မောင်ခန့်ငြားဟိန်း – သား ဆရာဝန်ဖြစ်ရင် ဆင်းရဲသားတွေကို အလကားကုပေးမယ်ဆိုတဲ့ ၁၇ နှစ်အရွယ် ကျဆုံးသွားတဲ့ နွေဦးတော်လှန်ရေး သူရဲကောင်း

March 14th, 2021  •  Author: Khant Nyar Hein (Yangon)  •  1 minute read
Featured image

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အတင်းအဓမ္မအာဏာသိမ်းဆည်းခဲ့သော စစ်တပ်ကို လူငယ်များအပါအဝင် မြန်မာနိုင်ငံ တဝန်းမှ လူထုများ ဆန့်ကျင်ဆန္ဒပြလာကြသည်မှာ တစ်လကျော်ကြာလာခဲ့ပြီး ဖြစ်ပါသည်။ ထိုကာလတလျှောက် လူထုဆန္ဒပြပွဲများကို အာဏာသိမ်းစစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းမှုများရှိလာပြီး ကျည်အစစ်များသုံး၍ ပစ်ခတ်ခြင်းကြောင့် လူအများအပြား သေဆုံးကြရသည်။ ထို့အပြင် ကျောင်းသားလူငယ်များနှင့် အရေးအခင်းတွင် ပါဝင်သူများကို ဖမ်းဆီးအရေးယူမှုများလည်း ရှိခဲ့သည်။

မတ်လ ၁၄ ရက်နေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြရင်း ကျဆုံးသွားသူ အများအပြားရှိခဲ့ပြီး ရန်ကုန် တာမွေမြို့နယ်မှာ ကျဆုံးသွားသူကတော့ အသက် ၁၇ နှစ်အရွယ် ဆေးတက္ကသိုလ်ကျောင်းသားလေး မောင်ခန့်ငြားဟိန်း ဖြစ်ပါသည်။ မောင်ခန့်ငြားဟိန်းဟာ မြန်မာပြည်ဖွား တရုတ်လူမျိုးတစ်ဦးဖြစ်ပါတယ်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်ထဲအတွင်း AAPP ရဲ့ အတည်ပြုထားတဲ့စာရင်းအရ ၇၄ ယောက် ကျဆုံးခဲ့ပါတယ်။

ဆရာဝန်ကြီးဖြစ်လာတဲ့အချိန်ထိ ရှိမနေတော့တဲ့ သား ခန့်ငြားဟိန်းက သား ဆရာဝန်ဖြစ်ရင် ဆင်းရဲသားတွေကို အလကားကုပေးမယ်လို့ ပြောခဲ့ဖူးတဲ့အကြောင်း မိခင် ဒေါ်ကြူကြူသင်းက ငိုကြွေးရင်း ပြောခဲ့ပါတယ်။

မောင်ခန့်ငြားဟိန်းရဲ့ စျာပနကို မတ်လ ၁၆ ရက်နေ့မှာပြုလုပ်ခဲ့ပြီး လွန်စွာ ဝမ်းနည်းပူဆွေးသောကရောက်ရသော ၎င်း၏မိဘဆွေမျိုးများက ရင်ဖွင့်ပြောကြားသံများကို ဘီဘီစီမှ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းကို မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြန်လည်ရေးသား တင်ပြလိုက်ပါသည်။

မောင်ခန့်ငြားဟိန်း၏ မိခင်ဖြစ်သူ ဒေါ်ကြူကြူသင်း က သားလေးရဲ့ လူထုဆန္ဒပြပွဲတွေမှာ ပါဝင်လာပုံကို ရှင်းပြခဲ့ပါတယ်။

ကျမသားလေးက အရမ်းလိမ္မာတယ်၊ စိတ်ကောင်းရှိတယ်၊ အရမ်းလည်း နူးညံ့တယ်။ သူက သတ်တာ ဖြတ်တာတွေတွေ့တော့ သူမခံစားနိုင်ဘူး။ အဲ့အချိန်မှာ သူအရမ်းဝမ်းနည်းတာ၊ သူငိုတယ်။ လူငယ်လေးတွေက ဘာမှမလုပ်ရေသးဘူး ဘာလို့အလကားတွေ သေရမှာလဲ။ အဲ့ဒီတော့ သားတို့မထွက်လို့ မဖြစ်ဘူးတဲ့။

သားရယ် သားအသက်ကလည်း ငယ်တယ် မလုပ်ပါနဲ့လို့ ကျမအတန်တန်တားပါတယ်။

အဒေါ်ဖြစ်သူ ဒေါ်သန္တာလွင်ကလည်း စိတ်မကောင်းစွာ ရင်ဖွင့်လာပါတယ်။

သူများတွေဆန္ဒစပြတဲ့နေ့ကတည်းက သူက သွားချင်တယ်။ ကျမတို့က သူ့ကိုစိတ်မချဘူး။ ဘတ်စကားတောင် မစီးဖူးဘူးလေ။ ကျမတို့က သူ့ကိုစိတ်မချလို့ ကားနဲ့ လိုက်ပို့ပါတယ်။ နောက်ပိုင်းမှာ ပစ်တာတွေရှိလာလို့ ကျမတို့က လိုက်မပို့တော့ဘူး။ အဲ့လိုပြောတော့ သူထွက်မှာစိုးလို့ဆိုပြီး တောင်ဒဂုံမှာရှိတဲ့ အိမ်မှာ သော့ခတ်ထားပါတယ်။

ဖခင်ဖြစ်သူ ဦးသိန်းဇော်က အခင်းဖြစ်တဲ့နေ့က စိတ်အားထက်သန်တဲ့ သားလေးရဲ့ အပြင်ထွက်ခဲ့တဲ့ဖြစ်စဥ်ကို ပြန်ပြီး ပြောပြသည်မှာ။

အဲ့ဒီနေ့က ၁၂ နာရီကျော်လောက်ဖြစ်သွားပြီ။ မသွားတော့ဘူးလို့ ကျနော်ထင်တယ်။ တံခါးတွေလည်းပိတ်ထားတယ်။ သူအိမ်ပေါ်တက်သွားတယ်။ စိတ်မချလို့ ငါ့သားဘာလုပ်နေလဲ အိမ်ပေါ်တက်ကြည့်တော့ သူ့နေရာမှာပဲ ဖုန်းသုံးနေတယ်။ အဲ့ဒီတော့ ကျနော်စိတ်ချသွားပြီး ငါ့သားမသွားတော့ဘူးပေါ့။

ကျနော်ပြန်ဆင်းလာပြီး အလုပ်လုပ်နေတာ။ အိမ်နောက်ဖေးမှာ တံခါးဂျက်လေးက မကောင်းတော့ ကျနော်က အဲ့တံခါးဂျက်လေးကို ပြင်နေတယ်။ အာရုံနည်းနည်းစိုက်နေတဲ့အချိန်မှာ သူကဆင်းလာတယ်။ တိုးတိုးလေးဆင်းလာပြီးတော့ တံခါးကိုဖွင့်ပြီး ထွက်သွားတယ်။

အဲ့ဒီအချိန်အထိ သူထွက်သွားတာကျနော်မသိသေးဘူး။ အိမ်ပေါ်မှာပဲ ရှိတယ်လို့ထင်နေတာ ကျနော်အလုပ်ဆက်လုပ်နေတယ်။

သူထွက်သွားမှန်း သိလိုက်တဲ့အချိန်မှာ မိဘတွေက လိုက်ရှာခဲ့ပါတယ်။ မိဘာတွေ လိုက်ရှာတဲ့အချိန်မှာ နောက်ကျသွားခဲ့ပြီဆိုတာ နောက်မှသိလိုက်ရတယ်လို့ ဦးသိန်းဇော်က ပြောပါတယ်။

ပထမဆုံး ကျသွားပြီဆိုတဲ့စကားကိုလည်း ကျနော်ကြားလိုက်တယ်။ လမ်းမှာ ရုပ်ရုပ်သဲသဲဖြစ်နေတယ်။ အဲ့ဒီတော့ တစ်ယောက်ကျသွားတယ်ဆိုတဲ့အသံကို ကျနော်ကြားလိုက်တယ်။ ကျနော့်သားလေးလို့ ကျနော်လုံးဝမထင်ခဲ့ဘူး။

လမ်းတွေကလည်း အဲ့အချိန်မှာ အကုန်ပိတ်သွားတော့ နောက်ဆုံးကျနော် အိမ်ကိုရောက်အောင်ပြန်လာတယ်။ ထမင်းစားနေတဲ့အချိန်မှာ ကျနော်အိမ်ရှေ့မှာ ရဲကားတစ်စီးရယ် လူနာတင်ကားတစ်စီးရယ်။ အမှန်တကယ်တော့ ကျနော့်သားဟာ အဲ့ကားထဲမှာပါနေတာ။ ကျနော့်အိမ်ရှေ့မှာဘဲဗျာ။ ကျနော်မခံစားနိုင်ဘူး

ခန့်ငြားဟိန်း အပစ်ခံရတဲ့အချိန်မှာ အနားမှာ ကလေးမလေးတစ်ယောက်လည်း အကာအကွယ်ပေးရင်း ရှိနေခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေ စစ်သားတွေက ယင်းကောင်မလေးကိုလည်း ရိုက်နှက်ပြီး ဖမ်းဆီးသွားခဲ့ပါတယ်။ အဲ့ဒီဖြစ်စဥ်တစ်ခုလုံးကို ရိုက်ယူထားတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခု အွန်းလိုင်းပေါ် ချက်ချင်း ပျံ့သွားခဲ့ပါတယ်။ အဲ့ဒီအချိန် ဦးသိန်းဇော်က

ကျနော်လက်တောင်မဆေးဘူး။ ဘယ်သူလဲပေါ့။ မခံမရပ်နိုင်ဗျာ။ ဒါမျိုးဖြစ်နေတာ ကျနော်တို့အသည်းတွေနာတယ်ဗျာ။ ကျနော်တို့ဗမာပြည်က။ ကျနော်ကတော့ ဗမာပြည်မာမွေးတဲ့ တရုတ်လူမျိုးပါ။ ကျနော်လည်းထွက်ကြည့်တယ်။ တစ်ခုခုလေးများဖြစ်ရင် ကျနော်ကူညီလို့ရအောင်လို့ပေါ့ဗျာ။

ထွက်ကြည့်တဲ့အချိန်မှာ ကျနော်အိမ်ရှေ့မှာ ဝေါခနဲ ရှေ့မှာ လူနာတင်ကား။ နောက်မှာက ရဲကားပါတယ်။ အမကြီးတစ်ယောက်ကတော့ ငါ့ညီမကို ဘာလို့ဖမ်းသွားတာလဲ။

တကယ်တော့ အဲ့ ငါ့ညီမလေးကို ဘာလို့ဖမ်းသွားတာလဲဆိုတဲ့ အဲ့သမီးလေးက သားအပစ်ခံရပြီး အဲ့လိုလဲနေတဲ့အချိန်မှာ သားရှေ့မှာ ဒိုင်းထောင်နေတာတဲ့ဗျာ။ သူက မွေးရာပါ နားအရမ်းလေးတယ်။ နားလေးနေတဲ့သမီးလေးပါ။

ကျနော်တို့အနောက်ရပ်ကွက်မှာပဲနေတယ်လို့ပြောတယ်။ အဲ့ဒီ‌သမီးလေးကိုလည်းဗျာ…။ ကျနော်အဲ့ဒီ videoဖိုင်တွေကိုလည်း ရင်‌ထဲမှာ မခံနိုင်လို့ ဒီနေ့ချိန်ထိ ကျနော်မကြည့်ခဲ့ပါဘူး။ ကျနော့်သားဖြစ်နေ‌တော့ ကျနော်မခံနိုင်ဘူး။ ကျနော်သားဖြစ်နေတဲ့အချိန်မှာ ကျနော် အဲ့ဒီပတ်ချာလည်မှာ ကျနော့်သားကို လိုက်ရှာနေတဲ့အချိန်ဗျ။

ဒေါ်ကြူကြူသင်းကလည်း သားဖြစ်သူသေနတ်မှန် သေဆုံးသွားပုံကို ခုလိုပြောပြပါတယ်။

သူကဘာမှမလုပ်ဘူး။ ဒိုင်းကာနဲ့ ကာထားတာပဲ။ လူက အရောက် ၂၀ လောက်ပဲရှိမယ်။ ဒိုင်းကာနဲ့ ကာပေးတဲ့အချိန်မှာပဲ ရှိသေးတယ်။ အဲ့ဒီမှာ အထဲကနေ သေနတ်နဲ့ ပစ်ပလိုက်တာ ခေါင်းကိုဖောက်ထွက်သွားတာ။ ကျမသား အဲ့ဒီမှာလဲသွားတယ်။ လဲတော့ ကလေးမလေးက အဲ့ဒီမျာ ကာပေးထားတာ။ ကူချင်တဲ့လူကတော့ အများကြီးပဲ ဒါပေမယ့် သေနတ်က ဘုန်းဘုန်းနဲ့ ပစ်နေတော့ ဘေးကလူတွေက မတက်ရဲဘူး။ သူတို့က ကျမသားလေးကို ခွေးဝက်ဆွဲသလို ဆွဲသွားတာ။

ခန့်ငြားဟိန်း၏ အဘွားဖြစ်သူ ဒေါ်မိုးမိုးဦးက သူ့မြေးသေးဆုံးတာကို စသိခဲ့ရတဲ့ အကြောင်း ဘီဘီစီကို ခုလိုပြောပါတယ်။

အန်တီတဲ့ ဒီမှာကြည့်ပါဦးတဲ့ ခန့်ညားလေးက ဘာအင်္ကျီဝတ်သွားတာလဲတဲ့။ အော် သူကအဲ့လိုဟာမျိုးလေး ဝတ်သွားတာလို့။ ဒါအန်တီ့မြေးလေးမဟုတ်လားတဲ့။ အေးဟုတ်တယ် ဒါငါ့မြေးလေးလို့။ ကျောပိုးအိတ်လေးက အနောက်မှာ။ သွေးတွေက အောက်မှာစီးလို့။ အနားကလူတွေကသိတယ် စိတ်ဆင်းရဲမှာစိုးလို့မပြောကြတာ။

ခန့်ငြားဟိန်းတို့မိသားစုက မြန်မာပြည်ဖွား တရုတ်လူမျိုးတွေဖြစ်နေပေမယ့်လည်း မြန်မာလူမျိုးတစ်ယောက်လိုသာ ထင်မြင်ယူဆစေချင်တဲ့အကြောင်း ဒေါ်ကြူကြူသင်းက ရင်ဖွင့်ပြောလာရင်း သားဖြစ်သူရဲ့ တရုတ်လူမျိုးလို့ အခေါ်ခံရတာ မကြိုက်တဲ့အကြောင်း ပြောပြလာပါတယ်။

မားမားလည်း တရုတ်၊ ပါပါးလည်းတရုတ် သားလေးက တရုတ်လေ။ မာမားရယ် မဟုတ်ပါဘူး။ မကြိုက်ဘူး။ သားတရုတ်မကြိုက်ဘူး။ သားက တရုတ်မဟုတ်ဘူး။ ကျမသားလေးဆိုရင် အရမ်းလိမ္မာပါတယ်။ ကျမသားတစ်ယောက် ဆုံးရှုံးလိုက်ပြီး။

ကျမတို့ကကျတော့ ဗမာပြည်မှာ မွေးတာ။ ရှမ်းပြည်မှာ မွေးတဲ့အခါကျတော့ ကျမတို့စိတ်ထဲမှာ ခံယူထားတာ ဗမာလူမျိုးပဲလေ။ ကိုယ့်ရဲ့စိတ်ကတော့ တကယ်ကို ဗမာပြည်ကို ချစ်တယ်။ ဗမာပြည်ရဲ့ ရေကိုသောက်တယ်။ ဗမာပြည်ရဲ့ ထမင်းကိုထားပြီးတော့ ကျမတို့က ဗုဒ္ဓဘာသာလူမျိုး ဗမာလူမျိုးပဲ ခံယူထားတာပေါ့နော်။ အခုကျမတို့ ဗမာပြည်မှာနေတဲ့ တရုတ်နဲ့ တရုတ်ပြည်မှာနေတဲ့ တရုတ်နဲ့တော့ မတူဘူး။ အဲ့ဒီအတွက်ကို ခွဲပေးပေါ့နော်။ အဲ့လိုဘာဖြစ်လို့ ကျမက ပြောနိုင်တာလဲဆိုတော့ ကျမသားအသက်နဲ့ ရင်းပြီးတော့ ကျမပြောတာ။ သိစေချင်ပါတယ်။ နော် ကျမတို့ကို ချစ်ပေးပါ။ ဗမာပြည်ကတရုတ် ဘာဖြစ်တယ်ဆိုပြီးတော့ မပြောပါနဲ့။

ဒေါ်ကြူကြူသင်းက မြန်မာပြည်ဖွား တရုတ်လူမျိုးများကို မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံတာမျိုး မဖြစ်စေချင်သလို မူဆလင်လူမျိုးများကိုလည်း အလားတူ မခွဲခြားစေချင်ကြောင်း ပြောပါတယ်။

မူဆလင်တွေဆိုလဲ ထမင်းတွေတောင် ချက်ပြီးတော့ ပို့ပေးပါတယ်။ ဝိုင်းကူပေးတယ် တယောက်ပြီးတစ်ယောက် လာပေးတယ်။ သူတို့ဆို မူဆလင်တွေလဲ ကိုယ့်သားဆုံးရှုံးလိုက်ရတာ သူတို့သိတော့ အကုန်လုံးလာ ငိုကြွေးတယ် ကိုယ့်အိမ်ထဲမှာ။ အဲ့လောက်ထိတောင် ဖြစ်တယ်ပေါ့နော်။

သားလေး ခန့်ငြားဟိန်းကို ဆုံးရှုံးလိုက်ရတဲ့အပေါ် မိဘနှစ်ပါးက ခုလို ခံစားချက်တွေကို မျှဝေခဲ့ပါတယ်။

ဦးသိန်းဇော်က

ကျနော့်သားလေးက ဖြစ်သွားတာ အရမ်းငယ်တယ်။ သူ့ကိုကျနော်အမှန်တကယ်သော့ခတ်ပြီးတော့ အိမ်ထဲမှာထည့်ထားလို့ရတယ်။ ဒါပေမယ့် အခုခေတ်လူငယ်တွေဗျာ ကျနော်လုပ်ရက်မလား မလုပ်ရက်ပါဘူး။ သူတို့အနာဂတ်ကို သူတို့တောင်းဆိုနေတာဗျာ လွတ်လွတ်လပ်လပ်တောင်းဆိုနေတာကို ကျနော် မိဘတစ်ယောက်အနေနဲ့ ကျနော့်သားရဲ့ ခံယူချက်ကိုကျနော်မလုပ်ရက်ဘူးဗျာ။

တကယ်လို့ ကျနော်သူ့ကို တင်းတင်းကျပ်ကျပ် လုပ်ခဲ့ရင် သူဟာ ကျနော်ဟာ သူ့အဖေလို့ မဖြစ်နိုင်တော့ဘူးထင်တယ်။ သူကျနော့်ကို အဖေလို့သတ်မှတ်မှာမဟုတ်ဘူး။ ဒါပေမယ့်လည်း သူကျနော့်ကို အရမ်းချစ်ပါတယ်။

ဒေါ်ကြူကြူသင်းက

အဲ့ဒီအတွက် ကျမသားလေးကို ကျမအရမ်းဂုဏ်ယူတယ်။ အရမ်းလည်း ခံစားရတယ်။ အရမ်းလည်း အရမ်းနှမျောတယ်။ ဖြစ်နိုင်ရင် ကျမသား အသက်ကို ကျမအသက်နဲ့ လဲပေးချင်တယ်။ ကျမသားကို အခု ၃ ချက်ပစ်တယ်လို့သိရတယ်။ ဒါပေမယ့် ကျမကို အချက် ၁၀၀ ပစ်။ သားသာအသက်ပြန်ရှင်လာမယ်ဆိုရင် အချက် ၁၀၀ လည်း ကျမအပစ်ခံနိုင်တယ်။ ရင်ဘတ်ကြီးကို ဒီလိုကော့ပေးထားပါတယ်လို့။


Source: https://youtu.be/MlXMRl15OOU

Send this to a friend