ဆရာမဒေါ်တင်နွဲ့ရီ – မတတ်မြောက်သည့် ပညာရေးစနစ်မှ လွတ်မြောက်လိုသူ ဆရာမ၏ နောက်ဆုံးခရီး

ဆရာမဒေါ်တင်နွဲ့ရီ သေဆုံးမှုအတွက် အာဏာရှင်ခေတ်တွင် ဘာမျှ မမျှော်လင့်သော်လည်း ဒီမိုကရေစီအစိုးရ လက်ထက်ရောက်ပါက သေချာပေါက် အရေးယူပေးစေလိုသည်ဟု မိသားစုဝင်တစ်ဦးက တောင်းဆိုသည်

အသက် ၅၉ နှစ်အရွယ် ဆရာမ ဒေါ်တင်နွဲ့ရီ၏ ဈာပနကို မတ် ၂ က ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ- Myanmar Now)

ရဲနှင့် စစ်သားများသည် အကြမ်းဖက်ဖြိုခွင်းနေသော်လည်း ကျောင်းဆရာမ၊ ပညာရေးဝန်ထမ်း၊ အမျိုးသမီးများ ဆိုသည့် ဂုဏ်ကိုတော့ ငဲ့ကွက်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။

ဖေဖော်ဝါရီ ၂၈၊ နံနက် ၈ နာရီခန့်တွင် ဆန္ဒပြနေသော ပညာရေးဝန်ထမ်းများ၏ စုရပ် ဖြစ်သည့် ရန်ကုန်မြို့၊ အောက်ကြည့်မြင်တိုင်လမ်း၊ တိုင်းပညာရေးမှူးရုံးရှေ့၌ စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ရုတ်တရက် ပစ်ခတ်ဖြိုခွင်း လူစုခွဲခဲ့သည်။

လူစုခွဲရန် သတိပေးပြောဆိုခြင်း မရှိဘဲ ပညာရေးဝန်ထမ်းများကို အလစ်အငိုက် ဖြိုခွင်းခဲ့ရာ အသက် ၅၉ နှစ်အရွယ် အလယ်တန်းပြဆရာမ ဒေါ်တင်နွဲ့ရီ ကျဆုံးခဲ့ခြင်းက ဆရာမများ၏ ယူဆချက်ကို လုံးဝ ချုပ်ငြိမ်းသွားစေသည်။

ဆန္ဒမပြမီ စုရပ်တွင် စတင်ဖြိုခွဲ

ပညာရေးဝန်ထမ်းများ၏ ဆယ့်ငါးမြို့နယ်ခန့် စုပေါင်းစစ်ကြောင်းအနက် နှစ်မြို့နယ်ကျန်နေသေး၍ စုရပ်ရှိ ဆရာ၊ ဆရာမ ဦးရေ ၂၀၀ ခန့်က စောင့်ဆိုင်းကာ လက်ကမ်း စာစောင်ဝေအပြီး မနက်စာ ထမင်းဘူးများ စားနေသည့် အချိန်တွင် ရုတ်တရက် အကြမ်းဖက် ဖြိုခွဲခံရခြင်းဖြစ်သည်။

စစ်ကောင်စီ၏ တပ်ဖွဲ့များက စုရပ်ကို ကြိုသိနေပြီး ဆန္ဒမပြရသေးသည့် အချိန်၌ပင် ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်း ဟု မြို့နယ်အသီးသီးမှ ဆရာမများက ယူဆနေကြသည်။

အသံဗုံး၊ သေနတ်တို့ဖြင့် ပစ်ခတ်ဖြိုခွင်းချိန်တွင် ဆရာမဒေါ်တင်နွဲ့ရီသည် သူ၏ခန္ဓာကိုယ်ဖြင့် တခြားသူများကို ကွယ်ထားရင်း လက်ဖြင့်လည်း ကာထားသေးရာ လက်မောင်းသို့ သေနတ်ကျည် ထိမှန်ခဲ့သည်။

ထို့နောက် ရင်ကြပ်ရောဂါ ရှိသော အသက် ၅၉ နှစ်အရွယ် ဆရာမ ဒေါ်တင်နွဲ့ရီသည် နာကျင်မှုဒဏ်နှင့် မျက်ရည်ယိုဗုံးဒဏ်ကို ခံနိုင်ရည် မရှိတော့ဘဲ ဆေးရုံသို့ မရောက်မီ လူနာတင်ယာဉ်ပေါ်တွင်ပင် အသက်ဆုံးခဲ့ရ သည်။

ပညာရေးဝန်ထမ်းများ၊ အမျိုးသမီးများ ဖြစ်ကြ၍ အလွန်ဆုံး လူစုခွဲခိုင်းခြင်း၊ ရိုက်နှက်ဖမ်းဆီးခြင်းသာ ပြုလုပ်မည်ဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

“သတိ လုံးဝမပေးဘူး။ ဆရာမတို့ ထင်တာက သူတို့ အရင်ဆုံး သတိပေးမယ်။ လူစုခွဲခိုင်းတာတွေ အရင်လုပ်မယ်လို့ ထင်တာ။ ဒီလိုမျိုး ရုတ်တရက်ကြီး ဘာသတိပေးချက်မှ မရှိဘဲ ဖြိုခွင်းမယ်လို့ မထင်ဘူး”ဟု ဆရာမတစ်ဦးက ပြောသည်။

အဆိုပါနေ့ ပစ်ခတ်ဖြိုခွင်းမှုတွင် ဆရာမ အများအပြား ဒဏ်ရာရခဲ့ပြီး လှိုင်သာယာမြို့နယ်မှ အလယ်တန်းပြဆရာမ ဒေါ်တင်နွဲ့ရီ သေဆုံးခဲ့သည်။ ယင်း ဖြိုခွင်းမှုတွင် ဆရာ၊ ဆရာမ ၇ ဦး အဖမ်းခံရပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။

ယခင်အာဏာရှင်လက်ထက်ကဲ့သို့ ကျောင်းသူ၊ ကျောင်းသားများကို မှန်ကန်သည့် လမ်းကြောင်း မပြနိုင်သည့် ဆရာ၊ ဆရာမများ အဖြစ်သို့ ပြန်မရောက်လိုတော့၍ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ပြီး ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆရာမများက ဆိုသည်။

“ကျွန်မတို့မှာ မျှော်လင့်ချက်တွေ အများကြီးရှိတယ်။ အရင်ကလိုမျိုး အားလုံးက ချုပ်ကိုင်မှုနဲ့ လမ်းလျှောက်ရမယ် ဆိုရင် ကျွန်မတို့ ကလေးတွေကို ကျွန်မတို့က ဆရာ၊ဆရာမတွေ ကိုယ်၌ကိုက ဘာလုပ်ရမယ်ဆိုတဲ့ လမ်းကြောင်းကို မချပေးနိုင်တော့ဘူး။ အဲဒီလို ချပေးနိုင်တဲ့ အခွင့်အရေးတွေ အားလုံးဆုံးရှုံးသွားတယ်လို့ ခံစားရတယ်” ဟု ဆရာမ ဒေါ်တင်နွဲ့ရီ၏ ဈာပနသို့ လိုက်ပါပို့ဆောင်သူ ဆရာမ တစ်ဦးက ဆိုသည်။

အလယ်တန်းပြဆရာမ ဒေါ်တင်နွဲ့ရီ 

ဆရာမ ဒေါ်တင်နွဲ့ရီသည် လှိုင်သာယာမြို့နယ် ထခွဲ လ(၁၀) ကျောင်းတွင် မြန်မာစာ၊ သမိုင်းနှင့် သင်္ချာ ဘာသာရပ်များကို သင်ကြားပို့ချသည့် အလယ်တန်းပြဆရာမ တစ်ဦးဖြစ်ပြီး လုပ်သက် နှစ် ၃၀ ကျော် ရှိပြီ ဖြစ်သည်။

သူသည် ယခုနှစ် ဒီဇင်ဘာလတွင် ပင်စင်ယူရမည် ဖြစ်သော်လည်း ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံ့ဝန်ထမ်းများစွာ ပါဝင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လိုက်သည်။

သူသည် မဟုတ်မခံစိတ်နှင့် မှန်ရာကို အမှန်အတိုင်း ပြောလေ့ ရှိသူတစ်ဦးဟု လုပ်ဖော်ကိုင်ဖက်များက ဆိုကြသည်။

ပညာရေးစနစ်ကောင်းမွန်စေရေးနှင့် ဆရာမများ တာဝန်ယူခဲ့သည့် မဲစာရင်းမှားယွင်းသည်ဆိုခြင်းကို ခံပြင်း၍ ဆန္ဒပြခြင်း ဖြစ်ကြောင်း ဆရာမ၏ သမီးကြီးက ပြောသည်။

ဆရာမ၏ မောင်ဖြစ်သူ ဆုံးပါးခဲ့၍ ၎င်းဈာပနအပြီး ဆန္ဒပြထွက်ရန် ပြင်ဆင်ခဲ့သည်ဟု ဆိုသည်။

“ ငါ့မောင်လေး ရက်လည်သွားပြီ ထွက်မယ်ဆိုပြီးထွက်တယ်။ အဲဒီနေ့ ( နှစ်ငါးလုံးနေ့) က ပျော်နေတာ။ ဘာမှ မဖြစ်ဘူး သမီး၊ ငါတို့ အဖြူအစိမ်းနဲ့ ဆရာမတွေကို ဘယ်သူမှ ဘာမှ ဒုက္ခမပေးဘူး။ ဘေးနားက ပြည်သူတွေကလည်း ဝန်းရံပေးတယ်။ စေတနာ့ဝန်ထမ်းတွေ အများကြီးရှိတယ်။ အဲဒီလိုပြောပြီး ပြန်လာတာ ” ဟု သမီးကြီးက ဆိုသည်။

အသက်အရွယ် ကြီးရင့်ပြီဖြစ်၍ ဆန္ဒပြသည့်နေရာများသို့ မလိုက်ပါရန် လုပ်ဖော်ကိုင်ဖက် ဆရာမများနှင့် သမီးများက တိုက်တွန်းခဲ့သည်ကို သဘောတူခဲ့သော်လည်း သေဆုံးမည့်နေ့ ဖေဖော်ဝါရီ ၂၈ နံနက်တွင် ဆန္ဒပြမည်ဆိုကာ ဆရာမ ဒေါ်တင်နွဲ့ရီက ရုတ်တရက် လိုက်ပါခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးမကောင်းသည့် အငြိမ်းစားကျောင်းဆရာမတစ်ဦး အိမ်တွင် ကူညီအိပ်ပေးလေ့ရှိသော ဆရာမ ဒေါ်တင်နွဲ့ရီသည် ကျဆုံးမည့် တနင်္ဂနွေတွင် ဆန္ဒပြလိုက်ပါမည်ဆိုကာ နံနက် ၅ နာရီခွဲခန့်တွင် နေအိမ်ပြန်၍ ယူနီဖောင်းလဲကာ လိုက်ပါခဲ့သည်။

“တနင်္ဂနွေနေ့ မနက်ကို ငါးနာရီခွဲကြီး ထပြန်လာပြီး ငါစစ်ကြောင်း လိုက်သွားမလို့ တဲ့၊ ငါရဲ့ ဆရာမတွေက ငါပါတော့ ပိုအားရှိတာပေါ့ တဲ့၊ သူတို့ချည်းပဲဆို အားငယ်နေလိမ့်မယ်ဆိုပြီး ယူနီဖောင်းလဲပြီး တားတဲ့ကြားထဲက အတင်းလိုက်သွားတာ” ဟု သမီးကြီးဖြစ်သူက ပြောသည်။

သွေးစွန်းခဲ့သော တနင်္ဂနွေတွင် စစ်ကောင်စီသည် သန်းချီစုဝေးမှု မဖြစ်ပေါ်စေရန် နံနက်ခင်းကတည်းက မြို့များတွင် ဖြိုခွဲခဲ့ရာ ၁၈ ဦး အနည်းဆုံး သေဆုံးပြီး လူ ၅၀ ကျော် ဒဏ်ရာရခဲ့ကာ ဆရာမဒေါ်တင်နွဲ့ရီမှာ တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။

ရန်ကုန်ဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးရာ၌ ၎င်းသည် နှလုံးရောဂါ၊ သွေးတိုးရောဂါဖြင့် ဆုံးပါးခြင်း ဖြစ်ပြီး လက်မောင်းရှိ ဒဏ်ရာမှာ အချွန်တစ်ခုခုဖြင့် ထိုးမိသည့် ဒဏ်ရာဖြစ်ကြောင်း ဆရာဝန်က မှတ်ချက်ပေး ကြောင်း သမီးဖြစ်သူက ပြောသည်။

ကြောက်လန့်မှုများကြားမှ နာရေးဈာပန 

ဆရာမ ဒေါ်တင်နွဲ့ရီ၏ နာရေး ဈာပန။ (ဓာတ်ပုံ-Myanmar Now)

ပစ်ခတ်ဖြိုခွင်းမှုကြောင့် ထိခိုက်မိကာ ဆုံးပါးသွားခဲ့သည့် ဆရာမ ဒေါ်တင်နွဲ့ရီ၏ ဈာပနကို မတ် ၂ တွင် ရန်ကုန်မြို့ ၊ ထိန်ပင်သုဿန်တွင် သင်္ဂြိုလ်ခဲ့သည်။

“ဆရာမအတွက် ဂုဏ်ယူတယ်” ဟု ဆရာမဒေါ်တင်နွဲ့ရီ စာသင်ကြားခဲ့သော (၂၀၀၆-၀၇) တပည့်များကလည်း Myanmar Now ကို ပြောသည်။

နောက်ဆုံးခရီးသို့ လိုက်ပါပို့ဆောင်သူ ဆရာမများက ဒီမိုကရေစီခေတ်တွင် ပညာရေးစနစ် အပြောင်းအလဲဖြစ်ရန် သင်ရိုးညွှန်းတန်းအသစ်များဖြင့် သင်ကြားရသည်မှာ ပင်ပန်းလွန်းလှသော်လည်း ဆရာမများ ပျော်ရွှင်ခဲ့ရပြီး အာဏာရှင်စနစ်တွင် ထိုအရာအားလုံး ပျက်သုဉ်းရတော့မည်အရေး မလိုလားသဖြင့် အာဏာဖီဆန်ရသည်ဟု ပြောသည်။

“အရင်လိုမျိုး ဒါပဲလုပ်၊ ဒါပဲ ကျက်၊ ဒါပဲဖြေ အဲဒီလမ်းကြောင်းကို ကျွန်မတို့ ပြန်မသွားချင်ဘူး။ အကြောက်တရား ကြီးနဲ့ ကိုယ့်တပည့်တွေကို မထားခဲ့ချင်ဘူး ” ဟု ဈာပနသို့ လိုက်ပါပို့ဆောင်သည့် ဆရာမတစ်ဦးက ဆိုသည်။

အကြောက်တရားကင်းမဲ့သော ဆရာမ ဒေါ်တင်နွဲ့ရီ၏ ဈာပနတွင်တော့ စစ်ကောင်စီကို မယုံကြည်သူများက ကြောက်လန့်စွာဖြင့် ဆရာမ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြရသည်။

လိုက်ပါပို့ဆောင်သူများက ၎င်းတို့၏ တစ်ဦးချင်းစီ လုံခြုံရေးအတွက်နှင့် သင်္ဂြိုလ်သည့် တည်နေရာကို သိရှိကာ အကြမ်းဖက် သေနတ်ပစ် ဖြိုခွင်းမည်ကို ကြောက်ရွံ့သည်ဆိုကာ အများစု၏ ဆုံးဖြတ်ချက်ဖြင့် တိုက်ရိုက် ထုတ်လွှင့်ခွင့်၊ ဓာတ်ပုံနှင့် ရုပ်သံ ရိုက်ကူးခွင့် မပြုခဲ့ကြချေ။

သတင်းဌာနများကိုမူ တိုက်ရိုက်ထုတ်လွှင့်ခွင့် မပြုသော်လည်း မျက်နှာများ မပါသည့် ရုပ်သံရိုက်ကူးခွင့် ပြုခဲ့သည်။

ဒီမိုကရေစီအစိုးရလက်ထက်မှာ မျှတမှုရချင်

ဆရာမအတွက် တရားမျှတမှုကို အာဏာရှင်ခေတ်တွင် မမျှော်လင့်သော်လည်း ဒီမိုကရေစီအစိုးရ လက်ထက် ရောက်ပါက သေချာပေါက် အပြစ်ပေးအရေးယူပေးစေလိုသည်ဟု သမီးကြီးက ပြောသည်။

နှာခေါင်းစည်းတပ်ထား၍ ၎င်း၏ မျက်နှာ အမူအရာကို သေချာစွာ မတွေ့ရသော်လည်း မျက်ရည်များဖြင့် ရွဲရွဲစိုနေသော မျက်ဝန်းများက အလေးအနက်ထား ပြောနေကြောင်း သိသာစေသည်။

“ သူတို့ (တပ်နှင့်ရဲ) မှာ သေနတ်တွေနဲ့။ ဆန္ဒပြတဲ့သူတွေကို ပြောချင်တာက သတိလည်းထားပေးကြပါ။ ထပ်ပြီး အသက်တွေ မပေးစေချင်တော့ဘူး။ ဒီမိုကရေစီ ရအောင် အောင်မြင်အောင် တိုက်ပေးကြပါ” ဟု သမီးဖြစ်သူက ပြောသည်။


Myanmar Now ၏ မူရင်းပို့စ်ကိုဖတ်ရန်။

Send this to a friend