သီဟတင်ထွန်း – သေတမ်းစာကြိုရေးခဲ့သူ တော်လှန်ရေးသမား ဆရာဝန်

April 11th, 2021  •  Author:   Dr. Thiha Tin Tun (Mandalay)  •  1 minute read
Featured image

ကိုသီဟတင်ထွန်းနဲ့ သူရဲ့သေတမ်းစာ

အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် မန္တလေးမြို့မှာ အသက် ၂၆ နှစ်အရွယ် ဆရာဝန် ကိုသီဟတင်ထွန်း ဦးခေါင်းကျည်ထိမှန်ကာ သေဆုံးသွားပြီဆိုတဲ့ သတင်းကြားလိုက်ရတဲ့အချိန်မှာမိုင်ပေါင်း ထောင်ချီအဝေးက မစွမ်းရည်နေဝင်း တစ်ယောက် ဝမ်းနည်းမျက်ရည်တွေကြားက သူ့ချစ်သူရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့ သတိရလိုက်ပါတယ်။

သူချစ်တဲ့ မိသားစုဝင်တွေကိုသာမက အာဏာရှင်စနစ်ကို အတူ တွန်းလှန်နေကြတဲ့ နွေဦးတော်လှန်ရေး ရဲဘော်တွေကိုပါ အားပေးထားတဲ့ “ကျွနိုပ်၏သေတမ်းစာ” ဆိုတဲ့ စာတစ်စောင်ကို ကိုသီဟတင်ထွန်းရဲ့ တောင်းဆိုချက်အတိုင်း လူမှုကွန်ရက်ပေါ်မှာ မစွမ်းရည်နေဝင်း တင်ပေးခဲ့ပါတယ်။

ဒီစာဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို တိုက်ခိုက်လာရင် သူ့အသက်နဲ့လဲပြီး ကာကွယ်သွားမယ်ဆိုတဲ့ တော်လှန်ရေးသမား ဆရာဝန်တစ်ဦးရဲ့ နောက်ဆုံးနှုတ်ဆက်စာ၊ မတရားမှုကို အဆုံးထိ ဆန့်ကျင်ကြဖို့ တိုက်တွန်းခဲ့တဲ့ လူငယ်တစ်ဦးရဲ့ မှာတမ်းအဖြစ် လူအများကြားမှာ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ပါတယ်။

အသက်စွန့်ပြီး တိုက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားတဲ့ ဆရာဝန်

ကိုသီဟတင်ထွန်းရေးခဲ့တဲ့ သေတမ်းစာ

“အခြေအနေတွေ အကောင်းဆုံးကို မျှော်လင့်နေတုန်းမှာပဲ တိုင်းပြည်အာဏာသိမ်းခံလိုက်ရတယ်၊ ပြည်သူ့အာဏာပြန်ရဖို့ ရရာနည်းလမ်းနဲ့ ပြန်တိုက်ယူကြဖို့” ဆိုပြီး အစချီထားတဲ့ စာတစောင်ကို သူကိုယ်တိုင် လက်ရေးနဲ့ရေးပြီး သူ့ရဲ့သေတမ်းစာအဖြစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကိုသီဟတင်ထွန်း သူ့ချစ်သူဆီကို ပေးပို့ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေအတွင်း နေပြည်တော်မှာ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းအပစ်ခံခဲ့ရတဲ့ ဖြစ်စဉ်ကလွဲလို့ ထိခိုက်သေဆုံးခဲ့တဲ့ ဆန္ဒပြသမား မရှိသေးပါဘူး။

ဒါပေမဲ့ ကိုသီဟတင်ထွန်းကတော့ မြန်မာ့နွေဦးတော်လှန်ရေးမှာ သူ့အသက်ကို စွန့်ချင်စွန့်ရပါစေ အဆုံးထိ တိုက်ပွဲဝင်ဖို့ အဲဒီအချိန်ကတည်းက ပြင်ဆင်ထားခဲ့တာပါ။

“စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျရှုံးတဲ့အထိ တိုက်မယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြရုံနဲ့ မပြီးရင် လက်နက်ကိုင်ပြီးတိုက်မယ်။ သူသေသွားခဲ့ရင်တောင် အဆုံးထိ ဆက်လက်တိုက်ပွဲဝင်ကြဖို့ အားပေးထားတဲ့ စာဆိုပြီး ဂုဏ်ယူစွာနဲ့ အဲဒီနေ့က သူကိုယ်တိုင် ဖတ်ပြသွားခဲ့တာ” လို့ မစွမ်းရည်နေဝင်းက ဖွင့်ဟပါတယ်။

“သေတမ်းစာ” ရေးတဲ့ ယဉ်ကျေးမှုဟာ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ အထူးသဖြင့် လူငယ်မျိုးဆက်သစ်တွေကြားမှာတွေ့ရခဲပေမဲ့ ကိုသီဟတင်ထွန်းကတော့ အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မှန်းဆပြီး အဖက်ဖက်က ကြိုပြင်ခဲ့ပါတယ်။

“သူတစ်ခုခုဖြစ်ခဲ့ရင် ဒီစာကို ချက်ချင်းတင်ပေးရမယ်လို့ အသေအချာမှာတယ်၊ ဒီတိုက်ပွဲဟာ မရပ်ရဘူးဆိုတာ လူတွေကို သိစေချင်တယ်။ လူအကျအဆုံးများလို့ ပြည်သူဘက်က အားလျော့ပြီး ရပ်သွားမှာကို သူက သိပ်စိုးရိမ်တယ်” လို့လည်း မစွမ်းရည်နေဝင်းက ဆိုပါတယ်။

သူ့ရဲ့စိုးရိမ်မှုကိုလည်း အဲဒီစာ အဆုံးသတ်မှာ အခုလို ထည့်ရေးသွားခဲ့ပါတယ်။

“နောက်ဆုံး အတူတိုက်ခဲ့ရတဲ့ ရဲဘော်တွေကိုလည်း မရမနေ မလျော့သော ဇွဲနဲ့ တိုက်သွားဖို့၊ ပြည်သူ့အာဏာပြန်ရမှတိုက်ပွဲရပ်ဖို့ အားပေးချင်တယ်။ အရင် သွားနှင့်ခဲ့ရလို့ အားနာရပါတယ်။ စစ်အာဏာရှင် ကျဆုံးပါစေ၊ ပြည်သူ့အာဏာ အဓွန့်ရှည်ပါစေ…….”

ဦးခေါင်းကို အပစ်ခံခဲ့ရတဲ့ ဆရာဝန်

မန္တလေးက ဆန္ဒပြပွဲ – ( ဓာတ်ပုံ – CJ )

ပြင်ဦးလွင်ဆေးရုံကြီးမှာ လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုသီဟတင်ထွန်းဟာ စစ်အာဏာသိမ်းပြီး နောက်တစ်ရက်မှာပဲ ပြည်သူ့အာဏာဖီဆန်မှု CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး လမ်းပေါ်ထွက်ဆန့်ကျင် ဆန္ဒပြပွဲတွေမှာလည်း ထိပ်ဆုံးက ပါဝင်ခဲ့သူ လို့သူ့မိတ်ဆွေတွေက ပြောပါတယ်။

ဖေဖော်ဝါရီ လလယ်ပိုင်းကစလို့ မန္တလေးက ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းမှာ အဓိက ပါဝင်လှုပ်ရှားခဲ့သလို အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေ တိုးလာချိန်မှာတော့ ဆန္ဒပြသမားတွေကို ရှေ့ဆုံးကနေ အကာအကွယ်ပေးရတဲ့ defence team အဖွဲ့ဝင်အဖြစ် ကိုသီဟတင်ထွန်း တာဝန်ယူခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးမှာ သပိတ်စစ်ကြောင်းတွေ အဖြိုခွဲခံရပြီး တဖြည်းဖြည်း လူအကျအဆုံးများလာပေမဲ့ ကိုသီဟတင်ထွန်းကတော့ နေ့စဉ် သပိတ်စစ်ကြောင်းတစ်ခုခုမှာ ဝင်ရောက်အားဖြည့်ရင်း အာဏာရှင် စနစ်ကို မဆုတ်မနစ် ဆက်လက်တွန်းလှန်ခဲ့ပါတယ်။

လူငယ်တစ်ယောက်ဆိုပေမဲ့ အရင်ကတည်းက နိုင်ငံရေးကို မျက်ခြေမပြတ်ဘဲ စိတ်ဝင်စားခဲ့သူ တစ်ယောက်ပီပီမတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့မှာ တစ်ခုခုကြီးကြီးမားမား ဖြစ်လာနိုင်ခြေရှိတယ်၊ ပြည်သူတွေ အများကြီး အသက်ပေးရကောင်း ပေးရနိုင်တယ်လို့လည်း သူ ကြိုတင်မှန်းဆခဲ့ပါတယ်။

ဒါပေမဲ့ အာဏာရှင်တွေကို ဆန့်ကျင်ဖို့ကိုတော့ အဲဒီနေ့မှာလည်း သူ သတ္တိမနည်းခဲ့ဘူးလို့ သူမိတ်ဆွေတွေက ပြောပါတယ်။

မန္တလေးက ဆန္ဒပြပွဲ (GETTY IMAGES)

အဲ့ဒီနေ့ မတ်လ ၂၇ ရက်နေ့ မနက်အစောပိုင်းမှာ ဆေးကျောင်းမိသားစုနဲ့အတူ တက္ကသိုလ်ပေါင်းစုံ သပိတ်စစ်ကြောင်းမှာ လိုက်ပါခဲ့သလို အဲဒီနောက် ပညာရေး သပိတ်စစ်ကြောင်းမှာလည်း သူ ရှေ့ဆုံးက ပါဝင်ခဲ့ပြန်ပါတယ်။

မနက် ၉ နာရီဝန်းကျင်လောက်မှာ သူငယ်ချင်းတစ်ယောက်အိမ်ကို သွားမယ်ဆိုပြီး အိမ်ကထွက်သွားခဲ့ကာ အဲဒီသွားရာလမ်း ၄၂ လမ်းပေါ်မှာ ဆန္ဒပြဖို့ ပြင်နေတဲ့ ပြည်သူတွေကို ကူညီပေးနေရင်းမှာပဲ သေနတ်ကိုင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအလုံးအရင်း ရပ်ကွက်တွေထဲထိ ဝင်ရောက်ပစ်ခတ်တာနဲ့ သူကြုံခဲ့ရပါတယ်။

ဆန္ဒပြပြည်သူတွေအတွက် သူနိုင်သလောက် ပြန်လည်ခုခံဖို့ ကြိုးစားရင်း၊ ပြေးရင်းလွှားရင်းမှာပဲ ကိုသီဟတင်ထွန်းရဲ့ လက်မောင်းကို ကျည်ထိမှန်ခဲ့ပါတယ်။

ရပ်ကွက်ထဲမှာရှိတဲ့ အိမ်တချို့က သူ့ကို အိမ်ထဲဝင်လာနိုင်ဖို့ တံခါးဖွင့်ပေးထားပေမယ့် အိမ်ထဲမှာလည်း ဆန္ဒပြသမား လူငယ်လေးတွေ ပိတ်မိနေတာကြောင့် အားလုံးအဖမ်းခံရမှာ စိုးတာနဲ့ ရှေ့ဆက်ပြေးဖို့ ကြိုးစားရင်းမှာပဲ ဘယ်ဘက်ဦးခေါင်းကို ထပ်အပစ်ခံလိုက်ရပါတယ်။

ဦးခေါင်းကို ကျည်ထိမှန်ချိန်မှာတော့ ထပ်မပြေးနိုင်တော့ဘဲ အဲဒီနေရာမှာပဲ သူ လဲကျသွားခဲ့ပါတယ်။

ဒါပေမဲ့ အာဏာပိုင်တွေရဲ့ တရစပ်ပစ်ခတ်မှုတွေကြောင့် ကိုသီဟတင်ထွန်းရဲ့ ခန္ဓာကို ဘယ်သူမှ ကောက်ချိန်မရလိုက်ဘူး လို့ဒေသအခြေစိုက် သတင်းဌာနတွေက ရေးပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ နှိပ်စက်တာခံခဲ့ရတဲ့ သူ

ကိုသီဟတင်ထွန်း နောက်ဆုံးဆောင်းခဲ့တဲ့ ဦးထုပ် ( ဓာတ်ပုံ – CJ )

ကျည်ထိမှန်ဒဏ်ရာတွေနဲ့ လဲကျနေတဲ့ ကိုသီဟတင်ထွန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပဲ သယ်သွားခဲ့ပြီး အဲဒီနေရာမှာပဲ နှိပ်စက်ညှဉ်းပန်းခဲ့တယ်လို့ မျက်မြင်သက်သေတချို့က ပြောပါတယ်။

“မြောင်းပုပ်ရည်တွေနဲ့ ပက်ပြီး ဘယ်ကလဲ၊ ဘယ်သူလဲဆိုပြီး မေးသံတွေကြားတယ်။ လည်မျိုကို တင်နင်းတယ်။ရင်ဘတ်ကို ဆောင့်ကန်တယ်။ အော်သံဟစ်သံတွေကြားရတယ်” လို့ ဆိုပါတယ်။

ဘီဘီစီက ရရှိထားတဲ့ ဗီဒီယိုဖိုင်တွေထဲမှာတော့ ဦးခေါင်းကျည်ထိမှန်ထားတဲ့ ကိုသီဟတင်ထွန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် လေးယောက်လောက်က မြေကြီးပေါ်မှာ တရွတ်တိုက် ဆွဲလာပါတယ်။ လမ်းထောင့်တစ်နေရာမှာ ချထားလိုက်ပြီး ကိုသီဟတင်ထွန်းရဲ့ မျက်နှာကို သွပ်ပြားနဲ့ အုပ်ကာသေနတ်ကိုင်ထားသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက စစ်ဖိနပ်နဲ့ ဆောင်းနင်းတာကို တွေ့ရပါတယ်။

ဒါပေမဲ့ ကိုသီဟတင်ထွန်းဟာ အဲဒီအချိန်ထိ အသက်ရှုနေသေးပြီး သူ့မျက်နှာပေါ်အုပ်ထားတဲ့ သွပ်ပြားကို လက်နဲ့ကြိုးစား ဖယ်လိုက်တာကိုလည်း အဲဒီဗီဒီယိုထဲမှာ အသေအချာ မြင်ရပါတယ်။ အဲဒီအနီးအနားမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်နောက်တစ်ဦးက မျက်နှာကိုသွပ်ပြားနဲ့ ထပ်အုပ်ပါတယ်။ နောက် မိနစ်ပိုင်းအကြာမှာတော့ ကိုသီဟတင်ထွန်းရဲ့ ခန္ဓာကိုယ်ဟာ မလှုပ်တော့ဘဲ ငြိမ်ကျသွားတာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဦးခေါင်း သွေးထွက်ဒဏ်ရာတွေနဲ့ ခေါင်းမထောင်နိုင်တော့တဲ့ ကိုသီဟတင်ထွန်းကို စစ်ကောင်စီတပ်တွေက ကားပေါ်တင်ခေါ်သွားတာကို နောက်ဗီဒီယိုဖိုင်တစ်ခုမှာ တွေ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ကိုသီဟတင်ထွန်းရဲ့ သတင်းကို ဘယ်သူမှ မကြားရတော့ပါဘူး။

ကိုသီဟတင်ထွန်း ဘယ်မှာလဲ

ပျောက်ဆုံးနေတဲ့ ကိုသီဟတင်ထွန်း ( ဓာတ်ပုံ – CJ )

ကိုသီဟတင်ထွန်း ပျောက်ဆုံးနေတယ်လို့သာ သိထားတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်း မိတ်ဆွေတွေက မြို့အနှံ့ကြိုးစားရှာဖွေခဲ့ပေမယ့် နောက်တစ်ရက်ကျော်အကြာမှ ဒီအဖြစ်အပျက်တွေကို သိခဲ့ရတာပါ။

မန္တလေးအခြေစိုက် သတင်းဌာနတွေရဲ့ အဲဒီနေ့က သတင်းရေးသားဖော်ပြချက်တွေ နဲ့ အမည်မသိ ပိုင်ရှင်မဲ့အမျိုးသားတစ်ဦး ၄၂ လမ်းမှာ သေဆုံးခဲ့တယ်ဆိုတဲ့ လူမှုကွန်ရက်ပေါ်က ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို တိုက်ဆိုင်စစ်ဆေးကြည့်ပြီး ဒါဟာ ကိုသီဟတင်ထွန်း ဖြစ်တယ်ဆိုတာကို မိသားစုဝင်တွေဘက်က အတည်ပြုနိုင်ခဲ့ပါတယ်။

“ဓာတ်ပုံကို စတွေ့တွေ့ချင်း ကျွန်မ ပထမဆုံး ပြောမိတာက အမေမငိုဘူး ငါ့သားရယ်၊ ငါ့သားက အမေငိုတာ မကြိုက်ဖူးဆိုတော့ အမေ မငိုပါဘူး။ အဲဒီအချိန်မှာ ရင်ထဲခံစားလိုက်ရတာက သားကို လုံး၀ ဆုံးရှုံးလိုက်ရပြီ။ ဒါပေမဲ့ အဲဒီဆုံးရှုံးမှုအတွက်ကို ထပ်ပြီးတော့ ကြီးတဲ့ ဆုံးရှုံးမှုကို မရချင်ဘူး။ အာဏာရှင်တွေက ပြည်သူတွေ ရင်ကွဲပက်လက် ဝမ်းနည်းပူဆွေးတာကို အရသာခံချင်ကြတယ်။ အကြောက်တရားရစေချင်ကြတယ်။ အဲဒီ ၂ ချက် မအောင်မြင်စေရဘူး” လို့မိခင်ဖြစ်သူက ပြောပါတယ်။

ကိုသီဟတင်ထွန်းနဲ့အတူ ဆယ်စုနှစ်တစ်ခုကျော်ကြာ ရင်းနှီးကျွမ်းဝင်ခဲ့ပြီး သူငယ်ချင်းသံယောဇဉ်ထက်ပိုကာ ညီရင်းအစ်ကိုတွေလို ဖြစ်နေတဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ကလည်း

“ဒီအကြောင်း သိလိုက်ရချင်းချင်း ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဘာမှမရှိတော့သလို ခံစားလိုက်ရတယ်။ စကားလုံးနဲ့ပြောပြဖို့ ခက်ပေမဲ့ ဘယ်လိုမှ ဖြေမဆည်နိုင်ဘူး။ ဒီဖြစ်ရပ် ဖြစ်သွားတယ်ဆိုတာကို ရာနှုန်းပြည့် လက်ခံဖို့က ဒီကနေ့အထိ ခဲယဉ်းနေတုန်းပဲ” လို့ သူ့ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပါတယ်။

ဓာတ်ပုံဗီဒီယိုတွေကို ကြည့်ရုံ သာမက မျက်မြင်သက်သေတွေရဲ့ ပြောပြချက်တွေကို နားထောင်ကြည့်ပြီးတဲ့နောက် သားဖြစ်သူ အသက်ရှင်နေနိုင်သေးတယ်လို့တော့ မိခင်ဖြစ်သူက မမျှော်လင့်တော့ပါဘူးလို့ပြောပါတယ်။

ကိုသီဟတင်ထွန်းကို စစ်ကောင်စီတပ်တွေ သယ်သွား ( ဓာတ်ပုံ – CJ )

ဒါပေမဲ့ ဈာပနကို ကိုယ်တိုင်ကျင်းပခွင့်ရချင်လို့ ကိုသီဟတင်ထွန်းရဲ့ နောက်ဆုံးအခြေအနေကို အားလုံးက လက်လှမ်းမီသလောက် လိုက်လံစုံစမ်းပေမဲ့ သတိပေးခြိမ်းခြောက်ပြောဆိုမှုတွေ ပြန်ကြားရုံကလွဲလို့ သူ ဘယ်မှာရှိနေလဲဆိုတာ သိခွင့်မရခဲ့ပါဘူး။

ဒါကြောင့် ကိုသီဟတင်ထွန်းရဲ့ နာရေးကို ဒီကနေ့ထိ မပြုလုပ်နိုင်သေးပဲ သူ့အတွက် ရည်စူးအလှူတွေကိုသာ လုပ်ခဲ့ရပါတယ်။

သီဟလမ်းလို့ နာမည်တွင်မယ့် ၄၂ လမ်း

၄၂ လမ်း ရပ်ကွက်သူ ရပ်ကွက်သားတွေကတော့ အဲဒီနေ့က တခြားသူတွေရဲ့ အသက်ကို ကိုသီဟတင်ထွန်းက ကယ်လိုက်တဲ့အတွက်ကြောင့် သူတို့အတွက် “သူရဲကောင်းတစ်ဦး” လို့ ဂုဏ်ပြုနေကြပါတယ်။

“ကိုသီဟတင်ထွန်း ကျသွားပြီး မကြာမီမှာဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရပ်ကွက်အတွင်းကို လိုက်လံပစ်တာတွေဆက်မလုပ်တော့ဘဲ ပြန်သွားကြတယ်။ အိမ်ထဲမှာ ပိတ်မိနေတဲ့ ဆန္ဒပြသမားတွေကိုလည်း ဝင်ရောက်ဖမ်းဆီးတာတွေ မလုပ်တော့ဘူး။ ကိုသီဟတင်ထွန်းကြောင့် သူတို့ရပ်ကွက် ဆိုးဆိုးဝါးဝါးတွေ ဆက်မဖြစ်တော့ဘဲ လွတ်သွားတယ်” လို့လည်း ဆိုကြပါတယ်။

ဒီဖြစ်စဉ်တစ်ခုလုံးကို အစအဆုံး မြင်ခဲ့သူတွေကလည်း “အခုထိ မျက်ရည်ကျနေတုန်းပဲ။ ဆရာဝန်လေးက ဒီရပ်ကွက်သား မဟုတ်ပေမဲ့ ဝိုင်းကူပေးတယ်။ သူက အားလုံးကို ကယ်လိုက်သလိုပါပဲ။ တော်လှန်ရေးကြီးအောင်မြင်တဲ့အခါကျရင် ဒီလမ်းကို သီဟလမ်းအဖြစ် ပြောင်းလဲခေါ်ဝေါ်ပြီး ဂုဏ်ပြုချင်တယ်” လို့ ပြောပါတယ်။

ကိုသီဟတင်ထွန်းကို ဂုဏ်ပြုနေကြ ( ဓာတ်ပုံ – CJ )

ကိုသီဟတင်ထွန်း သေဆုံးခဲ့တဲ့ နေရာမှာ အုတ်ခဲလေးတွေစီပြီး ဒီကနေ့အထိ ဂုဏ်ပြုနေကြသလို “၄၂ လမ်းသူရဲကောင်း” လို့ အမည်တပ်ကာ အဲဒီနေ့ ညနေမှာပဲ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ရပ်ကွက်နေပြည်သူတွေက သူ့အတွက် “သက်ပျောက်ဆွမ်း” ကပ်ပေးခဲ့ကြပါတယ်။

ဆရာဝန်ဘဝမှတော်လှန်ရေးသမားသို့

ခွဲစိတ်ခန်းဝင်နေတဲ့ ကိုသီဟတင်ထွန်း ( ဓာတ်ပုံ – CJ )

သာမန်ဝန်ထမ်းမိသားစုကနေ ပေါက်ဖွားလာတဲ့ ကိုသီဟတင်ထွန်းဟာ အခက်အခဲတွေကြားက ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ရသူဖြစ်ပါတယ် ။

ခွဲခန်းဝတ်စုံဝတ် လူနာတွေရဲ့ အသက်ကို ကယ်တင်ဖို့ သူလိုလားပေမဲ့ အသပြာ ဆရာဝန်တော့ မဖြစ်ချင်ဘူးလို့ ဆေးကျောင်းတက်နေစဉ် ကတည်းက ပြောလေ့ရှိတဲ့အကြောင်း မိခင်ဖြစ်သူက ဆိုပါတယ်။

သူဟာ စာရေးတာအပြင် အနုပညာပိုင်းမှာလည်း ဝါသနာပါပြီး ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းချင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

“ မိုးယဉ်ဆိုတဲ့ ကလောင်နာမည်နဲ့ စာတွေရေး၊ ကဗျာတွေ ဖွဲ့လေ့ရှိတယ်။ တယောထိုးတယ်။ သီချင်းကြီးတွေ ကြိုက်တယ်။ အော်ပရာသီချင်းကြီးတွေ မကြာခဏ ဆိုပြလေ့ရှိတယ်။ လူတွေကို ကူညီတတ်တယ်” လို့ မစွမ်းရည်နေဝင်းက သူ့ချစ်သူရဲ့အကြောင်းကို ပြန်ပြောပြပါတယ်။

ဒါ့အပြင် မြန်မာ့နိုင်ငံရေးသာမက ကမ္ဘာ့နိုင်ငံရေးကိုပါ စိတ်ဝင်စားပြီး သူ့ရဲ့ နိုင်ငံရေး အမြင်၊ သုံးသပ်ချက်တွေဟာ မှန်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

တစ်ဖက်မှာလည်း မတရားမှုကို ရွံရှာမုန်းတီးသူ တစ်ယောက်ဖြစ်ကာ၊ တိုက်တာ ခိုက်တာ၊ စစ်ရေးစစ်ရာနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုလည်း စိတ်ဝင်စားတယ်လို့ ကိုသီဟတင်ထွန်းရဲ့ မိတ်ဆွေအပေါင်းအသင်းတွေက ပြောကြပါတယ်။

“တပ်မတော်ဟာ နိုင်ငံရေးမှာ မပါဝင်ဘဲ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ စစ်မှန်တဲ့ တပ်မတော်မျိုး သူက ဖြစ်စေချင်တယ်။ အမေရိကန်တပ်မတော်ကို သူသိပ် အားကျတဲ့အကြောင်း သူငယ်ချင်းတွေကြားမှာ မကြာခဏ ပြောလေ့ရှိတယ်လို့” လည်း ဆိုပါတယ်။

defence Team မှာ ပါဝင်တဲ့ ကိုသီဟတင်ထွန်း ( ဓာတ်ပုံ – CJ )

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာပိုင်တွေရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် လက်နက်မဲ့ပြည်သူသေဆုံးသူ အရေအတွက် တစ်နေ့တခြား ပိုတိုးလာချိန်မှာ စိတ်အတော်ခံပြင်းပြီး လက်နက်ကိုင်တော်လှန်ဖို့အထိ တွေးထားသူလည်း ဖြစ်တယ်လို့ သူ့မိတ်ဆွေတွေက ပြောပါတယ်။

“ဖယ်ဒရယ်တပ်မတော် ပေါ်လာရင် သူပါဝင်ချင်တယ်။ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ခိုက်တဲ့သူတွေကို သူ့အသက်နဲ့ လဲပြီး တိုက်ပွဲဝင်မယ်” လို့လည်း မကြာမခဏ ပြောလေ့ရှိတယ်လို့ ကိုသီဟတင်ထွန်းရဲ့ အရင်းနှီးဆုံးကျောင်းနေဖက် သူငယ်ချင်းတစ်ဦးက ဖွင့်ဟပါတယ်။

ဒါကြောင့်လည်း ဆရာဝန် သူငယ်ချင်းနှစ်ဦးကြား နောက်ဆုံးပြောဖြစ်ဆွေးနွေးကြတာတွေဟာ အာဏာရှင်တွေကိုဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးအကြောင်း၊ မြန်မာ့နိုင်ငံရေးအခင်းအကျင်းအကြောင်းတွေသာ ဖြစ်ပြီး ဆရာဝန်ဘဝနဲ့ တော်လှန်ရေးသမားဘ၀ ဘယ်ဘက်မှာ ရပ်တည်မလဲဆိုတဲ့အပေါ်မှာတော့ ရင်ဘတ်ချင်း အင်မတန် နီးစပ်တယ်လို့ဆိုတဲ့ သူငယ်ချင်းနှစ်ဦးကြား ရပ်တည်ချက် ကွဲပြားခဲ့ပါတယ်။

“သေသင့်တဲ့သူတွေကို သေအောင်လုပ်ရမှာက ခင်ဗျားတို့ တော်လှန်ရေး သမားတွေရဲ့ တာဝန်၊ မသေသင့်တဲ့သူတွေကို မသေအောင် လုပ်ရမှာက ကျွန်တော်တို့ medical cover (ဆရာဝန်) တွေရဲ့ တာဝန်လို့တောင် ပြောဖြစ်ခဲ့တဲ့အကြောင်း” ကိုသီဟတင်ထွန်းရဲ့ အရင်းနှီးဆုံး သူငယ်ချင်းက ပြန်ပြောင်း ပြောပြပါတယ်။

တော်လှန်ရေးသမားရဲ့ မိခင်ဖြစ်သူ သောက

ကိုသီဟတင်ထွန်းအတွက် ကောင်းမှုကုသိုလ်လုပ်ပေးခဲ့ ( ဓာတ်ပုံ – CJ )

အရိုးအထူးကုခွဲစိတ်ဆရာဝန်ကြီး ဖြစ်ဖို့ ကြိုးစားနေတဲ့ ကိုသီဟတင်ထွန်းဟာ အဖော်မဲ့သူ မိခင်ကြီးအတွက် သားတယောက်အဖြစ် သာမက “အား” တစ်ခုလို အမှီသဟဲ ပြုနိုင်တဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက် တစ်ယောက်လည်း ဖြစ်ပါတယ်။

“ကျွန်မတို့ သားအမိကြား ဆက်ဆံရေးက သားအမိ သံယောဇဉ်ဆိုတာထက် ရဲဘော်ရဲဘက်လိုမျိုး၊ မိတ်ဆွေသူငယ်ချင်းလိုမျိုး ဆက်ဆံရေးက ပိုပါတယ်။ ကျွန်မနဲ့ သားကြားမှာ ပြောဖြစ်တဲ့ စကားတွေက စာပေအကြောင်းအရာတွေ၊ နိုင်ငံရေး၊ သမိုင်းကြောင်းတွေ အဓိက ပါတယ်” လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးမှာ သားဖြစ်သူ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတဲ့အချိန်မှာ အစကတည်းက စိတ်ပူပန်ခဲ့ရပေမဲ့ ယုံကြည်ရာတစ်ခုကို မဆုတ်မနစ် ဇွဲလုံလနဲ့ စိတ်ဓာတ်ခိုင်ခိုင်မာမာ ထားပြီး လုပ်တတ်တဲ့ သားဖြစ်သူရဲ့ ပင်ကိုဗီဇကို သိတဲ့အတွက် မိခင်ဖြစ်သူက တားဆီးဖို့ မကြိုးစားခဲ့ပါဘူး။

တော်လှန်ရေးလုပ်နေတဲ့ သားကိုယ်တိုင်က မိခင်ဖြစ်သူ စိတ်ပူပန်တာကို မကြိုက်ဖူးလို့ ပြောထားဖူးတော့ တောက်လောင်နေတဲ့ သောကအပူမီးတွေကို သားဖြစ်သူရှေ့မှာ အတတ်နိုင်ဆုံး ထိန်းခဲ့ရတယ်လို့လည်း မိခင်ကြီးက ဆိုပါတယ်။

“ကျွန်မရဲ့ အတ္တတွေကို အဆုံးထိ လျှော့ချထားရတယ်။ ဘာတွေဖြစ်လာန်နိုင်သလဲဆိုတာ ကြိုတွေးပြီးတော့ ပြင်ဆင်နေရတယ်။ တော်လှန်ရေးလုပ်နေတဲ့ သားသမီးတိုင်းရဲ့ မိဘတွေလိုပါပဲ။ အိမ်ကနေ စိတ်ပူပေးနေရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး” လို့ ကိုသီဟတင်ထွန်းရဲ့ မိခင်က ပြောပါတယ်။

ဒါပေမဲ့ သားဖြစ်သူရဲ့ သတင်းကြားလိုက်ရချိန်မှာတော့“ရင်ထဲမှာတော့ ဖော်မပြလောက်အောင် စိတ်ထိခိုက်ရတယ်။ ကျွန်မအတွက် ဆုံးရှုံးမှုက အင်မတန် ကြီးပါတယ်။စိတ်ခိုင်ခိုင်မာမာ ဆုံးဖြတ်ပြီး နောက်ဆုံးအချိန်အထိ မကြောက်မရွံ ရဲရဲရင့်ရင့် တိုက်ပွဲဝင်သွားတယ်၊ သူများတွေစွန့်နိုင်ခဲ့တဲ့ ပုံစံနဲ့ ကျဆုံးသွားတဲ့အတွက်တော့ သား အတွက် သိပ် ဂုဏ်ယူတယ်။ ”

နာမည်ထင်ကျန်နေသူ

မန္တလေးဆေးကျောင်းမိသားစုတွေကလည်း ဂုဏ်ပြုခဲ့ ( ဓာတ်ပုံ – CJ )

ကိုသီဟတင်ထွန်း ဘယ်မှာရှိနေသလဲဆိုတာကတော့ သူ့ကို ပစ်ခတ် နှိပ်စက်ပြီး ခေါ်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလွဲလို့ ဘယ်သူမှ အတိအကျ သိနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ အများအတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ သူ့ရဲ့အကြောင်းနဲ့ သူနောက်ဆုံး ထားခဲ့တဲ့ နှုတ်ဆက်စာ တစ်စောင်ကတော့ လူအများကြားမှာ အခုထိ ပျံ့လွင့်နေဆဲ ဖြစ်ပါတယ်။

“သူ့သေစာတမ်းစာကို တွေ့တွေ့ချင်း အစ်မဖြစ်သူက ငိုတယ်။ အမေအကြာကြီး ဝမ်းမနည်းပါနဲ့၊ သူ့အတွက် ဂုဏ်ယူပါလို့ ဒီစာထဲမှာ သေချာရေး မှာခဲ့တော့ ကျွန်မ ဒီကနေ့အထိ မျက်ရည်တစ်စက်မှ မကျဘူး။ စိတ်တင်းထားတယ်။ မိခင်တစ်ယောက်အနေနဲ့တော့ စိတ်မဆင်းရဲပဲတော့ မနေနိုင်ဘူး။။ ဘယ်လိုမှ ဖြေဖျောက်လို့ ရမှာ မဟုတ်ဘူး” လို့ မိခင်ဖြစ်သူက ဖွင့်ဟပါတယ်။

အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သူကတော့ ဒီစာကို တွေ့တွေ့ချင်း ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလမှာ ကျဆုံးသွားခဲ့သူ ပြောက်ကျားရဲဘော်တစ်ဦးအကြောင်း ဖွဲ့နွဲ့ရေးသားထားတဲ့ ဆရာ မင်းသုဝဏ်ရဲ့ “သူ့မှာတမ်း” ကဗျာကိုချက်ချင်း ပြေးမြင်မိတယ်လို့ ဆိုပါတယ်။

“အဲဒီ ကဗျာထဲကလိုပါပဲ။ ကိုသီဟက အမိနဲ့အဖကို ဦးတင်ခဲ့တယ်။ ချစ်သူဖြစ်သူကိုလည်း နားလည်ဂုဏ်ယူဖို့ မှာခဲ့တယ်။ နောက်ဆုံး အဆုံးသတ်မှာ အရင်သွားနှင့်ခဲ့ရလို့ အားနာပါတယ်လို့ တော်လှန်ရေး ရဲဘော် ရဲဘက်တွေကို မှာခဲ့တော့ ဆရာကြီး မင်းသုဝဏ် ကဗျာထဲကအတိုင်းလို့“ သူကပြောပါတယ်။

“ခရီးမတ်တတ်၊ လမ်းခုလတ်တွင်

ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍

အားနာခဲ့ကြောင်း ပြောပါလေ။” ဆိုတဲ့ စာသားလေးကို သတိရမိတယ်။

သူ့အတွက် သိပ်ဂုဏ်ယူတယ်။ ကျွန်တော့်အတွက်တော့ လက်မောင်းတစ်ဖက်ပြုတ်သွားသလိုပဲ။အင်မတန်ဝမ်းနည်းမိတယ်” လို့ ပြောပါတယ်။

ကိုသီဟတင်ထွန် ( ဓာတ်ပုံ – CJ )

နှစ်ယောက်သား ဘဝတစ်ခု တည်ထောင်ပြီး အိပ်မက်တွေကို အတူပုံဖော်ကာ တစ်နေ့တော့ သံသရာကလွတ်မြောက်ကြောင်းကိုပါ အတူရှာဖို့ တိုင်ပင်ထားခဲ့ဖူးတဲ့ မစွမ်းရည်နေဝင်းကတော့ ဒီအဖြစ်အပျက်တွေကို လက်ခံဖို့ ခဲယဉ်းနေပါသေးတယ်လို့ ဆိုပါတယ်။

“ပျောက်သောသူ ရှာရင်တွေ့၊ သေသောသူ ကြာရင်မေ့” ဆိုတဲ့ စကားတွေကလည်း သူ့အတွက် အပြည့်အဝ မမှန်ခဲ့ပါဘူး။

“ညီမ ရင်ထဲမှာတော့ သူအသက်ရှိနေသေးတယ်။ အလုပ်တွေ ရှုပ်နေလို့ စာတွေမပြန်၊ ဖုန်းတွေ မကိုင်တာဘဲလို့ပဲ ထင်မိနေတုန်းပဲ….”

အားထားရတဲ့ သားတစ်ယောက်ကို ဆုံးရှုံးလိုက်ရပေမဲ့ သားဖြစ်သူရဲ့ နောက်ဆုံးအချိန်မှာတောင် ရှိခွင့်မသာတဲ့မိခင်ကြီးကလည်း “ဒီတော်လှန်ရေးကြီးအောင်မြင်ရင် သားအတွက် အထိမ်းအမှတ် တစ်ခုခု လုပ်သွားမယ်၊ ကမ္ပည်းကျောက်တိုင်စိုက်ပြီး သူသိပ်လုပ်ချင်တဲ့ စာကြည့်တိုက် တစ်ခု ထူထောင်သွားမယ်” လို့ ပြောပါတယ်။


Source: BBC News/မြန်မာ