နေပြည်တော်မှ ကရင်နီပြည်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို လက်နက်သဖွယ်အသုံးပြုခြင်း

KCSN သုံးသပ်ချက်အကျဉ်း

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၄ ရက်၊

အနှစ်ချုပ်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ဖွဲ့စည်းပုံ အသစ်ရေးဆွဲပြီး ရေရှည်တည်တန့်သော ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်အတွက် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့သည်မှာ ရှစ်နှစ်ကျော်မျှ ကြာမြင့်ခဲ့ပါပြီ။ သို့ရာတွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ အစိုးရနှင့်တပ်မတော်သည် အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူပြီး KNPP အား ဘေးဖယ်ထားကာ ကရင်နီပြည်အတွင်း နယ်မြေတိုးချဲ့ခြင်း၊ ကရင်နီပြည်သူတို့၏ မြေယာ၊သဘာဝသယံဇာတများ သိမ်းဆည်းခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ခရိုနီများထံသို့ ရောင်းစားခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ဤဖြစ်စဉ်သည် လွန်ခဲ့သော ၂ နှစ်အတွင်း ဆက်လက်ဖြစ်ပေါ်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်အတွင်း မြန်မာတပ်မတော်သည် ၎င်းတို့၏ခြေလျင်နှင့်မြောက်တပ်စခန်းများကို တိုးချဲ့ရန် လွိုင်ကော် နှင့်ဒီမောဆိုမြို့နယ်အတွင်း မြေဧကပေါင်း ၁၅၀၀ ကို ဌာနေတောင်သူများထံမှ သိမ်းယူခဲ့ပြီး ဆန္ဒပြကန့်ကွက်သည့် တောင်သူ ၄၁ဦးအား ရာဇဝတ်မှုအဖြစ်တရားစွဲဆိုပြီး ထောင်ချ ခဲ့ပါသည်။

မြန်မာ့တပ်မတော်သည် ကိုဗစ်-၁၉ ကာလအတွင်း တစ်ဖက်သတ်အပစ်ရပ်ကြောင်း ကြေငြာခဲ့ သော်လည်း ကရင်နီပြည်အတွင်း တင်းမာမှုဖြစ်စေနိုင်သော တပ်လှုပ်ရှားမှုများအား ပြုလုပ် လျက်ရှိပါသည်။ KNPP နှင့် ကရင်နီဒေသခံလူထုများငြိမ်းချမ်းရေးဥယျာဉ် တည်ဆောက်မည့် ဒေသကိုဖြတ်သွားမည့် မဟာဗျူဟာကျသော ဖားဆောင်းနှင့် တောင်ငူကိုဆက်သွယ်မည့် ကားလမ်းမတစ်လျှောက်ကိုလည်း ဆောက်လုပ်ရန် ဖိအားများပေးလျက်ရှိပါသည်။ မေလ၊ ၂၀၂၀ ခုနှစ်တွင် မြန်မာ့တပ်မတော်မှာ ရှားတောမြို့နယ်အတွင်း ခွင့်ပြုချက်မဲ့ ဝင်ရောက်လာခဲ့သဖြင့် ပစ်ခတ်မှုဖြစ်ပေါ်ကာ ၎င်းတို့မှချောဆွဲလာသော ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ရပါသည်။ ဩဂုတ်လ၊ ၂၀၂၀ ခုနှစ်တွင် မြန်မာတပ်မတော်သည် ဖားဆောင်းမြို့နယ်၊ နန်းကစ်ရှိ KNPP စခန်းတစ်ခုအား မီးရှို့ဖျက်ဆီးခဲ့ပါသည်။

မြန်မာအစိုးရသည် ၎င်း၏ “leaving no-one behind” မူဝါဒကို ဗြောင်ဗြောင်တင်းတင်း ချိုးဖောက်သည့်အနေဖြင့် KNPP မှ ကရင်နီပြည်အတွင်း တည်ဆောက်ထားသည့် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ၂၀ ခုကို ဒေသခံလူထုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟုဆိုကာ ဖျက်သိမ်းရန် အမိန့်ပေးခဲ့ပါသည်။ ကိုဗစ်-၁၉ ကူးစက်မှုပထမလှိုင်းတွင် ကရင်နီပြည်အတွင်း ရောဂါကူး စက်မှုမရှိသော်လည်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပါတ်တွင် ပိုးတွေ့လူနာ ၅၅ ဦးရှိခဲ့ပါသည်။

အစိုးရသည် ၎င်း၏အထက်မှအောက် ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆက်လက်အကောင်အထည် ဖေါ်ပြီး ဒေသခံတို့၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအမံများကို လစ်လျူရှုလျက်ရှိသည်။ ၂၀၁၉ခုနှစ်တွင် အစိုးရသစ်တောရေးရာဌာနသည် ၎င်း၏ “သစ်တောထိန်းသိမ်းရေးကာလအ သစ်” အတွင်း စီးပွားဖြစ်ကျွန်းသစ်စိုက်ပျိုးရန် ဖားဆောင်းမြို့နယ်ရှိ မြေဧကပေါင်း၁၂၅ဧက ကိုသိမ်းဆည်းခဲ့ပါသည်။ အစိုးရသည် ယခုနှစ်အတွင်း ယင်းစီမံကိန်းကို ဧကပေါင်း ၅၀၀ ထပ်မံတိုးချဲ့ရန် စီစဉ်လျှက်ရှိပြီး အဆိုပါဧကများတွင် ရိုဆိုတောင်တန်းဒေသတဝှိုက်ရှိ ဒေသခံ ရွာသူရွာသားတို့၏ လယ်ယာမြေများ၊ ရေအရင်းအမြစ်များနှင့် သစ်တောများပါဝင်သည်။ ရိုဆို တောင်တန်းဒေသကို KNPP နှင့် ဒေသခံတို့မှ လူထုသစ်တောဧရိယာအဖြစ် ၂၀၁၀ ခုနှစ်တွင် သတ်မှတ်ထားပြီး သစ်ထုတ်လုပ်ခြင်း၊ သတ္တုတူးဖေါ်ခြင်းနှင့် အမဲလိုက်ခြင်းများကို တင်းကြပ်စွာ ထိန်းချုပ်ထားသည့် နေရာဖြစ်သည်။

ယမန်နှစ်မှစတင်ပြီး နေပြည်တော်အစိုးရသည် ထိခိုက်နစ်နာမှုများစေသော သယံဇာတ ထုတ်ယူ မှုနှင့် အခြေခံအဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ တရုတ်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကို ဒေသခံတို့၏ဆန္ဒနှင့် ဆန့်ကျင်လျှက် ခွင့်ပြုခဲ့ပါသည်။ ယင်းလုပ်ငန်းများတွင် မော်ချီးဒေသတွင် တရုတ်ကုမ္ပဏီ အိုက်ဝမ် (Aik Wan) မှရင်းနှီးမြှုပ်နှံထားသော ခဲမဖြူနှင့် အဖြိုက်နက် သတ္တု တူးဖေါ်မှု တိုးချဲ့ခြင်းပါဝင်သည်။ အဆိုပါသတ္တုတွင်းကို ဓါတ်ပုံသွားရောက် ရိုက်ကူးခဲ့သည့် ဒေသခံလူငယ်တစ်ဦးအား Nominee onwers ဖြစ်သော အစိုးရပြည်သူ့စစ် KNSO တပ်ဖွဲ့ဝင်များမှ ရိုက်နှက်ခဲ့ပါသည်။

ဇူလိုင်လ၊ ၂၀၁၉ ခုနှစ်မှစ၍ Chinese Global South Industrial Company သည် ဒေသထွက် ခဲနှင့်ခဲမဖြူသတ္တုများကို သန့်စင်ရန် အမေရိကန်ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိသော ဖက်စပ် ရင်းနှီးမြှုပ်နှံမှု သတ္တုသန့်စင်ရေးစက်ရုံတစ်ခုကို လွိုင်ကော်မြို့၏ မြောက်ဖက်တွင် တည်ဆောက် လျှက်ရှိသည်။ စက်ရုံအနားရှိ နွားလဝိုးကျေးရွာမှာ ရွာသူရွာသား ၁၂၀၀ ဦးသည် စက်ရုံကြောင့် လေထုညစ်ညမ်းမှုနှင့်ရေထုညစ်ညမ်းမှုများကို စိုးရိမ်နေကြရသည်။

ဒေသခံတို့မှ အကြီးစားရေကာတာစီမံကိန်းကို ကန့်ကွက်လင့်ကစား NLD အစိုးရသည် တရုတ် နိုင်ငံမှ TBEA Co. Ltd. (စင်းကျန်ပြည်နယ်အခြေစိုက်) နှင့် ခင်မောင်ညွန့် (Khin Maung Nyunt) ကုမ္ပဏီတို့ကို ၁၅၀ မီဂါဝပ်ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ်စက်ရုံအတွက် ရေကာတာတစ်ခုကို လွိုင်ကော်မြို့နယ်နှင့် ရှမ်းနယ်စပ်တွင်ရှိသော နမ့်တဘက်ချောင်းတွင် တည်ဆောက်နိုင်ရန် ကွင်းဆင်းလေ့လာမှုများကို ဆောင်ရွက်ခွင့်ပေးခဲ့သည်။ ယင်းရေကာတာသည် ဒေသခံ ၁၀၀၀၀ ကျော်အပေါ်တွင် ဆိုးကျိုးသက်ရောက်မှုများကိုဖြစ်စေနိုင်ပါသည်။ ပါဝင်သည့်ကုမ္ပဏီများသည် KNPPကို ယင်းစီမံကိန်းသည် အစိုးရ၏ Covid-19 Economic Relief Plan အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်းနှင့် ၎င်းစီမံကိန်းအား လက်ခံရန် ဖျောင်းဖျခဲ့သည်။

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု စကားဝိုင်းမစတင်နိုင်မီအချိန်အတွင်း မြန်မာအစိုး၏ ကရင်နီပြည်အတွင်း စစ်အင်အားတိုးချဲ့မှုနှင့် နိုင်ထက်စီးနှင်းပြုကျင့်မှုများနှင့် ကရင်နီပြည်သူတို့၏ မြေယာနှင့် သဘာဝသယံဇာတတို့ကို လူထုဆန္ဒနှင့်ဆန့်ကျင်လျက် ထုတ်ယူမှုတို့သည် အစိုးရ၏ လက်ရှိငြိမ်း ချမ်းရေးဖြစ်စဉ်အပေါ် မရိုးသားမှုကို ပေါ်လွင်စေပါသည်။

ငြိမ်းချမ်းရေးကိုတည်ဆောက်ရန်အလို့ငှာ မြန်မာအစိုးရနှင့် တပ်မတော်သည် ၎င်းတို့၏ကျူးကျော် ရန်လိုမှုများကိုရပ်တန့်ရန်၊ တိုင်းရင်းသားနယ်မြေများရှိ၎င်းတို့၏ တပ်များကို ရုပ်သိမ်းရန်နှင့် စစ်မှန် သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရန်အတွက် အားလုံးပါဝင်သော နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးမှုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနှင့် ချက်ချင်း စတင်ရန် KCSN မှ တိုက်တွန်းပါသည်။ အထက်ပါအချက်များကို အကောင်အထည်ဖော် ဆောင် ရွက်ပြီးစီးမှုမရှိမချင်း သယံဇာတ ထုတ်ယူမှုနှင့် အကြီးစားဖွံံ့ဖြိုးရေးစီမံကိန်းများအားလုံးကို ရပ်တန့် ရမည်။

နိုင်ငံတကာအဖွဲ့အစည်းများနေဖြင့်လည်း စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖော် ဆောင်နိုင်ခြင်းမရှိသေးသည့်ကာလပတ်လုံး မြန်မာအစိုးရထံသို့ ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေ ထုတ်ပေးခြင်းများကို ဆိုင်းငံ့ထားရန်နှင့် နယ်စပ်ဖြတ်ကျော်သော လူသားချင်းစာနာထောက်ထား မှုအကူအညီများကို တိုင်းရင်းသားလူမှုအသိုင်းအဝန်းများအတွက် ထောက်ပံ့ပေးရန် တောင်းဆိုပါ သည်။

နိဒါန်း

၂၀၁၈ ခုနှစ်တွင် ထုတ်ဝေသည့် KCSN သုံးသပ်ချက်စာတမ်း “Ongoing Burma Army logging threatens peace efforts in Karenni State,”သည် မြန်မာ့တပ်မတော်ယာဉ်များ ခိုးယူ သယ်ဆောင်လာသော သစ်များကို စစ်ရေးရာမှ KNPP ရဲဘော် ၃ ဦးနှင့် အရပ်သားတစ်ဦးကို မြန်မာ့တပ်မတော်မှ သတ်ဖြတ်ခဲ့မှုကို မှတ်တမ်းတင်ထားပါသည်။ ယင်းအဖြစ်အပျက်သည် KNPP နှင့်မြန်မာ့တပ်မတော်တို့အကြား တင်းမာမှုများစွာ ဖြစ်ပေါ်စေခဲ့ပါသည်။ သို့သော်မြန်မာ့ တပ်မ တော်သည် ယနေ့ထိတိုင် ယင်းတရားလက်လွတ်သတ်ဖြတ်မှုအတွက် မည်သည့်အရေးယူဆောင် ရွက်မှုမျှ မရှိသေးပေ။

အဆိုပါဖြစ်ပျက်မှုနှင့်အတူ နိုင်ငံတလွှားတွင်ဖြစ်ပေါ်လျှက်ရှိသော မြန်မာ့တပ်မတော်၏ ထိုးစစ်များ နှင့် ရာဇဝတ်ကျူးလွန်မှုများသည် KNPP အား အစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ် ဆောင်ရွက်မှုအပေါ် ဇဝေဇဝါဖြစ်စေပြီး NCA ကိုလက်မှတ်ရေးထိုးနိုင်ရန် ဟန့်တားမှု ဖြစ်စေခဲ့ပါသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးပါဝင်ခွင့်မရှိခြင်းနှင့် မူဝါဒ အဆိုပြုချက်အားလုံးကို ၂၀၀၈ ဖွဲ့စည်းပုံအတွင်းတွင်သာ ဆောင်ရွက်ခြင်းသည် NCA ကို လက်မှတ်ရေးထိုးနိုင်ရန် ဟန့်တားမှုဖြစ် စေသလို စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် တိုင်းရင်းသားတို့၏ မျှော်မှန်း ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပါ။

မြန်မာဗဟိုအစိုးရ၏ ကရင်နီပြည်အတွင်း လူထုဆန္ဒနှင့်ဆန့်ကျင်သော အကြီးစား စီးပွားရေးစီမံ ကိန်းများကိုကို ခွင့်ပြုခြင်း၊ မြေလွတ်မြေလတ်မြေရိုင်းကဲ့သို့သော ဥပဒေများကို ပြဌာန်းကျင့်သုံး ခြင်းနှင့် ဌာနေတိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာအရ စီမံခန့်ခွဲလာသော လယ်ယာ မြေများ သိမ်းယူခြင်းတို့သည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် KNPP ၏ ယုံကြည်မှုကို ကျဆင်းစေ ပါသည်။

ဤသုံးသပ်ချက်စာတမ်းအကျဉ်းသည် ကရင်နီပြည်အတွင်းရှိ ပဋိပက္ခနောက်ဆုံးအခြေအနေများကို တင်ပြရန်၊ လတ်တလောဖြစ်ပေါ်လျက်ရှိသော မြန်မာတပ်မတော်မှ တပ်အင်အားတိုးချဲ့မှုနှင့် မြန်မာအစိုးရမှ သယံဇာတ ထုတ်ယူမှုအခြေအနေများကို တင်ပြရန်ဖြစ်သည်။ ကိုဗစ်-၁၉ ကာ ကွယ်ရေးလုပ်ဆောင်မှုများတွင် အစိုးရ၏ “မည်သူ့ကိုမျှ ချန်မထား” ဆိုသည့်မူဝါဒ အကောင်အ ထည်ဖေါ်မှုအပေါ် ကြွေးကြော်သံနှင့် ကွဲလွဲနေသော လက်တွေ့အခြေအနေများကိုလည်း ထောက်ပြရန်ဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်သော မြန်မာနိုင်ငံ၏ပဋိပက္ခကို ရေရှည်တည်တန့်သော ဖက်ဒရယ် စနစ်တည်ထောင်ခြင်းဖြင့် အဖြေရှာရာတွင် ပါဝင်ကြသူများအားလုံးအတွက် ထည့်သွင်းစဉ်းစားရန် အချက်အလက်များကို ဤသုံးသပ်ချက်စာတမ်းမှ အထောက်အကူဖြစ်စေလိမ့်မည်ဟု KCSN မှမျှော်လင့်ပါသည်။

 

၁။ ကိုဗစ်-၁၉ ကာလ “တစ်ဖက်သတ်အပစ်ရပ်” အချိန်အတွင်း မြန်မာ့တပ်မတော်၏ တိုက်ပွဲ ဖြစ်ပေါ် စေနိုင်သော စစ်လေးလှုပ်ရှားမှုနှင့် ကျူးလွန်မှုများ

၂၀၂၀ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှစ၍ မြန်မာ့တပ်မတော်သည် ကိုဗစ်-၁၉ တိုက်ဖျက်ရေး လုပ်ငန်း များကို ဦးစားပေးနိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာ “အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့်နေရာ များမှအပ” တစ်ဖက်သတ်အပစ်ရပ်ခြင်းကို ကြေညာခဲ့သည်။ သို့ရာတွင် ကိုဗစ်-၁၉ ကာလအတွင်း မြန်မာတပ်မတော်သည် ကရင်နီပြည်အတွင်း တိုက်ပွဲဖြစ်ပေါ်စေနိုင်မည့် စစ်ရေးလှုပ်ရှားမှုများ ကိုပြုလုပ်ခဲ့ပြီး KNPP နယ်မြေအတွင်း ၎င်းတို့အတွက် မဟာဗျူဟာမြောက်မည့် ကားလမ်း တစ်ကြောင်းဖောက်လုပ်နိုင်ရန်ကိုလည်း ဖိအားပေးခဲ့ပါသည်။

၂၀၂၀ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် ရှားတောအခြေစိုက် မြန်မာ့တပ်မတော် ခမရ ၅၃၀ မှ တပ်သားများသည် ရှာတောမြို့နှင့် မိုင် ၃၀ ကွာဝေးသော တင်လွိုင်ရွာသို့ ကားဖြင့်သွားရာ ရှားတောနှင့် ၈ မိုင်အကွာရှိ KNPP ကန့်သတ်နယ်အတွင်းသို့ဝင်ရောက်လာခဲ့သည်။ ယင်းကန့် သတ်နယ်မြေတွင် နှစ်ဖက်သဘောတူညီချက်အရ မြန်မာ့တပ်မတော်မှ ဝင်ရောက်ခွင့်မရှိပါ။ သဘောတူညီချက်ကို လျစ်လျူရှုပြီး ကန့်သတ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသဖြင့် ပစ်ခတ်မှု များဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်အတွင်း မြန်မာ့တပ်မတော်မှ အဓ္ဓမ ခေါ်ဆောင်လာသော ဆောက်လုပ် ရေးယဉ်မောင်းသမားတစ်ဦး သေဆုံးခဲ့ရသည်။

၂၀၂၀ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် လောပိတအခြေစိုက် မြန်မာ့တပ်မတော် ခလရ ၇၂ သည် မော်ချီးအခြေစိုက် ခလရ ၁၃၅ ကို အစားထိုးရန် မော်ချီးကိုရောက်ရှိလာပါသည်။ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ခလရ ၇၂ သည် မော်ချီးအနီးရှိ ကော်တူဒဲရွာသူကြီးနှင့် လက်ထောက်သင်း အုပ်ဆရာ တစ်ဦးအား မော်ချီးသို့လာရန် အမိန့်ပေးခဲ့သည်။ ယင်းနောက် ခလရ ၇၂ သည် KNPP အမှတ် ၂ ခရိုင်ဒေသ (ဖားဆောင်းမြို့နယ်အတွင်း) ရှိနယ်မြေအချို့ကို ကင်းလှည့်ရန်အတွက် အဆိုပါ သူကြီးနှင့်လက်ထောက်သင်းအုပ်ဆရာတို့အား လမ်းပြအဖြစ် ခိုင်းစေခဲ့ပါသည်။ KNPP ထိန်းချုပ်နယ်မြေ အတွင်းသို့ ဝင်လာရာတွင် ခလရ ၇၂ သည် KNPP အားအသိပေးခြင်း သို့မဟုတ် ခွင့်ပြုချက်တောင်းခံခြင်းမရှိပါ။ KNPP အနေဖြင့် ပစ်ခတ်မှုကိုရှောင်ရှားနိုင်ရန်အတွက် လက်တုံ့ပြန်မှု တစ်စုံတစ်ရာ ဆောင်ရွက်ခဲ့ခြင်းမရှိချေ။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် မြန်မာ့တပ်မတော် ဘောလခဲဗျူဟာ၏ ဗျူဟာမှူးသည် တပ်သား ၅၀ နှင့်အတူ ဖားဆောင်းမြို့နယ်၊ နန်းကစ်ရှိ KNPP တပ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့သည်။ ပစ်ခတ်မှုကို ရှောင်ရှားနိုင်ရန် KNPP တပ်သားများ ဆုတ်ခွာပေးခဲ့သည်။

၂၀၂၀ ခုနှစ်အတောအတွင်း မြန်မာစစ်တပ်က KNPP ခရိုင် ၂ မော်ချီးမှ တောင်ငူသို့ ကားလမ်းဟောင်း ပြန်လည်တည်ဆောက်ခွင့်ပြုရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သည်။ ၎င်းလမ်းဟောင်းသည် KNU တပ်မဟာ ၂ ကိုလည်း ဖြတ်သွားသည်။ ဤလမ်းသည် တောင်ငူမှတပ် များကို အမြန်ဆုံးနေရာချထားနိုင်သည့်အပြင် ကရင်နီပြည်မှ သဘာဝသယံဇာတများဖြစ်သော သစ်၊ ခဲ၊ အဖြိုက်နက်နှင့် အခြားတွင်းထွက်ပစ္စည်းများကို တောင်ငူမှတစ်ဆင့် ရန်ကုန်နှင့် နေပြည် တော်သို့ ပို့ဆောင်နိုင်သော လမ်းကြောင်းဖြစ်သည့် မဟာဗျူဟာကျသည့်လမ်းဖြစ်သည်။ KNPPနှင့်ဒေသခံပြည်သူများ ပါပွန်ခရိုင်ရှိသံလွင်ငြိမ်းချမ်းရေးဥယျာဉ်အပြီး ပုံစံပြုလုပ်ထားသည့် ငြိမ်းချမ်းရေးပန်းခြံ တည်ဆောက်ရန် ရည်ရွယ်ထားသည့်နေရာဖြစ်သော သစ်တောထူထပ်သည့် ဒေသကို ဖြတ်သန်းသွားသည့်လမ်းကို ပြန်လည်တည်ဆောက်ရန် ခွင့်ပြုချက်ကို ဆက်လက်ငြင်း ဆန်ခဲ့သည်။ စီစဉ်ထားသော ငြိမ်းချမ်းရေးဥယျာဉ်တွင် ဖားဆောင်းမြို့နယ် တစ်ခုလုံး၊ ဘောလခဲ နှင့် ဖရူဆိုမြို့နယ်များမှ ဒေသအချို့နှင့် ကရင်နီပြည်၏စုစုပေါင်းဧရိယာ ငါးပုံတစ်ပုံခန့် ပါဝင်သည်။ ၎င်းသည် တောင်ဘက်ရှိ လက်ရှိ သံလွင်ငြိမ်းချမ်းရေးပန်းခြံနှင့် တစ်ဆက်တည်း ဖြစ်လိမ့်မည်။ ထိုဥယျာဉ်ကို ၎င်းဒေသရှိ အမြင့်ဆုံးတောင်ဖြစ်သည့် သောသီခိုတောင်ကို အစွဲပြု၍ သောသီပိုးဝေါငြိမ်းချမ်းရေးပန်းခြံဟု ခေါ်တွင်မည်။

၂။ ကရင်နီဒေသခံတို့၏ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များအား ပိတ်ပင်ခြင်းနှင့် ဖျက်ဆီးခြင်း

၂၀၂၀ခုနှစ် ဖေဖော်ဝါရီမှ မေလအထိ ကိုဗစ်-၁၉ ကူးစက်မှု ပထမလှိုင်းအတောအတွင်း KNPP ၏ ကျန်းမာရေးဌာန – ကရင်နီမိုဘိုင်းကျန်းမာရေးကော်မတီ(KnMHC)- သည် KNPP ထိန်းချုပ် ထားသော ဝေးလံသောဒေသများနှင့် ရောထွေးအုပ်ချုပ်သည့်ဒေသရှိလမ်းများပေါ်တွင် ကိုဗစ်-၁၉ တုံ့ပြန်မှုစစ်ဆေးရေးဂိတ် ၂၀ဂိတ် ထားရှိသည်။ စစ်ဆေးရေးဂိတ်များ၌ ဒေသခံ KnMHC ဝန်ထမ်းများသည် ကိုယ်အပူချိန်ကို စစ်ဆေးပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသတင်းအချက်အလက် များကိုပေးသည်။ KNPP တပ်များမှ လုံခြုံရေးယူပေးသည်။

သို့သော် ၂၀၂၀ခုနှစ် သြဂုတ်လတွင် ကယားပြည်နယ် NLD အစိုးရသည် အထွေထွေအုပ် ချုပ်ရေးဌာနမှ တစ်ဆင့် သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား KnMHC ကျန်းမာရေး စစ်ဆေးရေးဂိတ်များသည် ဒေသခံများအား ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ထားသည်ဟု ပြောကြားကာ စစ်ဆေးရေးဂိတ်အားလုံးကို ပိတ်ထားရန် ညွန်ကြား ခဲ့သည်။ သြဂုတ်လကုန်တွင် KnMHC သည် စစ်ဆေးရေးဂိတ် အားလုံးဖြစ်သော ၂၀ဂိတ်ကို ဖျက်သိမ်းရန် အတင်းအကျပ်စေခိုင်းခံရပြီး KNPP နယ်မြေရှိ KnMHC ကျန်းမာရေးဆေးခန်း နေရာများတွင် ၎င်းတို့၏ ကိုဗစ်-၁၉ စောင့်ကြည့်လေ့လာရေး လှုပ်ရှားမှုများကို ကန့်သတ်ခြင်း ခံရသည်။ သြဂုတ်လ ၁၇ရက် KNPP အခြေစိုက်စခန်း ဖျက်ဆီးခံရသည့် အချိန်တွင် နန်းကစ်ရှိ KnMHC ၏ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်အား မြန်မာစစ်တပ်က မီးရှို့ ခဲ့သည်။

ကိုဗစ်-၁၉ ပထမလှိုင်းအတောအတွင်း ကရင်နီပြည်နယ်သည် ရောဂါဖြစ်ပွားမှုမရှိခဲ့သည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသောဒေသဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒုတိယလှိုင်းစတင်ပြီး ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်အထိ ကရင်နီပြည်နယ်တွင် ရောဂါပိုးရှိသူ ၅၅ ဦး ရှိလာခဲ့သည်။ ဒေသခံလူထုအား ဤဒုတိယလှိုင်းမှ ကာကွယ်ရန် နိုဝင်ဘာလ အစောပိုင်းတွင် KnMHC သည် အစိုးရအာဏာပိုင်များက ပိတ်ထားရန်အမိန့်ပေးခဲ့သည့် မူလ စစ်ဆေးရေးဂိတ် ၉ ခုကို ပြန်လည်တည်ဆောက်ခဲ့သည်။ လွိုင်ကော်ရှိ KNPP ဆက်ဆံရေးရုံးသည် အစိုးရ အာဏာ ပိုင်များထံ အကြောင်းကြားစာပေးပို့ခဲ့သော်လည်း တုံ့ပြန်မှု မရရှိခဲ့ပါ။

ရောဂါပြန့်ပွားမှု ပထမလှိုင်းအတွင်း ဒေသခံလူထုအခြေပြုအဖွဲ့အစည်းများနှင့် လူမှုအသင်းအဖွဲ့ များ လွိုင်ကော်ရှိ ကူးစက်ရောဂါ သံသယလူနာများ ထားရှိသည့်ကွာရတင်းနေရာများဖြစ်သည့် လွိုင်ကော်တက္ဏသိုလ်ဝင်း၊ လွိုင်ကော်သူနာပြုဆောင်နှင့် လွိုင်ကော်ကျောင်းဆရာ သင်တန်း ဆောင်များတွင် ထားရှိသည့်သူများအတွက် အစားအသောက်များ ကူညီပေးခဲ့ကြသည်။ ရောဂါ ပြန့်ပွားမှု ဒုတိယလှိုင်းအတွင်း ကွာရတင်းဝင်ရသူများသည် မိမိအစားအသောက် ကုန်ကျစရိတ် အတွက် တယောက်လျှင်တရက် ကျပ် ၁၇၀၀၀ ပေးဆောင်ရသည်။ ဒေသခံများအနေဖြင့် အထူး သဖြင့် ကိုဗစ်ရောဂါ ကာကွယ်တုန့်ပြန်ရန် အစိုးရမှ နိုင်ငံတာကာ အကူအညီအများအပြား ရရှိနေချိန်တွင် အဘယ့်ကြောင့် ကုန်ကျစရိတ်မပေးနိုင်သည်ကို အံ့သြ ဘွယ်ဖြစ်မိခဲ့ကြသည်။

၃။ ဘိုးဘွားပိုင်လယ်ယာမြေများ ဆက်လက်သိမ်းဆည်းခြင်း

KNPP သည် ၂၀၁၂ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးကတည်းက ကရင်နီပြည်နယ်ရှိ ဌာနေတောင်သူလယ်သမားများထံမှ လယ် ယာမြေ သိမ်းဆည်းမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရ လက်အောက်တွင် ၎င်းတို့၏မြေများကို ကာကွယ်ရန် ကြိုးစားနေသော လယ်သမားများ တရားစွဲ ဆိုခံရသည်။ လယ်သမားအများစု တရားရုံးတက်ပြီး ထောင်ချခံရသည်။ လယ်သမားများ စွဲချက် တင်ခံရသောအဓိကဥပဒေများမှာ –

– အများပြည်သူပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အလွဲသုံးစားမှု သို့မဟုတ် မကောင်းသော အကြံအစည်များနှင့် သက်ဆိုင်သည့်အများပြည်သူပိုင်ဆိုင်မှု ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆/၁
– ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၇ – ရာဇဝတ်မှုကျူးလွန်ခြင်း
– ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၂၇ – ပိုင်ဆိုင်မှုများဖျက်ဆီးခြင်း
– ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၃၅၃ – အစိုးရ ဝန်ထမ်းတစ်ဦးအား ၎င်းတို့၏ တာဝန်များကို မထမ်းဆောင်စေရန် တားမြစ်ခြင်း
– ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၉၄

ဤဥပဒေများသည် ဘိုးဘွားပိုင်လယ်ယာမြေများအား သိမ်းယူခြင်းမှတားဆီးရန် ကြိုးပမ်းခဲ့ကြသော လယ်သမားများအား အပြစ်ပေးရန်အတွက် ၂၀၁၁ နှင့် ၂၀၂၀ အတွင်း ဆက်လက်၍ အသုံးပြုခဲ့သည်။

က။ လွိုင်ကော်နှင့်ဒီမော့ဆိုမြို့နယ်အတွင်း မြန်မာ့တပ်မတော်တို့၏တပ်စခန်းများတိုးချဲ့ရန် မြေယာသိမ်းဆည်းမှုများ

၂၀၁၉ ခုနှစ်တွင် မြန်မာစစ်တပ် အမြောက်တပ်ရင်း ၃၆၀သည် ၎င်းတို့၏ စစ်အခြေစိုက်စခန်း တိုးချဲ့ရေးအတွက် ဒီမော့ဆိုမြို့နယ်၊ ၆မိုင်ကျေးရွာအုပ်စု၊ ဒေါဆိုရှေးရွာသားများ၏ စိုက်ပျိုးမြေဧက ၂၀၀ကို သိမ်းယူခဲ့သည်။ ထိုနှစ်အတွင်းပင် မြန်မာစစ်တပ် အမြောက်တပ်ရင်း ၃၅၆၊ ခြေမြန်ခလရ ၂၅၀ နှင့် ခြေလျင်တပ်ရင်း ၂၆၁ တို့သည် ၎င်းတို့၏အခြေစိုက်စခန်းတိုးချဲ့ရန်အတွက် လွိုင်ကော် မြို့နယ် ဒေါမူကလား ရွာသားများထံမှ မြေဧက ၁၃၀၀ ကို သိမ်းယူခဲ့သည်။

ထိုရွာနှစ်ရွာမှ ရာနှင့်ချီသောလယ်သမားများသည် ၎င်းတို့၏လယ်ယာမြေများကို စစ်တပ်မှ ပြန်လည်ရယူရန် ထွန်ယက်ဆန္ဒပြခဲ့ကြသည်။ ရလာဒ်အနေဖြင့် ဆန္ဒပြပွဲများကိုဦးဆောင်သူ လယ်သမား (၄၁)ဦးသည် အထက်ဖော်ပြပါ ပုဒ်မ(၅)ခုဖြင့် စွဲချက်တင်ခံခဲ့ရပြီး လယ်သမား ၁၀ဦး ကျော်သည် ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် လွိုင်ကော်အကျဉ်းထောင်၌ ထောင်ချခံခဲ့ရပြီး အခြား သူများကို ထောင်အပြင်ဘက်ရုံးတွင် စစ်ဆေးသည်။ ထိန်းသိမ်းခံရသည့်လယ်သမားများအား ၂၀၂၀ခုနှစ်အစောပိုင်းတွင် ထောင်မှ ပြန်လွတ်လာသော်လည်း မြန်မာစစ်တပ်က တရားရုံး၏စီရင် ချက်ကို အယူခံဝင်ခဲ့သည်။

ကံကောင်းထောက်မစွာ ရှေ့နေများ၏အကူအညီဖြင့် ၂၀၂၀ခုနှစ် မတ်လ ၁၃ရက်တွင် လယ် သမားများအပေါ် စွဲချက်တင်မှုအားလုံးကို ပယ်ဖျက်နိုင်ခဲ့သော်လည်း လယ်သမား ၄၁ ဦးသည် စွဲချက်အားလုံး မပယ်ဖျက်ခင်အချိန်ထိ ၁၀လအတွင်း တရားရုံးသို့ ၄၁ ကြိမ် တက်ရောက်ခဲ့သည်။ လယ်သမားများအတွက် အချိန်နှင့်ငွေကြေးအမြောက်အများကုန်ဆုံးခဲ့သည်။ အာမခံဖြင့် ထုတ် သည့်သူများလည်း အာမခံကြေး ပေးရသည်။

လယ်သမားများအားလုံး လွတ်မြောက်လာခဲ့ကြသော်လည်း မျိုးဆက်ပေါင်းများစွာ မှီခိုအားထားလာခဲ့သော ဘိုးဘွားပိုင်လယ်ယာမြေများ မလွတ်မြောက်နိုင်ခဲ့ပေ။

လွိုင်ကော်ရှိ KNPP ဆက်ဆံရေးအရာရှိများသည် လယ်သမားများအား စွဲချက်မှ ကာကွယ် ရန်အတွက် အာဏာပိုင်များနှင့် ညှိနှိုင်းရန်ကြိုးစားခဲ့ကြပြီး ၂၀၁၉ ခုနှစ်တွင် အစိုးရ၏ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးစင်တာ နှင့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် လွိုင်ကော်ရှိ မြန်မာစစ်တပ်၏ ဒေသတွင်းစစ်ဆင်ရေးစစ်ဌာနချုပ်သို့ တောင်းဆိုခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့ သည်။ မြန်မာစစ်တပ်သည် ၎င်းတို့အား လယ်သမားများသည် ဥပဒေကို လိုက်နာရမည့်အစား ဆန္ဒပြရန်ရွေးချယ်ခဲ့ခြင်းသည် လယ်သမားများ၏ အမှားဖြစ်ကြောင်းပြောကြားခဲ့သည်။

၂၀၂၀ခုနှစ် ဧပြီလ ၂၅ရက်တွင် အစိုးရသည် ဒီမော့ဆိုမြို့နယ် ဒေါဆိုရှေးရွာရှိ မြေသိမ်းခံထားရ သော လယ်သမားများအား ၎င်းတို့မှသိမ်းယူထားသော လယ်မြေများအား အစားထိုးအနေဖြင့် ဒီမော့ဆိုမြို့နယ်၊ ဒေါ်ဖုကျေးရွာအုပ်စု၊ ဒေါ်ဖုရွာအနီးတွင် မြေ ၄၅ ဧက ပေးခဲ့ပြီးဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော် ဤမြေသည် ဒေါ်ဖုရွာမှ ၂၄မိုင်အကွာတွင်ရှိပြီး ဓလေ့ထုံးတမ်းအရ ၎င်းရွာမှ ပိုင်ဆိုင်ပြီးဖြစ်သည်။ ဤကမ်းလှမ်းချက်သည် မတူညီသောရွာများမှ တောင်သူလယ်သမား များအချင်းချင်းကြား ပဋိပက္ခဖြစ်စေသည့်အပြင် တိုင်းရင်းသားဒေသများရှိ မြေယာပြဿနာများကို ဖြေရှင်းရာတွင် အရည်အချင်းမရှိသော အစိုးရ၏ ကိုင်တွယ်မှုကိုလည်း ပြသနေသည်။

အစိုးရအနေဖြင့် ဌာနေတိုင်းရင်းသားများကျင့်သုံးသည့် ဓလေ့ထုံးတမ်း မြေယာစီမံခန့်ခွဲမှုစနစ်အား အသိအမှတ်ပြုရန် အရေးတကြီးလိုအပ်နေပြီဖြစ်သည်။

ခ။ ဖားဆောင်းမြို့နယ်အတွင်း အစိုးရ၏ သစ်တောလုပ်ငန်းများအတွက် မြေယာသိမ်းဆည်းမှု

၂၀၁၉ ခုနှစ်တွင် နေပြည်တော်အစိုးရသစ်တောဦးစီးဌာနသည် “သစ်တောထိန်းသိမ်းမှုဧရိယာ” အတွင်း စီးပွားဖြစ်သစ်ထုတ်လုပ်ရန် ကျွန်းသစ်များစိုက်ရန်အတွက် နန်းကစ်ကျေးရွာမှ မိသားစု (၁၁) စု၏ စိုက်ပျိုးမြေများအပါအဝင် ဖားဆောင်းမြို့နယ်ရှိ မြေ ၁၂၅ ဧကကို သိမ်းယူခဲ့သည်။

၂၀၂၀ပြည့်နှစ်တွင် အစိုးရက ဤကျွန်းစိုက်ခင်းစီမံကိန်းအား ရိုဆိုတောင်ခြေအောက်ရှိ ရွာသားများ ၏ လယ်ယာမြေများ၊ တိရစ္ဆာန်များ၊ စားကျက်မြေများ၊ ရေဝေရေများနှင့် ကျေးလက်သစ်တော များအပါအဝင် နန်းကစ်ကျေးရွာအနီးရှိ မြေဧက ၅၀၀ အထိ တိုးချဲ့လိုကြောင်း ကြေငြာခဲ့သည်။

ရိုဆိုသစ်တောဧရိယာ (နှင့်အနောက်ဘက်ရှိ လိုမူခိုသစ်တောဧရိယာ) တို့သည် KNPP၏ ခရိုင် ၂ တွင် တည်ရှိပြီး ၂၀၁၂ခုနှစ် အပစ်အခတ်ရပ်စဲရေးလက်မှတ် မထိုးမီ ၂၀၁၀ ခုနှစ်တွင် KNPP နှင့် ဒေသခံ ရွာသားများက ̔ရပ်ရွာသစ်တောဧရိယာ̕ (သစ်ထုတ်လုပ်ခြင်း၊ သတ္တုတူးဖော်ခြင်းနှင့် အမဲလိုက်ခြင်းတို့ကို တားမြစ်သည့် ဒေသဆိုင်ရာ စည်းမျဉ်းများဖြင့်) အဖြစ်သတ်မှတ်ခဲ့ကြသည်။ ကျား၊ တောဆိတ်၊ သမင်၊ တောဝက်နှင့် ဒေါင်းကဲ့သို့သော ရှားပါးတောရိုင်းတိရစ္ဆာန်များကို ရိုဆိုတောင်တန်းဒေသတွင် တွေ့ရှိရသည်။ ၂၀၁၇ခုနှစ်တွင် ဤသစ်တောဧရိယာကို KNPP နှင့် ဒေသခံလူထုများက GPS နည်းပညာဖြင့် နယ်နိမိတ် ခွဲခြားသတ်မှတ်ခဲ့ကြသည်။

နေပြည်တော်သစ်တောဦးစီးဌာနသည် ယခုနှစ်တွင် ရိုဆိုသစ်တောဧရိယာအနီးရှိ ရွာသားများထံမှ ဧက ၅၀၀ ထပ်မံသိမ်းယူရန်လာသောအခါ နန်းကစ်ရွာသားများသည် KNPP ထံ သူတို့၏ မြေများကို ကာကွယ်ရန် အကူအညီတောင်းခဲ့သည်။ KNPP သည် ယခုအချိန်အထိ အစိုးရအား ဤမြေများကို သိမ်းယူရန်ခွင့်ပြုခြင်း တစုံတရံမရှိသေးပါ။

ကရင်နီလူထုသစ်တောဖြစ်သည့် ရိုဆိုတောင်တန်း

၄။ ထိခိုက်နစ်နာမှုဖြစ်စေသော သယံဇာတထုတ်ယူမှုနှင့် ပွင့်လင်းမြင်သာမှုမရှိသော အကြီးစား စီမံကိန်းများ ဆက်လက်ဖေါ်ဆောင်နေခြင်း

ပြီးခဲ့သည့်နှစ်အတွင်း နေပြည်တော် အစိုးရသည် ဒေသခံလူထုများ၏ဆန္ဒကို ဆန့်ကျင်၍ ထိခိုက် နစ်နာမှုဖြစ်စေသော သယံဇာတထုတ်ယူမှုနှင့် အကြီးစားစီမံကိန်းများကို ခွင့်ပြုပေးခဲ့သည်။ ဤစီမံကိန်းများကို တရုတ်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံသည်။

က။ မော်ချီးဒေသရှိ ခဲမဖြူနှင့်အဖြိုက်နက်သတ္တုတွင်းများအား တိုးချဲ့ခြင်း

သတ္တုတူးဖော်မှု၏ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ ဒေသခံ များစိုးရိမ်ပူပန်မှုများရှိခဲ့ပြီး KNPP အစိုးရ နှင့် ဒေသခံပြည်သူများက ထိုနယ်မြေအတွင်း သောသီပိုးဝေါ ငြိမ်းချမ်းရေးပန်းခြံကို တည်ဆောက်ရန်ရည်ရွယ်ထားသော်လည်း နေပြည်တော် အစိုးရသည် မော်ချီးရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများကို တိုးချဲ့ ခွင့်ပြုခဲ့သည်။

မော်ချီးအနီးကော်တူဒိုးရွာ၊ထောမယ်ခီးတွင် တရုတ်အိုက်ဝမ်ကုမ္ပဏီနှင့် KNSO ပိုင် ကယားငွေ ကြယ်ကုမ္ပဏီတို့ပူးပေါင်းတူးဖေါ်သည် သတ္တုတွင်းအသစ် မြင်ရသည့်မြင်ကွင်း(ဓါတ်ပုံ-KnIC)

အစိုးရပြည်သူ့စစ်များထဲမှ တစ်ခုဖြစ်သည့် ကယားငွေကြယ်သတ္တုတွင်း ကုမ္ပဏီ၊ ကရင်နီအမျိုး သားသွေးစည်းညီညွတ်ရေးအဖွဲ့ (KNSO) သည် လက်ရှိမော်ချီးသတ္တုတွင်းဧရိယာ၏ မြောက် ဘက်သုံးမိုင် ခန့်အကွာရှိ ကော်တူဒိုးရွာအနီး ထောမယ်ခီး နယ်မြေအသစ်တွင် ခဲမဖြူနှင့် အဖြိုက်နက်များတူးဖော်ရန် တရုတ်ရင်းနှီးမြှုပ်နှံသူများ (အိုက်ဝမ်သတ္တုတူးဖော်ရေးကုမ္ပဏီမှ) နှင့် ပူးပေါင်းနေသည်။ KNSO တပ်များသည် သတ္တုတူးဖော်ရေးလုပ်ငန်းတွင် တရုတ်လူမျိုးဝန်ထမ်းများ ရှိနေခြင်းကို ဖုံးကွယ်ထားချင်သောကြောင့် (တရားဝင်သတ္တုတူးဖော်ခွင့်ကို တရုတ်ကုမ္ပဏီမပိုင်ဘဲ ပြည်တွင်းကုမ္ပဏီ ဖြစ်သည့် ကယားငွေကြယ်ကပိုင်ဆိုင်သောကြောင့်) ထိုနေရာကို တင်းကြပ်စွာ အကာအကွယ်ပေးထားပြီး အပြင်လူများကို နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့်ပိတ်ပင်ထားသည်။ ခဲမဖြူနှင့် အဖြိုက်နက်ကို လွိုင်ကော်သို့ ပို့ဆောင်ပြီး တရုတ်နယ်စပ်သို့ သယ်ဆောင်သည်။

၂၀၂၀ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ဒေသခံလူငယ်သုံးဦးသည် ထောမယ်ခီးသတ္တု တူးဖော်ရေးနေရာသို့သွားပြီး လုပ်ဆောင်နေမှုများကို ဓါတ်ပုံရိုက်ခဲ့သည်။ ဘူးလော်ပယ်ရွာ အနီးရှိ လူငယ်တစ်ဦးအား KNSO စစ်သားများက ဖမ်းဆီးရိုက်နှက်ခဲ့သည်။ ထိုလူငယ်၏မိဘများက KNSO စစ်သားများအား တိုင်တန်းရန် ကြိုးစားခဲ့သော်လည်း စစ်သားများက ၎င်းတို့ခေါင်း ဆောင်နှင့် စကားပြောရန် ပြောခဲ့သည်။

ခ။ လွိုင်ကော်မြို့အနီး သတ္တုသန့်စင်စက်ရုံတည်ဆောက်ခြင်း

၂၀၁၉ ခုနှစ် ဇူလိုင်လ နှောင်းပိုင်းမှစ၍ လွိုင်ကော်မြို့မြောက်ဘက် ၂ ကီလိုမီတာအကွာရှိ လွိုင်ကော် စက်မှုဇုန် ၂ ရှိ နွားလဝိုးကျေးရွာအနီး မြေ ၁၁၃ ဧကကို China’s Global South Industrial Company (၉၀% ရင်းနှီးမြှုပ်နှံထား) နှင့် Myanmar’s yadanar Kaday Theik Co.Ltd (၁၀% ရင်းနှီးမြှုပ်နှံထား) တို့ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံထားသော အမေရိကန်ဒေါ်လာ သန်း၅၀ တန်ဖိုးရှိ သတ္တုသန့်စင်စက်ရုံကို တည်ဆောက်ရန် ခွင့်ပြုပေးခဲ့သည်။ ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)မှ ခွင့်ပြုထားသော နှစ် ၅၀ ခွင့်ပြုချက်အရ နှစ်စဉ် တစ်ဧကလျှင် ၇၁.၄၃ ဒေါ်လာနှုန်းဖြင့် တစ်နှစ်လျှင် စုစုပေါင်း ဒေါ်လာ ၈,၀၇၁.၄၃ နှုန်းဖြင့် နှစ်စဉ် မြေကို ကုမ္ပဏီများ ငှားရမ်းသည်။

Global Sout Industrial Company သည် တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် အခြေစိုက်သည့် Hunan Global South Co. Ltd, ၏ လက်အောက်တွင်ရှိသည်။

ကရင်နီပြည်နှင့်ထိစပ်နေသော ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်စုရှိ သိကျိတ် ဒေသနှင့် ကဆန်းဒေသများရှိ သတ္တုတွင်းများမှ ခဲမဖြူနှင့်အဖြိုက်နက်များကို သတ္တုသန့်စင် စက် ရုံသို့သယ်ဆောင်သွားမည် ဖြစ်သည်။ ၎င်းသတ္တုသန့်စင်စက်ရုံမှ တစ်နှစ်လျှင် သန့်စင်ပြီးသ တ္တုချောင်း တန်ချိန် ၂၀၀၀ (တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၅၀၀၀)၊ သန့်စင်ပြီးဝါယာ ကြိုးတန်ချိန် ၂၀၀၀ (တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၈၀၀၀) နှင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့မည့် တစ်နှစ်လျှင် အခြားထုတ်ကုန်တန်ချိန် ၁၀၀၀ (တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၆၅၀၀) ထုတ်လုပ်ရန် ရည်ရွယ်သည်။ မော်ချီးဒေသမှ ခဲမဖြူနှင့် အဖြိုက်နက်များကိုလည်း သတ္တုသန့်စင် စက်ရုံသို့ သယ်ဆောင်လာရန် မျှော်လင့်သည်။

နွားလဝိုးတွင် တည်ဆောက်သည့်သတ္တုသန့်စင်စက်ရုံ(ဓါတ်ပုံ- KMIW)

စီမံကိန်းနေရာတွင် ဆောက်လုပ်ရေးကို ၂၀၁၉ ခုနှစ် ဇူလိုင်လ နောက်းပိုင်းမှ စတင်၍ ၂၀၂၀ ခုနှစ် အကုန်တွင် ပြီးစီးမည်ဟုမျှော်လင့်ရသည်။ သို့သော်ဒေသခံလူထုနှင့် တိုင်ပင်ဆွေးနွေးခြင်းမ ရှိသောကြောင့် သတ္တုသန့်စင်စက်ရုံနှင့်ပတ်သက်သော သတင်းအချက်အလက် အနည်းငယ်သာ ရရှိခဲ့သည်။ ဒေသခံများသည် စက်ရုံမှထွက်လာသော ညစ်ညမ်းသောလေထုနှင့် ဘီလူးချောင်းနှင့် ပွန်ချောင်းများအတွင်းသို့ စီးဝင်သော မြေအောက်ရေနှင့် ဓာတုညစ်ညမ်းမှုများကြောင့် ပတ်ဝန်း ကျင်နှင့် ကျန်းမာရေး ဆိုးကျိုးများ သက်ရောက်မည်ကို စိုးရိမ်နေကြသည်။

သတ္တုသန့်စင်စက်ရုံနှင့် ကပ်လျက်တည်ရှိသော နွားလဝိုးကျေးရွာသည် ၁၉၈၉ ခုနှစ်တွင် လောပိတ ရေအားလျှပ်စစ်စက်ရုံ ပတ်ဝန်းကျင်လုံခြုံရေး ရှင်းလင်းမှုပြုလုပ်စဉ် ဗမာစစ်တပ်မှ အဓမ္မပြောင်းရွှေ့ နေရာချထားပေးခဲ့သော မှုလကျေးရွာဖြစ်သည်။ ၁၉၉၆ ခုနှစ် အကြီးစားဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ဗမာစစ်တပ်သည် ကရင်နီပြည်နယ်ရှိ ဧရိယာ၏ သုံးပုံနှစ်ပုံကို အတင်းအဓမ္မ နေရာချထားချိန်တွင် ရွာသားများ နွားလဝိုးကျေးရွာသို့ ပြောင်းရွှေ့ ခံခဲ့ရသည်။ ယနေ့တွင် နွားလဝိုး၌ အိမ်ထောင်စု ၁၅၀ ခန့် ရှိပြီး လူဦးရေ ၁၂၀၀ ခန့်ရှိသည်။ ရွာသားများသည် ၎င်းတို့၏ ဘိုးဘွားပိုင်မြေများတွင် အမြစ်တွယ်နေပြီဖြစ်ပြီး ယခုအချိန်တွင် သူတို့၏ လွတ်လပ်ခွင့်၊ ကြိုတင် အသိပေးခွင့်ပြုချက် စသည့် အခွင့်အရေးများကို ဆန့်ကျင်၍ သတ္တုသန့်စင်စက်ရုံမှ သူတို့၏ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင် နေရသည်။

ဂ။ နမ့်တဘက်ရေအားလျှပ်စစ်စီမံကိန်းအတွက် ကွင်းဆင်းလေ့လာမှုများဆောင်ရွက်နေခြင်း

၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် ယခင်စစ်အစိုးရနှင့် တရုန်နိုင်ငံ Datang ကုမ္ပဏီတို့မှ ကရင်နီပြည်တွင် ရေကာတာ (၃)တည်ဆောက်ရန် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေး ထိုးခဲ့ကြသည်။ ထိုရေကာတာ (၃)ခုသည် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရွာသစ်ရေကာအပါအဝင် နမ့်ပွန်ချောင်းပေါ်တွင်တည်ဆောက်မည့် ရေကာတာနှင့် နမ့်တဘက်ချောင်းပေါ်တွင် တည်ဆောက်မည့် ရေကာတာဟူ၍ဖြစ်သည်။ ဒေသခံ မြန်မာမိတ်ဖက်မှာ ရွှေတောင်လုပ်ငန်းစု ဖြစ်သည်။ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံ လူမှုအသိုင်းအဝိုင်းများ၏ ဆန့်ကျင်ကန့်ကွက်မှုများကြောင့် ရေကတာစီမံကိန်းများ ဆိုင်းငံ့သွားသော်လည်း အစိုးရနှင့် ကုမ္ပဏီများသည် စီမံကိန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် အခွင့်အလမ်းများအား စဉ်ဆက်မပြတ် ရှာဖွေနေကြဆဲဖြစ်သည်။

Datang ကုမ္ပဏီနှင့် မူရင်းနားလည်မှုစာချွန်လွှာ အခြေအနေကို ရှင်းရှင်းလင်းလင်းမသိရသေး သော်လည်း NLD အစိုးရသည် တရုတ်နိုင်ငံ၏ TBEA ကုမ္ပဏီလီမိတက်(ယခင် Tebian Electri Apparatus) နှင့် ခင်မောင်ညွန့် ထရေးဒင်း ကုမ္ပဏီလီမိတက်တို့အား ရှမ်းကယားနယ်စပ်တွင် တည်ရှိသော နမ့်တဘက်ချောင်းပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ၎င်းကုမ္ပဏီများသည် ကယားပြည်နယ် အစိုးရ၏ခွင့်ပြုချက်ဖြင့် ၂၀၁၈ ခုနှစ် မတ်လ ၁၆ ရက်နေ့မှ ၂၂ရက်နေ့အထိ စီမံကိန်းအတွက် ဖြစ်နိုင်ခြေရှိ မရှိ စစ်တမ်းကောက်ယူမှုများ ပြုလုပ်ခဲ့သည်။

ခင်မောင်ညွန့်(KMN) ကုမ္ပဏီလီမိတက်နှင့် TBEA ကုမ္ပဏီလီမိတက်တို့ပူးပေါင်းပြီး နမ့်တဘက် ချောင်းတွင် ၂၀၁၈ ခုနှစ်အတွင်းတိုင်းထွာမှုပြုလုပ်ခဲ့ကြသည့်ပုံ

TBEA ကုမ္ပဏီ၏အစီအစဉ်အရ နမ့်တဘက်ရေကာတာစီမံကိန်းသည် မူလက Datang ကမ္ပဏီမှ စီစဉ်ထားသည့် မဂ္ဂါဝပ် ၁၁၀ ထက်ပို၍ လျှပ်စစ်ဓါတ်အား ၁၅၀ မဂ္ဂါဝပ် ထုတ်လုပ်မည်ဖြစ်သည်။
TBEA ကုမ္ပဏီလီမိတက်သည် အင်ဂျင်နီယာနှင့်လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီတစ် ခုဖြစ်ပြီး တရုတ်အစိုးရ၏ ပြင်းထန်သောဖိနှိပ်မှုကိုခံရသည့် Uighur မွတ်စလင်များ နေထိုင်ရာ ဖြစ်သည့် တရုတ်ပြည် အနောက်ဘက်ရှိ စီကျန်းပြည်နယ်၊ ချန်ဂျီတွင် အခြေစိုက်သည်။ TBEA ကုမ္ပဏီလီမိတက်မှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွင် လီသီယမ်သတ္တုတူးဖော်ရန်နှင့်စက်မှုဖြင့် ထုတ် လုပ်ရန် ၂၀၁၉ ခုနှစ်တွင် ဘိုလီဗီးယားအစိုးရနှင့် ဒေါ်လာ ၂.၃ ဘီလီယံ တန်ဖိုးထည့်ဝင်ပြီး ဖက်စပ် လုပ်ကိုင်သည်။

၂၀၂၀ ခုနှစ်၊ ဧပြီလ၂၇ ရက်နေ့တွင် ကယားပြည်နယ်အစိုးရသည် မတ်လ ဒုတိယပတ်မှစတင်၍ စက်တင်ဘာလကုန်အထိ နမ့်တဘက်ရေကာတာစီမံကိန်းအတွက် ဘူမိဗေဒလေ့လာမှုပြုလုပ်ရန် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ Myanmar Geo Specialist ကုမ္ပဏီအား ခွင့်ပြုခဲ့ကြောင်း လွိုင်ကော်ရှိ KNPP ဆက်ဆံရေးရုံးကို အကြောင်းကြားခဲ့သည်။ ၂၀၂၀ခုနှစ် ဇွန်လ ၁၉ ရက်တွင် KMN ကုမ္ပဏီသည် ထိုကိစ္စအား ဆက်လက်ဆောင်ရွက်ရန် ကယားပြည်နယ်အစိုးရဆီသို့ သွားရောက်ခဲ့ပြီး ဇွန်လ ၂၂ရက်တွင် KNPP ထံသို့ ၎င်းတို့မှ အစိုးရ၏ ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ အကြီးစား အခြေခံအဆောက်အအုံ စီမံကိန်းများ၏ အမြန်လမ်းကြောင်းကို ရန်ပုံငွေထောက် ပံ့ပေးမည့် ကိုဗစ်စီးပွားရေး ကယ်ဆယ်ရေး အစီအစဉ် (CERP)၏ အားသာချက်ကို ရယူရန်မျှော်လင့်ကြောင်းဖော်ပြထားသည့် စာတစ်စောင်ကို ရေးသားပြီး KNPP အား ၎င်းတို့၏ စစ်တမ်းကို ခွင့်ပြုပေးရန် တောင်းဆိုသည်။

ဒေသခံရွာသားများ၏ စိုးရိမ်ပူပန်မှုများကြောင့် KNPP သည် ဘူမိဗေဒတိုင်းတာရေးကို သဘောတူခြင်းမပြုခဲ့ဘဲ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၁ရက်နေ့တွင် နေပြည်တော် NLD အစိုးရသို့ နမ့်တဘက်ရေကာတာစီမံကိန်းကို ဖျက်သိမ်းပေးရန် စာတစ်စောင်ပို့ခဲ့သည်။

နမ့်တဘက်ရေအားလျှပ်စစ်စီမံကိန်း၏ အလားအလာရှိသော သက်ရောက်မှုများ

နမ့်တဘက်ရေအားလျှပ်စစ်စီမံကိန်းကြောင့် အကျိုးသက်ရောက်မှုရှိနိုင်သည့် ကျေးရွာများ ၂၇ ရွာရှိသည်။ (ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ကျေးရွာ ၂၃ရွာနှင့် ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်မှ ကျေးရွာ ၄ ရွာ) ရှိပြီး စုစုပေါင်းလူဦးရေမှာ ၁၀,၃၅၉ ဦးရှိသည်။

ဒေသခံရွာသားအားလုံးသည် သဘာဝပတ်ဝန်းကျင်အပေါ် မှီခိုအားထားနေရသော လယ်သမား များဖြစ်သည်။ အကြီးစားရေအားလျှပ်စစ်စီမံကိန်းနှင့် ဆက်စပ်သော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းသည် သစ်တောများနှင့် တောရိုင်းတိရစ္ဆာန်များကို ဖျက်စီးပစ်နိုင်ပြီး ပတ်ဝန်းကျင် ဂေဟစနစ်အား အကျိုးသက်ရောက်စေသည်။

နမ့်တဘက်ချောင်း ရေလှောင်တမံသည် အစားအစာ သို့မဟုတ် ဝင်ငွေအရင်းအမြစ်ရှာရန် အခွင့်အလမ်း နည်းပါးနေသော လူအများစုနှင့်အတူ ထောင်ပေါင်းများစွာသောလူများအတွက် စားနပ်ရိက္ခာ ဖူလုံမှုနှင့် အသက်မွေးဝမ်းကျောင်းအတွက် အဓိကအရင်းအမြစ်ဖြစ်သော ငါးဖမ်းလုပ်ငန်းကို အနှောင့်အယှက် ဖြစ်စေသည်။ ရေကာတာသည် ငါးလုပ်ငန်းအပေါ်သက်ရောက်မှု အား နည်းသည့် ̔ မြစ်ရေ စီးဆင်းမှု̔ စီမံကိန်းဖြစ်သော်လည်း ကမ္ဘာ့ဘဏ်၏ပံ့ပိုးမှုဖြင့် ၁၉၉၄ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် ထိုင်းနိုင်ငံအရှေ့မြောက်ဘက်ရှိ ယခင် ̔မြစ်ရေစီးဆင်းမှု̔ စီမံကိန်းဖြစ် သည့် ၁၃၆ MW ရှိ Pak Mun ရေကာတာသည် ရွာသူရွာသား၂၀,၀၀၀ ကျော်၏ ငါးဖမ်းလုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေသည့် ငါးများ၏ရွှေ့ပြောင်းခြင်းကို လုံးဝပိတ်ဆို့ထားသည်။

ရေကာတာတည်ဆောက်ရန်လျှာထားသည့် နေရာနှင့် ငါးမိုင်ခန့်အကွာတွင် တည်ရှိပြီး လှပသော နမ့်တဘက်ရေတံခွန် (ဒေသအခေါ် ထီးစဲခါး)သည် ရေကာတာ ကြောင့် သဘာဝအလှတရားများ ထိခိုက်ပျက်စီးမည်ကိုလည်း ဒေသခံများ စိုးရိမ်နေကြသည်။ ထီးစဲခါးရေတံခွန်သည် ခရီးသွားပြည်သူများအတွက် သဘာဝအလှနှင့်စွဲဆောင်မှုရှိသော အထင်ကရနေရာဖြစ်တခုဖြစ်ပြီး ဒေသခံရွာများမှ ခရီးသွားပြည်သူများထံ အဓိက ဝင်ငွေရရှိသော နေရာဖြစ်သည်။ အထူးသဖြင့် နွေရာသီ သင်္ကြန်ပွဲအတွင်း မြန်မာနိုင်ငံအနှံ့မှ လာရောက်လည်ပတ်ကြသည့် ထောင်ပေါင်းများစွာသော ခရီးသွားပြည်သူများထံမှ ဝင်ငွေရရှိကြသည်။

နမ့်တဘက်ရေတံခွန်များ (KCSN မှ ဓါတ်ပုံ)

စီမံကိန်းကြောင့် အန္တရာယ်ဖြစ်စေနိုင်သော နောက်ထပ်အကျိုးသက်ရောက်မှုတစ်ခုမှာ ရေကာတာလုံခြုံရေးကို အကြောင်းပြပြီး တပ်အင်အားများ တိုးချဲ့လာမည်ဖြစ်သည့်အတွက် ဒေသခံအရပ်သားများအတွက် လုံခြုံရေးအန္တရာယ်များ တိုးမြှင့်လာခြင်းပင်ဖြစ်သည်။ ဆယ်စုနှစ်ကတည်းက တည်ဆောက်ခဲ့သော မြန်မာနိုင်ငံ၏ ပထမဆုံး ရေအားလျှပ်စစ် စီမံကိန်းတခုဖြစ်သည့် လောပီတရေအားလျှပ်စစ်စက်ရုံ လုံခြုံရေးအတွက် မြန်မာစစ်တပ်များ တပ်ချထားကာ ၎င်းစစ်တပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကရင်နီလူများမှ ခါးသီးစွာဖြင့် ကြုံတွေ့ခဲ့ကြရပြီးဖြစ်သည်။ မြန်မာစစ်တပ်မှ ထောင်ပေါင်းများစွာသော မြေမြုပ်မှိုင်းချထားခြင်းကြောင့် ပြန်သူလူထုများ ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းများရှိခဲ့သည်။ သည့်အပြင် ရွာသားများ၏ တိရစ္ဆာန်များသည် မြန်မာစစ်တပ်ထောင်ထားသော မြေမြုပ်မှိုင်းအား နှင်းမိပါက ၎င်းပေါက်ကွဲသွားသော မြေမြုပ်မှိုင်းအတွက် လျှော်ကြေးများ ပေးဆောင်ရသည်။

NCA လက်မှတ်ရေးထိုးထားသော PNLO သည် ဒေသခံလူထုများ၏ ဆန္ဒကိုဆန့်ကျင်သော နမ့်တဘက်နှင့် ပွန်ချောင်းရေကာတာ စီမံကိန်းကို မြှင့်တင်ခြင်း

နမ့်တဘက်ချောင်းသည် လွိုင်ကော်မြို့မြောက်ပိုင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ဆီဆိုင်ရွာသူရွာသားများသည် နမ့်တဘက်ရေကာ တာ၏ဆိုးကျိုးများကို ခံရမည်ဖြစ်သော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် (NCA) လက်မှတ်ရေးထိုး ထားသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) သည် ရေကာတာတည်ဆောက်ရန် ဆက်လက် လုပ်ဆောင်နေသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၉ ရက် နေ့စွဲဖြင့် ပအိုဝ်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်မှုကော်မတီ (PPDC) အမည်ဖြင့် ငြိမ်းချမ်းရေးကော်မရှင်သို့ပေးပို့သည့်စာတွင် PNLO က နေပြည်တော်အစိုးရထံ နမ့်တဘက်ရေကာတာ တည်ဆောက်ရန် (၎င်းဆည်ကို မဂ္ဂါဝပ် ၁၁၀ ထုတ်လုပ်သည်၊ ယခင် Datang ကုမ္ပဏီမှ မူလစီစဉ်ထားသော ကိန်းဂဏန်း) နှင့်အတူ M.Y. Holding ကုမ္ပဏီနှင့် HTCT ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီလီမိတက် (ရွှေတောင်လုပ်ငန်းစု၏တစ်စိတ်တစ်ပိုင်း) တို့မှ ဆောက်လုပ်မည့် ၃၀မဂ္ဂါဝပ်ရှိ ပွန်ချောင်းရေကာ တာကို တည်ဆောက်ရန် တိုက်တွန်းခဲ့သည်။

၂၀၂၀ခုနှစ် ဧပြီလ ၉ ရက်တွင် PNLO သည် နိုင်ငံတော် အတိုင်ပင်ခံနှင့် အမျိုးသားပြည်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး စင်တာဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား နမ့်တဘက်ရေကာတာ (၁၁၀ မဂ္ဂါဝပ်) နှင့် ၃၀ မဂ္ဂါဝပ် ပွန်ချောင်းရေကာတာအပါအဝင် လျှပ်စစ်ဓါတ်အား ၄၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ဆည်လေးခုကို ̔ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ̔တွင် ဆောက်လုပ်ရန် တောင်းဆိုထားသည့် စာတစ်စောင်အား ထပ်မံရေးသားပေးပို့ခဲ့သည်။

PNLO က PNLO ဒေသရှိ နောင်ထော်ရွာတွင် နမ့်ပွန်ချောင်းတွင် ၃၀ မဂ္ဂါဝပ် ရေကာတာ စီ မံကိန်းကို တည်ဆောက်ရန် ရှမ်းပြည်နယ်အစိုးရနှင့် M.Y Holding ကုမ္ပဏီတို့အကြား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက်တွင် နားလည်မှုစာချွန်လွှာလက်မှတ်ထိုးခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းတို့စာတွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် PPDC တို့၏ ဦးဆောင်အဖွဲ့ဖြစ်သော M.Y Holding ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်ဦးရဲထွဋ်အား နမ့်ပွန်ချောင်း ရေကာတာတည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်ရန် တောင်းဆိုခဲ့သည်ဟု ဖော်ပြထားသည်။

PNLOသည် NCA သဘောတူညီချက် အပိုဒ် ၂၅ (ခ)အရ “ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးနှင့် စီးပွားရေးအတွက် ဖွံ့ဖြိုးတိုးတက်မှု” ခေါင်းစဉ်အောက်တွင် ဤစီမံကိန်းကို မြှင့်တင်ပေးခြင်းအား ဖြင့် EITI (သယံဇာတတူးဖော်ရေးလုပ်ငန်းများပွင့်လင်းမြင်သာမှုရှိခြင်း) လုပ်ထုံးလုပ်နည်းများကို လိုက်နာပြီး ဒေသခံလူထုနှင့် သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ကိုရရှိပါက အကြီးစား စီမံကိန်းများကို အပစ်အခတ်ရပ်စဲရေးဒေသများတွင် ဆက်လက် လုပ်ဆောင်နိုင်သည်။

နမ့်တဘက်ရေကာတာသည် ထောင်ပေါင်းများစွာသော ကရင်နီပြည်နယ်ရှိဒေသခံများကို ထိခိုက် လိမ့်မည်။ ထိုနည်းတူစွာ ပွန်ချောင်းသည် ကရင်နီပြည်နယ်တစ်လျှောက်လုံးနီးပါး ဖြတ်သန်းသွား သောကြောင့် ရှမ်းပြည်နယ်ရှိ ပွန်ချောင်းရေကာတာများသည် ကရင်နီပြည်သူများအပေါ်တွင် သက်ရောက်မှုများစွာရှိလိမ့်မည်။ ၂၀၁၆ခုနှစ် အောက်တိုဘာလတွင် ထောင်နှင့်ချီသော ဘောလခဲမှ ကရင်နီပြည်သူတို့သည် ပွန်ချောင်းရေကာတာတည်ဆောက်ရေးကို ဆန့်ကျင်ဆန္ဒပြ ခဲ့ကြသည်။

ထို့ကြောင့် PNLO သည် ဒေသခံလူထု၏ သဘောတူညီချက်မပါဘဲ ရေကာတာတည်ဆောက်ရန် ရှေ့ဆက်လုပ်ဆောင်နေခြင်းသည် NCA သဘောတူညီချက်အား ချိုးဖောက်ခြင်းဖြစ်သည်။ NCA မည်သို့ပင်ဖြစ်ပါစေ PNLO သည် အငြင်းပွားနေသော တိုင်းရင်းသားဒေသတွင် အငြင်းပွား မှုအတွက် နိုင်ငံရေးအဖြေရှာမှုနှင့် သဘာဝအရင်းအမြစ်များကို ပိုင်ဆိုင်ခြင်း၊စီမံခန့်ခွဲခြင်းနှင့် ထိန်းချုပ်ခြင်း လုပ်ပိုင်ခွင့်များအပ်နှင်းခြင်းနှင့် ဒေသခံပြည်သူများမှ ၎င်းတို့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်းစသည့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မရရှိသေးချိန်တွင် ထိုကဲ့သို့သော အကြီးစား စီမံကိန်းများ မမြှင့်တင်သင့်ပါ။

ရှေးဟောင်းကရင်နီမြို့တော်ဘောလခဲတွင် ပွန်ချောင်းရေကာတာ တည်ဆောက်မှုကို ဆန့်ကျင်ဆ န္ဒပြခြင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ

နိဂုံးနှင့် အကြံပြုချက်များ

မြန်မာအစိုးရအနေဖြင့် ကရင်နီပြည်နယ်တွင် စစ်ရေးတိုးချဲ့မှုများနှင့် ကျူးကျော်မှုများနှင့် ကရင်နီ ပြည်၏ မြေယာနှင့် သယံဇာတများကို အဓမ္မယူငင်ခြင်းတို့သည် ၎င်းတို့၏ လက်ရှိ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်” ၏ မရိုးသားမှုကို ဖော်ထုတ်နေသည်။ နိုင်ငံတကာ အလှူရှင်များအနေဖြင့် ကျ ရှုံးနေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သူတို့၏ထောက်ခံမှုကို ပြန်လည်သုံးသပ်ရန်နှင့် မြန်မာစစ်တပ်အား တိုင်းပြည်တစ်ဝှမ်းထိုးစစ်များကို အဆုံးသတ်ရန်၊ တပ်များပြန်လည်ရုပ်သိမ်း ရန်နှင့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးတည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းအားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အသစ်တစ်ရပ် ပြုလုပ်ရန် မြန်မာအစိုး ရအပေါ် အဓိပ္ပါယ်ရှိသော ဖိအားပေးမှုများ စတင်ရန် အရေးတကြီးလိုအပ်နေသည်။

မြန်မာနိုင်ငံစစ်သားအား အမတော်ကြေးပေးပြီး အခွင့်အရေးချိုးဖောက်မှုနှင့် ပစ်မှုများဆက်လက်ကျူးလွန်နိုင်ရန် မီးစိမ်းပေးသည့် သဘောဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် “စီးပွာရေးပုံမှန်အတိုင်းဆောင်ရွက်မှု” ကို အဆုံးသတ်ရန်နှင့် မကြာသေးမီက Covid-19 စီးပွားရေးကုသမှုအစီအစဉ်မှတဆင့် ဗဟိုအစိုးရထဲသို့ ဒေါ်လာဘီလီယံ အကူအညီဖြည့်သွင်းပေးသွင်းခြင်းကို ရပ်တန့်ပေးရန် ဆိုလိုသည်။

ငြိမ်းချမ်းရေးရရှိရန် KCSN မှ အောက်ပါအချက်များကို အကြံပြုသည်။

မြန်မာအစိုးရသို့

  • စစ်မှန်သောငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး မရေးထိုးမချင်း၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရက်တစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား အကောင်အထည် မဖော်မချင်း သယံဇာတထုတ်ယူမှုနှင့် အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းများအားလုံး ရပ်တန့်ရန်။
  • တိုင်းရင်းသားဒေသအတွင်း မြန်မာစစ်တပ်၏ မြေယာသိမ်းဆည်းမှုများ ချက်ချင်းရပ်တန့်ရန်နှင့် သိမ်းယူထားသောမြေများအားလုံး မူလစိုက်ပျိုးခဲ့သော ဒေသခံတောင်သူလယ် သမားများထံ ပြန်ပေးရန်အတွက် မြန်မာစစ်တပ်အား အမိန့်ပေးရန်။
  • မတရားသိမ်းဆည်းထားသောမြေယာများအတွက် ဆန့်ကျင်သည့် တောင်သူလယ်သမားများအပေါ် တရားဝင်စွဲဆိုနေခြင်းများအားလုံး ရုပ်သိမ်းရန်။
  • တိုင်းရင်းသားဒေသများမှ မြန်မာစစ်တပ်များ ရုပ်သိမ်းရန်၊ အားလုံးပါဝင်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေငြာရန်နှင့် မြန်မာနိုင်ငံတွင် စစ်မှန်သောဖက်ဒရယ်ဒီမိုက ရက်တစ် ပြည်ထောင်စုတည်ထောင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနှင့် နိုင်ငံရေးဆွေးနွေးမှု စတင်ရန်။

နိုင်ငံတကာကုမ္ပဏီများသို့

  • လက်ရှိရင်းနှီးမြှပ်နှံမှုများသည် အစိုးရနှင့်၎င်း၏စစ်တပ်ကို အကျိုးဖြစ်ထွန်းစေရုံမျှမက မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများကို ထိန်းချုပ်ရန်နှင့် ဖိနှိပ်ရန်ဖြစ်သောကြောင့် စစ်မှန်သောငြိမ်းချမ်းရေး၊ ဒီမိုကရေစီအပြောင်းအလဲနှင့် မြန်မာပြည်တွင် ဖက်ဒရယ်ပြည် ထောင်စု ပေါ်ထွန်းလာသည်အထိ ရင်းနှီးမြှုပ်နှံမှုများ အားလုံးကို ရပ်တန့်ရန်။

နိုင်ငံတကာအလှူရှင်များ

  • ချေးငွေများသည် အစိုးရနှင့် ၎င်း၏စစ်တပ်အတွက် အကျိုးရှိရုံမျှသာမက မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများကို ထိန်းချုပ်ရန်နှင့် ဖိနှိပ်ရန်ဖြစ်သောကြောင့် စစ်မှန်သောငြိမ်း ချမ်းရေး၊ ဒီမိုကရေစီအပြောင်းအလဲနှင့် မြန်မာပြည်တွင် ဖက်ဒရယ်ပြည်ထောင်စု မရမချင်း မြန်မာအစိုးရအား ချေးငွေများထောက်ပံ့ခြင်းကို ရပ်တန့်ရန်။
  • နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ဒေသခံ လူ့အဖွဲ့အစည်းများသို့ တိုက်ရိုက်ရောက်ရှိနိုင်သည့် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းများမှ တစ်ဆင့်ပေးရန်။

အစီရင်ခံစာအပြည့်အစုံကို PDF ဖြင့်ဒေါင်းလုတ်ယူရန်။

View the English version.

Related Posts:

Send this to a friend