Statement 154 Views

(၇၂) နှစ်မြောက် နိုင်ငံတကာလူ့အခွင့်အရေးနေ့အတွက် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) ၏ သဘောထားထုတ်ပြန်ချက်

December 10th, 2020  •  Author: Network for Human Rights Documentation - Burma  •  1 minute read
Featured image

နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် မြန်မာပြည်တွင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည့် ချိုးဖောက်မှုများ ချက်ခြင်း ရပ်တန့်ရန်နှင့် လူသားချင်းစာနာထောက်ထားသည့် အကြပ်အတည်းများကို ဖြေရှင်းသွားရန် လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက်မြန်မာနိုင်ငံ (ND-Burma) မှ တောင်းဆိုလိုက်သည်

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်

မြန်မာနိုင်ငံအတွင်း မြင့်တက်လာသည့် လူ့အခွင့်အရေးအခြေအနေများအပေါ်  ND-Burma မှ စိုးရိမ်မိပါသည်။ အကြမ်းဖက်မှုများသည် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး လက်နက်ကိုင် စစ်သားများ၏ ချိုးဖောက်မှုမှ ကာကွယ်ရန် မစွမ်းနိုင်သည့် ထိခိုက်နစ်နာလွယ်သူများမှာ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။ မကြာသေးမီက ကျင်းပခဲ့သည့် ရွေး ကောက်ပွဲမှ နောက်ထပ် (၅) နှစ်သက်တမ်း အုပ်ချုပ်ရန် ထပ်မံရွေးကောက်ခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် အရပ်သားများ ဘေးကင်း လုံခြုံရေးကို မဖြစ်မနေ အထူးအလေးပေး ဆောင်ရွက်ရမည်ဖြစ်သည်။

ယနေ့ကျရောက်သည့် နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် တိုင်းပြည်ရှိ ပြည်သူတရပ်လုံးအား ကာကွယ် စောင့်ရှောက် ရန်နှင့် ပြည်သူတို့၏ အခွင့်အရေးကို ထိန်းသိမ်း လေးစားရန် ND-Burma မှ နိုင်ငံတော်အစိုးရအား တောင်းဆိုပါသည်။ သို့မှသာ အားလုံးပါဝင်ပြီး ခွဲခြားမှုမရှိသည့် ချဥ်းကပ်မှုများဖြင့် ငြိမ်းချမ်းရေးသို့ ဦးတည်သည့် အဓိပ္ပါယ်ရှိသော ခြေလှမ်း များ စတင် နိုင်မည် ဖြစ်သည်။

အပြစ်မဲ့ပြည်သူ ထောင်ပေါင်းများစွာမှာ ဆယ်စုနှစ် ခုနှစ်ခုကျော် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်အတွင်း သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် နေရပ်ရင်းမှ အတင်းအကြပ်ထွက်ပြေးကြရသည်။ ထိုအဖြစ်ဆိုးများ ဖြစ်ပေါ်နေသော်လည်း ဖြစ်ရပ်အချို့တွင်သာ ချိုးဖောက်ခံရသူနှင့် ၎င်းတို့၏မိသားစုဝင်များမှာ မပြောပလောက်သည့် ပေးလျော်မှုနှင့် တရား မျှတမှုကိုသာ ရရှိကြသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အပါအဝင် အစိုးရအဖွဲ့အစည်းများမှ တရားမျှတမှုအတွက် လုပ်ဆောင်မှုနှင့် စည်းရုံးမှုများ ပျက်ကွက်နေသည်မှာလည်း စိတ်ပျက်စရာဖြစ်သည်။ အထူးသဖြင့် MNHRC ၏ အပိုဒ် (၃၇) တွင် တရားရုံးတင် ဆောင်ရွက်နေသည့် မည်သည့်တိုင်ကြားမှုများကိုမဆို ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေး ပိုင်ခွင့်မရှိဟု ဖော်ပြထားမှုသည် တိကျမှုမရှိသော ကော်မရှင်၏ လုပ်ပိုင်ခွင့်က ပြစ်မှုကျူးလွန်သူများအား တာဝန်ယူ၊ တာဝန်ခံမှု ရှိလာစေရေးအတွက် ဆောက်ရွက်ရန် အကန့် အသတ်ဖြစ်စေသည့် ဥပမာတခုဖြစ်သည်။

လူ့အခွင့်အရေးအကြီးအကျယ်ချိုးဖောက်ခံရသူများ၊ နိုင်ငံတကာလူသားချင်းစာနာသည့် ဥပဒေကို ချိုးဖောက်ခံရသူ များနှင့် ၎င်းတို့၏မိသားစုဝင်များသည် မည်သည့်အဖွဲ့အစည်း၏ နှောင့်ယှက်ဟန့်တားမှု တစုံတရာမရှိပဲ တရားမျှတမှု ရှာဖွေနိုင်ခွင့် ရှိရမည် ဖြစ်သည်။ ထိုအထဲတွင် အပြစ်ကျူးလွန်သူများ၏ တာဝန်ယူ တာဝန်ခံမှုနှင့် ကျူးလွန်ခံရသူများ မည်သို့ ကျူးလွန်မှုကို ခံစားရသနည်းဆိုသည့် အမှန်တရားကို သိခွင့်ရှိခြင်းလည်း ပါဝင်သည်။ မည်သည့် ရာဇဝတ်မှုမျိုး မဆို တရားခံအား စစ်ခုံရုံး သို့မဟုတ် အစိုးရတာဝန်ရှိသူများမှ အကာအကွယ်ပေးမှုမျိုး မရှိရပေ။

မြန်မာ့တပ်မတော်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမျာ: (EAOs) နှင့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်း တိုး နေသော်လည်း ရက္ခိုင့်တပ်တော် (AA) အပါအဝင် အားလုံးပါဝင်သည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘော တူညီမှုမျိုး မရရှိသေးပေ။ ယခုနှစ် မတ်လတွင် အစိုးရ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီမှ AA အား အ ကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သည်။ ယခု ဒီဇင်ဘာလသည် AA နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားသည့် (၂)  နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး မြေမြှုပ်မိုင်းကြောင့် သေဆုံးခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု အပါအဝင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွား နေသည်။ ယခုအချိန်တွင် ရှမ်းပြည်မြောက်ပိုင်း၊ ချင်း၊ ကချင်နှင့် ကရင်ပြည်နယ် တို့တွင် အကြမ်းဖက်မှု များကို မြန်မာစစ်တပ်နှင့် EAQs များသည် စနစ်တကျဖြင့် ကျူးလွန်နေသည်။  ၁၉၉၂ ခုနှစ်တွင် မြန်မာအစိုးရမှ လက်မှတ် ရေးထိုးထားသည့် ဂျီနီဗာကွန်ဗင်းရှင်းအတိုင်း တပ်မတော်နှင့် EAQs များမှ အပြည့်အ၀ ပူးပေါင်းပြီး စစ်ပွဲများတွင် နိုင်ငံတကာဥပဒေ စံချိန်စံညွှန်း များအတိုင်း လေးစားလိုက်နာ ဆောင်ရွက်ရမည် ဖြစ်သည်။

ND-Burma မှ ၂၀၂၀ခုနှစ် စက်တင်ဘာလတွင် ထုတ်ဝေခဲ့သည့် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာတွင် မှတ်ချက် ပြုထားသကဲ့သို့ စစ်ပွဲများဖြစ်ပွားနေသည့် ဒေသတွင်းရှိ ပြည်သူများသာ ပစ်မှတ်ထားခြင်း ခံနေရသည် မဟုတ်ပဲ သတင်းသမားများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ဖြစ်ပေါ်နေသည့် အကြောင်းအရာ များအပေါ် အစီရင်ခံ ထုတ်ပြန်နေသည့် အရပ်ဖက်အဖွဲ့အစည်းများပါ အလွန်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်။

ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း၏ အမှတ်လက္ခဏာတခုမှာ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်ကို လေးစားလိုက်နာခြင်းဖြစ်သည်။ ၂၀၂၀ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွန်းကိန်းတွင် မြန်မာနိုင်ငံသည် အဆင့် (၁၃၉) တွင် ရှိပြီး နယ်စည်းမခြားသတင်းသမားများအဖွဲ့မှ “သတင်းလွတ်လပ်ခွင့်သည် (NLD) အစိုးရ၏ ဦးစားပေးလုပ်ငန်းတခု မဟုတ်သည်မှာ ထင်ရှားသည်” ဟု ဖော်ပြထားသည်။

မြန်မာပြည်သူများအတွက် အထူးသဖြင့် စစ်၏ ဝန်ထုတ်ဝန်ပိုး များကို ဆယ်စုနှစ်များစွာ ၄င်းတို့၏ ပခုံးပေါ် ထမ်းထား ရသူများအတွက် စစ်မှန်သည့်ငြိမ်းချမ်းရေးကို အမှန်တကယ်ရရှိခံစားစေလိုလျှင် NLD သည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရရှိထားမှုကို အခွင့်အရေးတရပ်အနေဖြင့် အသုံးပြုပြီး ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ အရပ်သားများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူ့အခွင့်အရေးကို ထိန်းသိမ်းမြှင့်တင်ရေး အတွက် အရပ်ဖက်အဖွဲ့အစည်းများ အပါအဝင် အင်အားစု အားလုံးနှင့် လက်တွဲ၍ ဆောင်ရွက်သင့်သည်။ ရွေးကောက်ပွဲ အပြီး တွင် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းမှုကော်မတီ (FPNCC) မှ NLD အစိုးရနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားမည်ဟု ကနဦးထုတ်ပြန် ချက်သည် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် အပြုသဘော ဆောင်သည့် လက္ခဏာဖြစ်သည်။ ဆွေးနွေးညှိနှိုင်းမှုများတွင် ဖက်ဒရယ်ပြည်ထောင်စု လမ်းညွှန်ချက်များအဖြစ် အရပ် သားများ၏ လုံခြုံရေးကို ရှေ့တန်းတင်၍ သေချာစွာ ထည့်သွင်းရမည် ဖြစ်သည်။

ထို့အပြင် ND-Burma အဖွဲ့ဝင်များအနေဖြင့် မြန်မာပြည်အနာဂတ်နှင့်ပတ်သက်ပြီး အထူးအလေးအနက် ထား စိုးရိမ်မိပါသည်။ လုံခြုံမှုနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဥ်များ မရှိလျှင် အပြစ်မဲ့ ပြည်သူများ၏ ရှေ့ရေးမှာ အန္တရာယ်ထူပြော နေဦးမည် ဖြစ်သည်။ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ် ပိုင်ဆိုင်မှုများအား အကာအကွယ်ပေးရန်အတွက် ဂျီနီဗာကွန်ဗန်းရှင်းပါ အချက်များကို တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ လိုက်နာရန်လည်း ထပ်မံတောင်းဆိုပါသည်။ အဆိုပါအချက်များကို လိုက်နာရန် ပျက်ကွက်သူများအား ၎င်းတို့ ၏ လုပ်ရပ်အတွက် တရားရုံးတင်၍ လေးနက်သည့် ဥပဒေများဖြင့် တာဝန်ယူ၊ တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရမည် ဖြစ်သည်။

ဆက်သွယ်ရန်

ဦးအောင်ဇော်ဦး – လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ ( HRDP)

ဖုန်း – +၉၅ ၉၄၂ ၁၀၃ ၉၄၉၃

လိုည်းပို;စေ -တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့ (TSYU)

ဖုန်း – +၉၅ ၉၂၆ ၄၁၆ ၂၂၂၉

ND-Burma အကြောင်း

ND-Burma ၏ အဖွဲ့ဝင် (၁၃) ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စား ပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ် မှစပြီး မှတ်တမ်းတင် နေသည့် အဖွဲ့အစည်းဖြစ်သည်။ ND-Burma တွင် အောက်ပါ အဖွဲ့ဝင် (၉) ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း (၄) ဖွဲ့ ပါဝင်သည်။

အဖွဲ့ဝင်အဖွဲ့အစည်းများ

၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)

၂။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)

၃။ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)

၄။ အနာဂတ်အလင်းတန်းဆုံမှတ် (FLC)

၅။ မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ (HURFOM)

၆။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)

၇။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)

၈။ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)

၉။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)


ဆက်စပ်အဖွဲ့အစည်းများ

၁။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)

၂။ နိုင်ငံရေးအကျဥ်းသားဟောင်းများကွန်ရက် ပဲခူးအရှေ့ခြမ်း (FPPN-EB)

၃။ ပအို၀်းလူငယ်အဖွဲ့ (PYO)

၄။ ရှေ့ပြေးအသံအဖွဲ့ (PV)


View the original.

Send this to a friend