Press Release 700 Views

မြန်မာအစိုးရ၏ ဆင်ဆာပိတ်မှုအပေါ် Justice For Myanmar ၏ တုန့်ပြန်ချက်

September 1st, 2020  •  Author:   Justice For Myanmar  •  1 minute read
Featured image

စက်တင်ဘာ ၁၊ ၂၀၂၀၊ မြန်မာ – မြန်မာစစ်တပ်၏ အာဏာအလွဲသုံးစားပြုမှု၊ အကြီးစားကျင့်ပျက် ခြစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအားဖုံးကွယ်ရန် ကြိုးပမ်းကာ မြန်မာအစိုးရသည် Justice For Myanmar ဝဘ်ဆိုဒ်အား ပိတ်ပင်ရန် ညွှန်ကြားခဲ့သည်။

ဧပြီလ ၂၈၊ ၂၀၂၀ တွင် စတင်ထုတ်လွှင့်ခဲ့သည့် Justice For Myanmar ဝဘ်ဆိုဒ်သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုများကို ရှာဖွေရန်၊ ပွင့်လင်းမြင်သာမှုနှင့် တရားဥပဒေစိုးမိုးမှုကို မြှင့်တင်ရန် လှုပ်ဆော်မှုတစိတ်တပိုင်းအနေဖြင့် မြန်မာစစ်တပ်၏ အကျင့်ပျက်ခြစားမှုများ၊ စစ်တပ်စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြား ဆက်နွယ်နေသည့် သက်သေအထောက်အထားများပါရှိသော အစီရင်ခံစာများကို ထုတ်ပြန်ပါသည်။ Justice For Myanmar ဝဘ်ဆိုဒ်တွင် ထုတ်ပြန်ခဲ့သည့် သတင်းအချက်အလက်များကို မြန်မာမီဒီယာများတွင် သတင်းရေးသားဖော်ပြခဲ့ကြပြီး မြန်မာစစ်တပ်နှင့် အရပ်သားအစိုးရတို့၏ တာဝန်ရှိမှုများအပေါ် ပြည်သူလူထုမှ ပိုမိုသိရှိလာပြီး စစ်ဆေးမေးခွန်းထုတ်မှုများ ရှိလာအောင် ကူညီ အားဖြည့်ပေးခဲ့သည်။ လတ်တလောထုတ်ပြန်ခဲ့သည့် သတင်းအကြောင်းအရာများတွင် မြန်မာစစ်တပ်၏ စနစ်ကျလှသည့် အကျိုးစီးပွားပဋိပက္ခများ၊ ဂျပန်အစိုးရ ကျောထောက်နောက်ခံ Y Complex အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းမှ မြန်မာစစ်တပ်သို့ ငွေကြေးပေးချေမှုများ၊ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များ၏ သားသမီးများ ပိုင်ဆိုင်သည့် စီးပွားရေးအကျိုးစီးပွားများ၊ နိုင်ငံတကာစီးပွားရေး လုပ်ငန်းများမှ မြန်မာစစ်တပ်ရရှိနေသည့် အကျိုးအမြတ် အသေးစိတ်အချက်အလက်များ၊ ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်၏ ၂၀၁၇ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် အားပေး ထောက်ခံသည့် ခရိုနီစီးပွားရေးသမားများ၏ လှူဒါန်းမှုများအား ဖော်ထုတ်ရေးသားခဲ့ပြီး ဖြစ်ပါသည်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာအစိုးရအနေနဲ့ ကျမတို့ ဝဘ်ဆိုဒ် ကို ပိတ်ပင်ဖို့ ဘယ်လိုဆုံးဖြတ် ညွှန်ကြားတယ်ဆိုတာ Justice For Myanmar ကို အကြောင်းကြားမှု မရှိခဲ့ပါဘူး၊ ဘယ်ဥပဒေအခင်းအကျင်းအောက်ကနေ ဒီညွှန်ကြားချက် ထုတ်ပြန်ခဲ့လည်း ကျမတို့မသိပါဘူး။ ဒါပေမယ့်လည်း ဒီလိုဆင်ဆာပိတ်ပင်တာဟာ သဘောထား ကွဲလွဲမှုတွေ ကို အသံတိတ်သွားအောင်၊ မြန်မာစစ်တပ် စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အကျင့်ပျက် ခြစားမှုတွေနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ဖုံးကွယ်ပစ်ဖို့ ကြိုးပမ်းချက်တစ်ရပ်ဆိုတာကတော့ ရှင်းပါတယ်။ မြန်မာအစိုးရအနေနဲ့ ကျမတို့ကို အသံတိတ်သွားအောင် ခုလိုလုပ်ဆောင်မှုကြောင့်တော့ Justice For Myanmar အနေနဲ့ ဦးညွှတ်သွားမှာ မဟုတ်ပါဘူး။ ကျမတို့အနေနဲ့ အာဏာရှိသူတွေကို အမှန်တရား တွေ ဆက်ပြောနေမှာပါ” ဟု ပြောကြားခဲ့သည်။

မြန်မာအစိုးရသည် ကရင်နှင့် ရခိုင်တိုင်းရင်းသားဒေသများတွင် စစ်တပ်၏ ဆိုးရွားရက်စက်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို သတင်းရေးသားနေသည့် Karen Information Centre၊ Development Media Group နှင့် Narinjara သတင်းဌာနများအပါအဝင် တိုင်းရင်းသား သတင်းမီဒီယာ ဝဘ်ဆိုဒ်များအား ပိတ်ပင်ခဲ့ပြီးနောက် Justice For Myanmar အား ဆင်ဆာပိတ်မှု လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ မရတနာမောင်က “ကျမတို့ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ မြန်မာပြည်သူတွေရဲ့ သတင်းအချက်အလက် သိရှိပိုင်ခွင့် အခွင့်အရေးတွေအပေါ် မြန်မာအစိုးရရဲ့ တိုက်ခိုက်မှုကို ကျမတို့ အနေနဲ့ရှုံ့ချပါတယ်။ ပြည်သူ့ဘဝ သာယာဝပြောရေးနဲ့ အနာဂတ် မျိုးဆက်သစ်တွေအတွက် အသုံးပြုရမှာဖြစ်တဲ့ တိုင်းပြည်ဘဏ္ဍာငွေတွေကို ဘယ်လို တလွဲအသုံးပြု နေတယ်၊ တိုင်းပြည်ပိုင်ပစ္စည်းတွေ ဘယ်လိုခိုးယူခံနေရတယ်ဆိုတာကို မြန်မာပြည်သူတွေအနေနဲ့ သိပိုင်ခွင့် ရှိပါတယ်။ မြန်မာပြည်သူတွေအတွက် ကျမတို့ ပေးနေတဲ့သတင်းအချက်အလက်တွေဟာ အမှန်တရား သက်သက်တွေပါ၊ ကျမတို့ပြောဆိုချက်တွေဟာ သက်သေအထောက်အထားကို အခြေခံထားတာဖြစ်ပြီး ကျမတို့ အစီရင်ခံစာတွေအပေါ် အစိုးရအနေနဲ့ သက်သေ အထောက်အထား နဲ့ တုန့်ပြန်ဖို့ ဖိတ်ခေါ်ပါတယ်။ သို့ပေမယ့်လည်း ပြည်သူ့ရှေ့မှာ ဆွေးနွေးငြင်းခုံမှု၊ တာဝန်ခံမှုတွေနဲ့ တုန့်ပြန်ရမယ့်အစား အရပ်သားအစိုးရအနေနဲ့ ဖိနှိပ်မှုကို ရွေးချယ်ခဲ့ပြီး စစ်တပ်ရဲ့အမှားတွေကို ဖုံးကွယ်ပေးဖို့ ကြိုးစားနေပါတယ်။ အစိုးရကို ပြည်သူက တင်မြှောက်ခဲ့တာမို့ အစိုးရဟာ ပြည်သူကိုသာ တာဝန်ခံရမှာ ဖြစ်ပါတယ်။ ရွေးကောက်တင်မြှောက်ခံ မဟုတ်တဲ့၊ ပြည်သူတွေအပေါ် ဆိုးရွားတဲ့ ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ အကျင့်ပျက်ခြစား စစ်ရာဇဝတ်အုပ်စုကို တာဝန်ခံရမှာ မဟုတ်ပါဘူး။ အရပ်ဘက်အဖွဲ့အစည်းများနဲ့ မီဒီယာအားလုံးရဲ့ သတင်းဝဘ်ဆိုဒ်များကို ပိတ်ပင်ထားမှုတွေ ဖယ်ရှားဖို့ ကျမတို့အနေနဲ့ တောင်းဆိုတယ်” ဟု ပြောကြား ခဲ့သည်။

အယ်ဒီတာများသို့မှတ်ချက်

Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည်။

မြန်မာတိုင်းမ်မှ ရေးသားဖော်ပြထားသည့် “မြန်မာအစိုးရမှ Justice For Myanmar ဝဘ်ဆိုဒ်အား ပိတ်ပင်ရန် ညွှန်ကြားခြင်း” သတင်းအား အောက်တွင်ဖတ်ရှုပါ။
https://www.mmtimes.com/news/myanmar-blocks-website-rights-group-critical-tatmadaw.html

ထပ်မံသိရှိလိုပါက –
ရတနာမောင်
အီးမေးလ် – [email protected]
ဝဘ်ဆိုဒ် – https://www.justiceformyanmar.org/

တွစ်တာ – @justicemyanmar
ဖေ့ဘုတ် – https://www.facebook.com/justiceformyanmar.org/

မြန်မာဘာသာဖြင့် သတင်းထုတ်ပြန်ချက် PDF ရယူရန်

Download the statement in English.