၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ရခိုင်ပြည်အရေးနှင့် ပတ်သက်သည့် သတင်းသုံးသပ်ချက်

၃။ တွေ့ရှိချက်များ

၃.၁. နိုင်ငံရေးဆိုင်ရာ တွေ့ရှိချက်များ

(၁) ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရေး – ၂၀၂၀ ရွေးကောက်ပွဲအား ရခိုင်ပြည်၊ ချင်းပြည်၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်ရှိ ဒေသတချို့အား ချန်လှပ်၍ မြန်မာတစ်နိုင်ငံ လုံးရှိ မြို့နယ်ပေါင်း (၃၃၀) ၌ ကျင်းပမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက် ထုတ်ပြန်လိုက်သည်။ ၂၀၂၀ တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေ ရန် အတွက် နိုင်ငံရေးပါတီ (၃၀) မှ အချက် (၁၂) ချက်အား ဆွေးနွေးရန် တွေ့ဆုံခွင့် အတွက် ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံတော်သမ္မတရုံး နှင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ တောင်းခံစာ ပေးပို့ခဲ့သည်။ KNCပါတီ မှလည်း ၎င်းတို့တင်ပြထားသည့် အချက် (၅) ချက်အား ရွေးကောက်ပွဲ ကော်မရှင်၊ အနေဖြင့် ကျေကျေလည်လည် မဆွေး နွေး နိုင်လျှင် သန့်ရှင်းလွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲဖြစ်ရန် မလွယ်ကူ ကြောင်းပြောသည်။ COVID-19 ကြောင့် တိုင်းရင်းသားများ မည်သည့် အရာကိုမှ လုပ်လို့ မရသည့် အချိန်၌ တာဝန်များအား အကြောင်းပြပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိ သူများ နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နယ်များသို့ သွားရောက်ကာ ပါတီစည်းရုံရေးအသွင် လုပ်ဆောင်နေ ကြောင်း ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်မှ ပြော သည်။ CNLD ပါတီအနေဖြင့် ပလက်ဝဒေသ၌ ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဖြစ်သော်လည်း ULA/AA မှ ဖမ်းဆီး ရန်ရှာမည်ကို စိုးရိမ်ကြောင်း ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်မှ ပြောသည်။

(၂) ၂၀၂၀ ရွေးကောက်ပွဲလွန်ကာလ အစိုးရဖွဲ့စည်းနိုင်ခြေ – ၂၀၂၀ ရွေးကောက်ပွဲ အလွန်တွင် ပါတီကြီး (၁) ခုကသာ အနိုင်ရကာ အစိုးရဖွဲ့ရန် ဖြစ်နိုင်ခြေ နည်းပါး ပြီး ညွန့်ပေါင်းအစိုးရ ဖြစ်လာနိုင်ကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UPB) ဥက္ကဋ္ဌ ဦးရွှေမန်းမှ လည်းကောင်း၊ NLD ပါတီကသာ အပြတ်အသတ် အနိုင်ရမည်ဖြစ်ကြောင်း NLD ဗဟို ပြန်ကြားရေး အဖွဲ့ဝင် မုံရွာ အောင်ရှင်မှ လည်းကောင်း၊ NLD ပါတီကသာ အနိုင်ရရှိပြီး တိုင်းရင်းသားပါတီများဖြင့် ပူးပေါင်းသည့် အစိုးရတစ်ရပ် ဖြစ်လာနိုင်ကြောင်း ဒေါက်တာ ရန်မျိုးသိန်းမှ လည်းကောင်းပြောသည်။ ကရင်၊ မွန်၊ ချင်းနှင့် ကယား ပြည်နယ်တို့မှ တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်းပြီး တိုင်းရင်းသားပါတီများ အချိုးကျပါဝင်သည့်ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ရေး ကြိုးပမ်းသွားကြမည်ဟု သိရသည်။

(၃) ၂၀၂၀ ရွေးကောက်ပွဲနှင့် ရခိုင်ပြည် – ၂၀၂၀ ရွေးကောက်ပွဲအား ရခိုင်ပြည်၌ ပြုလုပ်ခွင့်ရရန် ရခိုင်ပါတီများမှ ဆန္ဒရှိကြသော်လည်း ဖြစ်နိုင်ခြေ အလွန်နည်းပါးနေသည်။ လူထု အနေဖြင့် လည်း စိတ်ပါဝင်စားမှု နည်းပါးနေသည်။ ANP အနေဖြင့် တိုက်ပွဲနှင့် Covid-19 ရောဂါ ကြောင့်မဲဆွယ်စည်းရုံးရန်လည်း အကန့်အသတ်များ ရှိနေသည်။ ရခိုင်ပြည်၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် NLD အစိုးရမှ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန တို့အား ဦးစားပေး ဆွေးနွေးလျက်ရှိသည်။ ရခိုင်ပြည်၌ ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်လျှင်အမျိုးသားရင်ကြားစေ့ရေးအား ထိခိုက်နိုင်ကြောင်း၊ ဒီမိုကရေစီဆိတ်သုဉ်း သွားနိုင်ကြောင်း နှင့်စစ်အုပ်ချုပ်ရေး ဖြစ်သွားနိုင်ကြောင်း ပါတီခေါင်းဆောင်များနှင့် နိုင်ငံရေးသုံးသပ်သူများမှ ပြောဆို မှုများရှိသည်။

(၄) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး – ULA/AA နှင့် မြန်မာအစိုးရ တပ်မတော်တို့ကြား တစ်ဘက်မှ ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးကို တစ်ဘက်မှ မယုံကြည်ကြောင်း တိုက်ရိုက်၊ သွယ်ဝိုက်ထုတ်ပြန် ပြောဆိုချက်များအားတွေ့ရသည်။ လက်တွေ့မပါသည့် တစ်ဘက် သတ် အပစ်ရပ်စဲရေး ကြေညာချက်များအား အပြန်အလှန် ထုတ်ပြန်နေကြသည်ဟုလည်း နိုင်ငံရေး အကဲခတ်သူများမှ ဝေဖန်နေကြသည်။ နှစ်ဘက်သဘောတူ အပစ်ရပ်စာချုပ် ချုပ်ဆိုရန် ဆွေးနွေးမည့်ကိစ္စကိုလည်း COVID-19 ရောဂါ အခြေအနေတည်ငြိမ်မှသာ တွေ့ဆုံကြရန် မြောက်ပိုင်း မဟာမိတ် ဘက်မှ အကြောင်းပြန်ကြားခဲ့သည်။ ရခိုင်ဒေသ၌ အကြမ်းဖက်မှု နှိမ်နင်းမည့် စစ်ဆင်ရေးအား ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ညီလာခံတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ပါဝင်ခြင်း၊ မပါဝင်ခြင်းသည် (NRPC) အပေါ်မှာ မူတည်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအရေးနှင့် လက်နက်ကိုင်ကိစ္စ ကို မရောထွေးရန် လိုကြောင်း မြန်မာအစိုးရစစ်တပ်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ ULA/AA မှ ခိုင်သုခက အစိုးရတပ်မတော်မှ ၎င်းတို့ ရှိသည့် နေရာများအား နေ့စဉ်နှင့်အမျှ ထိုးစစ်ဆင်မှုများ ပြုလုပ်နေခြင်းကြောင့်သာ တိုက်ပွဲများဖြစ်ပွါး နေရခြင်း ဖြစ်ကြောင်း ပြောသည်။ ငြိမ်းချမ်းရေးဆောင်ရွက်သည့် အခါတွင် ရခိုင်ပြည်ကို ချန်လှပ် ထားသည့် အကျိုးဆက်များက ပြည်နယ်တဝှမ်း တိုက်ပွဲဖြစ်ပွါးနေရကြောင်း ရခိုင် လွှတ်တော်အမတ် ဒေါ်ထုမေမှပြောသည်။

(၅) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးအားဩဂုတ်လတွင် အကျဉ်းချုပ် ကျင်းပရန်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပြင်ဆင်ထားသည့် အချက်များအား (၂၃.၀၆.၂၀) ရက်နေ့မှ (၂၅.၀၆.၂၀) ရက်နေ့အထိ အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ညှိနှိုင်းသွားရန်ရှိကြောင်း သဘောတူညီခဲ့ကြသည်။

(၆) အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး – ကျေးရွာအုပ်ချုပ်ရေးမှူးများအား ULA/AA နှင့် ဆက်သွယ်သည်၊ ပံ့ပိုးကူညီသည်ဆိုသည့် စွပ်စွဲချက်ဖြင့် အစိုးရစစ်တပ်ဖက်မှ ဖမ်းဆီးမှု များ ရှိနေသာကြောင့် နှစ်ဘက်ကြားညှပ်မည်စိုးရိမ်၍ မြေပုံမြို့နယ်မှ ရပ်/ကျေး အုပ်ချုပ် ရေးမှူး (၆၈) ဦး နှုတ်ထွက်စာတင်သွင်းခဲ့သည်။ အလားတူ ဖြစ်ရပ်များကြောင့် ရခိုင်ပြည်ရှိ မြို့နယ်များတွင် အုပ်ချုပ်ရေး ယန္တရား ပျက်စီးသွား နိုင်ကြောင်း ဦးဖေသန်းမှ ပြောသည်။ လက်ရှိ ရခိုင်ပြည်၌ မြေပြင်အနေအထားအရ အစိုးရအုပ်ချုပ်ရေး မတွေ့ရကြောင်းနှင့် ULA/AA အုပ်ချုပ်ရေးနှင့် အစိုးရစစ်တပ် အုပ်ချုပ်ရေးကိုသာ မြင်တွေ့ရကြောင်း မြတန်ဆောင်း ဆရာတော်မှ ဆိုသည်။ မြန်မာအစိုးရတပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အုပ်ချုပ်ရေးမှူး ဆက်လုပ်မည့်သူများလည်း ရှိနေသေးသဖြင့် မြို့နယ် အုပ်ချုပ်ရေးယန္တရားများ မပျက်ပြားနိုင်ကြောင်း၊ ULA/AA မှ အစိုးရအုပ်ချုပ်ရေးကို အစားထိုးရန် ပြောလာ ခြင်းသည် အစိုးရ၏ အချုပ်အခြာအာဏာကို ထိပါးနေခြင်းဖြစ် ကြောင်း၊ အုပ်ချုပ်မှုဆိုင်ရာ မူလအစီအစဉ်ဖြင့် မလုံလောက်လျှင် နောက်ထပ် အစီအစဉ် များ ဆက်သုံးရမှာမျိုး ရှိကြောင်း ပြောသည်။ ULA/AA ပြောခွင့်ရ ခိုင်သုခမှ ရခိုင်ဒေသ သည် ယခင်ရော ယခုပါ စစ်အုပ်ချုပ်ရေး လက်အောက်မှာသာ ရှိကြောင်း၊ တပ်မတော်မှ ၎င်းတို့၏ ဆောင်ရွက်ချက်များကို ဖုံးကွယ်ရန်နှင့် စစ်အုပ်ချုပ်ရေး ရရှိရန် အစိုးရအား ဖိအား ပေးနေပြီး ရခိုင်ပြည်၌ အစိုးရနှင့် အစိုးရတပ်မတော် မရှိလျှင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုများ ရရှိနိုင်ကြောင်း ပြောသည်။ ULA/AA အားနှိမ်နင်းရန်နှင့် အုပ်ချုပ်ရေး တည်ငြိမ်ရန်အတွက် အစိုးရနှင့် တပ်မတော်ကြား မကြာခဏ ဆွေးနွေးမှုများ ရှိကြောင်း ဦးဇော်ဌေးမှ ပြောသည်။

(၇) တိုက်ပွဲဖြစ်နေသည့် ဒေသများ၌ တရားဥပဒေ စိုးမိုးရေးအားနည်းပြီး လက်ရှိ တာဝန် ယူနေသည့် အစိုးရမှလည်း တရားဥပဒေ စိုးမိုးရေးအတွက် ကိုင်တွယ်ရာ တွင် အားနည်း ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေမှ ပြောသည်။ ရခိုင်ပြည် မြောက်ပိုင်းတွင် ULA/AA အဖွဲ့ဝင်များ သည် အရပ်သား အယောင် ဆောင်ပြီး ရောက်လာနိုင်သည့် အတွက်ကြောင့် ညဖက် အမှုလာဖွင့်လျှင် ရဲစခန်းတံခါး အား မဖွင့်ရဲကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲတွင် ဒုရဲဗိုလ်ချုပ် မျိုးဆွေဝင်းမှပြောသည်။ နေ့အချိန် သွားတိုင်လျှင်တောင်မှ ရဲစခန်းတံခါးအား ဖွင့်မပေး၍ ရဲလုပ်ရမည့် အလုပ်ကို ULA/AA မှ လုပ်သွားခြင်းဖြစ်ကြောင်း မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရ မှပြောသည်။

(၈) အင်တာနက် သတင်းပိတ်ဆို့မှု – ရခိုင်ပြည်ရှိ မြို့နယ်အချို့နှင့် ပလက်ဝမြို့နယ်တွင် အင်တာနက်ပြန်ရရန်အတွက် ဒေသခံများနှင့်အရပ်ဘက်အဖွဲ့များမှ တောင်းဆိုမှု တွေရှိ နေသော်လည်း စစ်ရေးဆိုင်ရာလျှို့ဝှက်ချက်များ ပေါက်ကြားခြင်း၊ လူမျိုးရေး အမုန်းတရား လှုံ့ဆော်မှုများရှိနေခြင်းကြောင့် ပလက်ဝတွင် အင်တာနက် ဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း အစိုးရနှင့် တပ်မတော်ဘက်မှပြောသည်။ တဖက်တွင် တပ်မတော်နှင့် သက်ဆိုင်သည့် သတင်းများအား Facebook မှ အချိန်နှင့် တပြေးညီ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ နေပြည်တော်အခြေစိုက် သတင်း ထောက်များသို့ အကြောင်းကြားခဲ့သည်။

(၉) စစ်ဘက်ဆိုင်ရာ နိုင်ငံခြား ဆက်ဆံရေး – အကြမ်းဖက် လက်နက်ကိုင် အဖွဲ့များ၏ နောက် ၌ ရပ်တည်နေသည့် အင်အားစုကြီးကြောင့် ၎င်းတို့အားချေမှုန်းရန် မြန်မာနိုင်ငံတခုတည်း မှ မလုပ်နိုင်ကြောင်း ရုရှသတင်းဌာန (ZVEZDA) နှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဖြေကြားခဲ့သည်။ ULA/AA အနေဖြင့် နည်းပညာ မြင့်သူများဆီမှ အဝေးထိန်း မိုင်းခွဲသည့်နည်းပညာများကို ရရှိထားကြောင်း အိန္ဒိယ မှသတင်းပေးသည်မှာ မှန်ကန်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း မှပြောသည်။ ULA/AA မှ အသုံးပြုသည့် မိုင်း များ နည်းပညာ မြင့်လာခြင်းသည် နိုင်ငံတခုခု၏ အကူအညီကို ရရှိနေခြင်းကြောင့်ဖြစ် သည်ဟု စစ်ရေးလေ့လာသုံးသပ်သူ စာရေး ဆရာ ဦးသန်းစိုးနိုင်မှ ပြောသည်။ ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ဖမ်းဆီးရရှိသော လက်နက်များသည် ULA/AA အဖွဲ့ထံသွားမည့် လက်နက်များဖြစ်မည်ဟု ယူဆရပြီး ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား (၆) ဦးတွင် ကရင် (၄) ဦးနှင့် ရခိုင် (၂) ဦးပါဝင်သည်ဟု ဧရာဝတီသတင်းတွင် ဖော်ပြသည်။ အင်အားကြီး နိုင်ငံများအကြား တင်းမာမှုများ မြင့်တက်နေချိန်နှင့် ဒေသတွင်း ပြဿနာများအား မဖြေရှင်းနိုင်သေးသည့် အခုလိုအချိန်တွင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ) ၏ စည်းလုံးညီညွတ်မှုက ပိုပြီး အရေးကြီးလာကြောင်း (၃၆) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၌ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောသည်။

၃.၂. စစ်ရေးဆိုင်ရာ တွေ့ရှိချက်များ

(၁) နှစ်ဘက်ထိတွေ့မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ – ULA/AA မှ မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့များအား ရထားလမ်းတွင် တိုက်ခိုက်မှု (၁) ကြိမ်၊ ကားလမ်းတွင် တိုက်ခိုက်မှု (၁) ကြိမ်၊ တံတားအနီးတွင် တိုက်ခိုက်မှု (၃) ကြိမ်၊ ရေလမ်းတွင် တိုက်ခိုက်မှု (၂) ကြိမ်၊ ကျေးရွာအနီးတွင် တိုက်ခိုက်မှု (၁) ကြိမ်၊ ရဲကင်းစခန်းအား စီးနင်းတိုက်ခိုက်မှု (၁) ကြိမ်၊ အစိုးရ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်မှု (၂) ကြိမ်၊ ကားလမ်းတွင် မိုင်းထောင် တိုက်ခိုက်ရန် ကြိုးပမ်းမှု (၂) ကြိမ် ဖြစ်ပွါးခဲ့သည်။ တိုက်ခိုက်မှုများမှာ စစ်တွေတွင် (၁) ကြိမ်၊ ပုဏ္ဏားကျွန်းတွင် (၂) ကြိမ်၊ ကျောက်တော်တွင် (၂) ကြိမ်၊ ရသေ့တောင်တွင် (၅) ကြိမ်၊ ကျောက်ဖြူတွင် (၁) ကြိမ် ဖြစ်ပွါးခဲ့ပြီး မိုင်းထောင် တိုက်ခိုက်ရန် ကြိုးပမ်းမှုမှာ စစ်တွေနှင့် တောင်ကုတ်တွင် ဖြစ်ပွါးခဲ့သည်။ အဆိုပါ ထိတွေ့မှုများအပြင် ရသေ့တောင်တွင် တိုက်ပွဲ (၆) ကြိမ်၊ ပုဏ္ဏားကျွန်းတွင် တိုက်ပွဲ (၁) ကြိမ်၊ မြောက်ဦးတွင် တိုက်ပွဲ (၂) ကြိမ်၊ မင်းပြားတွင် တိုက်ပွဲ (၁) ကြိမ်၊ မြေပုံတွင် တိုက်ပွဲ (၁) ကြိမ်၊ အမ်းတွင် တိုက်ပွဲ (၃) ကြိမ်ခန့် ဖြစ်ပွါးခဲ့သည်။

(၂) ULA/AA အနေဖြင့် ရထားလမ်း၊ ကားလမ်းများတွင် မိုင်းဆွဲတိုက်ခိုက်ခြင်းကို အဓိကထား ပြီး၊ ရေလမ်းတွင် မြန်မာအစိုးရတပ်မတော်မှ ရေယာဉ်များအား အဝေးမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကို တွေ့ရသည်။ မြို့တွင်း အရပ်သားအသွင်ဖြင့် လုပ်ကြံသတ်ဖြတ် မှုများတွင် ULA/AA ဖက်မှ ဖမ်းဆီး၊ ဒဏ်ရာရ၊ သေဆုံးခြင်းမရှိဘဲ မြန်မာအစိုးရ လက်နက် ကိုင် တပ်ဖွဲ့များဘက်မှ အထိနာသည်ကို တွေ့ရသည်။ အစိုးရတပ်မှ ရေယာဉ်များအား ပစ်ခတ်တိုက်ခိုက်ရာတွင်လည်း ထိရောက်မှုရှိသည်ကိုတွေ့ရသည်။ သို့ရာတွင် စစ်တွေ-ရေချမ်းပြင် ကားလမ်းတွင် မိုင်းထောင်ရန် ကြိုးပမ်းရာ၌ မိုင်း (၆) လုံးတွင် (၁) လုံး အချိန်မတိုင်မီ ပေါက်ကွဲခဲ့ပြီး၊ တောင်ကုတ်-မအီ ကားလမ်းတွင် မိုင်းထောင်ရန် ကြိုးပမ်း နေစဉ် ပေါက်ကွဲမှုဖြစ်၍ ULA/AA အဖွဲ့ဝင်ဟုယူဆရသူ (၄) ဦး သေဆုံးခဲ့သည်။ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာအနီး တိုက်ပွဲတွင်လည်း ULA/AA အဖွဲ့ဝင် (၁) ဦးကို မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ အသေတွေ့ရှိရ ကြောင်း မြန်မာအစိုးရစစ်တပ်မှ ထုတ်ပြန်သည်။

(၃) ထူးခြားချက်အနေဖြင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရထားလမ်း၌ တိုက်ပွဲဖြစ်ပွါးမှုကို မသိသေးကြောင်း ULA/AA ပြောရေးဆိုခွင့်ရ ခိုင်သုခမှ ပြောဆိုပြီး မြန်မာအစိုးရ စစ်တပ်မှ ပြောရေးဆိုခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ဖြစ်ပွါးမှုမရှိကြောင်း ငြင်းဆိုသည်။

(၄) နှစ်ဘက် လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သူများကြား အပြန်အလှန် ဖမ်းဆီးမှု – ULA/AA မှ ကျောက်ဖြူမြို့နယ်တွင် စမ်မှုထမ်းဟောင်း အငြိမ်းစား (၂) ဦးနှင့် မိသားစုဝင် (၁) ဦးကိုလည်းကောင်း၊ ရသေ့တောင်မြို့နယ် နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၏ သား (၃) ဦးတို့အား လည်းကောင်း၊ ဖမ်းဆီးခဲ့ပြီး၊ မြန်မာ အစိုးရစစ်တပ်မှ ULA/AA ဆက်ကြေး တာဝန်ခံ (၁) ဦးကို ကျောက်ဖြူတွင်လည်းကောင်း၊ စစ်တွေ-ရန်ကုန်ကားဖြင့် လိုက်ပါလာသည့် ULA/AA အမာခံတပ်ဖွဲ့ဝင် ဆိုသူ (၁) ဦးအား အမ်းတွင်လည်းကောင်း၊ ကျောက်တော်မြို့နယ်၊ ကန်စောက်စစ်ဆေးရေးဂိတ်၌ (ULA/AA) အမာခံဆိုသူ (၁) ဦးအားလည်းကောင်း ဖမ်းဆီးခဲ့သည်။ ထို့ပြင် ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာ အနီး တိုက်ပွဲတွင် မသင်္ကာဖွယ်အမျိုးသား (၁၀) ဦး နှင့် အမျိုးသမီး (၂) ဦးအားဖမ်းဆီး ရမိကြောင်း မြန်မာအစိုးရစစ်တပ်မှ ထုတ်ပြန်သည်။

(၅) စစ်ဘက်ဆိုင်ရာ နည်းပညာ – လူ၊ ယာဉ်များကို ထိခိုက်ပျက်စီးမှု ကြီးမားသည့် မိုင်းအမျိုး အစားများကို အသုံးပြုရန် ULA/AA အနေဖြင့် နည်းပညာမြင့်သူများဆီမှ ရီမုနည်းပညာ အထောက်အပံ့ရရှိထားကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း မှပြောသည်။ စစ်ရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်မှလည်း ULA/AA မှ အသုံးပြုသည့် မိုင်းများ နည်းပညာ အဆင့် မြင့်မားလာခြင်းသည် နိုင်ငံတခုခု၏ အကူအညီရရှိနေခြင်းကြောင့် ဟုဆိုသည်။ ရသေ့တောင်မြို့နယ်၊ ပြားချောင်းတံတားအနီးတိုက်ပွဲတွင် အစိုးရ တပ်မတော်စစ်ကြောင်း မှ အသုံးပြုနေသော အစ္စရေးနိုင်ငံလုပ် စစ်မြေပြင်သုံး Skylark I-LEX အမျိုးအစား မောင်းသူမဲ့ ကင်းထောက်လေယာဉ်ငယ် (၁) စင်းကို သိမ်းဆည်းရမိကြောင် ULA/AA မှ ထုတ်ပြန်သည်။

(၆) အခြားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ – မောင်တော မြို့နယ်၊ မီးဒိုက်ကျေးရွာအနီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း မှတ်တိုင်အမှတ် ဘီပီ-(၃၄)နှင့် ဘီပီ-(၃၅) အကြား၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ARSA အဖွဲ့ဝင် (၂၅) ဦးတို့ (၀၁း၀၀) နာရီကြာ ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး အာဆာအဖွဲ့ထံမှ အလောင်း (၂) လောင်း နှင့် လက်နက် ခဲယမ်းပစ္စည်းများကို သိမ်းဆည်းရခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များဘက်မှ တပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

၃.၃. လူ့အခွင့်အရေးဆိုင်ရာ တွေ့ရှိချက်များ

(၁) မတရားဖမ်းဆီးချုပ်နှောင်ခြင်း – ယခင်လမှ ဖမ်းဆီးထားသော မြေပုံမြို့နယ်၊ အငူရွာသစ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ရွာသစ်ကေကျေးရွာမှ အုပ်ချုပ်ရေးမှူး တို့အား ULA/AA နှင့် ဆက်သွယ်သည်ဆိုသည့် သံသယဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေများဖြင့် အမှုဖွင့်ထားသည်။

(၂) ပေါက်တော မြို့နယ်တွင် ALP/ALA အဖွဲ့ဝင် (၂) ဦးအား ULA/AA မှ ဖမ်းဆီးခဲ့ပြီး တောင်ကုတ်မြို့နယ်တွင် ALP/ALA အဖွဲ့ဝင်ဟောင်းတဦးဖြစ်သော ဦးဝင်းလှိုင် အား ULA/AA နှင့် ဆက်စပ်သည်ဟု ယူဆကြသော တောင်ကုတ်မြို့နယ်လုံး ဆိုင်ရာ အမျိုးသားလုံခြုံရေး အဖွဲ့အစည်းမှ ဖမ်းဆီးသုတ်သင်လိုက်ပြီဖြစ်ကြောင်း ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့သည်။

(၃) အစိုးရလက်နက်ကိုင်တပ်ဖွဲ့မှ အငြိမ်းစားများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ အစိုးရ လက်နက် ကိုင်တပ်ဖွဲ့မှ မိသားစုဝင်မျာနှင့် ALP ပါတီဝင်များအား ULA/AA မှ ဖမ်းဆီး မှုများရှိနေပြီး အုပ်ချုပ်ရေးမှူးများနှင့် ANP ပါတီဝင်များအား ULA/AA နှင့် ဆက်စပ် သည်ဆိုသည့် သံသယဖြင့် အစိုးရတပ်မတော်မှ ဖမ်းဆီးမှုများရှိနေသည်။ ရမ်းဗြဲမြို့နယ် NLD အလုပ်မှု ဆောင်အဖွဲ့ဝင် ဦးဇေယျာမင်းအား ULA/AA မှ (၄) လကြာဖမ်းဆီးထားပြီး ပြန်လွှတ် ပေးလိုက်ကြောင်း ရမ်းဗြဲမြို့မ ရဲစခန်း၊ ဒုရဲမှူးမှ ထုတ်ပြန်သည်ကို ၎င်းတို့နှင့် အစိုးရကြား တင်းမာမှုများ မြင့်တက်လာအောင် အစိုးရစစ်တပ်မှ တမင်ဖန်တီး နေခြင်း ဖြစ်သည်ဟု ULA/AA မှ စွပ်စွဲသည်ကိုလည်း တွေ့ရသည်။ အရပ်သားများအား နှစ်ဖက် စလုံးမှ ဖမ်းဆီး မှုများရှိနေပြီး တချို့ကို ပြန်လွှတ်ပေးကြသည်များရှိသည်။ အစိုရ လက်နက်ကိုင် အဖွဲ့များ မှ ဖမ်းဆီးထားသော အရပ်သားတချို့အား ပြန်လည်လွှတ်ပေးသည်များ ရှိသော်လည်း မည်သည့် နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသည်များ၊ ကျောက်တော်မြို့နယ် တင်းမ (သစ်) နှင့် တင်းမကြီးကျေးရွာမှ ဖမ်းဆီးမှုများကို မသိရှိရဟု ငြင်းဆိုမှုများရှိသည်။ မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ကျေးရွာမှ ကိုသန်းမြင့်ဌေးအား အစိုးရစစ်တပ်မှ လမ်းပြ အဖြစ်ဖမ်းဆီးရာတွင် စစ်ဝတ်စုံဝတ်ကာ ကြိုးချည်နှောင်ပြီး ခေါ်သွားကြောင်း မျက်မြင် ရွာသားများမှ ပြောသည်။

(၄) ULA/AA မှ ဖမ်းဆီးထားသည့် တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော် ကျေးရွာမှ ဦးသန်းရွှေ သည် လူမှုအကျိုးပြုဖွံ့ဖြိုးရေးလုပ်ငန်းများအား အရပ်ဘက်အဖွဲ့အစည်း အခန်းကဏ္ဍမှ ရပ်တည်ပြီးလုပ်ဆောင် နေသူဖြစ်သည့်အတွက် ပြန်လွှတ်ပေးရန် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (FSWG) မှ ကြေညာချက် ထုတ်ပြန် တောင်းဆိုသည်။ ကိုစည်သူကျော်ဇံ (ခ) ကိုမိုက်ကယ်အား တရားမျှတမှု ရရှိစေရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့် စီစစ်ဆောင်ရွက်ပေးရန် ရခိုင်ပြည် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ကော်မတီမှ တောင်းဆိုလိုက်သည်။

(၅) ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ULA/AA မှ ဖမ်းဆီးသူ (၆) ဦး၊ ဖမ်းဆီး ထားခြင်း မရှိ/မသိဟု ငြင်းဆိုခံရသူ (၃) ဦး၊ ယခင်ဖမ်းဆီးထားသူများမှ ပြန်လွှတ်ပေးသူ (၁) ဦးရှိသည်။ အစိုးရလက်နက်ကိုင် တပ်များဘက်မှ ဖမ်းဆီးသူ (၄၇) ဦး၊ ပြန်လွှတ် ပေးသူ(၁၈) ဦး၊ ယခင်ဖမ်းဆီးထားသူများမှ ပြန်လွတ်လာသူ (၄) ဦးရှိသည်။

(၆) ညှင်းပန်းနှိပ်စက်ခြင်းနှင့် အခြားထိခိုက်ဒဏ်ရာရရှိခြင်း – မြေပုံမြို့နယ်၊ စညင်းရွာမှ မနန်းစုသည် မိုင်းနင်းမိ၍ ခြေထောက်တဖက် ပြတ်သွားသည့်ကိစ္စနှင့် ပတ်သက်၍ ULA/AA နှင့် အစိုးရတပ်တို့ နှစ်ဖက်အပြန်အလှန်စွပ်စွဲလျက်ရှိသည်။ စစ်ပွဲများ ကြားမှာ မြေစာပင်ဖြစ်နေရသည့် ရခိုင်ပြည်သူများနှင့် ပတ်သတ်ပြီး၊ ကိုလိုနီစနစ်ဆိုး အောက်မှ ရုန်းထွက်ရန် ကြိုးစားနေသည့် လူမျိုးတိုင်း၊နိုင်ငံတိုင်းသည် ထိခိုက်နစ်နာမှုများဖြင့်ကြုံ တွေ့ရခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း (၁၈.၀၆.၂၀) ရက်နေ့ တွင် ULA/AA ပြောခွင့်ရ ခိုင်သုခမှ ပြောသည်။

(၇) ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ULA/AA မှ သတ်ဖြတ်ခြင်း/ညှင်းပန်းနှိပ်စက်၍ ဒဏ်ရာရသူ (၁) ဦးရှိသည်။ အစိုးရလက်နက်ကိုင်တပ်များဘက်မှ သတ်ဖြတ်ခြင်း/ညှင်းပန်းနှိပ်စက်၍ ဒဏ်ရာရသူ (၁၉) ဦးရှိသည်။

(၈) သေဆုံးခြင်းနှင့် သတ်ဖြတ်ခြင်း – ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ဒေသခံ (၂) ဦး ကျည်ထိမှန်ခြင်းတွင် ၎င်းတို့ပစ်ခတ်ခြင်း မဟုတ်ကြောင်းနှင့် မြောက်ဦးမြို့နယ်၊ ကျောက်တွင်းကုန်းတွင် ဒေသခံ (၁) ဦး ပစ်သတ်ခံရ၍ သေဆုံးသည့်ကိစ္စကို မသိရ သေးကြောင်း အစိုးရတပ်မတော်မှ ငြင်းဆိုသည်။ ULA/AA မှ လွှတ်ပေးလိုက်ပြီး နောက် ပိုင်း ဒဏ်ရာများဖြင့် သေဆုံးသွားသည့် မင်းပြားမြို့နယ်၊ သိုင်းကျပ်ကျေးရွာမှ ဒေါ်မစိန်ဦး ကိစ္စမှာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ULA/AA မှ ငြင်းဆိုသည်။

(၉) ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ULA/AA မှ သတ်ဖြတ်ခြင်း/ညှင်းပန်းနှိပ်စက်ခြင်းခံရ၍ သေဆုံးသူ (၃) ဦးရှိသည်။ အစိုးရလက်နက်ကိုင် တပ်များဘက်မှ သတ်ဖြတ်ခြင်း/ ညှင်းပန်းနှိပ်စက်ခြင်းခံရ၍ သေဆုံးသူ (၆) ဦးရှိသည်။

(၁၀) နှစ်ဘက်တပ်များနှင့် တိုက်ပွဲကြောင့် သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်း -၂၀၂၀ခုနှစ်၊ ဇွန်လအတွင်း မတော်တဆ ထိခိုက်၍ (သို့မဟုတ်) တမင်တကာ ရည်စူးပစ်ခတ်၍ လက်နက်ကြီး ထိမှန် ဒဏ်ရာရသူ (၁၁) ဦး၊ သေနတ်ပစ်ခံရ ဒဏ်ရာရသူ (၁၁) ဦး၊ မိုင်းထိ ဒဏ်ရာရသူ (၂) ဦး၊ လက်နက်ကြီး ထိမှန် သေဆုံးသူ(၄) ဦး၊ သေနတ်ပစ်ခံရ သေဆုံးသူ (၇) ဦး၊ မိုင်းထိ သေဆုံးသူ (၁) ဦးရှိသည်။

(၁၁) ပစ္စည်းဥစ္စာများကို သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်း – မြန်မာအစိုးရ စစ်တပ်မှ လက်နက် ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အရပ်သားများ သေဆုံး၊ ဒဏ်ရာရခြင်းများ သာမက ကျွဲ၊နွား၊ တိရိစ္ဆာန်များ သေဆုံးခြင်းနှင့် နေအိမ်အဆောက်အအုံများ ပျက်စီးခြင်းများရှိသည်။ ထို့ပြင် အစိုးရစစ်တပ်မှဟုယူဆရသော ရှို့မီးကြောင့် နေအိမ်၊ ငွေကြေးဥစ္စာနှင့် သိုလှောင်ထား သည့်ကောက်ပဲသီးနှံများ ဆုံးရှုံးကြရသည်ကိုလည်း တွေ့ရသည်။ ပုဏ္ဏားကျွန်းမြို့နယ်တွင် မြန်မာအစိုးရစစ်တပ်မှ ကိုအောင်ကျော်သိန်းဖုန်းဆိုင်တို့အား ဖျက်ဆီးပြီး ဖုန်းများအား ယူဆောင်သွားခဲ့ကြောင်း ရက်နေ့တွင် ULA/AA မှ ထုတ်ပြန်သည်။

(၁၂) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများကို ကန့်သတ်ခြင်း၊ ပိတ်ပင်တားဆီးခြင်း – ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ် (၇) မြို့နယ်တွင် (၀၁.၀၈.၂၀) ရက်နေ့ထိအင်တာနက် ဆက်လက် ဖြတ်တောက်ထားမည်ဖြစ်ပြီး အများပြည်သူအကျိုးကို မထိခိုက်ကြောင်း သုံးသပ်နိုင်သည့် အချိန်မှာသာ ပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းမှ ပြောသည်။

(၁၃) အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူဝါပြည်နယ်တွင် အစိုးရမှ အင်တာနက်ဖြတ်ထားခြင်းသည် ဥပဒေနှင့် မညီကြောင်း တရားရုံးမှ ဆုံးဖြတ်လိုက်သည်ကို မြန်မာနိုင်ငံမှ သင်ခန်းစာ ယူသင့်ကြောင်း၊ ရခိုင်ပြည်နှင့် ချင်းပြည်နယ်တွင် အင်တာနက် ဖြတ်ထားသည့် အမိန့် သည် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်နေကြောင်း လူ့အခွင့်အရေးအဖွဲ့ FEM – Free Expression Myanmar အဖွဲ့မှပြောသည်။

(၁၃) ရခိုင်ပြည်ရှိ မြို့နယ် (၇) မြို့နယ်နှင့် ပလက်ဝမြို့နယ်၌ (၁) နှစ်ကြာ အင်တာနက် ဖြတ်တောက်ထားခြင်းသော်လည်း အစိုးရ၏ ရည်ရွယ်ချက်ဖြစ်သည့် တရားဥပဒေစိုးမိုးမှု မဖြစ်စေဘဲ ဒေသအတွင်းမတည်ငြိမ်မှုများလာ နေခြင်းကြောင့် ပြန်လည်ဖွင့်ပေးရန် ရခိုင် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ အပါအဝင် အဖွဲ့အစည်း (၇၈) ဖွဲ့မှ နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိပ်ဖွင့် ပေးစာ (၁) စောင် ပေးပို့ခဲ့ပြီး ရခိုင်ပြည်၏ မြေပြင်အခြေအနေမှန်များအား မြန်မာနိုင်ငံရှိ နိုင်ငံသားများနှင့် နိုင်ငံတကာမှ သိရှိစေရန်အတွက် ပြည်တွင်းပြည်ပ သတင်းထောက်များ ကို လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန် တောင်းဆိုထားသည်။

(၁၄) ရွေးကောက်ပွဲ ကာလ နီးကပ်လာချိန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် မည်သူမဆို နောက်ဆုံး ဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များကို ရရှိသင့်ကြောင်း မြန်မာနိုင်ငံအတွင်းရှိ အနောက်နိုင်ငံမှ သံတမန်အဖွဲ့အစည်းများမှ ကြေညာချက် ထုတ်ပြန် ခဲ့သည်။

(၁၅) အစိုးရမှ ပြည်သူများ၏ လုံခြုံရေးအတွက် အင်တာနက်ပိတ်ထားကြောင်း ပြောသော်လည်း ပိတ်ခံထားရသည့် (၁) နှစ်အတွင်း တိုက်ပွဲဖြစ်ပွါးနေသည့် မြို့နယ်များတွင် ဒေသခံပြည်သူ များ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများရှိနေပြီး သတင်းအချက်အလက်များအားအချိန် နှင့် တပြေးညီ သိရှိခွင့်မရကြောင်း ရခိုင်လူငယ်များ စုပေါင်းပြီး ပြုလုပ်သည့် အင်တာနက် ဖြတ်တောက်ထားသည့် (၁) နှစ်ပြည့် လှုပ်ရှားမှုတွင် ပြောဆိုကြသည်။ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ရမ်းဗြဲမြို့မှ လူငယ်ကွန်ယက်အဖွဲ့တာဝန်ခံကိုမျိုးမင်းထွန်း၊ ကျောက်ဖြူမြို့မှ ရခိုင်အမျိုးသားပါတီ၏ လူငယ်ရေးရာ ဗဟိုကော်မတီဝင်များဖြစ်သူ ကိုမင်းဇအောင်နှင့် ကိုနေစိုးခိုင်တို့အား ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ခြင်းခံရပြီး အမ်းမြို့မှ မျိုးဆက်သစ် လူငယ်များအဖွဲ့ ဥက္ကဋ္ဌ မအေးအေးနိုင်အားရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ကြောင်း ကာယကံ ရှင်များမှ ပြောသည်။

(၁၆) လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း – ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ ရိက္ခာများအား ပလက်ဝမြိုသို့ ကုန်းလမ်း၊ ရေလမ်းမှ သယ်ယူရာ တွင် အစိုးရ တပ်မတော်သားများမှ စစ်ဆေးခြင်း၊ ပစ်ခတ်ခြင်းများကြောင့် တချို့တွင် ဒဏ်ရာရသူများ၊ သေဆုံးသူများရှိသဖြင့် (၀၉.၀၆.၂၀) ရက်မှစ၍ သွားလာခြင်းမရှိတော့ ကြောင်း ပလက်ဝ ဒေသခံ ဆလိုင်း ခင်မောင်မှပြောသည်။

(၁၇) ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာ၌နေထိုင်သည့် အိမ်ထောင်စု (၁၆) စုမှ စစ်ဘေးဒုက္ခ သည် (၄၉) ဦးသည် စားဝတ်နေရေး ခက်ခဲသောကြောင့် ဆမီးမြို့သို့ ပြောင်းရွေ့သွား နေစဉ် အစိုးရတပ်မတော်က ခွင့်မပေးသဖြင့် ပြန်လှည့်ခဲ့ရကြောင်း ပလက်ဝမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်မှ ပြောသည်။

(၁၈) ပုဏ္ဏားကျွန်းမြို့နယ်၊ ပိန္နဲတောကျေးရွာအရှေ့ဘက် (၁) မိုင်ခန့်အကွာတွင် မေလမှစ၍ အစိုးရတက်မတော်မှ တပ်စွဲထားသောကြောင့် အခက်အခဲကြုံနေရပြီး ကျေးရွာပြင်ပသို့ ထွက်သူများအား ပစ်ခတ်မှုများရှိနေသောကြောင့် ကျန်ရှိနေသည့် ဆန်ရိက္ခာများကို ချွေတာစားသောက်နေရသည်။

(၁၉) အစိုးရတပ်မတော်မှ ကဇုကိုင်း၊ အမ်းမြို့ပေါ်ဖြတ်သွားသည့် ကုန်းလမ်းနှင့် ကမ်းထောင်း ကြီးကို ဖြတ်သွားသည့် ဒါးလက် ချောင်း ရေလမ်း (၂) ခုလုံး စားနပ်ရိက္ခာများ သယ်ယူရန် ပိတ်ထားသည့်အတွက်စားဝတ်နေရေး အခက်ခဲဖြစ်နေသောကြောင့် အမ်းမြို့နယ်၊ဒါးလက် အုပ်စုမှ ချင်းနှင့်ရခိုင် (၃၀၀၀) ကျော်သည် အမ်းမြို့ပေါ်၊ ကမ်းထောင်းကြီးမြို့၊ ကဇုကိုင်း ကျေးရွာအုပ်စုနှင့် မကွေးတိုင်းဒေသဘက်သို့ ထွက်ခွါသွားရသည်။

(၂၀) အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်း – ကျောက်တော်မြို့နယ်၊ ပေါက်တောပလောင် ကျေးရွာသို့ အစိုးရ တပ်မတော် စစ်ကြောင်း (၁) ခုဝင်ရောက်ကာ ရွာသား (၆) ဦးအား ပေါက်တောပလောင်မှ ကြာညိုပြင်အထိ ခေါင်းပေါ် လက်တင်ခိုင်းပြီး လမ်းပြအဖြစ် (၁) နာရီခန့် ခေါ်ဆောင်သွားခဲ့သည်။

၃.၄. စစ်ဘေးရှောင်ဆိုင်ရာ တွေ့ရှိချက်များ

(၁) စစ်ဘေးရှောင်ဦးရေနှင့်စခန်းအတိုးအလျော့ – ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ရခိုင်ပြည်၌ စစ်ဘေးရှောင်ဦးရေ(၃၀၀၀၀) ခန့် တိုးပွါးခဲ့မည်ဟု ခန့်မှန်းရသည်။ စစ်ဘေးရှောင်ရသည့် မြို့နယ်များမှာ ရသေ့တောင်၊မင်းပြား၊ စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ အမ်းနှင့် ကျောက်ဖြူ မြို့နယ်များ ဖြစ်ကြသည်။ စစ်ဘေးရှောင်များ တိုးပွါးရသည့် အကြောင်းရင်းမှာ ရွာတွင်းသို့ မြန်မာအစိုးရတပ်မတော် စစ်ကြောင်းများမှ ဝင်ရောက်၍ ဖမ်းဆီးစစ်ဆေးခြင်း၊ ရွာတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နယ်မြေရှင်းလင်းရေး ပြုလုပ်ရန်အတွက် ရွာမှ ထွက်ပေးကြရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်းနှင့် ရွာနားပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွါး ခြင်းတို့ကြောင့် ဖြစ်သည်။

(၂) စစ်ဘေးရှောင်များ၏စား၊ဝတ်၊နေရေး -အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့ မှုမရရှိသည့်အပြင် မိုးသက်လေပြင်းဒဏ်ကြောင့် မြေပုံမြို့နယ်၊ ကိုင်းကြီး စစ်ဘေးရှောင် စခန်းတွင် နေစရာ အခက်အခဲဖြစ်နေသည်။ ကျောက်တော်မြို့ရှိ စာသင်ကျောင်း (၇) ကျောင်းမှ စစ်ဘေးဒုက္ခသည် (၃၀၀၀) ကျော်အား အစားထိုးခိုလှုံမည့် နေရာမပေးဘဲ (၁၅.၀၆.၂၀) ရက်နေ့ နောက်ဆုံးထား၍ စာသင်ဖယ်ရှားပေးရန် အစိုးရမှ ညွှန်ကြားထား သဖြင့် အခက်အခဲဖြစ်နေကြသည်။ ဘူးသီးတောင်မြို့ပေါ်ရှိ မြို့ပေါ်ရှိဂန္ဓာရီ ကျောင်းတွင် စစ်ဘေးရှောင် (၇၀၇) ဦးတို့သည် မိုးရာသီအတွက် အမိုးအကာလုံသည့် နေအိမ်များ လိုအပ် လျက်ရှိသည်။ မိုးသည်းထန်စွာရွာပြီး မြစ်ရေနှင့် တောင်ကျချောင်းရေ လျှံတက် လာသဖြင့် မြေပုံမြို့နယ်၊ ရက်ချောင်းစစ်ဘေးရှောင် စခန်းမှ သက်ကြီးရွယ်အိုနှင့် ကလေး ငယ်များအားလေးတောင်ကျေးရွာ ဘုန်းကြီးကျောင်းသို့ ရွှေ့ပြောင်းထားရသည်။မြောက်ဦး မြို့နယ်၊ မြတန်ဆောင်းစစ်ဘေးရှောင် စခန်းတွင်လည်း ထိုသို့ရေလျှံသဖြင့် နေထိုင်ရေး အခက်အခဲရှိနေသည်။ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များမှာ ပလက်ဝမြို့နှင့် ဆမီးမြို့ ပေါ်ရှိစာသင် ကျောင်း၊ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံနေရပြီး (၂၁.၀၆.၂၀) ရက် နေ့တွင် အထက်တန်းကျောင်းများ ဖွင့်မည်ဖြစ်သောကြောင့် အခက်ကြုံနေရသည်။

(၃) ကျောက်တော်-ပလက်ဝ ရေလမ်း၊ ကုန်းလမ်းများတွင် လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါ်ယူ စစ်ဆေးခြင်း၊ ပစ်ခတ်ခြင်းများကြောင့် စာနပ်ရိက္ခာ ပြတ်လပ်လျက်ရှိသည်။ စစ်တွေမြို့ရှိ မေယုဓမ္မစက္ခု ပရဟိတကျောင်းတွင် အစစအရာရာ ကိုယ်ထူကိုယ်ထ တာဝန်ယူနေရ၍ စား၊ဝတ်၊နေရေး အကြပ်အတည်းရှိနေသည်။ အမ်းမြို့နယ်၊ ရှမ်းကုန်းရွာနှင့် မင်္ဂလာဒုံရွာ တို့တွင် အစိုးရတပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေပြီး သွားလာခွင့် ပိတ် ထားသည့်အတွက် လူဦးရေ (၆၆၂) ဦး ရိက္ခာပြတ်လပ်နေသည်။ အမ်းမြို့နယ်၊ ဒါးလက် ချောင်းအုပ်စုအတွင်းရှိ အလယ်ကျွန်းကျေးရွာအား ကုန်းလမ်းနှင့် ရေလမ်း (၂) ခုလုံးကို စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားသဖြင့် စစ်ဘေးရှောင် (၁၀၀) ကျော်သည် စားနပ် ရိက္ခာ ပြတ်လပ်လာ၍ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားရသည်။ မြေပုံမြို့နယ်ရှိ စစ်ဘေးရှောင် (၂၀၀၀) ခန့်မှာ ဆန်ရိက္ခာများပြတ် တောက်နေပြီး အစိုးရ တပ်မတော် ရှိနေသည့် အတွက်ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ရန် အခက်အခဲရှိနေသည်။

(၄) စစ်ဘေးရှောင်များအတွက် အစိုးရမှထိရောက်သည့် ကူညီပံ့ပိုးမှု၊ အလှူရှင်များအား လွတ်လပ်စွာ သွားရောက် လှူဒါန်းရန် ခွင့်ပြုမှုမရှိသည့်အတွက် အမေရိကန်အခြေစိုက် ရခိုင်-အမေရိကန် လူမှုအဖွဲ့အစည်းမှ အလှူငွေကောက်ခံ၍ အမေရိကန်ဒေါ်လာ (၅) သောင်း ခန့်နှင့် ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ်အဖွဲ့မှ ငွေကြေးတချို့ လှူဒါန်းခဲ့ သည်။ ရုပ်ရှင်သရုပ်ဆောာင်နေတိုးမှ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် စစ်တွေ မြို့နယ်တို့မှ စစ်ဘေးရှောင်များအတွက် အဆောင် (၁၅) ဆောင်ကို အလိုတော်ပြည့် ဘုန်းကြီးကျောင်း လက်ထောက် ကျောင်းထိုင်ဆရာတော် အရှင်ကုမာရမှတဆင့် လှူဒါန်း မည်ဖြစ်ကြောင်း သိရသည်။ ဘီတွတ် သာရေးနာရေးအသင်း၏ ဦးဆောင်ဆရာတော်မှ စစ်တွေနှင့် ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများသို့ ဆန်အိပ် (၅၀၀) ကျော် လှူဒါန်းသွားမည်ဟု သိရသည်။ ချင်းတိုက်ပွဲရှောင် ပြည်သူများကူညီရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီ (RRCCI) မှ ပြည်နယ်အစိုးရနှင့်တိုင်ပင်၍ ပလက်ဝမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် စားသောက်ကုန်များနှင့် Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးများအား ခွဲဝေပေးရန် စီစဉ်နေသည်။ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းတိုက်နယ်မှ စစ်ဘေးရှောင်များ၏စား၊ ဝတ်၊ နေရေးအခြေအနေကိုအစိုးရ အား တင်ပြ အကူအညီ တောင်းလာခြင်း မရှိသေးကြောင်းနှင့် တင်ပြလာလျှင် ကူညီ ပေးသွား မည်ဖြစ်ကြောင်းရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်မှ ပြောသည်။

(၅) စစ်ဘေးရှောင်များ၏ ကျန်းမာရေး – မိုးသည်းထန်စွာရွာပြီး မြစ်ရေနှင့် တောင်ကျ ချောင်းရေ လျှံသဖြင့် မြောက်ဦးမြို့နယ်၊ မြတန်ဆောင်း စစ်ဘေးရှောင်စခန်းတွင် ကိုယ်ဝန်ဆောင်များ ကျန်းမာရေး ထိခိုက်နိုင်သည့် အခြေအနေနှင့် ကြုံနေရသည်။ ရသေ့တောင်မြို့နယ်၊ အောင်သာစည် ကျေးရွာတွင် ကျန်ခဲ့သည့် ကလေးငယ်၊ အမျိုးသမီးများနှင့် သက်ကြီး ရွယ်အို (၈၀) ဦးခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေသည်။ မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်း၌ အိမ်သာ (၅) လုံးသာရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုများ လည်း မရှိသဖြင့် စိုးရိမ်စရာဖြစ်နေသည်။ ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေး ရှောင်စခန်း၌ စစ်ဘေးရှောင်ဦးရေ (၂၅၀၀) ကျော်နေထိုင်ပြီးအိမ်သာ (၁၁) လုံးသာ ရှိသဖြင့် ယူနီဆက်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ထံတွင် မေလ အတွင်းက အကူအညီတောင်းခံခဲ့သော်လည်းအစိုးရဆီမှခွင့်ပြုချက်မရရှိဟုသိရသည်။

(၆) စစ်ဘေးရှောင်များ၏ လုံခြုံရေး – မြောက်ဦးမြို့နယ်၊ တိန်ညို စစ်ဘေးရှောင်စခန်းအား အစိုးရတပ်မတော် စစ်ကြောင်း (၁) ခုမှ ဝင်ရောက်၍ စခန်းရှိ အမျိုးသားများအား အိမ်ထောင်စု စာရင်းနှင့်ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခဲ့သည်။ ရသေ့တောင်မြို့နယ်၊ ဆောက်ခတ်ကျေးရွာရှိ မသန်စွမ်း၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ ကယ်ထုတ်ရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအား ရသေ့တောင်မြို့ပေါ်မှ ဆရာတော် (၈) ပါးနှင့် မြို့ခံ (၂၀) ကျော်တို့ကတွေ့ဆုံပြီး ခွင့်ပြုချက်တောင်းခဲ့ရသည်။ ရသေ့တောင် မြို့ အနီးတွင် တိုက်ပွဲဖြစ်ပွါးသောကြောင့် ရွှေပါရမီ စစ်ဘေးရှောင်စခန်းမှ စိတ်ကျန်းမာရေး မကောင်းသူအမျိုးသား (၁) ဦး အားကျည်ထိမှန်ဒဏ်ရာရခဲ့သည်။

(၇) စစ်ဘေးရှောင်များ၏ပညာရေး – ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နှင့် မြေပုံမြို့နယ်တို့မှ စစ်ဘေးရှောင်စခန်း (၅) ခုတွင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများကို ငွေကြေးအခက်အခဲများရှိနေသည့်ကြားမှ ဆောက်လုပ် နေရသည်။ ရသေ့တောင်မြို့နယ်မှ မြို့ပေါ်သို့ စစ်ဘေးရှောင်လာရသည့် ကလေးသူငယ်တချို့မှာ နေထိုင်ရေး အဆင်မပြေသဖြင့် ကျောင်းထားရမည့် အခြေအနေမရှိကြောင်း သိရသည်။

PDF ဖြင့် အပြည့်အစုံဖတ်ရန်

 

Related Posts:

Send this to a friend