တော်လှန်ရေးနေ့မှာ ကျဆုံးသွားတဲ့ အညာမြေက အညတရ သူရဲကောင်းများ

27 March 2021

Ko Win Myo Oo, Ko Win Zaw and A Monk student (Kyaukpadaung Township)

တော်လှန်ရေးနေ့မှာ ကျဆုံးသွားတဲ့ အညာမြေက အညတရ သူရဲကောင်းများ

CJ

By BBC

မြန်မာ့နွေဦးတော်လှန်ရေးလို့ ခေါ်ဆိုကြတဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဒီကနေ့ မတ်လ ၂၇ ရက်နေ့ဟာ အသေအပျောက် အများဆုံးနေ့တနေ့အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

ဒီကနေ့မှာ ကလေးငယ်တွေ အပါအဝင် နိုင်ငံတဝန်းက ဆန္ဒပြပြည်သူ ၉၀ ထက်မနည်း ကျဆုံးခဲ့သလို အညာဒေသရဲ့ အိုအေစစ်လို့ သိကြတဲ့ ကျောက်ပန်းတောင်းမြို့မှာလည်း သွေးမြေကျခဲ့ရတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။

၈၈ အရေးတော်ပုံကြီးမှာကော ၂၀၀၇ ရွှေဝါရောင် သံဃအရေးအခင်းလို တစ်နိုင်ငံလုံးအနှံ့ လူထုအုံကြွမှုကြီးတွေမှာတောင် သွေးစွန်းတဲ့ ဖြစ်ရပ်တွေ မပေါ်ပေါက်ခဲ့ဖူးလို့ သူတို့မြို့ရဲ့ စည်းလုံးမှုကို ကျောက်ပန်းတောင်းသူ ကျောက်ပန်းတောင်းသား အများစုက ဂုဏ်ယူလေ့ရှိကြပါတယ်။

ဒါပေမဲ့ ဒီနေ့ စစ်အာဏာသိမ်း ဆန့်ကျင်မှု ဆန္ဒပြပွဲမှာတော့ ကျောက်ပန်းတောင်း ဒေသခံ ၃ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

တိုင်းပြည်မငြိမ်မသက် ဖြစ်နေတဲ့အချိန် တော်လှန်ရေးနေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို အာဏာသိမ်းစစ်ခေါင်းဆောင်တွေဘက်က ကျင်းပခဲ့တဲ့အချိန်မှာ တနိုင်ငံလုံးအနှံ့ အထွေထွေ သပိတ်မှောက်ကြဖို့ ဆန္ဒပြသမားတွေအချင်းချင်းကြား ဆော်သြခဲ့တာကြောင့် ကျောက်ပန်းတောင်းမြို့မှာလည်း ဒီအတွက် ပြင်ဆင်ခဲ့ကြပါတယ်။

မနက် ၁၀ နာရီကျော်လောက်မှာ “ဘူတာလမ်းဆုံ” လို့ လူသိများတဲ့ လမ်းဆုံလမ်းခွ တနေရာမှာ ထိုင်သပိတ်ဆင်နွှဲကြဖို့ လူငယ်အများစု အပါအဝင် လူရာနဲ့ချီ စုဝေးခဲ့ကြတာပါ။

ဆန္ဒပြသမားတွေကို ဦးခေါင်းနဲ့ ကျောပြင်ထိအောင် ပစ်ခတ်ခံရနိုင်တယ်လို့ စစ်တပ်ဘက်က ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိနေတဲ့ကြားက “စစ်အာဏာသိမ်းမှု အမြစ်ပြတ်ကျရှုံးအောင်” ဆိုတဲ့ သူတို့ ယုံကြည်ရာတခုကို စွဲကိုင်ရင်း ကျောက်ပန်းတောင်းဒေသခံတွေ လမ်းပေါ်ထွက်ခဲ့ကြပါတယ်။

ဒါပေမဲ့ သူတို့ဆန္ဒမပြခင်လေးမှာပဲ စစ်ကား နှစ်စီးနဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး တရစပ် ပစ်ခတ်ခဲ့လို့ အသက် ၂၄ နှစ်အရွယ် အင်ဂျင်နီယာကျောင်းဆင်း ကိုဝင်းမျိုးဦး၊ အသက် ၄၀ အရွယ် ကိုဝင်းဇော်နဲ့ ဆန္ဒပြပွဲမှာ မပါပဲ ဆွမ်းချိုင့်လာယူတဲ့ ဘုန်းကြီးကျောင်းသာလေး တစ်ဦးတို့ ဦးခေါင်းနဲ့လည်ပင်း ကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့ပါတယ်။

အညတရ သူရဲကောင်းများ

ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့တဲ့ ကိုဝင်းမျိုးဦး – CJ  

ဆန္ဒပြဖို့ လူစုနေတုန်း ဦးခေါင်းကို ကျည်ထိမှန်ကာ အရင်ဆုံး သေဆုံးသွားသူကတော့ မြို့ပြအင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့ရထားတဲ့ ကိုဝင်းမျိုးဦးပါ။

ကျောက်ပန်းတောင်းမြို့နဲ့ မိနစ် ၃၀ လောက် ဝေးတဲ့ တောင်နောက်ဆိုတဲ့ ရွာလေးကနေ အင်ဂျင်နီယာ ဘွဲ့ရအောင် သင်ယူရင်း ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပစ်ခတ်ဖြိုခွင်းမှု သတင်းတွေကြောင့် ရန်ကုန်မြို့ကြီးမှာ စိတ်မချရဘူးဆိုတဲ့ စိုးရိမ်ချက်နဲ့ မိခင်ဖြစ်သူက ပြန်ခေါ်လို့ ရွာကို ပြန်ရောက်လာတာ မကြာသေးပါဘူး။

“တစ်မိပေါက် တစ်ယောက်ထွန်း”ဆိုသလို မိသားစုဝင်ထဲမှာ သူတယောက်ပဲ ပညာတတ်ရှိလို့ ရွာအတွက်ပါ ဂုဏ်ယူရတဲ့ ကလေးဖြစ်တယ်လို့ မိခင်ဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

ကိုယ့်ရပ်ကိုယ့်ရွာရဲ့ အဝေးတနေရာမှာ အလုပ်လုပ်ပြီး သူရှာလို့ရတဲ့ လစာလေးကို ခြစ်ချုပ်စုရင်း ဖခင်မရှိတော့တဲ့ မိသားစုမှာ အိမ်ထောင်ဦးစီးအဖြစ် တာဝန်ယူကာ မိခင်ဖြစ်သူကိုရော အစ်ကိုနဲ့ ညီဖြစ်သူကိုပါ လုပ်ကျွေးနေသူဖြစ်တယ်လို့လည်း မိခင်ဖြစ်သူက ဖွင့်ဟပါတယ်။

” ကျွန်မတို့မှာ ဒီသားလေးပဲ ပညာတတ်တာ၊ မိသားစု ၃ စုလောက် အားကိုးနေရတဲ့ သားလေးပါရှင်၊ အခုတော့ ကျွန်မ သားလေး ဆုံးပြီ၊ ကျွန်မတို့မှာ အားကိုးစရာမရှိတော့ဘူး။ ကျွန်မတို့ကို ကယ်လို့မရတော့ဘူးလားရှင်” ဆိုပြီး သားဖြစ်သူကို ဆုံးရှုံးရတဲ့ ခံစားချက်ကို မိခင်ဖြစ်သူ ငိုကြွေးရင်း ပြောဆိုခဲ့တာပါ။

CJ  

သူဟာ ပရဟိတ လုပ်တာ ဝါသနာပါပြီး ရွာမှာဆို ကလေးတွေကို စာသင်ပေးလေ့ရှိတယ်လို့လည်း ကိုဝင်းမျိုးဦးရဲ့ ဦးလေးဖြစ်သူက ဖြည့်စွက်ပြောပါတယ်။

ကိုဝင်းမျိုးဦးဟာ မိသားစု မှာ သာမက သူငယ်ချင်းတွေရဲ့ ချစ်ခြင်းမေတ္တာကိုလည်း ရရှိသူ တစ်ဦးပါ။

“အတန်းထဲမှာဆို သူက အမြဲပျော်ပျော်နေတတ်တယ်၊ အားလုံးကို ဖေးမကူညီတတ်တဲ့ စိတ်ရှိတယ်၊ ခေါင်းဆောင်မှုပိုင်းကောင်းတယ်၊ သူ့ကို အားလုံးက ချစ်ကြတယ်၊ တခုခုဖြစ်ရင် ဆရာ၊ဆရာမတွေက သူ့ကိုပဲ အားကိုးရတာ၊ အတန်းထဲမှာတော့ သူက စံပြပုဂ္ဂိုလ် တယောက်လိုပဲ” လို့ ကိုဝင်းမျိုးဦးရဲ့ ကျောင်းနေဖက် သူငယ်ချင်းတဦးက ဆိုပါတယ်။

အဝေးတနေရာမှာ ရောက်နေပေမယ့် သတင်းကြားကြားချင်း ငိုယိုခဲ့ရတဲ့ သူငယ်ချင်းဖြစ်သူက ” ဖြစ်နိုင်ရင် သူနဲ့ ကျွန်တော် အသက်ချင်း လဲလိုက်ချင်တာ။ သူ့အစား ကျွန်တော့်အသက်ပဲ ပေးလိုက်ချင်တယ်။ သူ့မှာ မိစုံ ဖစုံ မရှိတော့ဘူး။ သူက မိသားစုကို လုပ်ကျွေးနေတာ၊ သူ့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်” လို့လည်း ပြောပါတယ်။

ဆန္ဒပြဖို့ လူစုနေတဲ့အချိန် စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် လူစုကွဲသွားတဲ့အချိန် ကိုဝင်းမျိုးဦးကိုယ်တိုင်လည်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ တရစပ်ပစ်ခတ်မှုတွေကြောင့် သူ့ရှေ့မှာရှိနေတဲ့ ဆန္ဒပြသမားတွေကို ရှေ့မတိုးဘဲ နောက်ဆုတ်ကြဖို့၊ ရှောင်တိမ်းဖို့ ပြောရင်း သူ့ဦးခေါင်း နောက်ပိုင်းကို အပစ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ကိုဝင်းမျိုးဦး အပစ်ခံလိုက်ရပြီဆိုတာ သိလိုက်တဲ့ ဆန္ဒပြသမားတွေက သူ့ရုပ်အလောင်းကို ကောက်ဖို့ ကြိုးစားပေမယ့် ပစ်ခတ်မှုတွေကြောင့် သယ်လို့မရခဲ့ဘဲ နောက်ပိုင်းမှာ စစ်တပ်က ယူသွားတယ်လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူလည်းဖြစ်၊ ဒီအဖြစ်အပျက်အားလုံးကို ကိုယ်တိုင်မြင်တွေ့ခဲ့သူ တဦးက ပြောပြပါတယ်။

ကိုဝင်းမျိုးဦး သေဆုံးပြီးတဲ့နောက် ဒုတိယတယောက်မြောက် အသက်ပေးလိုက်ရသူကတော့ အသက် ၄၀ ကျော်အရွယ် ဦးဝင်းဇော်ပါ။

ပိတ်မိနေတဲ့ ဆန္ဒပြလူငယ်တွေကို ကာပေးရင်းသေဆုံးခဲ့တဲ့ ဦးဝင်းဇော် – CJ  

နယ်ထိန်းရဲဟောင်း တဦးဖြစ်တဲ့ ဦးဝင်းဇော်ဟာ ကိုယ်တိုင် ရဲဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ခဲ့ဖူးပေမယ့် မတရားမှုကို ဆန့်ကျင်သူတဦးဖြစ်ပြီး ရပ်ကွက်အတွင်းက သာရေးနာရေးမှန်သမျှကို ရှေ့ဆုံးက ဦးဆောင်သူ တဦးဖြစ်တယ်လို့ ညီမဖြစ်သူက ဖွင့်ဟပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ချိန်မှာ သူက အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ပေမယ့် ဆန္ဒပြလူငယ် မိန်းကလေးတွေ ပိတ်မိနေတာကြောင့် သူတို့ကို ကာပေးရင်း အသက်ပေးခဲ့ရသူလည်း ဖြစ်ပါတယ်။

“အဲဒီဦးလေးက သေရင် ငါပဲ အသေခံမယ်၊ မျိုးဆက်သစ်လူငယ် Generation Z တွေကိုတော့ အသေမခံနိုင်ဘူး လို့ အော်ပြီး ဆန္ဒပြသမားတွေ ထွက်လို့ရအောင် သူက ရှေ့ထွက်ကာပေးရင်း အပစ်ခံလိုက်ရတာ” လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ တဦးက ဘီဘီစီကို ပြောပါတယ်။

“ကျွန်တော့်ရှေ့မှာပဲ လည်ပင်းကို အပစ်ခံလိုက်ရတာ၊ ပြေးရင်လွတ်ရဲ့သားနဲ့ တခြားသူတွေအတွက် သူက အသေခံသွားတာ” လို့ ဦးဝင်းဇော်ရဲ့ တူဖြစ်သူကလည်း ဖွင့်ဟပါတယ်။

ဦးဝင်းဇော်ရဲ့ ရုပ်အလောင်းကိုလည်း စစ်ကောင်စီတပ်တွေကပဲ သယ်သွားခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ ကိုယ်တိုင်မပါပေမယ့် ဆွမ်းချိုင့်သွားယူတဲ့ ဘုန်းကြီးကျောင်းသားတဦးလည်း ဦးခေါင်းကို အပစ်ခံလိုက်ရပြီး သေဆုံးသွားတယ်လို့ ဆန္ဒပြသမားတွေက ပြောပါတယ်။

ဒါပေမဲ့ အဲဒီသေဆုံးသွားတဲ့ ဘုန်းကြီးကျောင်းသားရဲ့ မိသားစုဝင်တွေကိုတော့ ဘီဘီစီက ဆက်သွယ်လို့ မရခဲ့ပါဘူး။

နေအိမ်မှာတောင် ဈာပနကျင်းပခွင့်မရလိုက်သူတွေရဲ့ နောက်ဆုံးခရီး

CJ  

ဒီကနေ့ ကျောက်ပန်းတောင်းမြို့မှာ ကျဆုံးသွားသူ ၃ ဦးရဲ့ ရုပ်အလောင်းကို မိသားစုဝင်ဖြစ်သူတွေက နေအိမ်ကို သယ်ခွင့်မရခဲ့သလို သူတို့ကို ချစ်ခင်သူတွေအားလုံး လိုက်ပါပို့ဆောင်ခွင့်မရခဲ့ဘဲ အာဏာပိုင်တွေရဲ့ ဆန္ဒအတိုင်း လူမပြည့်မစုံနဲ့ မီးသင်္ဂြိုဟ်ခဲ့ရပါတယ်။

“ကျွန်မတို့က အလောင်းပြန်ရရင် ဈာပနလုပ်ဖို့ အိမ်မှာ ပြင်ထားတယ်၊ ဒါပေမဲ့ သူတို့က ပြန်မပေးဘဲ မိသားစုဝင်တွေထဲက အမျိုးသမီး ၅ ယောက်ပဲ လာပြီး မီးသင်္ဂြိုဟ်ပါလို့ ပြောတဲ့အတွက် ကျွန်မတို့ပဲ သွားလိုက်ရတယ်” လို့ ဦးဝင်းဇော်ရဲ့ ညီမဖြစ်သူက ဆိုပါတယ်။

အာဏာရှင်စနစ်ကို တွန်းလှန်ရင်း သေဆုံးသွားခဲ့သူတွေရဲ့ နောက်ဆုံး ခရီးအထိ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရှိနေခဲ့ပါတယ်။

“ကျွန်တော်တို့က ရုပ်အလောင်းပြန်တောင်းချင်ပေမယ့် မဖြစ်နိုင်ဘူး။ စစ်ကား ၄/၅ စီးနဲ့ သူတို့က စောင့်နေတာလေ။ စစ်သားတွေကလည်း သေနတ်တွေနဲ့။ ရုပ်အလောင်းကို ကြည့်ရှုခွင့်တော့ ရခဲ့တယ်။ ဦးခေါင်းနောက်ပိုင်းတခုလုံး စုတ်ပြတ်နေတယ်။ အမေဖြစ်သူကတော့ အရူးတပိုင်းပဲ” လို့ ကိုဝင်းမျိုးဦးရဲ့ ဦးလေးဖြစ်သူက ဖွင့်ဟပါတယ်။

ပစ်ခတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာကြောင့် စစ်ကောင်စီတပ်တွေက ရုပ်အလောင်းကို ဓာတ်ပုံတောင် ရိုက်ခွင့်မပေးဘူးလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

အသက်ပေးခဲ့ရပေမယ့် ဂုဏ်ယူတယ်

CJ  

ဆန္ဒပြပွဲအတွင်း တနေ့တည်း လူသုံးယောက် အသက်စွန့်ခဲ့ရတယ်ဆိုတာက ကျောက်ပန်းတောင်းလို မြို့ငယ်လေးမှာတော့ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တခုပါ။

ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရင်း အသက်ပေးခဲ့ရသူတွေအတွက် သောကမီးတောက်လောင်နေတဲ့ကြားက သူတို့မိသားစုဝင်တွေကတော့ ဂုဏ်ယူနေကြပါတယ်။

“အသက်ပေးခဲ့ရပေမယ့် ဂုဏ်ယူတယ်၊ နဂိုကတည်းက စစ်အုပ်ချုပ်ရေးကို မုန်းရတဲ့အထဲ အခုလို ဖြစ်တော့ ပိုမုန်းတာပေါ့ဗျာ” လို့ ကိုဝင်းမျိုးဦးရဲ့ ဦးလေးဖြစ်သူက ပြောပါတယ်။

အစ်ကိုဖြစ်သူရဲ့ ဈာပနကို မိသားစု စုံစုံလင်လင်နဲ့တောင် ကျင်းပခွင့်မရခဲ့သလို အသက်ကြီးနေပြီဖြစ်တဲ့ မိခင်ဖြစ်သူကိုတောင် အကြောင်းစုံ မဖွင့်ချရဲသေးတဲ့ ဦးဝင်းဇော်ရဲ့ ညီမဖြစ်သူလည်း “သေတာချင်းတူပေမယ့် အသက်စွန့်သွားပုံချင်းမတူဘူး။ အစ်ကို ဖြစ်သူအတွက် အတိုင်းမသိ ဂုဏ်ယူတယ်” လို့ ဝမ်းနည်းမျက်ရည်တွေနဲ့အတူ ပြောကြားသွားခဲ့ပါတယ်။

မတ်လ ၂၄ ရက် ညက ကျောက်ပန်းတောင်းမြို့မှာ ညသပိတ်ပြုလုပ်ရင်း သေဆုံးသွားခဲ့တဲ့ ဆန္ဒပြသမား ကိုကြည်ဆက်လှိုင်ရဲ့ ဈာပနကိုတော့ နေအိမ်မှာ ကျင်းပခွင့်ရခဲ့ပြီး မြို့သူမြို့သား အများအပြား လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးအတွင်း သေဆုံးသွားခဲ့ကြတဲ့ ကျောက်ပန်းတောင်းမြို့က အညတရ သူရဲကောင်းတွေအတွက် မတ်လ ၂၈ ရက်နေ့မှာ ဂုဏ်ပြုဆုတောင်းပွဲ ကျင်းပသွားမယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။


Original Post: BBC

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia