲ့ကို မဲနေတာလားမသိဘူးလို့ သူထူးစံကပြောတာ ဖြစ်ပါတယ်။

“အဲဒီ ၂၉ ရက်မနက်စောစောပိုင်း ဘုရားလမ်းသပိတ်ခံတပ်ကို ရဲအယောက် ၂၀ နဲ့ စစ်ကား ၁ စီးရောက်လာပါတယ်။ အင်အားချင်းသိပ်ကွာလို့ ပထမအကြိမ်မှာ သပိတ်အဖွဲ့က ပြန်ဆုတ်ပေးလိုက်ရပါတယ်” လို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။

ဘုရားလမ်းတဝက်မှာ ရှိတဲ့ သူတို့ခံတပ်ကို ရဲနဲ့စစ်တပ်က ၃ ကြိမ်တိုင်တိုင် လာရောက်ဖြိုခွဲပါတယ်။ ဒုတိယအကြိမ်ဖြိုခွဲအပြီးမှာ သပိတ်ဘက်က အင်အားသိပ်နည်းနေတဲ့အတွက် အမှတ် ၆ ကွေ့ကြီးက သပိတ်အဖွဲ့လူငယ်တွေက လာရောက်အားဖြည့်ကြပါတယ်။ အဲသလိုလာရောက်အားဖြည့်တဲ့အချိန်မှာ သတင်းပေးသူရှိတဲ့အတွက် ရဲနဲ့စစ်တပ် ရောက်လာကြပါတယ်။

“တပ်ကူလာတဲ့ ကျွန်တော်တို့က လေသေနတ် စမ်းသပ်ပစ်ဖောက်တဲ့အချိန်မှာ ရပ်ကွက်ထဲက ဘီယာဆိုင်တဆိုင်က သူတို့ကလေးလန့်လို့ဆိုပြီး ဆူကြဆဲကြလို့ တခြားတဖက်က ရပ်ကွက်ပြည်သူတွေ၊ အနီးအနား သပြေပင် ဘုန်းကြီးကျောင်းက သံဃာတွေနဲ့ပါ စကားများကြပါတယ်။ အဲဒီနောက်မှာ သူတို့က စစ်တပ်ကို လှမ်းခေါ်လိုက်တာကို ကျွန်တော်တို့ကြားကြရတာပါ” လို့ ကွေ့ကြီးသပိတ်အဖွဲ့က အကူလာတဲ့ ကိုခန့်က ပြောပါတယ်။

စစ်တပ်က ဘုရားလမ်းထိပ်မုခ်ဦးကနေ သေနတ်နဲ့ပစ်ဆင်းလာသလို အမှတ် ၁၂ ရက်ကွက် ကွက်သစ်ဘက်ကနေလည်း ဝင်လာကြတဲ့အတွက် သူထူးစံတို့ဟာ သူတို့အိမ်ရှိတဲ့ ဘုရားလမ်းဘေးဖက် လမ်းသွယ်ထဲ ပြေးဝင်လာခဲ့ကြပါတယ်။

“ကျွန်တော်တို့က ရုတ်တရက် ပေ ၁၀၀ လောက်ကနေ အနီးကပ် ကပ်အပစ်ခံလိုက်ရသလိုဖြစ်သွားပြီး လမ်းထဲပြေးဝင်လာကြတယ်” လို့ကိုမင်းကိုနိုင်က ပြောပါတယ်။

“ဘေးက ဒလန်အိမ်တအိမ်ထဲမှာ စစ်သားတွေကြိုစောင့်နေတာကို ကျွန်တော်တို့ မသိလိုက်ဘူး။ ပြေးပြေးလို့အော်ပြီး သူလည်းပြေးတဲ့အချိန် လမ်းထောင့်နားရောက်တော့ ကျည်ဆန်က ဘေးကဝင်လာပြီး သူထူးစံကို နောက်စေ့ရှပ်မှန်ပြီး ဖုတ်ကနဲလဲသွားတာပဲ ကျွန်တော်မြင်လိုက်ရတယ်။ ကျွန်တော်က သူထူးစံကို ဆွဲဖို့ ပြန်လှည့်လိုက်တဲ့အချိန်မှာ ကျွန်တော့်လိုပဲ သူထူးစံကို ဆွဲဖို့လှည့်လာတဲ့ တယောက်ကို ဗိုက်သေနတ်မှန်ပြီး ထပ်လဲသွားတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ကျွန်တော်နဲ့နီးတဲ့သူ့ကိုပဲ ဆွဲခေါ်ပြီး လှည့်ပြန်လာခဲ့ရတယ်။ နောက်ထပ် စစ်သားတွေရောက်လာတော့ သူထူးစံကို ပြန်မဆွဲနိုင်တော့ဘူး။” လို့ ကွေ့ကြီးသပိတ်အဖွဲ့က အကူလာသူ ကိုခန့်က ဆိုပါတယ်။

“လဲကျသွားတဲ့အချိန်မှာ ကဖီးက စကားပြောနိုင်ပါသေးတယ်။ လဲနေရာကနေ လက်သုံးချောင်းထောင်ပြပြီး တခုခုလှမ်းပြောလိုက်သေးတယ်။ သေနတ်သံတွေ ဆူညံနေတော့ ဘာပြောတယ်ဆိုတာတော့ မကွဲလိုက်ဘူး။ အဲဒီအချိန်မှာ စစ်သားတွေ သူ့အနားရောက်လာပြီး ခွပ်ဒေါင်းသွေးနီတယ်ဆိုတာ မင်းတို့လားကွလို့ပြောပြီး နှာခေါင်းကို သေနတ်နဲ့တေ့ပြီး ပစ်ချလိုက်တာပါပဲ။”

ကဖီးခေါ် သူထူးစံရဲ့ဦးလေး ကိုမင်းကိုနိုင်က ဘီဘီစီကို ပြောပြတာ ဖြစ်ပါတယ်။

ကိုသူထူးစံနဲ့ အတူ နောက်ထပ် ၃ ယောက်လည်း အဲဒီနေ့က မြင်းခြံမှာ ကျည်ဆန်ထိမှန် သေဆုံးခဲ့ပါတယ်။ ကိုလှိုင်ဝင်းဆိုသူကတော့ ကျည်ဆန်ထိမှန်ပြီးတဲ့နောက် ခြေသလုံး၊ ခြေဖဝါးတို့မှာ ဓားနဲ့အချက်ပေါင်းများစွာ မွှမ်းသွားတာကိုခံခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ သူကတော့ အသက်မသေဆုံးဘဲ ဆေးကုသပြီး ပြန်လည်ကျန်းမာလာတယ်လို့ မြင်းခြံမြို့က ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။

မိခင်သောက

“စက်သေနတ်လိုဟာမျိုးကြီးနဲ့ အကြော်ဆိုင်ထောင့်ကနေ ကျွန်မတို့လမ်းထဲကို ဆက်တိုက်ပစ်တာ။ ဆက်တိုက်ဆွဲတာ။ ကျွန်မတို့မိသားစုက ကြောက်လို့ ရေချိုးခန်းထဲဝင်ပုန်းနေကြရတာ။ အဲသလို ပစ်နေတုန်းမှာပဲ လမ်းထဲမှာကလေးတွေ ၁၀၀ လောက် ရှိလာတယ်။ ၃ နာရီမတ်တင်းလောက်ကျ ကျွန်မသားသူထူးစံ ထိသွားပြီ၊ ထိသွားပြီး နောက်စေ့ရှပ်မှန်သွားတာဆိုပြီး ကြားရတာပဲ။ ကျွန်မမောင်တွေက ဆွဲဖို့သွားတော့ သူတို့က သေနတ်နဲ့ လှမ်းပစ်လို့ ရှေ့တိုးမရဘဲ ပြန်လှည့်ပြေးလာခဲ့ရတယ်။ နောက်ထပ် ကျွန်မတို့အသိကလေး ၂ ယောက်လည်း ကျသွားပါတယ်။ အဲဒီနောက် ကျွန်မသားလေးကို ဒီကုလားလေးကလည်း မသေနိုင်ဘူးဆိုပြီး နှာခေါင်းထဲ သေနတ်ထည့်ပြီး ပစ်သွားတယ်လို့ မြင်တဲ့သူတွေက ပြောတယ်” လို့ မိခင်ဖြစ်သူ ဒေါ်ယဥ်မာချိုက ငိုရင်းနဲ့ပြောပြပါတယ်။

ငိုရင်းနဲ့ အသံတိမ်ဝင်သွားလို့ ခဏနားပြီးမှ ဒေါ်ယဥ်မာချိုက ဆက်ပြောပါတယ်။

မြင်းခြံမြို့မှာ စစ်တပ်က အကြိမ်ကြိမ်ပစ်ခတ်နှိမ်နင်းခဲ့ – (ဓာတ်ပုံ – ABFSU)

“အလောင်းကိုလည်း ၁ နာရီလောက်ကြာတဲ့အထိ မကောက်နိုင်ဘူး။ နာရေးကူညီဆောင်ရွက်တဲ့ အဖွဲ့တစ်ဖွဲ့ကို အကူအညီတောင်းတော့ သူတို့လည်း အကူအညီမပေးနိုင်ဘူးလို့ အသင်းကပြောတယ်။ နောက် ၁ နာရီလောက်ကြာတော့မှ သပြေပင်ကျောင်းက ဦးဇင်းတွေနဲ့ ကျွန်မမောင်တယောက်နဲ့ ထွက်ပြီး အလောင်းသွားကောက်ရတယ်။ ကောက်ပြီးတော့လည်း သူတို့ကပစ်ခတ်နေလို့ ကလေးအလောင်းကို အိမ်မှာထားခဲ့ပြီး ကျွန်မတို့က သပြေပင်ကျောင်းတိုက်ထဲ၊ ဘုန်းကြီးကျောင်းထဲသွားနေရတယ်။ ည ၁ နာရီ ၁၅ မိနစ်လောက်ကျတော့ ကျွန်မတို့အိမ်ကို တခါလာပစ်ပြန်တယ်။ ကျွန်မတို့အိမ်ကို သက်သက်လာပစ်တာ။ ကျွန်မတို့ မှာ ကလေးအလောင်းကို တယောက်တည်း အိမ်မှာထားခဲ့ပြီး ကျွန်မတို့က အိမ်မပြန်ရဲလို့ ဘုန်းကြီးကျောင်းထဲမှာ နေရတယ်။ ကလေးအလောင်းနားလည်း မကပ်ရဘူး။ ကိုယ့်သားသမီးသေလို့တောင် ထိုင်ကြည့်ပြီး ငိုလည်း မငိုရဲတဲ့အဖြစ်။”

“အစက ကလေးအလောင်းကို စောင့်နေတဲ့ မောင်နှစ်ယောက်လည်း သူတို့လာပစ်တော့ အိမ်နောက်ဖက်ကနေ မြက်ခင်းပေါ်ဝမ်းလျားမှောက်တွားသွားပြီး ဘုန်းကြီးကျောင်းဘက်ထွက်ပြေးရတယ်။ အိမ်ကိုမီးကြိုးတွေရော ထရန်စဖော်မာတွေရော သေနတ်နဲ့ပစ်သွားတယ်။ ဝါယာတွေကို အိမ်တံခါးပေါက်တွေအားလုံးမှာချိတ်ပြီး လျှော့တိုက်သွားတယ်။”

“မနက်လင်းတော့ ၆ နာရီထိုးလောက်မှ ကလေးအလောင်းရော ရှိသေးရဲ့လားဆိုပြီး သွားကြည့်ရတယ်။ နာရေးလည်း ဘယ်သူမှမလာရဲဘူး။ အချိန်လည်း သတ်မှတ်ပြီး မကြေညာနိုင်လိုက်ပါဘူး။ အသုဘကားလေးရယ်၊ ကျွန်မတို့ မိသားစုကားလေး ၂ စီးရယ် စုစုပေါင်း ကား ၃ စီးနဲ့ပဲ ပို့လိုက်ရတယ်။”

“အဲဒီအချိန်ကတည်းက ကျွန်မတို့ ထွက်ပြေးနေရတာလည်း နှစ်နေရာရှိပြီ ပြောင်းရတာ။ သူတို့ကိုကြောက်လို့ ကျွန်မတို့ပုန်းနေရတာ။ ကျွန်မတို့ ပထမနေတဲ့နေရာကို သိသွားပြီး ဒီမှာနေလို့မရဘူးဆိုပြီး လာခြိမ်းခြောက်တယ်။ ကျွန်မတို့ ဘာသာရေးထုံးစံအရ သူဆုံးတဲ့နေရာမှာ ဆွမ်းတရားနာဖို့တောင် ခုထိမလုပ်ရဘူး။ အပြင်မှာပဲ လုပ်ရတယ်။ အိမ်မှာခုထိ ကလေးရဲ့သွေးတွေတောင် မသုတ်ရသေးပါဘူး။”

အသက် ၁၇ နှစ်အရွယ် ဆယ်တန်းကျောင်းသား သူထူးစံကို မြင်းခြံမြို့ ဆူးဖြူကုန်းသုသာန်မှာ မတ်လ ၃၀ ရက်နေ့က တခြားလိုက်ပါပို့ဆောင်သူတွေမပါဘဲ မိသားစုသက်သက်နဲ့ သင်္ဂြိုဟ်ခဲ့ရပါတယ်။ မတ်လ ၃၀ ရက်မှာလည်း မြင်းခြံမှာ ဆက်လက်ပစ်ခတ်နေတာကြောင့် သူထူးစံရဲ့နာရေးကို ဘယ်သူမှ မတက်ရောက်နိုင်ခဲ့ပေမဲ့ မြို့သူမြို့သား အများအပြားက ဝမ်းနည်းကြေကွဲကြတယ်ဆိုတာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာတွေ့ရပါတယ်။

ငါသေရင်မငိုကြပါနဲ့လို့ သူကမှာခဲ့ပေမဲ့ သူသေတော့ သူ့မိသားစုသာမက လူအများအပြားက မျက်ရည်ကျခဲ့ကြရကြောင်း လူမှုကွန်ရက်မှာ ရေးသားပြောဆိုထားကြပါတယ်။


Original post: BBC Burmese

Send this to a friend