ကြေညာချက် အမှတ် ( ၆/၂၀၂၁ )
ဖေဖော်ဝါရီလ (၂၀)ရက်၊ ၂၀၂၁ခုနှစ်။
၁။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်သမ္မတ ကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ CDM တွင် တက်ကြွစွာလှုပ်ရှားသည့် နိုင်ငံရေးခေါင်းဆောင်များ၊ ဝန်ထမ်းများ နှင့် အလွှာအသီးသီးမှ ပုဂ္ဂိုလ်များအား မတရားဖမ်းဆီးကာ တရားစွဲဆိုဆောင်ရွက်မှုများကို ဥပဒေမဲ့ဆောင်ရွက် လျက်ရှိပါသည်။
၂။ ဥပဒေမဲ့ မတရားဖမ်းဆီးခံရသူများ၊ တရားစွဲဆိုခံရသူများအနေဖြင့် လက်ရှိတည်ဆဲဥပဒေများ၊ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာမူများနှင့်အညီ ကာကွယ်ခုခံချေပခွင့် တစ်စုံတစ်ရာမရှိသည့်အပြင် အကျိုးဆောင်ရှေ့နေ များနှင့် တွေ့ဆုံဆွေးနွေးခွင့် စွပ်စွဲချက်နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခွင့် လုံး၀မရဘဲ ရှေ့နေများဖြင့် ဥပဒေပါ အခွင့်အရေးနှင့်အညီ ခုခံချေပခွင့်တို့ကို တရားမဝင်အာဏာသိမ်းစစ်ကောင်စီမှ ခွင့်မပြုကြောင်း ကြားသိရပါ သည်။
၃။ တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁(ခ)အရ တရားရုံး၏ ခွင့်ပြုချက် မရှိပဲ (၂၄)နာရီထက် ကျော်လွန်ချုပ်နှောင်ထားခြင်း မရှိစေရ ပြဋ္ဌာန်းချက်ကို ချိုးဖောက်သည့်အပြင် ဖွဲ့စည်းပုံ အခြေခံ ပုဒ်မ ၃၇၅ အရ စွပ်စွဲခံရသူတစ်ဦးဦးသည် ဥပဒေနှင့်အညီ ခုခံချေပခွင့်ရှိစေရမည်ဟူသော ပြဋ္ဌာန်းချက် ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ မတရားသဖြင့်ဖမ်းဆီးခံထားရသူများအပေါ် ပြုမူဆောင်ရွက်မှု များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီးဖြစ်သည့်အပြင် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများအရ သော်လည်းကောင်း၊ ကုလသမဂ္ဂပဋိဉာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံများလိုက်နာရမည့် စည်းကမ်းချက်များကို လည်းကောင်း ပြောင်ပြောင် တင်းတင်း ချိုးဖောက် လျက်ရှိကြောင်း တွေ့ရှိရပါသည်။
၄။ သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီမှ ယခုကဲ့သို့ ဥပဒေဆိုင်ရာအခွင့်အရေးများ ပိတ်ပင်ခြင်း သည် တည်ဆဲဥပဒေများနှင့်မညီဘဲ လူသားမျိုးနွယ်တို့လိုက်နာကျင့်သုံးအပ်သည့် အခြေခံအခွင့်အရေးများကို ဖောက်ဖျက်ခြင်းဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ပြင်းပြင်းထန်ထန် ကန့်ကွက် ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။