အလင်းထဲက မှောင်ဝါးဝါးဖြစ်နေသော ၂၅ နှစ်ကြာ မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေးခရီး

မိခမွန်း

ဇွန်လ ၂၉ ရက်နေ့သည် မွန်ပြည်သစ်ပါတီနှင့် ယခင်စစ်အစိုးရ၏ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောင်ရေးအဖွဲ့ (နဝတ)တို့ အပစ်အခတ်ရပ်စဲခဲ့သည့် ၂၅ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သည်။ နှစ်ဆယ့်ငါးနှစ်သာတိုင်သွားခဲ့သော်လည်း NMSP သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်လျက်ရှိ သည့် အစိုးရနှင့် တဖန်အပစ်အခတ်ရပ်စဲနေရဆဲဖြစ်သလို နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်လည်း ဆိုးဆိုးရွားရွား တစ်ဆို့နေခဲ့ပြီဖြစ်သည်။

နိုင်ငံရေးအခြေအနေ

၁၉၉၅ ခုနစ် ဇွန်လ ၂၉ ရက်နေ့တွင် NMSP နှင့် နဝတ စစ်အစိုးရသည် အပစ်အခတ်ရပ်စဲရေး (အလင်းဝင်)လက်မှတ်ရေးထိုးခဲ့ပါသည်။ “အလင်းဝင်” ဆိုသည့် စကားမှာ NMSP ၏ အမျိုးသားတန်းတူရေးနှင့် ကံကြမ္မာ၊ ပိုင်ဆိုင်ခွင့်တို့သည် အမှောင်ထဲရောက်နေသည်ဟု နဝတစစ်တပ်ဘက်မှ ထင်မြင်ပြီး သူတို့နှင့်အတူ အလင်းထဲကို ထွက်ခဲ့ဖို့ပြောကြားခြင်း ဖြစ်သည်ဟု ယူဆရပါသည်။ NMSP အနေဖြင့် မည်သည့်အချိန်ကမှ အမှောင်ထဲတွင် ရှိနေခြင်းမဟုတ်ဘဲ အမြဲတမ်း လင်းနေသည့်အတွက်ကြောင့် အလင်းထဲမှ အလင်းကိုဝင်သည်ဟုသာ မြင်မိပါသည်။ သို့ပေမယ့် ၂၅ နှစ်တိုင်တိုင် အလင်းဝင်ခြင်းမှ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းသည် လင်းနေသလား၊ မှောင်နေသလား၊ ဒါမှမဟုတ် အလင်းထဲတွင် မှောင်နေသလား ဆိုသည်မှာ ငြိမ်းချမ်းရေးအတွင်း ပူးပေါင်းပါဝင်နေသည့် ခေါင်ဆောင်အယောက်စီတိုင်း နှင့်အတူ အလင်းဝင်ခြင်းနှင့် ငြိမ်းချမ်းရေး အကျိုးအမြတ်၊ ကောင်းကျိုးဆိုးကျိုးကို ခံစားနေရသည့် ဒေသခံပြည်သူများက အသိဆုံးဖြစ်ပါသည်။ မွန်အမျိုးသားနေ့ရောက်တိုင်း မွန်လူမျိုးတို့ အမြဲကြားနေရသည့် စကားလုံးများရှိသည်။ မွန်လူမျိုးတို့၏ ကံကြမ္မာကို မိမိတို့ မွန်လူမျိုးများကိုယ်တိုင် ဖန်တီးပိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖြစ်ထွန်းရေးသည် မွန်လူမျိုးများ၏ ရည်မှန်းချက်ဖြစ်သည်။ “ နှစ်ဆယ့်ငါးနှစ်တောင်ရှိခဲ့လေပြီပဲ” ဆိုသည့် စကားလုံးမှာ စဉ်းစားစရာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့တိုင်အထိ မွန်လူမျိုးများ၏ ကံကြမ္မာသည် မိမိတို့ မွန်လူမျိုးများလက်ထဲတွင် ရှိနေသည်ဟု မခံစားရသောကြောင့်ဖြစ်သည်။ ၁၉၉၅ ခုနစ်တွင် အလင်းဝင်ပြီး ၂၀၁၀ ခုနစ်တွင်လည်း အထုပ်အပိုးများကောက်ကာ အကြောက်တရားများကို ရင်ခွင်ပိုက်ပြီး ထွက်ပြေးခဲ့ကြရသည်။ စစ်တပ်မှ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးသားပြီးနောက် ၂၀၀၉ ခုနစ်တွင် NMSP ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ တွန်းအားပေးလာခဲ့သည်။ ၎င်းတွန်းအားကြောင့် NMSP ဒေသအတွင်းနေထိုင်သည့် ပြည်သူများက ထမင်းအိုးကွဲ မီးခဲကို ရင်ခွင်ပိုက်သလို စစ်ဆိုသည့်အရာနှင့် ရင်ဆိုင်ဖို့ အနည်းလေးသာလိုတော့သည်။ ထို့နောက်ပိုင်း ယခုအချိန်အခါအထိစိုးရိမ်ကြောင့်ကြမှုများ အမြဲတမ်းရှိနေဆဲဖြစ်သည်။ NMSP ၂၅ နှစ်ပြည့် အလင်းဝင်ခြင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှ ဖွံ့ဖြိုးလာသည့်အရာမှာ မွန်ပြည်နယ်တွင် စစ်တပ်နှင့် အမြှောက်တပ်များသာ ပိုလာခြင်းဖြစ်သည်။ ဒေသခံလူမှုလူတန်းစားများမှာ မြေသိမ်းခံရခြင်းနှင့် အခြားနိုင်ငံသို့ အလုပ်သမားအဖြစ်အသွင်ကူးပြောင်းသွားကြသည်။

အလင်းဝင် (အပစ်ခတ်ရပ်စဲရေး) လို့သာ ပြောသည်။ သေနတ်သံများ မကြာခဏကြားရပြီး ယနေ့အချိန်အထိ စိုးရိမ်မှုများရှိနေကြဆဲ ဖြစ်သည်။ နယ်မြေဒေသ ထိန်းချုပ်မှုမှာလည်း တဖြည်းဖြည်းချင်း လျော့ကျသွားခဲ့သည်။ မူလက ခေါဇာ၊ မန်ကျီး၊ အင်ဒင် အစရှိသော ဒေသများသည် NMSP ထိန်းချုပ်ခဲ့သော နေရာများဖြစ်သလို ယခုအခါ မွန်လူမျိုးများ၏ အသက်သွေးကြောတစ်ခုဖြစ်သည့် ပင်လယ်ကမ်းရိုးတမ်းတစ်လျှောက်ကိုလည်း ဧည့်သည်များက ပိုင်ဆိုင်သွားကြသည်။ သဘာဝအရင်းအမြစ်ရေမြေတောတောင်များသည် မွန်လူမျိုးများ၏ ဘဝဖြစ်ပြီး ယခုကဲ့သို့ တဖြည်းဖြည်းချင်းနယ်မြေလျော့ကျလာခြင်းသည် မွန်လူမျိုးများ၏ အသက်ကို တဖြည်းဖြည်းချင်းဆုပ်ယူတာနှင့် အတူတူပင်ဖြစ်သည်။ ၂၅ နှစ်သာပြည့်ခဲ့ပြီး အပစ်ခတ်ရပ်စဲရေး ခရီးစဉ်၊ သွားရသည့်ပန်းတိုင်မှာ မှောင်နေဆဲပဲဖြစ်သည်။ ၁၉၉၅ ခုနစ် ဇွန်လ ၂၉ ရက်နေ့သည် ၂၅ နှစ်သာပြည့်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသော နေ့ရက် များဖြစ်သည်။ ထို့ကြောင့် မွန်ပြည်သူတစ်ယောက်အနေနှင့် မိမိကိုယ်ကို ယနေ့တိုင် မေးနေသည့် မေးခွန်းမှာ “ အပစ်ခတ်ရပ်စဲပြီး ကောင်းကျိုးသက်ရောက်မှုနှင့် ဆိုးကျိုးများတွင် ဘယ်အရာက များနေသလဲ” ဆိုသည့်မေးခွန်းဖြစ်ပြီး လက်ရှိမြင်တွေ့နေရသည်က ဆိုးကျိုးများသာများပြီး ကောင်းကျိုးနည်းနေသည်ဟု မြင်မိသည်။ နောက်တစ်ခုမှာ ပဋိပက္ခ၏အရင်းအမြစ်အကြောင်းတရားများကို ဖြေရှင်းနိုင်သည့် လမ်းပေါ်သို့ မရောက်ရှိသေးသည်ကိုလည်း တွေ့ရသည်။ မွန်လူမျိုးတို့ ကံကြမ္မာကို မွန်လူမျိုးတို့ ဖန်တီးရေးအတွက် မွန်အမျိုးသားနေ့ရောက်တိုင်း ပြောနေသော်လည်း ယနေ့တိုင်အိပ်မက်ဖြစ် နေဆဲပင်ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးသည် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တိုင်းရင်းသားများ အတူတကွတည်ဆောက်ကြမည်ဟု ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့်မေးစရာ မေးခွန်းအမြောက်အမြားရှိနေပါသည်။ “အဘယ့်ကြောင့် ၂၅ နှစ်တိုင် ဆွေးနွေးပွဲများ၊ ညှိနှိုင်းပွဲများ၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရသလဲ။ အဘယ့်ကြောင့် ရောက်လိုသည့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ခြင်းပန်းတိုင်သို့ မရောက်သေးတာလဲ” ဆိုသည့်မေးခွန်းများသည် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေသည့် ပြည်သူတိုင်းက စဉ်းစားရမည့် မေးခွန်းများဖြစ်သည်။ တိုက်ပွဲများဖြစ်လိုက်၊ ညှိနှိုင်းလိုက်၊ ဆွေးနွေးပွဲများပြုလုပ်သည့် အကြိမ်များလည်း မနည်းတော့ပေ။ လမ်းပေါ်မှာ လမ်းလျှောက်နေရင်းနှင့် တဖြည်းဖြည်းလမ်းပျောက်လာသည်။

စီးပွားရေးအခြေအနေနှင့် လယ်ယာစိုက်ပျိုးရေး

မွန်လူမျိုးများ၏ စီးပွားရေးသည် သွားရင်းသွားရင်းနှင့် လမ်းပျောက်နေဆဲဖြစ်သည်။ မိမိတို့ဒေသထွက် သီးနှံကုန်ကြမ်းများအတွက် မည်သူ့ကို အဖေခေါ်ရမှန်းမသိဘဲ နေရာတစ်ခုအပေါ်တွင်သာမူတည်နေပါ သည်။ ဥပမာ စစ်တောင်းတံတားကို ကျော်ပြီး မွန်ပြည်နယ်ကို ဝင်သည့် အမှတ်အသားတစ်ခုမှာ ရာဘာပင်များဖြစ်သည်။ ရာဘာပင်တွေများသော်လည်း ရာဘာနှင့်ပက်သတ်ပြီး ကုန်ချောထုတ်နိုင်ဖို့ရန် မိမိ တို့တွင် နည်းပညာ အမြောက်အများလိုအပ်နေသေးသည်။ ပြည်နယ်မှထွက်ရှိသည့် ကုန်းကြမ်းကိုသာ ရောင်းဝယ်ရပြီး အပြင်ဘက်ကလာသည့် ဈေးကွက်မရှိလျှင် ရာဘာတောင်သူများအတွက် များစွာအခက်အခဲ ဖြစ်စေသည်။ မွန်ဒေသအတွင်းနေထိုင်ကကြသည့် ပြည်သူများက ရာဘာကို ရွှေဖြူ ဟု တင်စားခေါ်ဝေါ်ကြသည်။ပင်လယ်ကမ်းရိုးတမ်းငါးဖမ်းလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းများသည်လည်း မည်သူ့အပေါ်တွင် မူတည်နေသလဲဆိုသည်ကို မသိနိုင်ပေ။ NMSP အနေဖြင့် ၎င်းလုပ်ငန်းများကို မြင်သာမြင်ရပြီး မည်သည့်လုပ်ပိုင်ခွင့်မျှမရှိပေ။ ယခုနောက်ပိုင်းတွင်လည်း ဖွံ့ဖြိုးရေးအမည်ခံသည့် စီမံကိန်းများ အမြောက်အများရှိလာသည်။ သို့ပေမယ့် ဒေသခံများ၏အကျိုးစီးပွားကို မည်မျှကာကွယ်ပေး နိုင်မလဲ ဆိုသည်ကိုတော့ မသိနိုင်ပေ။ ဖွံ့ဖြိုးရေးအမည်ခံများသာ ခပ်များများဖြစ်နေသည်ကိုလည်း တွေ့ရသည်။ ထိုသို့ပြောရသည့် အကြောင်းအရင်းတစ်ရပ်မှာ လက်ရှိရှိနေသည့် သဘာဝအရင်းအမြစ်များမှ ထပ်မံပွားထွက်ဖို့ရန် မျိုးစေ့လည်း မရှိတော့ခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် ပင်လယ်ပြင်နှင့် မြေနေရာများဖြစ်သည်။ ပြည်ပတွင် အလုပ်သွားရောက်လုပ်ကိုင်နေသောသူများထံမှ ပေးပို့လာသည့် ဝင်ငွေများသည်လည်း မွန်ဒေသအတွက် အထောက်အပံ့ပေးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သို့ပေမယ့် ၎င်းတို့၏ဘဝ အာမခံချက်ရှိရေးအတွက်ကိုတော့ မည်သူမျှလုပ်ဆောင်ပေးခြင်းမရှိပေ။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရ သဘာဝအရင်းအမြစ်သယံဇာတများကို နိုင်ငံတော်ကသည်သာ ပိုင်ဆိုင်သည်။ စီမံခန့်ခွဲသည်။ ထို့ကြောင့် “ မွန်လူမျိုးများ၏ ဘိုးဘွားအစဉ်အဆက်မှပေးထားသော အမွေအနှစ်များသည် သူခိုးခိုးခံနေရသည် သလား” ဆိုသည့် မေးခွန်းမေးစရာဖြစ်လာသည်။

မြို့ပြနှင့် ကျေးလက်ဒေသငြိမ်းချမ်းရေး အကျိုးရလာဒ်

၂၅ နှစ်သာပြည့်ခဲ့ပြီး အပစ်ခတ်ရပ်စဲရေးစခရီးစဉ် သွားရမည့် ပန်းတိုင်မှာလည်း မှောင်နေဆဲပဲ ဟုမြင်မိပါသည်။ ထို့ကြောင့် NMSP နှင့် ပြည်သူများ၏ ပက်သတ်ဆက်နွယ်မှု၊ အထူးသဖြင့် မြို့ပြမှာနေထိုင်သော ပြည်သူများသည် NMSP နှင့် နီးစပ်မှုအလွန်နည်းပါးသည်။ မြို့ပြပြည်သူများသည် မိမိတို့ အကျိုးစီးပွားနှင့် စားဝတ်နေရေး ဘဝအခက်အခဲများကြောင့် လူအနည်းအကျဉ်းသာ အပစ်ခတ်ရပ်စဲရေးကို စိတ်ဝင်စားသည်ဟု မြင်မိပါသည်။

ငြိမ်းချမ်းရေးနှင့် နေရပ်ရင်းစွန့်ခွာရသူများ၏ ဘဝအာမခံချက်

၂၅ နှစ်တိုင်ခဲ့ပြီး ဘယ်သို့ပြန်ရမှန်းမသိ၊ လက်ရှိမြေနေရာကို မိမိအိမ်ဟု ခေါ်ရမည်လား (သို့မဟုတ်) နားခိုစရာနေရာ ဟုခေါ်ရမည်လားဆိုသည်မှာ မသေချာသေးပေ။ ၂၅ နှစ်တာ ကြာခဲ့ပြီဖြစ်သောကြောင့် အလင်းဝင်ကတည်းက မွေးဖွားခဲ့သည့် ကလေးများတွင် တချို့သောကလေးများသည် အိမ်ထောင်ကျကာ မိသားစု ဘဝသစ်ကလေးကိုတောင် တည်ထောင်နေကြပြီဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ်ဖြစ်သည့် လူငယ်များအတွက် ရေရှည်ရပ်တည်ရေး ဘဝအာမခံချက်က မသေချာမရေရာပေ။ အဘယ့်ကြောင့်ဆိုသော် တစ်နေ့နေ့တစ်ချိန်ချိန်တွင် အပစ်ခတ်ရပ်စဲရေး ပျက်ပျယ်သွားပါက ထိုလူငယ်များအတွက် ဘဝအာမခံချက် မရှိပေ။ ၁၉၉၀ မှ ၁၉၉၅ ခုနစ်အတွင်း ပြောင်းရွှေ့နေထိုင်ခဲ့ကြရသော IDPs များ၏ ဘဝသည် မြန်မာနိုင်ငံအတွင်း စစ်ဘေးအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာခဲ့ကြခြင်းဖြစ်သည်။ ယခု ၂၅ နှစ်တိုင် ကျော်ခဲ့ ပြီး အိမ်ပြန်ချင်သော်လည်း မိမိတို့ မူရင်း မြေနေရာများလည်း မရှိတော့သောကြောင့် မည်သည့်နေရာမှ ပြန်စရာမရှိတော့ပေ။ များသောအားဖြင့် မွန်ပြည်သစ်ပါတီ တည်ထောင်သောနေရာများကိုပဲ အမှီအခိုပြုနေထိုင်ကြရပါသည်။ ထိုနေရာများမှာလည်း တောတောင်များထူထပ်ခြင်း၊ လမ်းပမ်းဆက်သွယ် ရေး ခက်ခဲခြင်းများကြောင့် စားဝတ်နေရေးအတွက် အလွန်အခက်အခဲရှိကြသည်။ အလုပ်လုပ်ချင်စိတ်ရှိပါ သော်လည်း အလုပ်အကိုင်အခွင့်အလမ်းများ မရှိသည့်အတွက်ကြောင့် နီးစပ်ရာ ထိုင်နိုင်ငံသို့ အလုပ်သမား အဖြစ်သို့ သွားရောက်လုပ်ကိုင်ကြရသည်။ များသောအားဖြင့် လူငယ်များသည် မိသားစုစားဝတ်နေရေး အဆင်မပြေသည့်အတွက်ကြောင့် ကျောင်းထွက်ကာ အလုပ်သွားရောက်လုပ်ကိုင်ကြရသည်။ အထူးသဖြင့် မိုးတွင်းပိုင်းတွင် လမ်းပမ်းဆက်သွယ်ရေး အခက်အခဲကြောင့် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် အတော်ပင် ရုန်းကန်ကြရသည်။ မျှော်လင့်နေခဲ့သော ထာဝရ ငြိမ်းချမ်းရေးမှာ မျှော်ရင်းနှင့် ပျောက်ကွယ်သွားသည့် လူများလည်းအများကြီးရှိနေခဲ့ပါသည်။ သို့ပေမယ့် သေနတ်သံကတော ယနေ့တိုင် ကြားနေရဆဲ၊ ကြောက်နေရဆဲ ဖြစ်သည်။ “ကျွန်တော်တို့က မူရင်းဒေသကို ပြန်ချင်နေပေမယ့်လည်း ပြန်သွားဖို့မြေနေရာက မရှိဘူး။ ယခုဒီမှာပဲ ဆက်နေသွားချင်တယ်”“ ငြိမ်းချမ်းရေး ခိုင်ခိုင်မာမာရရှိခဲ့မယ်ဆိုရင် သားသမီးတွေကိုလည်း ပညာကောင်းကောင်းသင်စေချင်တယ်။ ဒေသဖွံ့ဖြိုးရေးလည်း ဖြစ်ထွန်းစေချင်တယ်။” ဟု IDPs စခန်းမှ ဒေသခံတစ်ဦးက ၎င်း၏ ခံစားချက်ကို ပြောပြပါသည်။

ငြိမ်းချမ်းရေးအပေါ် စိုးရိမ်ချက်များ

အပစ်ခတ်ရပ်စဲရေးယူထားသော်ငြားလည်း ပြည်သူများအနေဖြင့် အချိန်မရွေးပစ်ခတ် ခံရနိုင်သည်။ ယခင်နဝတ၊ နအဖ စစ်အစိုးရခေတ်ကတည်းက အာဏာသည် စစ်တပ်အတွင်းတွင်သာရှိသည်။ အချိန်တွေ တဖြည်းဖြည်းပြောင်းလဲသွားသော်လည်း စစ်ပိဋိပက္ခများကတော့ ဆက်လက်ရှိနေ ဆဲဖြစ်သလို နိုင်ငံအတွင်း နေရပ်စွန့်ခွာရသူများ တစ်နေ့တစ်ခြားများပြားလာနေသည်ကိုလည်း နေ့စဉ်နှင့်အမျှ ကြားနေရပါသည်။ ၂၀၁၀ မှ ၂၀၁၅ အထိ သမ္မတဦးသိန်းစိန် သက်တမ်းတစ်လျှောက် စစ်ပွဲများ ဖြစ်နေသလို ၂၀၁၅ မှ ၂၀၂၀ အထိလည်း စစ်ပွဲမျာဆက်လက်ရှိနေဆဲဖြစ်သည့်အတွက်ကြောင့် ငြိမ်းချမ်းရေးဟု ပြောနေသာ်ငြား လုံခြုံမှုအတွက် အမြဲစိုးရိမ်ပူပမ်မှုတွေ ရှိနေဆဲဖြစ်သည်။ မွန်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နေပါသော်လည်း မွန်ပြည်သစ်ပါတီ၏ အကျိုးအမြတ်ခံစား ခွင့်မှာ အလွန်နည်းနေပါသေးသည်။ “ မွန်ပြည်သစ်ပါတီနှင့် အစိုးရ ထားဝရငြိမ်းချမ်းရေးမျိုးရစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုက အပစ်ခတ်ရပ်စဲရေးသာ ပြောနေတာ ကျမတို့က အမြဲတမ်းစိုးရိမ်နေရတယ်။ တကယ်လို့ အခုလက်မှတ်ထိုးထားတဲ့ဟာ ပျက်သွားရင် ကျမတို့ထပ်ပြေးရမှာ ကြောက်တယ်။ အရင်ကလည်း ပြေးခဲ့ရတယ်။ အခုလည်း ထပ်ပြီးတော့ မပြေးချင်တော့ဘူး။” ဆိုသည့် စကားသံများသည် ဒေသခံများက လက်ရှိငြိမ်းချမ်းရေးအတွက် အမြဲတမ်းစိုးရိမ်နေကြကြောင်း ဖော်ပြလျက်ရှိသည်။

မြေယာအခွင့်အရေးဆိုင်ရာ စိုးရိမ်ချက်များ

စိုက်ပျိုးရေးနှင့် လယ်ယာလုပ်ငန်းသည် မွန်လူမျိုးအပါအဝင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ အသက်သွေးကြောဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ အိုးအိမ်မြေနေရာလုံခြုံမှု သည် ဦးစားပေးရသည့် အရာတစ်ခုဖြစ်သည်။ မွန်လူမျိုးများသည် မိမိတို့၏ မြေများကို ဘိုးဘွားအစဉ်အဆက်ကတည်းက အမွေပေးလက်ဆင့်ကမ်းလာကြပြီး မိမိတို့ အသက်မွေးဝမ်းကြောင်းများ အတွက် အဓိကလုပ်ဆောင်ကြသည်။ ဦးသိန်းစိန်အစိုးရ၊ NLD အစိုးရ၊ အစိုးရများ အကြိမ်ကြိမ်ပြောင်းနေသော်လည်း မပြောင်းလဲသေးဘဲ ရှိနေသည့်အရာကတော့ မြေသိမ်းခြင်းပြဿနာပဲ ဖြစ်သည်။ မွန်ပြည်နယ်အတွင်း အပစ်ခတ်ရပ်စဲရေး ယူပြီးနောက်ပိုင်း လုံခြုံရေးအကြောင်းပြုပြီး သိမ်းထားသည့် မြေသည် ယနေ့ထိတိုင် ပြန်မရသေးပေ။ ထိုသိမ်းဆည်းမြေကြောင့် ဒေသခံပြည်သူများ၏ ဘဝအိုးအိမ်ပျက်စီးခဲ့သည်မှာလည်း မနည်းတော့ပေ။ မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲပြီးနောက် မြေပြန်လည် ရရှိရန်အတွက် မျှော်လင့်ချက်တချို့ ထားရှိခဲ့ပါသေးသည်။ သို့ပေမယ့် ယနေ့တိုင် တိတ်ဆိတ်နေဆဲပင်ဖြစ်သည်။ ဖွံ့ဖြိုးရေးဟု ပြောလိုက်လျှင် လူအများက ယနေ့ (သို့မဟုတ်) မနက်ဖြန် ချမ်းသာကြမည်ဟု ထင်ကြသည်။ သို့ပေမယ့် မွန်ပြည်နယ်အတွင်း ရဲတံခွန်နှင့် ရတနာ ဓါတ်ငွေ့ပိုက်လိုင်းများသည် မွန်လူမျိုးတို့၏ အိမ်ရှေ့၊ အိမ်နောက်ဖေး၊ ခြံရှေ့၊ ခြံနောက်နှင့် အမျိုးမျိုးသောနေရာများကို ဖြတ်သွားသော်လည်း ပိုက်လိုင်းသာမြင်ရပြီး မည်သည့်အကျိုးကျေးဇူးမှ မခံစားရပေ။ ၁၉၉၅ ခုနစ်မတိုင်မှီကာလအတွင်း တပ်ရင်း ၃ ရင်းသာ နေရာချထားခဲ့သော်လည်း ၂၀၀၀ ခုနစ်ရောက်သည့်အချိန်တွင် မြန်မာစစ်တပ်မှ တပ်ရင်းသစ် ၂၀ ကျော်ကို NMSP ထိန်းချုပ်နယ်မြေပတ်လည်၌ နေရာချထားခဲ့သည်။ အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက် NMSP နယ်မြေဒေသဟု ပြောနေသော်လည်း အစိုးရ၏ မြေပုံထဲတွင် ထိုနေရာများသည် အစိုးရ၏ သစ်တောကြိုးဝိုင်းနေရာများ သက်မှတ်ထားသည်ကိုလည်း တွေ့ရှိရသည်။ နောင်တစ်ချိန်တွင် ပြဿနာများ ကြီးထွားလာနိုင်စေပါသည်။ အဘယ့်ကြောင့်ဆိုသော် လက်ရှိထိုနေရာများသည် ဒေသခံပြည်သူများ၏ တောင်ယာနှင့် နှစ်ရှည်ပင်များစိုက်ပျိုးထားသည့် နေရာဖြစ်သောကြောင့်ဖြစ်သည်။

စစ်မှန်သော ငြိမ်းချမ်းရေးသည် မွန်ပြည်နယ်အတွင်း နေထိုင်သော ပြည်သူများသာမကဘဲ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူပြည်သားများအားလုံးက လိုချင်သည့်အရာဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်ဘေးထိခိုက်မှုကို နှစ်ကာလကြာမြင့်စွာ ခံစားခဲ့ရပြီးဖြစ်သည်။ မိမိတို့၏ ဘိုးဘွားများမှ အမွေပေးထားသော အမွေအနှစ်များ မကုန်ဆုံးခင် အားလုံးအတူတကွ ပူးပေါင်းကာကွယ်သွားရန် အလွန်အရေးကြီးပါသည်။ နောင်လာမည့် မျိုးဆက်သစ်များအတွက်လည်း ခွန်အားအပြည့်နှင့် ခရီးဆက်ခွင့်လေး ရစေချင်ပါသည်။

မူလနေရာ၌ဖတ်ရှုရန်။

In English.


မိခမွန်းသည် ရေချောင်းဖျားဒေသရှိ ဒေသခံတစ်ဦးဖြစ်ပြီး ၂၀၀၆ ခုနစ်မှ စပြီး လူမှုဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားမြေယာအခွင့်အရေးရပိုင်ခွင့်များကို ပါဝင်လှုပ်ရှားပြီး လက်ရှိအချိန်အထိ TNI အဖွဲ့နှင့် တိုင်းရင်းသားမြေယာရပိုင်ခွင့် အခွင့်အရေးများ ရရှိရေးအတွက် လုပ်ကိုင်လျက်ရှိပါသည်။

Related Posts:

Send this to a friend