မြစ်ကြီးနား နည်းပညာတက္ကသိုလ် ကျောင်းသား ကိုစိုးနိုင်ထွန်း – မိုးညှင်းမြို့တွင် ကျဆုံးသွားသည့် နွေဦးသူရဲကောင်း

မြစ်ကြီးနား နည်းပညာတက္ကသိုလ် ကျောင်းသား ကိုစိုးနိုင်ထွန်း – မိုးညှင်းမြို့တွင် ကျဆုံးသွားသည့် နွေဦးသူရဲကောင်း

(25 March 2021 – Monyin)

မိုးညှင်းမြို့ တံတားအောက်မှာ ပုန်းနေချိန် ဦးခေါင်းကို ပစ်ခတ်ခံလိုက်ရတာကြောင့် ဆုံးပါးသွားတဲ့ သူရဲကောင်း ကိုစိုးနိုင်ထွန်းဟာ မြစ်ကြီးနား နည်းပညာတက္ကသိုလ်ရဲ့ EP စတုတ္ထနှစ် ကျောင်းသားဖြစ်ပါတယ်။

ကိုစိုးနိုင်ထွန်းက ဆုံးပါးချိန်မှာ အသက် (၂၀) ရှိပြီဖြစ်ပြီး မြစ်ကြီးနား နည်းပညာ တက္ကသိုလ် ကျောင်းသား သမဂ္ဂရဲ့ ပြင်ပ ဆက်ဆံရေးတာဝန်ခံလည်းဖြစ်ပါတယ်။

သူ့မှာ မွေးချင်းအစ်မတစ်ယောက်နှင့် ညီမတစ်ယောက်ရှိပြီး မိသားစုထဲမှာတော့ သူက တစ်ဦးတည်းသောသား ဖြစ်ပါတယ်။

“သူက အမြဲတမ်းပြုံးပြုံးပဲနေတတ်တယ်။ စိတ်ထားလည်းအရမ်းကောင်းတာ။ ကျောင်းမှာလည်း သူကသိတဲ့သူများတယ်။ အလုပ်လည်း အရမ်းကြိုးစားတယ်”လို့ ကိုစိုးနိုင်းထွန်းရဲ့ ကျောင်းနေဘက်သူငယ်ချင်းကဆိုပါတယ်။

ကိုစိုးနိုင်ထွန်းလို့ ဆိုလိုက်တာနဲ့ သူဟာ ကျောင်းသားတွေကြားထဲမှာ ဦးဆောင်လိုစိတ်၊ တာဝန်ယူတာဝန်ခံတတ်တဲ့ စိတ်ရှိသူအဖြစ် သူငယ်ချင်းတွေက မြင်ကြကြောင်း ပြောဆိုကြပါတယ် ။

ဖေဖော်ဝါရီလမှာ ပြုလုပ်ခဲ့တဲ့ မြစ်ကြီးနား နှစ်ငါးလုံး (၂၂၂၂၂ ) သပိတ်မှာလည်း ရှေ့ကလမ်းလျှောက်ပြီး ပါဝင်ခဲ့သလို မိုးညှင်းသပိတ်ကိုလည်း ဦးဆောင်ပါဝင်နေသူတဦး ဖြစ်ပါတယ်။

“သူဖမ်းဝရမ်းတောင် ထုတ်ခံထားရတယ်။ ဒါကြောင့် ဖုန်းဆက်ရင်တောင် သူ့ကိုပြောသေးတယ် အရမ်းရှေ့မတက်နဲ့လို့ ဖမ်းခံရရင် အမှုပိုကြီးနိုင်တယ်လို့။ သူက​ မကြောက်ဘူး။ ​”လို့ သူ့သူငယ်ချင်းတဦးက ဆိုပါတယ်။

ကိုစိုးနိုင်ထွန်းက စစ်အာဏာရှင်စနစ် ပြုတ်ကျရေးကို အားတက်သရော ဆန့်ကျင်ခဲ့ရင်းနဲ့ပဲ ဒီနေ့မှာတော့ တံတားအောက်မှာ ပုန်းနေစဉ် စစ်အာဏာရှင်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိပြီး ကျဆုံးသွားခဲ့ရပါပြီ။

ယနေ့ မနက်ပိုင်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြနေတဲ့ မိုးညှင်းသပိတ်ဖြိုခွင်းခံရပြီး ပြည်သူ ၁၇ ယောက်အဖမ်းခံရတဲ့အတွက် ဖမ်းခံရသူများအား ချက်ခြင်း လွတ်ပေးဖို့ မိုးညှင်းရဲစခန်းကို သွားဝိုင်းတဲ့အထဲ ကိုစိုးနိုင်ထွန်းလဲပါဝင်ခဲ့ကြောင်း သိရပါတယ်။

ရပ်မိရပ်ဖတွေနဲ့ ရဲတွေ ညှိနှိုင်း နေစဉ်မှာပဲ ပြည်သူတွေရှိနေတဲ့နားကို စစ်ကားမောင်းဝင်လာပြီး စစ်သားတွေထွက်လာကာ လူထုကြားထဲကို ပစ်ခတ်ခဲ့တာပါ။

စစ်တပ်က အဓိကရုဏ်းနှိမ်နင်းသလို သတိပေးပြောဆိုတာ မရှိဘဲ ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆန္ဒပြလူထုက ဆိုပါတယ် ။

ပစ်ခတ်ခံရတဲ့အတွက် အားလုံး ထွက်ပြေးနေကြချိန်မှာ ကိုစိုးနိုင်းထွန်းနဲ့ အခြားလူငယ်တစ်ယောက်ကတော့ မိုးညှင်းရွှေသာလျောင်း ဘုရားတံတားအောက်က ရေထဲမှာ ပုန်းနေခဲ့ကြတာပါ ။

သူတို့နှစ်ဦး ပုန်းနေတာကို အရပ်ခေါ် ဒလန်၊ စစ်တပ်သတင်းပေးတစ်ဦးက ပြခဲ့တာကြောင့် စစ်တပ်က ရောက်ချလာပြီး ပစ်ခတ်ကာ ကားပေါ်ဆွဲတင်သွားခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်ခံရချိန်က မျက်မြင်တွေ့သူတွေ ရှိပေမယ့် ဘယ်သူဘယ်ဝါမှန်း မသိခဲ့ကြပါဘူး။

ညနေပိုင်းရောက်မှ ပိုင်ရှင်မဲ့အလောင်းတစ်လောင်း မိုးညှင်းရင်ခွဲရုံကို ရောက်နေတယ်ဆိုပြီး သွေးသံရဲရဲနဲ့ ရုပ်အလောင်းဓါတ်ပုံတွေ ပြန့်လာတော့မှ ကိုစိုးနိုင်ထွန်းဆိုတာကို သိကြတာပါ။

မြစ်ကြီးနား နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂကတော့ ကိုစိုးနိုင်ထွန်းကို ထာဝရသူရဲကောင်းအဖြစ် မှတ်တမ်းတင်ကြောင်း စာတစောင်ထုတ်ပြန်ထားပါတယ်။

ကိုစိုးနိုင်ထွန်းက ဒီမိုကရေစီ မရမချင်း တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုထားတဲ့အတိုင်း သပိတ်တိုင်းတွေ ပါဝင်နေသူလည်းဖြစ်ပါတယ်။

“သူက ဒီပွဲမနိုင်မချင်း တိုက်မယ်။ ​သေမှာလည်း မ​ကြောက်ဘူး။ ဘယ်လိုမှ ရပ်ပစ်လိုက်မှာမဟုတ်ဘူး။ မိုးညှင်းမှာ မရရင် အခြားမြို့တစ်ခုမှာ နေရာပြောင်းပြီး တိုက်မယ်။ ဒီမိုကရေစီရအောင်တိုက်မယ်လို့အမြဲတမ်းပြောတယ်။” လို့ သူ့သူငယ်ချင်းက ပြောပါတယ်။

လက်ရှိမှာတော့ ကိုစိုးနိုင်ထွန်းရဲ့ ရုပ်အလောင်းဟာ မိုးညှင်းရင်ခွဲရုံမှာပဲရှိနေဆဲဖြစ်ပါတယ်။

မတ်လ ၂၆ ရက်၊ မနက် ၆ နာရီမှသာ ရုပ်အလောင်း လာထုတ်ယူဖို့ မိသားစုကို ပြောဆိုထားတယ်လို့ သိရပါတယ်။

သူရဲကောင်း ကိုစိုးနိုင်ထွန်းနဲ့အတူ သူရဲကောင်း ကိုဝင်းဆွေလည်း ယနေ့မိုးညှင်းမှာ ကျဆုံးခဲ့ပါတယ်။

ကချင်ပြည်နယ်တွင် နွေဦးတော်လှန်ရေး တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ သူ (၅) ဦးထိရှိလာပြီဖြစ်ပါတယ်။

လူထုကတော့ ကျဆုံးသွားသူ များကို သူရဲကောင်းအဖြစ် မှတ်တမ်းတင်ထားကြပါတယ်။


See the original post by Kachin Waves.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia