Press Release 654 Views

မြန်မာမိုဘိုင်းအော်ပရေတာ Mytel သည် စီးပွားရေးလုပ်ငန်းများ၏ ကမ္ဘာအနှံ့ကွန်ရက်တရပ်မှ ထောက်ပံ့မှုဖြင့် နိုင်ငံအဆင့် အကျင့်ပျက်ခြစားမှုကို လောင်စာဆီဖြည့်ပေးနေကာ စစ်တပ်၏ နိုင်ငံတကာ ရာဇဝတ်မှုများကို ပံ့ပိုး အားပေးကူညီနေသည်ဟု အစီရင်ခံစာက ဖေါ်ထုတ်

December 20th, 2020  •  Author:   Justice For Myanmar  •  1 minute read
Featured image

ဒီဇင်ဘာ ၂၀ ရက်နေ့၊ ၂၀၂၀ ခုနှစ်။ မြန်မာ။ ယနေ့ ထုတ်ပြန်သော သတင်းနှင့် ဆက်သွယ်ရေး နည်းပညာကဏ္ဍတွင် မြန်မာစစ်တပ်၏ ပါဝင်ပတ်သက်မှုအပေါ် အသေးစိတ် စုံစမ်းစစ်ဆေးမှုတစ်ရပ်က ခရိုနီဝါဒနှင့် အကျင့်ပျက်ခြစားမှု ယှက်ဖြာကွန်ရက်တစ်ရပ်ကို တွေ့ရှိဖေါ်ထုတ်လိုက်သည်။ ဤအစီရင်ခံစာက စစ်တပ်မှ အရပ်သားများအား စောင့်ကြည့်မှုနှင့် နိုင်ငံတကာ ရာဇဝတ်မှုများကို ပံ့ပိုးပေးသည့် ရံပုံငွေများနှင့် နည်းပညာများအား လက်လှမ်းမီမှုအပေါ် လူ့အခွင့်အရေးနှင့် ပတ်သက်၍ အထူးစိုးရိမ်စရာများကို တင်ပြသည်။ ထို့အပြင် မြန်မာစစ်တပ်အနေဖြင့် စစ်ရာဇဝတ်မှုများနှင့် လူသားဖြစ်မှုအပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ ဆက်လက် ဆောင်ရွက်နေနိုင်ခြင်းအား နာမည်ကောင်းရှိသော နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ၏ Mytel နှင့် ပတ်သက်နေသည့် အခန်းကဏ္ဍကို မေးခွန်းထုတ်စေသည်။

အရပ်သားအစိုးရမှ ဖော်ဆောင်ထားသည့် Mytel တွင် မြန်မာပြည်သူများက ရှယ်ယာ ၂၈ % ပိုင်ဆိုင်သည်။ သို့သော်လည်း လျို့ဝှက်သော စစ်တပ်၏ စီးပွားရေးလုပ်ငန်းများအုပ်စုကြီးဖြစ်သည့် မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း (MEC) ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီအနေဖြင့် မှတ်ပုံတင်ထားသော Star High Co. Ltd., မှတဆင့် ထိုရှယ်ယာများကို စီမံခန့်ခွဲနေသည်။ Justice For Myanmar ၏ ဤအစီရင်ခံစာမှ အများပြည်သူ၏ အကျိုးစီးပွားကို အလွဲသုံးစားပြုနေမှုနှင့် အန္တရာယ်ကြီးမားလှသော ပွင့်လင်းမြင်သာခြင်း ကင်းမဲ့မှုတစ်ရပ်ကို ဖွင့်ချထုတ်ဖေါ်လိုက်သည်။

ထို့အပြင် မြန်မာပြည်၏ စတုတ္ထမြောက် မိုဘိုင်းအော်ပရေတာဖြစ်သည့် Mytel တွင် အကြီးမားဆုံး ရှယ်ယာပိုင်ဆိုင်သူသည် ပြည်ပ စစ်အင်အားတစ်ရပ်ဖြစ်ခြင်းသည် နိုင်ငံတော်လုံခြုံရေးအား အန္တရာယ်တစ်ခုသို့ ကျရောက်နိုင်စရာ ဖြစ်နေသည်။ စစ်တပ် စက်မှုနှင့် ဆက်သွယ်ရေးအုပ်စု (Military Industry and Telecoms Group – Viettel) ကို ဗီယက်နမ်၏ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်သည်။ ပြည်တွင်းစစ် ဖြစ်ပွားနေသော တိုင်းရင်းသားဒေသများ အပါအဝင် မြန်မာနိုင်ငံရှိ စစ်တပ်အခြေစိုက်စခန်းများတွင် Mytel တာဝါတိုင်များကို Viettel မှ ဆောက်လုပ် ထိန်းသိမ်းပေးသည်။ မြန်မာစစ်တပ်၏ ဆက်သွယ်ရေး ညွှန်ကြားရေးရုံးမှ ပိုင်ဆိုင်သော ဖိုင်ဘာ အော့ပ်တစ်လမ်းကြောင်းများအား လည်ပတ်ထိန်းသိမ်းမှုကို ၎င်းက ပြုလုပ်ပေးနေပြီး ဤအချက်သည် အများပြည်သူပိုင်ဆိုင်မှုကို တရားမဝင် တလွဲအသုံးပြုရာတစ်ခုဖြစ်သည့်။

Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Mytel ဟာ အကျင့်ပျက်ခြစားနေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုရဲ့ ထုတ်ကုန်တစ်ခု ဖြစ်ပြီး မြန်မာစစ်တပ်က သူ့ရဲ့ အာဏာ၊ အခွင့်ထူးနဲ့ အပြစ်ပေးခံရမှုကနေ ကင်းလွတ်ခွင့်တို့ကို ကာကွယ်ဖို့အတွက် စီမံခန့်ခွဲနေတာဖြစ်ပါတယ်။ Mytel ကနေ အစုလိုက်အပြုံလိုက် ကောက်ယူစုဆောင်းတဲ့ ကျမတို့ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေနဲ့ အရပ်ဘက်၊ စစ်ဘက် အခြေခံအဆောက်အအုံတွေအပေါ် လက်လှမ်းမီ ရရှိစေမှုကို မြန်မာစစ်တပ်က ဗီယက်နမ် စစ်တပ်အဖွဲ့အစည်းတွေကို ပေးအပ်လိုက်ခြင်းအားဖြင့် နိုင်ငံရဲ့ လုံခြုံရေး အပေါ် အန္တရာယ်ကျရောက်စေပါတယ်။ အဲဒါက ပုဂ္ဂလိက လုံခြုံမှုအတွက် အခြေခံ အခွင့်အရေးတွေကို ချိုးဖောက်ရာ ရောက်နေသလို တပ်မတော်က ပြောနေတဲ့ “အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး” ဆိုတာနဲ့လဲ ဆန့်ကျင်နေပါတယ်။ Mytel မှာရှိတဲ့ အစိုးရရှယ်ယာတွေက အကျိုးအမြတ်တွေဟာ မြန်မာပြည်သူတွေနဲ့ ပိုင်ဆိုင်ပါတယ်။ ပြည်သူတွေဟာ ကျန်းမာရေးနဲ့ အလုပ်အကိုင် အစရှိတာတွေလို သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေ ကင်းမဲ့နေချိန်မှာ သူတို့ဆီကနေ အခိုးခံနေရတာ စက်ဆုပ်ဖွယ်ရာဖြစ်ပါတယ်။ Mytel ကို အစိုးရက တည်ထောင်ထားတာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ အကျင့်ပျက်ခြစားမှုအပေါ်မှာ စစ်တပ်ကို တာဝန်ခံစေဘို့၊ အခိုးခံထားရတဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ဖော်ထုတ်ပြီး ပြည်သူထံ ပြန်လည် အပ်နှံဘို့ အရပ်သားအစိုးရနဲ့ လွှတ်တော်ရဲ့ တာဝန်ဖြစ်ပါတယ်။ အဲဒီအချိန်မရောက်မချင်း Mytel ကို သပိတ်မှောက်ဘို့ ပြည်သူတွေကို ကျမတို့ တောင်းဆိုပါတယ်။” ဟု ပြောကြားပါသည်။

Viettel Construction Myanmar က အဖွဲ့တွင်းဖိုင်များကို အမှတ်တမဲ့ အွန်လိုင်းပေါ်တွင် တင်လိုက်ခြင်းမှစသည့် ဒေတာပေါက်ကြားမှု တစ်ရပ်၏ ရလဒ်အရ Mytel ၏ အတွင်းပိုင်း လည်ပတ်လုပ်ဆောင်မှုများ၏ သက်သေလည်း ဤအစီရင်ခံစာတွင် ပါဝင်သည်။ အစီရင်ခံစာနှင့်အတူ အဓိက ကျသော မှတ်တမ်းများအား အများပြည်သူသိရှိနိုင်အောင် တင်ပြထားပြီးဖြစ်သည်။

Viettel မှတဆင့် Mytel နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်နွယ်ပတ်သက်နေသော အဓိက နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများသည် မြန်မာစစ်တပ်၏ နိုင်ငံတကာ ရာဇဝတ်မှုများကို ပံ့ပိုးနေကြသည်။ ဤအထဲတွင် နိုင်ငံတကာတွင် ဦးဆောင်နေသည့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး ကော်ပိုရေးရှင်းများဖြစ်သည့် HSBC (UK) ၊ Standard Chartered (UK) ၊ MUFG (Japan) ၊ Maybank (Malaysia) နှင့် Deloitte (UK) တို့ ပါဝင်သည်။ NEC (Japan) ၊ CommScope (USA) ၊ Nokia (Finland) နှင့် Oracle (USA) အစရှိသကဲ့သို့ အဓိက စီးပွားရေးလုပ်ငန်းများ ပါဝင်သည့် Viettel ၏ နိုင်ငံတကာ ပေးပို့တင်သွင်းသူများ ကွန်ရက်မှ နည်းပညာကို မြန်မာစစ်တပ်မှ လက်လှမ်းမီလျက်ရှိသည်။

Yadanar Maung က “Mytel နဲ့ Viettel ဟာ မြန်မာစစ်တပ် ဆက်လက်ကျုးလွန်နေတဲ့ စစ်ရာဇဝတ်မှုများနဲ့ လူသားဖြစ်မှုအပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုများကို ပံ့ပိုး အားပေးကူညီနေတယ်။ စစ်တပ်ဟာ တိုင်းရင်းသားလူမျိုးနဲ့ ဘာသာရေး လူနည်းစုတွေအပေါ်မှာ အရမ်းကာရော သတ်ဖြတ်၊ မုဒိန်းကျင့်၊ ညှင်းပန်းနှိပ်စက်၊ အိမ်တွေကို ဖျက်ဆီးပြီး လူတွေကို အတင်းအဓမ္မထွက်ပြေးစေတယ်။ Mytel နဲ့ စစ်တပ်ရဲ့ အခြား စီးပွားရေးလုပ်ငန်းတွေကရတဲ့ ပုံမှန်ဘတ်ဂျက်စာရင်းထဲမပါတဲ့ အခွန်ဘဏ္ဍာ၊ Mytel ၊ Viettel နဲ့ မိတ်ဖက်ကုမ္ပဏီတွေဆီက နည်းပညာနဲ့ သင်တန်းတွေ ရရှိမှုတို့က အဲဒီ ရာဇဝတ်မှုတွေကို ဖြစ်စေပါတယ်။” ဟု ထပ်မံဖြည့်စွက်သည်။

စစ်တပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရမှ ဖွဲ့စည်းထားသည့် နိုင်ငံတော်အဆင့် ဂြိုလ်တု ကြီးကြပ်မှု ကော်မတီမှ တဆင့် အန္တရာယ်ကြီးသော ဂြိုလ်တုနည်းပညာကို လက်လှမ်းမီလျက်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် Maxar Technologies (USA) မှ တည်ဆောက်ပေးသော Myanmarsat-2 ကုန်စည်ဝန်နှင့်အတူ Intelsat (Luxembourg/UK) ဂြိုလ်တုတစ်စင်းကို ArianeSpace (France) က လွှင့်တင်ပေးခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ဂျပန် အာကာသအေဂျင်စီ JAXA က Tohoku နှင့် Hokkaido တက္ကသိုလ်များ၏ ထောက်ကူပြုမှုနှင့်အတူ မြန်မာအတွက် အသေးစား ဂြိုလ်တုတစ်စင်းကို လွှင့်တင်လိမ့်မည်။ ဤဂြိုလ်တုများအား စစ်ရေးရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်မည့် ကြီးမားသော အန္တရာယ် တစ်ရပ်ရှိနေပြီး စစ်ရာဇဝတ်မှုများနှင့် လူသားဖြစ်မှုအပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ ကျုးလွန်မှုကို ဆက်လက်ဖြစ်ပေါ်စေမည့် မြန်မာပြည်ရှိ ပြည်တွင်းစစ်ကို ထပ်မံ မီးတောက်လောက်စေရန် ပံ့ပိုးလိမ့်မည်။

မြန်မာစစ်တပ်မှ အရပ်ဘက် ထိန်းချုပ်မှုအောက်သို့ မရောက်ရှိမချင်း Mytel နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရှိနေသော ဆက်ဆံမှုများကို ဖြတ်တောက်ရန်၊ ရင်းနှီးမြုပ်နှံမှုများ ရုပ်သိမ်းရန် နှင့် လူ့အခွင့်အရေးဆိုင်ရာ ရာဇဝတ်မှုများအတွက် အရေးယူရန် စီးပွားရေးလုပ်ငန်းများအားလုံးကို Justice For Myanmar က တောင်းဆိုသည်။

မရတနာမောင်က ဆက်လက်ပြီး “Mytel နဲ့ Viettel ကို ချေးငွေတွေ၊ နည်းပညာနဲ့ ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးခြင်းကနေတဆင့် မြန်မာစစ်တပ် ကျုးလွန်နေတဲ့ လူသားဖြစ်မှုအပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို လူသိထင်ရှားတဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများက ပံ့ပိုးနေပါတယ်။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေက စစ်ရာဇဝတ်မှု ကျုးလွန်သူတွေကို ဘဏ္ဍာရေးအရ အကျိုးအမြတ်ရစေပြီး မြန်မာပြည်သူလူထု အထူးသဖြင့် တိုင်းရင်းသား အရပ်သားလူထုရဲ့ နစ်နာခံစားရမှုတွေကို ဖြစ်ပေါ်စေပါတယ်။ စီးပွားရေးလုပ်ငန်းအားလုံးများအနေနဲ့ Mytel ၊ အခြားစစ်တပ်ပိုင် အဖွဲ့အစည်းများအားလုံးနဲ့ သူတို့ရဲ့ ဆက်ဆံရေးကို အဆုံးသတ်ဘို့ Justice For Myanmar က တောင်းဆိုပါတယ်။ နိုင်ငံတကာအစိုးရများအနေနဲ့ မြန်မာစစ်တပ်ခေါင်းဆောင်များနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ ကျမတို့ တောင်းဆိုပါတယ်။ နိုင်ငံတကာအစိုးရတွေအနေနဲ့ သူတို့နယ်မြေထဲမှာရှိတဲ့ ဘယ်ကုမ္ပဏီကိုမဆို စုံစမ်းစစ်ဆေးပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်နေတဲ့ ဘယ်လို ပူးပေါင်းကြံရာပါမှုကိုမဆို အဆုံးသတ်ပေးဖို့ တာဝန်ရှိပါတယ်။” ဟု ပြောဆိုခဲ့သည်။

အယ်ဒီတာများသို့ မှတ်ချက်

Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိသည်။

အစီရင်ခံစာများကို မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာ တိုဖြင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ENDS

ထပ်မံသိရှိလိုပါက –

ရတနာမောင်

အီးမေးလ် – [email protected]

ဝဘ်ဆိုဒ် – https://www.justiceformyanmar.org/

ပုံတူဝဘ်ဆိုဒ် – https://justiceformyanmar.github.io/justiceformyanmar.org/

တွစ်တာ – @justicemyanmar

ဖေ့ဘုတ် – https://www.facebook.com/justiceformyanmar.org/


သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို PDF ဖြင့်ရယူရန်။

Download press release PDF in English.