တောက်လောင်နေသော အမုန်းစကားများ – မြန်မာနိုင်ငံရှိ အမုန်းစကားများကို လေ့လာခြင်း

အစီရင်ခံစာ အနှစ်ချုပ်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် ရာစုနှစ် တစ်ဝက်အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံး အရပ်သားဦးဆောင်သော အစိုးရ ပေါ်ထွန်းစေခဲ့သောကြောင့် သမိုင်းဝင်ဟု ဆိုရပေမည်။ သို့ရာတွင် ထိုသမိုင်းဝင်မှုသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အားလုံးအတွက် အခြေခံ လွတ်လပ်ခွင့်များ ရှိသည့် ခေတ်သစ်တစ်ခုဖော်ဆောင်ခြင်းကိုတွေးမြင်ရမည့်အစား မြန်မာနိုင်ငံအတွင်း ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်သော စစ်တပ်အုပ်ချုပ်ရေး၏ အမှတ်လက္ခဏာကို ညွှန်းပြနေသည့်  အမုန်းစကားများ၊ အစွန်းရောက်  အမျိုးသားရေးဝါဒ၊ ကြီးမားကျယ်ပြန့်သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အရှိန်မြင့် လာနေသော  ပဋိပက္ခများကိုသာ တွေ့မြင်နေရသည်။  ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ၂၀၁၇ ခုနှစ် စစ်ဆင်ရေးများမှသည် ချင်း၊ ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များရှိ ဆက်လက်ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများအတွင်း အရပ်သားပြည်သူများ အထူးသဖြင့် လူနည်းစု တိုင်းရင်းသားနှင့် ဘာသာရေး အသိုင်းအဝိုင်းများသည် မြန်မာစစ်တပ် (တပ်မတော်) က ကျူးလွန်သည့် ဆိုးရွားလှသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတော်ဖိနှိပ်မှု ဒဏ်များကိုပါ ဆက်လက်ခံစားနေကြရသည်။

ယနေ့  မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းသည် စိတ်ပျက်ဖွယ် အခြေအနေတွင် ဆက်ရှိနေပြီး အထူးသဖြင့် ရိုဟင်ဂျာများအပါအဝင် လူမျိုးစုနှင့် ဘာသာရေး လူနည်းစု အသိုင်းအဝိုင်းများအပေါ် ကျူးလွန်ထားသော ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝှမ်း၏ ဝေဖန်ရှုတ်ချမှုကို ခံနေရပြီးအပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice – ICJ)နှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (International Criminal Court – ICC) တို့ အပါအဝင် လူ့အခွင့်အ‌ရေး ချိုးဖောက်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရန် နိုင်ငံတကာ၏ ကြိုးပမ်းမှုလားများကိုလည်း ဖြစ်ပေါ်လာစေခဲ့သည်။ တပ်မတော် ၏ အလွန်အမင်းရက်စက်သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကျူးလွန်သူများသည် ပြစ်ဒဏ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရနေမှုကို အဆုံးသတ်စေရေး ဦးတည်သည့်  ထိုနိုင်ငံတကာ ကြိုးပမ်းမှုများနှင့်သက်ဆိုင်သည့် ဖြစ်ပေါ်တိုးတက်မှုများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ကာလရှည်ကြာစွာ ရုန်းကန်နေခဲ့ရသည့် နိုင်ငံအတွက် ကြိုဆိုရမည့် သတင်းကောင်းများ ဖြစ်ခဲ့သင့်သည်။ သို့သော်လည်း ထိုတိုးတက်မှုများအပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်မှုမှာ ငြင်းပယ်ခြင်းနှင့် ပယ်ချခြင်းသာ ဖြစ်ခဲ့သည်။ ထို့အပြင် အရပ်သားအစိုးရနှင့် တပ်မတော် တို့ကို ယခင်ကထက် ပိုမို၍ နီးစပ်သွားစေသည်။

ဤအစီရင်ခံစာတွင် ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြန်လည်နိုးထ လာခြင်းနှင့် မြန်မာနိုင်ငံတွင် အစိုးရနှင့် စစ်တပ်တို့၏ ပေါင်းစည်းမှုအသစ်တွင် အမုန်းစကားများ၊ ပိုမို တိုးများလာနေသည့် သတင်းအမှား ဖြန့်ချိမှု လုပ်ဆောင်ချက်များနှင့် အစွန်းရောက် အမျိုးသားရေး ဝါဒတို့၏ အခန်းကကို ဆန်းစစ်သုံးသပ်ထားသည်။ မြန်မာနိုင်ငံရှိ အမုန်းစကားများ၏ လမ်းကြောင်းနှင့် ပုံစံများကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ရာတွင် ဤအစီရင်ခံစာသည် နိုင်ငံအတွင်း လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများအား ထိခိုက်ခံစားရစေသည့် ဗုဒ္ဓဘာသာ-ဗမာလူမျိုးတို့၏ လွှမ်းမိုးစေရေး ရည်ရွယ်သော အပြန်အလှန် ကျားကန်ပေးထားသည့် ဇာတ်ကြောင်းဖန်တီးမှု အများအပြားကို ဖော်ထုတ်ထားသည်။ ဤအစီရင်ခံစာတွင် အစွန်းရောက် အမျိုးသားရေး အုပ်စုများ၊ ရေပေါ်ဆီ အလွှာ၏ နိုင်ငံရေးနှင့် စီးပွားရေး အကျိုးအမြတ်များနှင့် ဆင်းရဲမွဲတေမှု၊ ပညာရေးနှင့် သမိုင်းကြောင်းဆိုင်ရာ ကွဲပြားမှုများ စသည့် လူမှုစီးပွားရေး အကြောင်းရင်းခံများအပါအဝင် အမုန်းစကားများကို ဖြစ်ပွားစေသော အဓိကတွန်းအား အများအပြားကိုလည်း စုစည်းတင်ပြထားသည်။  ထိုသို့စုစည်းတင်ပြရာတွင် အဓိကကျသော တွန်းအားများသည် အမုန်းစကားများ၏ အရင်းအမြစ်များဖြစ်နေသည်သာမက စနစ်တကျတည်ဆောက်ထားသော ခွဲခြားဆက်ဆံမှု၊ အမုန်းတရားဇာတ်ကြောင်းများနှင့် မည်သို့ ခိုင်မာစွာချိတ်ဆက်ပျံ့နှံ့နေသည်ကို ရှင်းပြထားသည်။ ထို့အပြင် အမုန်းစကားများကို ဖြန့်ဝေရန် အွန်လိုင်း(online) နှင့် အော့ဖ်လိုင်း(offline) လမ်းကြောင်းများ မည်သို့ အသုံးပြုထားသည်ကိုလည်း စောင့်ကြည့်လေ့လာထားသည်။

ဤအစီရင်ခံစာသည် ကျယ်ပြန့်ပြီး ပြဿနာဖြစ်စေသော အမုန်းစကား၏ သက်ရောက်မှုများအဖြစ် ယုံကြည်မှုမရှိခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရစေခြင်းနှင့် အကြမ်းဖက်ခံရခြင်း၊ အမုန်းတရားကို ရင်ဆိုင်ရာတွင် အလွန်အရေးပါသော အရပ်ဘက်လူထုအဖွဲ့အစည်း (Civil Society Organization – CSO) များကို ပစ်မှတ်ဖြစ်စေရန် တဖြည်းဖြည်းစုပေါင်းလာခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် တိုက်ခိုက်ခြင်း တို့ကို မီးမောင်းထိုးပြထားသည်။ ထို့အပြင် ဤအစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ လူမျိုးစုများနှင့် ဘာသာရေး လူနည်းစုများအပေါ် အမုန်းစကားနှင့် ခွဲခြားဆက်ဆံမှုများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုများကို ဖော်ပြခဲ့ပြီးတစ်ချိန်တည်းတွင် ရိုဟင်ဂျာ ပဋိပက္ခနှင့် ၎င်း၏ နောက်ဆက်တွဲ ပြဿနာများအဖြစ် အကြမ်းဖက်မှုများ၏ ပစ်မှတ်ဖြစ်လာခြင်းနှင့် အစွန်းရောက် အမျိုးသားရေးဝါဒီများ၏ ဦးတည်ပစ်မှတ် ဖြစ်လာသည့် ရိုဟင်ဂျာနှင့် မွတ်စလင်မ်များအပေါ် စိုးရိမ်ဖွယ် အကျိုးသက်ရောက်မှုများ ရှိလာကြောင်းကိုလည်း မီးမောင်းထိုးပြထားသည်။ နောက်ဆုံးတွင် ဤအစီရင်ခံစာ၌ မြန်မာနိုင်ငံသည် အမုန်းစကားနှင့်ပတ်သက်၍ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်း ရှိ၊ မရှိကို သုံးသပ်ထားပြီး မြန်မာနိုင်ငံအနေဖြင့် ထိုသို့ လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်နေခဲ့ကြောင်းမှတ်ချက်နှင့်အတူ အဆုံးသတ်ထားသည်။

ဤအစီရင်ခံစာ၏ တွေ့ရှိချက်အများအပြားမှာ မြန်မာ့အရေးလေ့လာသူများအဖွဲ့ – သုတေသနနှင့် စောင့်ကြည့်ခြင်း (Burma Monitor – Research and Monitoring) နှင့် ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) တို့အပါအဝင်  CSO (၂၂) ဖွဲ့တို့မှ အမုန်းစကားနှင့် ပတ်သက်သည့် ၎င်းတို့၏အမြင်များနှင့် အတွေ့အကြုံများကို ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုများမှ ပေါ်ထွက်လာသော အချက်အလက်များ ဖြစ်သည်။ Harvard Law School ၏ International Human Rights Clinic (IHRC) က အစီရင်ခံစာ ရေးသားရာတွင် ၂၀၁၉ ခုနှစ် ဇန်န္နဝါရီနှင့် ဒီဇင်ဘာလများတွင် ကျင်းပခဲ့သော ရက်ရှည်ဆွေးနွေးပွဲ နှစ်ကြိမ်နှင့် တစ်နှစ်ကျော်ကြာ ကာလအတွင်း  ပြုလုပ်ခဲ့သော တွေ့ဆုံးမေးမြန်းမှု (Interview) များမှတစ်ဆင့် ရရှိလာသော ဒေသခံ CSO များ၏ အသိပညာ ဗဟုသုတ၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှု တို့အပေါ်အခြေခံ၍ ယခုအစီရင်ခံစာကို IHRC မှ ပံ့ပိုးရေးသား တင်ပြထားပါသည်။ IHRC သည် မြန်မာ CSO များမှ လူပုဂ္ဂိုလ်ပေါင်း (၃၅) ဦးကျော်နှင့် တွေ့ဆုံပြီ မြန်မာနိုင်ငံရှိ အမုန်းစကားများနှင့်ပတ်သက်သော အသေးစိတ်ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ကြသည်။ CSO အများအပြားမှာ ၎င်းတို့၏ အလုပ် နှင့်/သို့မဟုတ် ၎င်းတို့၏ လူမျိုးစုနှင့် ဘာသာရေး လူနည်းစု သွင်ပြင်လက္ခဏာများကြောင်း အမျိုးသားရေးအစွန်းရောက် အုပ်စုများ၏ ပစ်မှတ်ထားခံရသည့် အန္တရာယ်များနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။

အန္တရာယ်များရှိသည့် အခြေအနေကြားမှပင် CSO များသည် မြန်မာနိုင်ငံရှိ အမုန်းစကား သမိုင်းကြောင်းနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေ့အကြုံများနှင့် အမြင်များ၊ လက်ရှိ အမုန်းတရားဖြစ်ပွားမှု ဖြစ်စဉ်များ၊ ၎င်းတို့ လေ့လာတွေ့ရှိသည့် တွန်းအားများ၊ ၎င်းတို့ ကိုယ်တိုင်နှင့် ၎င်းတို့၏ အသိုင်းအဝိုင်းများတွင် ကြုံတွေ့ရသော သက်ရောက်မှုများကို ဝေမျှရန် လိုအပ်နေသည်ဟု ခံစားကြရသည်။ အမှန်စင်စစ်အားဖြင့် မြန်မာနိုင်ငံရှိ စိုးရိမ်ဖွယ် လူ့အခွင့်အရေး အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် လုပ်ကိုင်ဆောင်ရွက် နေကြသည့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ (Human Rights Defender – HRDs)၊ တက်ကြွလှုပ်ရှားသူများနှင့် CSO များအနေဖြင့် အမုန်းတရားနှင့် ယင်း၏ သက်ရောက်မှုများကို တိုက်ဖျက်ရန် ရှေ့တန်းတွင် ကြိုးပမ်းအားထုတ်နေကြသူများ ဖြစ်သည်။

အမုန်းတရား ဖြစ်စဉ်များ

ဤအစီရင်ခံစာတွင် အမုန်းတရားနှင့်ပတ်သက်၍ ဖန်တီးထားသော ဇာတ်ကြောင်း (၆) ခုကို ဖော်ထုတ် ထားသည်။ ယင်း (၆) ခုစလုံးသည် အပြန်အလှန် ဆက်နွယ်လျက်ရှိပြီး ဗုဒ္ဓဘာသာ-ဗမာ လူမျိုးများ လွှမ်းမိုးမှုကို ခိုင်မာစေသော ဇာတ်ကြောင်းများအဖြစ် ကျားကန်ပေးထားသည်။ ယင်းစပ်ဆက်နေသော ဇာတ်ကြောင်း (၆) ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ လူနည်းစု လူမျိုးစုများနှင့် ဗုဒ္ဓဘာသာမဟုတ်သော အခြားဘာသာဝင်များ နှစ်မျိုးစလုံးသည် လူမျိုး၊ ဘာသာရေးနှင့် နိုင်ငံအပေါ် ခြိမ်းခြောက်နေသည်၊

၂။ အစ္စလာမ်သည်အကြမ်းဖက်သောနိုင်ငံရပ်ခြားတွင် ကိုးကွယ်သည့်ဘာသာဖြစ်ပြီး မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာထက် သာလွန်စေရန် ကြိုးပမ်းနေသဖြင့် မဖြစ်မနေဖြစ်လာမည့် ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်၊

၃။ အမျိုးသမီးများနှင့် ၎င်းတို့၏ ကလေးများအား အစ္စလာမ်ဘာသာသို့ ကူးပြောင်းဝင်ရောက်စေရန် ကြိုးပမ်းနေသည့် မွတ်စလင်မ် အမျိုးသားများ၏ ပြင်းထန်သော တိုက်ခိုက်ဆောင်ရွက်မှုများနှင့် ကြုံတွေ့ရနိုင်ခြေ အန္တရာယ်ရှိသဖြင့် ဗုဒ္ဓဘာသာ အမျိုးသမီးများကို အကာအကွယ်ပေးရန် လိုအပ်သည်၊ 

၄။ ထိုခြိမ်းခြောက်မှုများကို ဆန့်ကျင်ရန် စစ်တပ်အင်အားသည် နိုင်ငံ၏ နယ်နမိတ်များနှင့် စည်းလုံးညီညွတ်မှု ဆက်လက်တည်ရှိနေရေးကို ကာကွယ်ရန် မရှိမဖြစ် လိုအပ်သည်၊

၅။ ဘက်လိုက်မှုရှိပြီး သတင်းမှားများ ရရှိထားသော နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာနိုင်ငံကို ပစ်မှတ်ထားပြီး နိုင်ငံ၏ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်နေသည်၊ နှင့်

၆။ အထက်ဖော်ပြပါ ဖြစ်စဉ်များအပေါ် မေးခွန်းထုတ်သော သို့မဟုတ် ဆန့်ကျင်တုံ့ပြန်သော HRD များ၊ တက်ကြွလှုပ်ရှားသူများနှင့် CSO များသည် “အမျိုးသား သစ္စာဖောက်များ” ဖြစ်ပြီး နိုင်ငံတော်၏  ဂုဏ်သိက္ခာနှင့် လုံခြုံရေးအတွက် အန္တရာယ်ရှိသော ပြည်ပ လက်ဝေခံများ ဖြစ်ကြသည် ဟူ၍ ဖြစ်သည်။

အဓိက တွန်းအားများ

မြန်မာနိုင်ငံရှိ အမုန်းစကားများသည် ပုဂ္ဂိုလ်ရေး တစ်ယူသန်မှုနှင့် သည်းမခံနိုင်မှုများမှ ပေါက်ဖွားလာခြင်း မဟုတ်သကဲ့သို့ ရှေ့ပိုင်းတွင်ဖော်ပြထားသော ဖြစ်စဉ်များသည် အကြောင်းမဲ့သက်သက် ဖန်တီးထားခြင်းမျိုးလည်း မဟုတ်ပါ။ ထိုအမုန်းစကားများကို အမုန်းစကားများဆိုင်ရာ ဖန်တီးထားသောဇာတ်ကြောင်းများနှင့် အကျိုးဆက် အားဖြင့် လူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခဖြစ်ပွားခြင်းနှင့် တကွဲတပြားဖြစ်ခြင်းတို့ကြောင့် အကျိုးအမြတ် ရရှိနေသည့် အခွင့်အာဏာရှိသူများက  စနစ်တကျဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေခြင်းပင် ဖြစ်သည်။ CSO များသည်  မြန်မာနိုင်ငံရှိ အစွန်းရောက် အမျိုးသားရေးဝါဒီ အုပ်စုများအပြင် အမုန်းစကား၏ အဓိကတွန်းအားများ ကိုလည်း ဖော်ထုတ်ပေးထားသည်။ အဆိုပါ အဓိကတွန်းအားများထဲတွင် မြန်မာစစ်တပ်၊ နိုင်ငံရေး ခေါင်းဆောင်များ၊ အကျိုးစီးပွားအတွက်သာကြည့်သော စီးပွားရေးများ နှင့် ဘာသာရေးခေါင်းဆောင်များ ပါဝင်သည်။ ရိုဟင်ဂျာ အကျပ်အတည်းက နိုင်ငံတကာတွင် မြန်မာစစ်တပ်၏ ဂုဏ်သတင်းကို ဆုတ်ယုတ်စေသော်လည်း ပြည်တွင်းတွင်မူ ထိုပြဿနာက ပြောင်းပြန်သက်ရောက်မှု ရှိနေပြီး မြန်မာစစ်တပ်၏ တရားဝင်မှုကို ခိုင်မာစေသည့်အပြင် အတိတ်ကာလက စစ်အာဏာရှင်များကို ပြောင်မြောက်စွာ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သော ပြည်သူများထံသို့လျှင် စစ်တပ်၏ အမျိုးသားရေး သတင်းစကားများ ရောက်ရှိလာ ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရသည် အမုန်းစကားများ တိုးမြင့်ပြန့်ပွားလာမှုကို ထိရောက်စွာ ဖြေရှင်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ အစွန်းရောက် အမျိုးသားရေး အုပ်စုများကို လုံလောက်သော အရေးယူမှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ပြီး ယင်းအစား ၎င်းတို့ကိုယ်တိုင်ပင် မြန်မာစစ်တပ်နှင့် နိုင်ငံရေး ဖိအားများကို အလျှော့ပေးပြီး မူစလင်မ်အသိုင်းအဝိုင်းနှင့် ခပ်ခွာခွာ နေနေခဲ့သည်။ CSO များမှ အဖွဲ့ဝင်အများအပြားက ယင်းကဲ့သို့သော အစိုးရ၏ ပျက်ကွက်မှုများသည် အမုန်းစကားများကို ခွင့်ပြုထားခြင်းဖြစ်သည်ဟု နားလည် သဘောပေါက်ကြပြီး ပိုဆိုးစေသည့်အချက်မှာ ရံဖန်ရံခါတွင် မြန်မာအစိုးရကိုယ်တိုင်က အမျိုးသားရေး ဘက်လိုက်မှုများ ‌ဖော်ပြနေခြင်းပင် ဖြစ်သည်။ သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးများ အပါအဝင် များစွာသော အစိုးရဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာများ၏ ထုတ်ပြန်ကြေညာချက်များသည် ရိုဟင်ဂျာ အသိုင်းအဝိုင်းအပေါ်တွင် အစိုးရအရာရှိများ၏ ရပ်တည်ချက်နှင့် ခွဲခြားဆက်ဆံလိုသော သဘောထားများ နက်ရှိုင်းစွာရှိနေသည်ကို နမူနာအဖြစ် မီးမောင်းထိုးဖော်ပြနေသည်။

ဖြန့်ဝေမှု လမ်းကြောင်းများနှင့် ပုံစံများ

အင်တာနက်မှတစ်ဆင့် ဆက်သွယ်နိုင်မှု အလျင်အမြန် တိုးမြင့်လာသည်နှင့်အမျှ အမုန်းစကား ဖြန့်ချိသူများသည်လည်း အွန်လိုင်းလမ်းကြောင်းများသို့ ပြောင်းရွှေ့မှု တိုးမြင့်လုပ်ဆောင်လာကြပြီး ၎င်းတို့၏ သတင်းစကားများကို ဖြန့်ချိကြသည်။ ယင်းကဲ့သို့ ဖြန့်ချိရာတွင် နိုင်ငံရှိ ပင်မ လူမှုကွန်ရက်မီဒီယာ တစ်ခုဖြစ်သော Facebook သည် သိသာထင်ရှားသော အခန်းကဏ္ဍတွင် ပါဝင်နေသည်။ မြန်မာနိုင်ငံမှ လူထုအများအပြားသည် ဒစ်ဂျစ်တယ်နှင့် လူမှုကွန်ရက်မီဒီယာကို အကန့်အသတ်ဖြင့်သာ သိရှိနားလည်ထားခြင်း၊ ကုန်ကြစရိတ် သက်သာ၍ သုံးစွဲရ လွယ်ကူခြင်းအပြင် အစိုးရအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံရှိ မီဒီယာများက ၎င်းတို့၏ အဓိက လူထု ဆက်သွယ်ရေး လမ်းကြောင်းအဖြစ် အသုံးပြုခြင်းများကြောင့် Facebook တွင် ပြန့်နှံ့နေသော သတင်းအချက် အလက်များကို မြန်မာနိုင်ငံမှ ပြည်သူအများအပြားက အမှန်ဟု လက်ခံယုံကြည်ကြသည်။ ထို့အပြင် Facebook သုံးစွဲသူများသည် အမည်ရင်းဖော်ပြစရာမလိုဘဲ သုံးစွဲနိုင်မှု၊  ထိုသုံးစွဲသူများမှ တင်လာသော အကြောင်းအရာများကို Facebook မှ အချိန်နှင့်တပြေးညီ စောင့်ကြည့်ဖယ်ရှားရန် အခက်အခဲရှိမှု၊ တစ်ဘက်တွင်လည်း သုံးစွဲသူ အလွန်အမင်းများပြားသည့် Facebook ၏ အနေအထားတို့ကြောင့် အမုန်းစကားများ ဖြန့်ဝေရန်အတွက် အားကောင်းသော နေရာတစ်ခု ဖြစ်လာခဲ့သည်။

CSO များ၏ တစိုက်မတ်မတ် စောင့်ကြည့်လေ့လာမှုနှင့် Facebook မှ ကုစားမှု လုပ်ဆောင်ချက်များ ကြားမှပင် Facebook ပေါ်တွင်ရှိသော အမုန်းစကားများကို စောင့်ကြည်လေ့လာရန်နှင့် ရပ်တန့်စေရန် သိသာထင်ရှားသော စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။ တချို့သော ပို့စ်(post)များ၊ အကောင့်များ(accounts) သို့မဟုတ် ပေ့ချ်(page) များကို ဖယ်ရှားပစ်သော်လည်း ထိုတင်ပြီးသော အမုန်းစကား အကြောင်းအရာများ ထပ်မံ မပြန့်နှံ့စေရေးကို သေချာပေါက် တားဆီးနိုင်ခြင်း မရှိခြင်းသည်မှာလည်း အဓိကစိန်ခေါ်ချက် တစ်ရပ်ဖြစ်သည်။ ဒုတိယစိန်ခေါ်မှုမှာ ကုဒ်များနှင့် ဖော်ပြထားသော စာသားများအကြား နည်းပညာဆိုင်ရာ ကွာခြားချက်များဖြစ်ပြီး အကြောင်းအရာ စိစစ်ရှာဖွေရာတွင် ပိုမို ခက်ခဲစေသည်။ တတိယစိန်ခေါ်မှုမှာ Facebook မှ အကြောင်းအရာ ထိန်းကွပ်သူ (content moderator)များကို ရွေးချယ်ရာတွင် ထိုထိန်းကွပ်သူသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို အပြည့်အဝ နားလည်ပြီး ပုဂ္ဂိုလ်ရေးဘက်လိုက်မှုများနှင့် အစွဲများ ကင်းရှင်းစေရေးကို သေချာစွာလုပ်ဆောင်ရန် ဖြစ်သည်။ နောက်ဆုံး စိန်ခေါ်မှုမှာ မတူညီသည့် အွန်လိုင်းလမ်းကြောင်းများ သုံးစွဲမှုမြင့်တက်လာခြင်းကြောင့် စောင့်ကြည့်လေ့လာရေး ပိုမို ခက်ခဲစေပါသည်။

မြန်မာနိုင်ငံရှိ အမုန်းစကားများသည် အွန်လိုင်းနယ်ပယ်တစ်ခုထဲတွင်သာ အသုံးပြုခြင်း မဟုတ်ပါ။ အမုန်းစကားများကို အွန်လိုင်း လမ်းကြောင်းများမှတစ်ဆင့် ဖြန့်ဝေနေသည့်အပြင် ၉၆၉ နှင့် အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေးဖွဲ့ (မဘသ) ကဲ့သို့သော အစွန်းရောက် အမျိုးသားရေးအဖွဲ့များသည် အမုန်းတရားနှင့်စပ်ဆက်နေသည့် သတင်းစကားများကို ပိုမို အစဉ်အလာကျသည့် အွန်လိုင်းမဟုတ်သော အခြားနည်းလမ်းများကို အသုံးပြု၍ ဖြန့်ဝေထားကြသည်။ ဤ “အွန်လိုင်းမဟုတ်သောနည်းလမ်းများဖြင့် အမုန်းတရား ယဉ်ကျေးမှု” ကို အမျိုးသားရေး လူထု စုဝေးပွဲကြီးများတွင်လည်ကောင်း၊ DVD များ၊ စာအုပ်များ၊ ဂျာနယ်များ၊ လက်ကမ်း စာစောင်များ နှင့် စကားပြော တွန်းလှည်းများကဲ့သို့သော အခြားသော မီဒီယာများမှ တစ်ဆင့်လည်းကောင်း ဝါဒ ဖြန့်ချိ ကြသည်။  

လူမျိုးစု၊ ဘာသာရေး လူနည်းစု အသိုင်းအဝိုင်းများနှင့် CSO များအပေါ် သက်ရောက်မှု

မြန်မာနိုင်ငံအတွင်း လူနည်းစုအသိုင်းအဝိုင်းများ၊ CSO များနှင့် တက်ကြွလှုပ်ရှားသူများအပေါ် အမုန်းစကားများနှင့် အစွန်းရောက်အမျိုးသားရေးဝါဒတို့၏ သက်ရောက်မှုမှာ အလွန်ပင် နက်ရှိုင်းလှသည်။ အထက်တွင် ဖော်ပြထားသော အမုန်းတရားဖြစ်စဉ်များသည် မယုံကြည်မှုနှင့် အကြမ်းဖက်မှုကို ဖြစ်ပေါ်စေသည်။ ရန်လိုမှုရှိနေသော ဝန်းကျင်အခြေအနေသည် လူမျိုးစုနှင့် ဘာသာရေး လူနည်းစု အသိုင်းအဝိုင်းများကို ပိုမို၍ သီးခြားကန့်သတ်မှုများ ဖြစ်စေသည်။ မြန်မာအစိုးရအနေဖြင့် အစွန်းရောက်အမျိုးသားရေး အုပ်စုများက အမုန်းစကားများ ဆက်လက်ရှိနေရေး ဖန်တီးလုပ်ဆောင်မှုများအပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး မလုပ်ဆောင်နိုင်ခြင်းမှာ ပြဿနာကို ပိုမိုကြီးထွားလာစေသည်။

အစွန်းရောက် အမျိုးသားရေး အုပ်စုများအနေဖြင့် အမုန်းတရားပါရှိသော ၎င်းတို့၏ သတင်းစကားများကို ဆက်လက်ဖြန့်ချိခွင့်ရရှိနေပြီး ထိုဖြန့်ချိကျူးလွန်မှုများသည် အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ လုပ်ဆောင်နေ နိုင်ချိန်တွင် လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများ ကိုယ်စား ထုတ်ဖော်ပြောဆိုနေကြသည့် CSO များနှင့် HRD များသည် မြန်မာအစိုးရနှင့် အစိုးရ မဟုတ်သောသူများ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေကြရသည်။ ထို CSO များနှင့် HRD များက ၎င်းတို့အပေါ် ကန့်သတ်ချုပ်ချယ်မှုများ တိုးမြင့်လာခြင်း၊ CSO များ၏ နေရာကျဉ်းမြောင်းလာခြင်းနှင့် ၎င်းတို့၏ အလုပ်များကို လုပ်ဆောင်ရန် ပိုမိုခက်ခဲလာစေသည့် အရေးယူ ဆောင်ရွက်မှုများရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။ အခက်အခဲ အတားအဆီးများထဲတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ၎င်းတို့၏ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် အစိုးရမှ စောင့်ကြည့်မှုများ ပါဝင်သည်။ ထို့အပြင် မြန်မာအစိုးရနှင့် စစ်တပ်တို့အပေါ် ဝေဖန်ထောက်ပြလေ့ရှိသော တက်ကြွလှုပ်ရှားသူများနှင့် HRD များအား အသံတိတ်သွားစေရန်အတွက် ရည်ရွယ်ပြဌာန်းထားသော ဥပဒေများဖြင့် HRD များနှင့် တရားစွဲခြင်းနှင့် ဖမ်းဆီးခြင်းများကို ခံကြရသည်။

တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ HRD များ၊ နိုင်ငံရေးသမားများနှင့် လူနည်းစု အသိုင်းအဝိုင်းများမှ ခေါင်းဆောင်အမျိုးသမီးများသည် လိင်ကွဲပြားမှုအပေါ်အခြေခံသော တိုက်ခိုက်မှုများကို ပိုမို ခံရနိုင်သည့်အန္တရာယ်များ ရှိနေသည်။ ဤတိုက်ခိုက်မှုများတွင် ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှု၊ ရိုင်းစိုင်းကြမ်းတမ်းသော လိင်မှု ဘာသာစကားများ၊ ဂုဏ်သက္ခာကျဆင်းစေရန် ဖန်တီးထားသော ရုပ်ပုံ၊ ဓာတ်ပုံများနှင့် ကွန်ပြူတာဖြင့် ပြုပြင်ဖန်တီးထားသော လိင်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်သည့် ရုပ်ပုံများကို အွန်လိုင်းတွင်တင်ခြင်းနှင့် ၎င်းတို့၏ သဘောတူညီချက်မပါဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို အွန်လိုင်းပေါ် တင်ခြင်းတို့ ပါဝင်သည်။ တစ်စုံလုံးအခြေအနေကို ခြုံပြောရလျှင် CSO အသိုင်းအဝိုင်းမှ လှုပ်ရှားသူများအပေါ် ရန်လိုဆန့်ကျင်မှုများနှင့် ကန့်သတ်မှုများ တိုးများလာခြင်းသည် မျှော်လင့်ချက် မှေးမှိန်စေပြီး တက်ကြွလှုပ်ရှားမှုများကို အားနည်းလာစေပါသည်။ အကျိုးဆက်အားဖြင့် CSO များမှ ၎င်းတို့အနေဖြင့် မည်သည့်အကြောင်းအရာများ တင်ပြမည်၊ ဆွေးနွေးမည်ကို မိမိကိုယ် မိမိ ဆင်ဆာဖြတ်မှုများ လုပ်ဆောင်လာကြောင်း CSO များက ပြောကြသည်။

မြန်မာနိုင်ငံတွင် အမုန်းစကားများ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် လွတ်လပ်စွာ ပြောဆိုခွင့်အား ကာကွယ်ပေးခြင်း အပေါ် နိုင်ငံတကာ လူ့အခွင့်အရေးရှုထောင့်မှ သုံးသပ်ခြင်း

 မြန်မာနိုင်ငံအနေဖြင့် အမုန်းစကားများ တန်ပြန်တိုက်ဖျက်မှု နှင့် လွတ်လပ်စွာ ထုတ်‌ဖော်ပြောဆိုခွင့်နှင့် CSO များ၏ အခန်းကအား ကာကွယ်ပေးခြင်း တို့ကို တပြိုင်းတည်း လုပ်ဆောင်နိုင်သည့် လမ်းကြောင်းများကို နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့် စံချိန်စံညွှန်းများက လမ်းညွန်ချက်များ ပေးထားသည်။ အမုန်းစကားများကို တန်ပြန်တိုက်ဖျက်ရာတွင် သည်းခံနိုင်မှု မရှိခြင်း၏ အကြောင်းရင်းခံ ရေသောက်မြစ်များကို ကိုင်တွယ်ဆောင်ရွက်ရန် ဥပဒေလမ်းကြောင်း မဟုတ်သည့် နည်းလမ်းများနှင့်အတူ ရာဇဝတ်ကြောင်းအရ အရေးယူမှုများ၊ အရပ်ဘက်နှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကုစားမှုများအပါအဝင် ဘက်စုံ ထိုးဖောက် ချဥ်းကပ်နိုင်သည့် ပြည့်စုံခြုံငုံမှုရှိသော နည်းလမ်းများကို ဖော်ပြထားပါသည်။

ခွဲခြားဆက်ဆံမှု၊ ရန်လိုမှု၊ အကြမ်းဖက်မှုများ သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်သည့် သွေးထိုးလှုံ့ဆော်မှုများကို “ဥပဒေနှင့် ကိုက်ညီခြင်းမရှိသော ထုတ်ဖော်ပြောဆိုချက်များ” အဖြစ် လူ့အခွင့်အရေး မူဘောင်များတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသော်လည်း “အမုန်းစကားများ” နှင့်ပတ်သက်၍မူ အားလုံးလက်ခံထားသည့် အဓိပ္ပါယ်ဖွင့်ဆိုချက် မရှိသေးပေ။  လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်၏ အပိုဒ် ၃(ဂ) တွင် “လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် တိုက်ရိုက် လူသိထင်ရှား သွေးထိုးလှုံ့ဆော်ခြင်း” ကို တားမြစ်ထားပြီး အမုန်းစကားများ၏ အလွန်အမင်း အစွန်းရောက်မှု ပုံစံများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည်။ ဤသဘောတူစာချုပ်တွင် အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုး ထားသော မြန်မာနိုင်ငံသည် ယင်းကဲ့သို့သော အမုန်းစကားမျိုးကို တားမြစ်ရန်၊ လူမျိုးတုံး သတ်ဖြတ်မှုကို ကာကွယ်တားဆီးရန်နှင့် အပြစ်ပေးရန် တာဝန်ရှိသည်။

သို့သော်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် အခြေခံ လူ့အခွင့်အရေးဖြစ်နေရာ ထုတ်ဖော်ပြောဆိုမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ရာတွင် မြင့်မားသော စံသတ်မှတ်ချက် ပြည့်မှီရန် လိုအပ်နေသည်။ ထုတ်ဖော်ပြောဆိုမှု တစ်ခုကို ရာဇဝတ်မှုအဖြစ် အမိန့်ထုတ်ပြန်နိုင်သည့် လှုံ့ဆော်မှုအဆင့်သို့ ရောက်ရှိမှု ရှိ၊ မရှိကို ခွဲခြားဆက်ဆံမှု၊ တိုက်ခိုက်မှု သို့မဟုတ် အကြမ်းမှုများကို ဖြစ်ပေါ်စေသည့်  နိုင်ငံသား၊ လူမျိုးစု သို့မဟုတ် ဘာသာရေးအပေါ် အခြေခံသော အမုန်းတရားများ စည်းရုံးလှုံ့ဆော်မှုများအား တားမြစ်သော Rabat လုပ်ဆောင်ချက်အစီအစဉ် (The Rabat Plan of Action on the Prohibition of Advocacy of National, Racial or Religious Hatred that Constitutes Incitement to Discrimination, Hostility or Violence) တွင်  အကြောင်းအရာ (၆) ခုဖြင့် ဖော်ပြထားသည်။ ၎င်းတို့မှာ အခြေအနေ၊ ပြောဆိုသူ၊ ရည်ရွယ်ချက်၊ အကြောင်းအရာနှင့် ပုံစံ၊ ပြောဆိုမှုအတိုင်းအတာ၊ နှင့် ပစ်မှတ်ထားသည့်အုပ်စုအပေါ် ကျရောက်လာနိုင်သည့် လုပ်ဆောင်မှုများ တို့ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဤအစီရင်ခံစာနှင့် အခြားတွင် ဖော်ြပထားသော သာဓကများကို သုံးသပ်ရာတွင် မြန်မာနိုင်ငံရှိ အမုန်းစကားများသည် အချိန်ကာလအလိုက် အပြင်းထန်ဆုံးသော ဖော်ပြပါ ပုံစံများဖြင့် ဖြစ်ပွားမှု ရှိ၊ မရှိကို ကြည့်ရှုသုံးသပ်ရန် လိုအပ်သည်။  အချို့သော အမုန်းစကားများသည် ရန်စရန်၊ အကြမ်းဖက်မှု လှုံ့ဆော်ရန်၊ ခွဲခြားဆက်ဆံရန်နှင့် လူမျိုးရေးနှင့် ဘာသာရေး လူနည်းစု အသိုင်းအဝိုင်း၏ လူ့အခွင့်အရေးကို ချိုးဖောက်ရန် မီးထိုးပေးသော အမုန်းတရားဖြစ်စေမည့် ဖန်တီးမှုများ လုပ်ဆောင်ထားခဲ့ခြင်း ဖြစ်ပြီး ရိုဟင်ဂျာအရေးကိစ္စတွင် ယင်းသည် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အကြမ်းဖက်မှုနှင့် ရက်စက် ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်စေခြင်းကို ဖြစ်လာစေခဲ့သည်။ ကံမကောင်းစွာပင် ထိုကဲ့သို့သော အမုန်းစကားများကို ဖြန့်ဝေသူဟု သိထားသည့် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ပြည်တွင်းတွင် တရားစွဲဆိုခဲ့ခြင်း မရှိပေ။ ထို့အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေများကို HRD များနှင့် တက်ကြွလှုပ်ရှားသူများ၏ တရားဝင် ပြောဆိုချက်များအား ဆန့်ကျင်ရန်အတွက်လည်း လက်နက်အဖြစ် အသုံးပြုနေသည်။

လူ့အခွင့်အရေး စံချိန်စံညွှန်းများအရ တရားဝင် ထုတ်ဖော်ပြောဆိုမှု တစ်စုံတစ်ခုကို ကန့်သတ်မည်ဆိုပါက အောက်ပါအခြေအနေ သုံးရပ်နှင့် ကိုက်ညီရန် လိုအပ်သည်။ ၎င်းတို့မှာ ၁) ဥပဒေနှင့် ညီညွတ်မှု၊ ၂) တရားဝင်ဖြစ်မှု နှင့် ၃) လူပုဂ္ဂိုလ်တစ်ဦးချင်းစီမှ ၎င်း၏ ထုတ်ဖော်ပြောဆိုခွင့်ကို တောင်းဆိုခြင်းအစား ကန့်သတ်များချမှတ်ရေးက  အစိုးရက ပြုလုပ်ရန် တာဝန်ရှိသည်ဆိုသည့်အပေါ် မှန်ကန်ကြောင်း သက်သေပြချက် အချိုးအဆတို့ဖြစ်သည်။ ၎င်း၏ လုပ်ဆောင်မှုကို ထိန်းချုပ်ရန် တစ်စုံတစ်ယောက်ကို လုပ်ဆောင်နိုင်ရန် ဥပဒေသည် လုံလောက်မှု ရှိရမည်။ ဥပဒေသည် ပုံမှန် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များအတွင်း လုပ်ဆောင်နိုင်ရမည်ဖြစ်ပြီး အာဏာပိုင်များအား ၎င်းတို့၏ သီးခြားဆုံးဖြတ်ချက်အပေါ်တွင် အကန့်အသတ်မရှိ ပေးအပ်ထားခြင်းမျိုး မဖြစ်စေရပါ။ မြန်မာနိုင်ငံတွင်မူ ကျယ်ပြန့်၍ လက်လှမ်းမမှီနိုင်သည့် ဥပဒေများ၊ ၎င်းတို့အပေါ် လွဲမှားစွာ အသုံးပြုခြင်း၊ လွတ်လပ်သော တရားစီရင်မှု လုံးဝ မရှိခြင်း နှင့် အစိုးရ အာဏာကို အလွဲသုံးခြင်းတို့အားလုံးသည် အမျိုးမျိုးသော အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊  မီဒီယာ နှင့် လူထုများအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးကို ထိန်းချုပ်ထားသည်။ အစိုးရနှင့် အစိုးရမဟုတ်သောသူများက အမုန်းစကားများ ဖြန့်ဝေနိုင်နေချိန်တွင် တက်ကြွလှုပ်ရှားသူများမှာ တရားရုံးမတိုင်မီ ရက်ရှည် ထိန်းသိမ်းမှုများ၊ အာမခံမရပဲ ရှည်ကြာအောင် လုပ်ထားသော တရားရုံး ကြားနာမှုများ၊ နှုန်းထားမြင့်မားသည့် ငွေဒဏ်ချမှတ်မှုများ၊ ဆန္ဒပြမူတစ်ခုအတွက် မတူညီသော မြို့နယ် အများအပြားတွင် တရားစွဲဆိုခံရခြင်းနှင့် လက်ရှိအမူတစ်ခုနှင့် ဆန့်ကျင်လျက် ဆက်တိုက်ပြစ်ဒဏ် ချမှတ်ခြင်းတို့နှင့် တွေ့ကြုံနေကြရသည်။ မြန်မာနိုင်ငံအနေဖြင့် ယင်းကဲ့သို့သော အခွင့်အရေးချိုးဖောက်မှုများနှင့် ဖြေရှင်းရန် လိုအပ်ပြီး တရားဝင်သော ထုတ်ဖော်ပြောဆိုမှု ကျင့်သုံးသူများကို ရာဇ၀တ်မှု၊ အရပ်ဘက် သို့မဟုတ် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြစ်ဒဏ်‌ပေး အရေးယူနေခြင်းများကို ပြင်ဆင်ရန် လိုအပ်သည်။

စီးပွားရေးလုပ်ငန်းများနှင့် အမုန်းစကားများ

နိုင်ငံတကာဥပဒေနှင့် စံချိန်စံညွှန်းများအောက်တွင် မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းများနှင့် အမုန်းစကားများအပါအဝင် ပြင်ပ လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၏ ဘေးအန္တရာယ်မှ အရပ်သားများကို အကာအကွယ်ပေးရန်လည်း တာဝန်ရှိသည်။ မြန်မာနိုင်ငံက ထိုသို့ မလုပ်ဆောင်ခဲ့ပါ။ သို့ရာတွင် မြန်မာနိုင်ငံသည် စီးပွားရေလုပ်ငန်းများကို ထိန်းကျောင်းရန် ပျက်ကွက်ခဲ့သော်လည်း စီးပွားရေးလုပ်ငန်းများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ခြင်းမရှိစေရန် ၎င်းတို့ကိုယ်တိုင် အဆင့်ဆင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း လူ့အခွင့်အရေး စံချိန်စံညွှန်းများက ဖော်ပြထားသည်။ ထို့အပြင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် အခြားသော ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ကြံရာပါဖြစ်သော ကုမ္ပဏီများသည် ၎င်းတို့အနေဖြင့် ချိုးဖောက်မှုများတွင် ပါဝင်ခဲ့ပါက တချို့သော တရားစီရင်မှုများတွင် တာဝန်ခံရမည်ဖြစ်သည်။ နိုင်ငံတကာ လူ့အခွင့်အရေး အသိုင်းအဝိုင်းက မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် လူမှုမီဒီယာလုပ်ငန်းများ၏ ပူးပေါင်းပါဝင်မှု အခန်းကကို မှတ်သားထားပြီး ဖြစ်သည်။ ယင်းကိစ္စများနှင့်ပတ်သက်၍ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (Fact-Finding Mission on Myanmar – FFM) က Facebook နှင့် အခြားသော နိုင်ငံအတွင်း လှုပ်ရှားနေသော စီးပွားရေးလုပ်ငန်းများကို ၎င်း၏ လုပ်ငန်းများတွင် အမုန်းစကား ဖြစ်ပွားမှုကို တားဆီးရန် ပျက်ကွက်ခဲ့မှုအတွက် အကြံပြုတိုက်တွန်းချက်များကို ညွှန်ကြားထားပြီးဖြစ်သည်။

မြန်မာအကြောင်းအရာ သုံးသပ်သူများ တိုးမြှင့်ထားခြင်း၊ အမုန်းစကားရှာဖွေမှုကို တက်ကြွစွာ ဆောင်ရွက်မှုကို တိုးမြှင့်ထားခြင်း၊ အကောင့်များ ကွန်ရက်ချိတ်ဆက်နေမှုအပေါ် ပိုမိုပြင်းထန်စွာ အရေးယူ ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်နေကြောင်း Facebookက ဖော်ပြခဲ့သည်။ အမုန်းစကားနှင့် ပတ်သက်သည့် ယင်းအရေးယူဆောင်ရွက်မှုများ သက်ရောက်မှု ရှိသည်မရှိသည်ကို အချိန်ကသာ သက်သေပြနိုင်မည် ဖြစ်သည်။ အထူးသဖြင့် ၂၀၂၀ ရွေးကောက်ပွဲများ မတိုင်မီတွင် နောက်ထပ် လှုံ့ဆော်မှုများနှင့် အော့ဖ်လိုင်း အကြမ်းဖက်မှုများကို ပေါထွက်လာနိုင်ခြေအဖြစ် သတ်မှတ်ထားသည်။ မည်သို့ပင်ဖြစ်စေ Facebook သည် စီးပွားရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန် ဥပဒေသများကို အသုံးပြုသင့်သည်။ လူ့အခွင့်အရေးကို ၎င်းတို့၏ လုပ်ငန်းအတွင်း ပေါင်းစပ် ထည့်သွင်းသင့်သည်။ ထို့နောက် အောက်ပါတို့ကို အာမခံသင့်သည်။ ၁) လူ့အခွင့်အရေးအပေါ် ကုမ္ပဏီထုတ်ကုန်များ၏ သက်ရောက်မှုကို အချိန်မှန် သုံးသပ်ချက် လုပ်ဆောင်ရန်၊ ၂) လူ့အခွင့်အရေးနှင့်ဆန့်ကျင်သော သက်ရောက်မှုများကို ရှောင်ကျဉ်ရန်နှင့် ပေါ်ပေါက်လာသည်များကို ကာကွယ်တားဆီးရန်နှင့် လျော့ကျအောင် လုပ်ဆောင်ရန်၊ ၃) ဖော်ထုတ်ရန်၊ ကာကွယ်ရန်နှင့် လျော့ကျအောင် လုပ်ဆောင်သင့်သည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ရန်နှင့် ၎င်းတို့၏ လူ့အခွင့်အရေးအပေါ် သက်ရောက်မှုများကို မည်သို့ ဖြေရှင်သည်ဆိုသည်ကို တာဝန်ခံရန်နှင့် ထိခိုက်နစ်နာမှုများအတွက် ကုသမှု လုပ်ငန်းစဉ်တစ်ခု ထားရှိရန် တို့ဖြစ်သည်။ Facebook အနေဖြင့် ရှေ့ဆက်သွားမည့် လမ်းကြောင်းကို အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် တိုင်ပင်ဆွေးနွေးရန်၊ ပြည်တွင်း ဒစ်ဂျစ်တယ် အသိပညာပေးရေး ကြိုးပမ်းမှုများကို လုပ်ဆောင်ပေးရန်နှင့် လှုံ့ဆော်မှုများနှင့် ၎င်းတို့၏ လူမှုကွန်ရက်စံနှုန်း(community standard)များကို ချိုးဖောက်သော သုံးစွဲသူများအပေါ် လုံးဝသည်းမခံကြောင်းကို လူသိရှင်ကြားပြောကြားရန် လိုအပ်သည်။  

အကြံပြုတိုက်တွန်းချက်များ

မြန်မာနိုင်ငံရှိ ဒေသခံ CSO များသည် တခါတရံတွင် ကြီးမားသော အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ခြေများ ရှိသော်လည်း အမုန်းစကား မြင့်တက်လာမှုများနှင့် အစွန်းရောက် အမျိုးသားရေးဝါဒများကို စောင့်ကြည့်ရန်၊ မှတ်တမ်းတင်ရန်နှင့် ဆန့်ကျင်တုံ့ပြန်ရန်  အဆင့်များကို လုပ်ဆောင်ထားပြီး ဖြစ်သည်။ မြန်မာအစိုးရ၊ စစ်တပ်၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လူမှုမီဒီယာ ကုမ္ပဏီများအနေဖြင့် ထိုကြိုးပမ်းမှုများကို ပံ့ပိုးပြီး အမုန်းစကားများကြောင့် နောက်ထပ် အကြမ်းဖက်မှုနှင့် နှောက်ယှက်မှုများ ဖြစ်ပေါ်မလာစေရန်အတွက် အာမခံရန်မှာ မရှိမဖြစ် အရေးကြီးပေသည်။ မြန်မာ့အရေးလေ့လာသူများအဖွဲ့(BM)နှင့် ရှေ့ပြေးအသံအဖွဲ့ တို့အပါအဝင် မြန်မာ CSO များနှင့် IHRC (Harvard Law School) တို့သည် အောက်ပါတို့ကို တောင်းဆိုလိုက်သည်။[1]

မြန်မာအစိုးရသို့

  • လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများအပေါ် အကြမ်းဖက်မှုများဖြစ်စေရန် လှုံ့ဆော်သည် အစိုးရနှင့် အစိုးရမဟုတ်သော ချိုးဖောက်ကျူးလွန်သူများကို အရေးယူရန်။
  • အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ကာကွယ်သူများ နှင့် မီဒီယာများ၏ ထုတ်ဖော် ပြောဆိုမှုများ အသံတိတ်သွားသေရန် ဥပဒေများကို ရွေးချယ် ကျင့်သုံးခြင်းကို အဆုံးသတ်ရန်၊ လွတ်လပ်စွာပြောဆိုခွင့်ကို ရာဇဝတ်မှုမြောက်စေရန် ရေးဆွဲထားသော မြန်မာနိုင်ငံ၏ ဥပဒေများ အောက်တွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံထားရသော လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ ကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများအပေါ် ပြစ်ဒဏ်များအားလုံးကို ရုတ်သိမ်း၍ လွှတ်ပေးရန် ပါဝင်သည်။
  • အစိုးရ၏ လူမှုမီဒီယာ စောင့်ကြည်ရေး အဖွဲ့သည် ပွင့်လင်းမြင်သာမှု ရှိပြီး တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများကို ပိုမိုစောင့်ကြည့်နိုင် ရန်အတွက် သုံးစွဲခြင်းမျိုး မပြုလုပ်ရန်အတွက် အာမခံချက်ပေးရန်။
  • အမုန်းစကားများ သို့မဟုတ် ဖြန့်ဝေမှုတွင် ပါ၀င်အားဖြည့်နိုင်သော စီးပွားရေး လုပ်ငန်ကြီးများအား ထိန်းချုပ်ရန်၊
  • ပညာရေး၊ ယဉ်ကျေးမှုဆိုင်ရာတွေ့ဆုံဆွေးနွေးမှုများ၊ အမုန်းတရား၏ အဖြစ်အပျက်များအား ရှုတ်ချခြင်းနှင့် ကျန်းမာသောမီဒီယာပတ်ဝန်းကျင်များ ဖန်တီးရေးအပါအ၀င် အမုန်းစကားများအား တိုက်ဖျက်ရေးအတွက် Rabat အစီအစဉ်ကဲ့သို့သော လူ့အခွင့်အရေးမူဘောင်များနှင့်ကိုက်ညီသော မူဝါဒများပေါ်ပေါက်လာစေရေးအတွက် မြှင့်တင်ရန်နှင့် ပံ့ပိုးပေးရန်၊
  • အမျိုးမျိုးသော အပြည်ပြည်ဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှုယန္တရားများနှင့်အတူ ပူးပေါင်ဆောင်ရွက်ရန်၊ နှင့်
  • လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများအား ကာကွယ်စောင့်ရှောက်ပေးရန်နှင့် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရက်စက်ယုတ်မာမှုများကို အဆုံးသတ်ရန်။

ဥပဒေ ပြုပြင်ပြောင်းလဲမှုများ

  • ဆက်သွယ်ရေး ဥပဒေ၊ သတင်းမီဒီယာ ဥပဒေ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးအချက်အလက် နှင့် လုံခြုံရေးအား ကာကွယ်သည့် ဥပဒေ၊ နှင့် မြန်မာနိုင်ငံ လျို့ဝှက်ချက် အက်ဥပဒေ နှင့် ရာဇသတ်ကြီးဥပဒေများ အပါအဝင် လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ထားသော ဥပဒေများကို လူ့အခွင့်အရေး စံချိန်းစံနှုန်းများနှင့်အညီ ပြင်ဆင်ရန် သို့မဟုတ် အသစ်ရေးဆွဲရန်၊ အထူးသဖြင့်
    • ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့် ၆၈ (က)
    • ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ နှင့် ၂၀
    • ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ (က)၊ ၂၉၅ (က)၊ ၄၉၉၊ ၅၀၀ နှင့် ၅၀၅ နှင့်
    • အီလတ်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃ နှင့် ၃၄ (ဃ)
  • လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ရန်အတွက် ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်သော ဥပဒေများ ပြဌာန်းရန်၊
  • အမုန်းစကား ဥပ‌ဒေကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်းစံနှုန်းများနှင့်အညီ ပြဌာန်းရန်၊ နှင့်
  • လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သော တရားစီရင်ရေး သို့မဟုတ် တရားစီရင်ရေးသဘော သက်ရောက်သည့် ဆုံးဖြတ်ချက်များအား စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိသူ လွတ်လပ်သည့် တရားသူကြီးများ ကသာ ဆုံးဖြတ်ခြင်းအား သေချာစေရန်၊ ဤသို့ လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေး အားနည်းချက်များကြောင့် နိုင်ငံတကာမှ ကျွမ်းကျင်သူများ၏ အကူအညီ လိုအပ်ပါက အစိုးရအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ အကူအညီကို ဖိတ်ခေါ်ရန်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ဦးတည်သည့် အမုန်းစကားများကို ဆန့်ကျင်တုံ့ပြန်ခြင်း

  • နိုင်ငံရေးပါတီများအားလုံးမှ အွန်လိုင်းနှင့် အော့ဖ်လိုင်း မှတစ်ဆင့် အမုန်းစကားများနှင့် သတင်းအမှားများ ဖြန့်ဝေနေမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တားမြစ်ရေး သေချာစေရန်၊
  • မိန့်ခွန်းများ၊ ကြွေးကြော်သံများ၊ ထုတ်ပြန်ကြေညာချက်များနှင့် လက်ကမ်းစာစောင်များ အပါအဝင် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်သည့် ကမ်ပိန်းအကြောင်းအရာများ အပေါ် လုံးဝ သည်းမခံသော မူဝါဒများကို ချမှတ်ရန်၊ နှင့်
  • အမုန်းစကားများကို စောင့်ကြည့်လေ့လာရန်နှင့် လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများကို ပစ်မှတ်ထားသည့် ဖြစ်နိုင်ခြေရှိသော ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုများအတွက် ကြိုတင် သတိပေးနိုင်သော စနစ်ကို တည်‌ထောင်ရန်။

မြန်မာစစ်တပ်သို့

  • မြန်မာအစိုးရသို့ ပေးထားသော အထက်ပါ အကြံပြုတိုက်တွန်းချက်များကို လေးစားလိုက်နာရန်၊
  • ခွဲခြားဆက်ဆံမှု၊ ရက်စက် ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု နှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်မှုများအပါအဝင် အမုန်းစကား၏ အဖြစ်အပျက်များတွင် ပါဝင်သော မည်သည့် စစ်မှုထမ်းကို မဆို လွတ်လပ်သော စုံးစမ်းစစ်ဆေးမှု ပြီးဆုံးသည့်အထိ တာဝန်မှ ချက်ခြင်း ရပ်နားစေရန်၊ နှင့် စုံစမ်းစစ်ဆေးမှုများအားလုံးတွင် ပူးပေါင်းဆောင်ရွက်ရန်အပြင် ထွက်ရှိလာသော ရလဒ်များကို ပံ့ပိုး ဖော်ဆောင်ရန်၊
  • လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများအား ပစ်မှတ်ထားပြီး လက်နက်ကိုင် ပဋိပက္ခကို မြှင့်တင်နေသည့် အမုန်းစကားများ ဖြန့်ဝေနေခြင်း လုပ်ဆောင်နေမှုများကို ရပ်တန့်ရန်၊
  • လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများအပေါ် စစ်ဆင်ရေးများ ရပ်တန့်ရန်နှင့် ဆိုးရွားလှသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်ယုတ်မာမှုများကို အဆုံးသတ်ရန်၊ နှင့်
  • အမုန်းတရား ဇာတ်ကြောင်းများ၊ အာဘော်များကို ဖြန့်ဝေနေသည့် အစွန်းရောက် အမျိုးသားရေးဝါဒီ အုပ်စုများအား ပံ့ပိုးခြင်း သို့မဟုတ် ထောက်ခံခြင်းမှ ရပ်တန့်ရန်။

အရပ်ဘက်လူထုအဖွဲ့အစည်းများသို့

  • အစိုးရနှင့် အစိုးရ မဟုတ်သော သူများမှ လုပ်ဆောင်နေသည့် အမုန်းစကားများကို စောင့်ကြည့်ရန်နှင့် ဆန့်ကျင်တုံ့ပြန်ရန်၊
  • အမုန်းစကားများကို တိုက်ဖျက်ရာတွင် ဆိုးကျိုးများ ဖြစ်ပေါ်စေသည့် ဇာတ််ကြောင်းများ၊ တွန်းအားများနှင့် အကြောင်းရင်းများ၊ အမုန်းစကားများ မည်ကဲ့သို့ ဖြန့်ဖြူးထားခြင်နှင့် လူမျိုးစုနှင့် ဘာသာရေး လူနည်းစု အသိုင်းအဝိုင်းများနှင့် လူမှုအသိုင်းအဝိုင်း တစ်စုံလုံးအပေါ် မည်သို့ သက်ရောက်မှုများ ရှိနေသည်ကို မီးမောင်းထိုးပြခြင်းဖြင့် အမုန်းစကားများ တိုက်ဖျက်ရန်အတွက် ပြည်သူလူထုအား အသိပညာပေးရန်၊ နှင့်
  • မြန်မာနိုင်ငံရှိ အမုန်းစကားများ သက်ရောက်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများနှင့် သင်တန်းများ ပြုလုပ်ရန် နှင့် သည်းခံခြင်းနှင့် အေးချမ်းစွာ အတူယှဥ်တွဲနေထိုင်ခြင်းကို မြှင့်တင်သည့် ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးရန်။

နိုင်ငံတကာအသိုင်းအဝိုင်းသို့

  • မြန်မာအစိုးရနှင့် မြန်မာစစ်တပ် တို့မှ အထက်တွင် ပေးထားသော အကြံပြုတိုက်တွန်းချက်များကို လက်ခံရန်နှင့် အကောင်အထည် ဖော်ဆောင်ရန်အတွက် တိုက်တွန်းတောင်းဆိုရန်၊
  • အမုန်းစကားနှင့် အစွန်းရောက် အမျိုးသားရေးဝါဒ တိုးမြင့်လာမှုကို စောင့်ကြည့်လေ့လာ၊ တိုက်ဖျက်နေ သော ဒေသခံ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ပံ့ပိုးရန်၊
  • ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးမစ်ရှင် (IIFFMM) ၏ ၂၀၁၈ ခုနှစ် နှင့် ၂၀၁၉ ခုနှစ် အစီရင်ခံစာများတွင်ပါရှိသော အကြံပြုတိုက်တွန်းချက်များကို အကောင်အထည် ဖော်ဆောင်ရန်၊ နှင့်
  • ကြီးမားကျယ်ပြန့်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရက်စက်ယုတ်မာမှုများအပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး အပါအဝင် နိုင်ငံတကာ၏ ကြိုးပမ်းနေမှုများကို ထောက်ခံပံ့ပိုးရန်။

မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်နေသော လူမှုမီဒီယာများ၊ ဆက်သွယ်ရေးကုမ္ပဏီများနှင့် အခြား စီးပွားရေး လုပ်ငန်းများသို့

  • မြန်မာနိုင်ငံရှိ စီပွားရေးလုပ်ငန်းများသည် ဆိုးရွားသော လူ့အခွင့်အရေး သက်ရောက်မှုများကို ရှောင်ကျဉ်ရန်၊ လျှော့ချရန်နှင့် ကိုင်တွယ်ဖြေရှင်းရာတွင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ လမ်းညွှန်မူများအပါအဝင် လူ့အခွင့်အရေး စံချိန်စံနှုန်းများကို လိုက်နာကျင့်သုံးရေး သေချာစွာ လုပ်ဆောင်ရန်၊
  • စီးပွားရေး လုပ်ငန်း/ထုတ်ကုန်များသည် အမုန်းစကား သို့မဟုတ် အကြမ်းဖက်မှု လှုံ့ဆော်ခြင်းများအား ပံ့ပိုးမှု မရှိစေရန်အတွက် ဂရုတစိုက် လုပ်ဆောင်ရန်၊
  • မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်နေခြင်းကြောင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော အားဖြင့် ဖြစ်ပေါ်လာသည့် ဆိုးရွားသော လူ့အခွင့်အရေး သက်ရောက်မှုများကို ထည့်သွင်းစဥ်းစားရန် နှင့် ကျရောက်လာနိုင်သည့် အန္တရာယ်များကို လျှော့ချရန်အတွက် လိုအပ်သောခြေလှမ်းများ လုပ်ဆောင်ရန်၊ အကယ်၍ လုပ်ငန်းလည်ပတ်မှုများသည် လူ့အခွင့်အရေး ကာကွယ်ပေးခြင်းကို လုံလောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိပါက ပိုမို ဆိုးရွားသော သက်ရောက်မှုများ မဖြစ်ပေါ်စေရန်နှင့် ချိုးဖောက်မှု များတွင် ပါဝင်ခြင်းမှ ရှောင်ကြဥ်နိုင်ရေး သေချာစေရန်အတွက် လုပ်ငန်းလည်ပတ်မှုများကို မြန်မာနိုင်ငံမှ ရုတ်သိမ်းရန်၊
  • အကြမ်းဖက်မှုကို ဖြစ်ပွားစေရန် လှုံ့ဆော်မှုနှင့် တောင်းဆိုမှုများပါသော ဖော်ပြချက်များအား နိုင်ငံတကာဥပဒေများ၊ စံချိန်စံနှုန်းများနှင့်အညီ လွတ်လွတ်လပ်လပ်နှင့် တင်းတင်းကျပ်ကျပ် စောင့်ကြည့်ရန် နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား၊ အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး အပါအဝင် ပြည်တွင်းနှင့် နိုင်ငံတကာ တာဝန်ယူမှု တာဝန်ခံမှု ယန္တယားများတွင် ဖြစ်ရပ်အလိုက် အသုံးပြုနိုင်ရန်အတွက် ထို အကြောင်းအရာများ၏ ဒစ်ဂျစ်တယ် မိတ္တူများကို ထိန်းသိမ်းထားရန်၊
  • မြန်မာနိုင်ငံရှိ အသုံးပြုသူများကို ဒစ်ဂျစ်တယ်ဆိုင်ရာ အသိပညာသင်တန်းများ ပေးရန်နှင့် အထူးသဖြင့် လူ့အခွင့်အရေးကာကွယ်ရေးအတွက် စည်းရုံးလှုံ့ဆော်နေသော၊ အမုန်းစကားလမ်းကြောင်းသစ်များကို ထိရောက်စွာ ဆန့်ကျင်တုံ့ပြန်နိုင်ရန်အတွက် အမုန်းစကားများကို စောင့်ကြည့်လေ့လာသော ဒေသခံ အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် ဆွေးနွေးညှိနှိုင်း အကြံဉာဏ် ရယူရန်၊
  • အကြမ်းဖက်မှုများနှင့် အမုန်းစကားများ လျှော့ချရန် ရည်ရွယ်သော အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ ကြိုးပမ်းချက်များကို ကူညီထောက်ပံ့ပေးရန်၊
  • ကုမ္ပဏီ၏ မူဝါဒများနှင့် စံချိန်းစံနှုန်းများကို ဒေသခံ ဘာသာစကားများဖြင့် ဖတ်ရ လွယ်ကူသော ပုံစံများ နှင့်/သို့မဟုတ် ဗွီဒီယို အတိုများကို ထုတ်ဝေရန်၊
  • ဖယ်ရှားထားသော အကြောင်းအရာများနှင့် မြန်မာဘာသာဖြင့် အွန်လိုင်းပေါ်တွင် အမုန်းစကားများ၏ ဖြန့်ဝေမှု လမ်းကြောင်းပုံစံများကို မြန်မာနိုင်ငံဆိုင်ရာ သီးသန့်အချက်အလက် ထားရှိပြီး အများပြည်သူ သိရှိစေရန် ပုံမှန် ထုတ်ပြန်ပေးခြင်း အပါအဝင် အွန်လိုင်းပေါ်မှ အကြောင်းအရာကို ဖြုတ်ချရန် မည်သို့ သတ်မှတ်သည့်အပေါ် ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်ရန်၊ နှင့်
  • အမုန်းစကားများကို နားလည်ပြီး လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများအား ကာကွယ်ပေးရန် ဆန္ဒရှိသော ဗမာစာနှင့် တခြား လူမျိုးစု ဘာသာစကား တတ်ကျွမ်းနားလည်သူများကိုသာ အကြောင်းအရာ ထိန်းကွပ်သူများအဖြစ် ရွေးချယ်ခန့်အပ်ရန်။

[1] These are only a selection of recommendations.  The full set of recommendations can be found in Part V of the report.


အစီရင်ခံစာအနှစ်ချုပ်ကို PDF ဖြင့်ရယူရန်။

Read full report in English.

Related Posts:

Send this to a friend