By BBC Burmese
မြန်မာမှာ စစ်အာဏာသိမ်းထားတာ နှစ်လကျော်ခဲ့ပါပြီ။ နိုင်ငံတဝန်း စစ်အာဏာသိမ်းဆန့်ကျင်ရေးသပိတ်တွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်ခဲ့ပြီးပြုလုပ်နေဆဲဖြစ်သလို ဒီနေ့ ဧပြီ ၂ ရက်မှာလည်း ပန်းသပိတ် ဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။
ပန်းသပိတ် ရဲ့ အဓိက ရည်ရွယ်ချက်နဲ့ ပေးချင်တဲ့ သတင်းစကားကတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြစဉ် စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက ပစ်ခတ်လို့ သေဆုံးခဲ့ရသူတွေကို အဓိက ရည်စူးဂုဏ်ပြုတာဖြစ်သလို အာဏာသိမ်းမှုကိုလည်း ဆက်လက်ဆန့်ကျင်နေတဲ့အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကိုလည်း ထောက်ခံကြောင်းပြသတဲ့အနေနဲ့ ပြုလုပ်တာလည်း ဖြစ်ပါတယ်။
ဒီနေ့ ပန်းသပိတ်ကို လူထုတွေနဲ့ ပြုလုပ်တာရှိသလို လူမဲ့ပန်းသပိတ်ပုံစံ ပြုလုပ်ခဲ့တာတွေကိုလည်းတွေ့ရပါတယ်။
နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရသည့် အာဇာနည် သူရဲကောင်းများအတွက် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းတွင် ယနေ့ ပန်းသပိတ် (Flower Strike) ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင်များတွင်လည်း ကျဆုံးသွားသည့် ပြည်သူများအား ရည်စူး၍ Flower Strike ကမ်ပိန်းကို ယနေ့နံနက်တွင် ပြုလုပ်ခဲ့ကြသည်။
အိမ်အပြန်လမ်းရှိပေမယ့် ဒီမိုကရေစီတိုက်ပွဲအတွင်းကျဆုံးပြီး ဘယ်တော့မှ အိမ်ပြန်လာခွင့် မရှိတော့သည့် အာဇာနည်သူရဲကောင်းများအတွက် ယင်းကမ်ပိန်းကို ပြုလုပ်ခြင်း ဖြစ်သည်။